နောက်တစ်နေ့ မနက်စောစော နေတောင်မထွက်သေးတဲ့အချိန်မှာ လရိပ်ရဲ့ ဖုန်းမြည်သံ မြည်လာတာကြောင့် သူအ အိပ်ရာကနေ နိုးလာခဲ့သည်။
နှင်းလုံးကလည်းဖုန်းသံကြောင့် လန့်သွားဟန်တူပြီး သူမရင်ခွင်ထဲကနေ ခုန်ထွက်ကာ ကြမ်းပြင်ပေါ်ကို 'ဒုတ်' ခနဲ ကျသွားသည်။
လရိပ် မျက်လုံးမဖွင့်နိုင်သေးဘဲ ဖုန်းကိုစမ်းတဝါးဝါးနဲ့ ကိုင်လိုက်ရသည်။
သူမ မနေ့ညက ငိုထားတာမို့ သူမမျက်လုံး တွေက အတော်နဲ့ဖွင့်မရပေ။လရိပ်ဖုန်းကိုင်လိုက်ပြီး နနားကပ်လိုက်တာနဲ့ ...
"ဟယ်လို သမီး လရိပ်ရေ… ဆရာမကြီး အရေးပေါ်ဖြစ်နေလို့ ဆေးရုံကို မြန်မြန်လာခဲ့ပါ…"
လရိပ် ဖုန်းတစ်ဖက်က မိဘမဲ့ဂေဟာက အန်တီ ဒေလီရဲ့ စိုးရိမ်တကြီးငိုသံ နဲ့အတူသူမကြားလိုက်ရတဲ့ စကားကြောင့် ချက်ချင်းထထိုင်လိုက်ပြီး အိပ်ရာပေါ်ကနေ ဆင်းကာ မျက်နှာတောင် မသစ်နိုင်တော့ဘဲ မနေ့ကဝတ်ထားသည့်အဝတ်အစားများကိုသာ အမြန်ပြန်ဝတ်ရင်း မေးလိုက်သည်။
"ဘာဖြစ်တာလဲ.. ဘယ်အချိန်က ဖြစ်တာလဲ အခု ဘယ်ဆေးရုံမှာလဲ"
သူမ မေးခွန်းတွေ တစ်ဆက်တည်းထွက်လာပြီး သူမအသံဟာ စိုးရိမ်စိတ်ကြောင့် တုန်ယင်နေသည်။
"ဗဟိုဆေးရုံ… အရေးပေါ်ဌာနမှာပါ…"
အန်တီ ဒေလီက ငိုရင်း ဆက်ပြောလာသည်။
"မနေ့က မိဘမဲ့ဂေဟာကို အတင်းအဓမ္မ ဖျက်ဖို့ လာကြတယ်..အဲ့တာ ဆရာမကြီးက တားတော့ သူတို့က တွန်းချလိုက်တာ… ခေါင်းက ကျောက်တုံးနဲ့ ဆောင့်မိသွားပြီးဆေးရုံရောက်လာတာ…"
လရိပ် ကြားနေရတဲ့စကားတွေကြောင့် လက်များ တုန်ယင်လာပြီး ဖုန်းကိုပင် ကောင်းကောင်းမကိုင်နိုင်တော့ပေ။
သူမ ဖုန်းချပြီးတာနဲ့ အချိန်မဆွဲဘဲ ဆေးရုံကိုသွားရန် အိမ်ထဲကနေ အလျင်အမြန် ပြေးထွက်လာခဲ့သည်။
လမ်းတစ်လျှောက် တက္ကစီပေါ်မှာလဲလရိပ် လက်သီးကို တင်းတင်းဆုပ်ထားကာ ဆရာကြီး အဆင်ပြေသွားဖို့သာဆုတောင်းနေမိသည်။
အခုချိန် သူမရင်ထဲမှာ ဆရာမကြီးတစ်ခုခုဖြစ်သွားမှာ ကြောက်ရွံ့နေမိသည်။
ဆရာမကြီးက ဒီလောကမှာ သူမအတွက် အရင်းနှီးဆုံးလူတစ်ယောက်ဖြစ်သလို ဘယ်လိုမှအစားထိုးလို့မရတဲ့သူလဲဖြစ်သည်။
သူမအသက်ခြောက်နှစ်အရွယ်တုန်းက မိဘမဲ့ဂေဟာကို ခေါ်ယူစောင့်ရှောက်ပေးခဲ့သူ...
စာရေးစာဖတ် သင်ပေးခဲ့သူ..နွေးထွေးမှုတွေ မေတ္တာတွေနဲ့ အနားမှာအမြဲရှိပေးပြီး အားပေးမှုတွေပေးခဲ့သူလည်းဖြစ်သည်။
အမြဲတမ်း နွေးထွေးနေသည့် လက်များနဲ့ ကြင်နာစွာပြုံးတတ်သည့်မျက်နှာဟာ လရိပ်
အတွက်တော့ အခိုင်မာဆုံး ခိုလှုံရာတစ်ခုဖြစ်ခဲ့သည်။
သွားနေရင်း ကားပေါ်မှာတင် တဖြည်းဖြည်းလင်းလာပြီး မြို့ပြကြီးကလည်း တဖြည်းဖြည်း
နိုးထလာသည်။
....
ဆေးရုံ..
သူမဆေးရုံ ရောက်တာနဲ့ အရေးပေါ်အခန်းဘက်ကို အမြန်ပြေးလာခဲ့သည်။အရေးပေါ်ခန်းအပြင်ဘက်မှာ တော့အန်တီဒေလီနဲ့ ကလေးအချို့ ထိုင်နေကြသည်။
သူတို့အားလုံးရဲ့ မျက်လုံးတွေက နီရဲဖောင်းအစ်နေပြီး တိတ်တိတ်လေး ငိုနေကြသည်။
လရိပ် သူတို့နားကို အမြန်သွားလိုက်ပြီး...
"အန်တီဒေလီ... ဘာတွေဖြစ်သွားတာလဲ"
လရိပ် အန်တီဒေလီရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီးမေးလိုက်တော့အန်တီဒေလီက မျက်ရည်များကို သုတ်ရင်း ပြောပြလာသည်။
"မနေ့မနက်ပိုင်းလောက်က မဟာ group ကလူတွေ ရောက်လာပြီး မိဘမဲ့ဂေဟာမြေနေရာကို သိမ်းပြီး ဈေးဝယ်စင်တာဆောက်မယ်လို့ ပြောကြတယ်"
"အဲ့တာကို ကျောင်းအုပ်ကြီးက ပြတ်ပြတ်သားသား ငြင်းလွှတ်ခဲ့ပေမဲ့ ညနေပိုင်းမှာ သူတို့က
လူတွေလွှတ်ပြီး အဆောက်အအုံတွေကို လာဖျက်တယ်...လုပ်ထုံးလုပ်နည်းတွေ အားလုံးပြီးပြီလို့လည်း ပြောတယ်"
"ဆရာမကြီးက တားဖို့ကြိုးစားတော့ သူတို့က တွန်းလိုက်တာ… အဲ့ဒါနဲ့ ခေါင်းနဲ့ အဲ့နားက ကျောက်တုံးနဲ့ ဆောင့်မိသွားတာ…"
လရိပ် ကျောရိုးတစ်လျှောက် အေးစက်သွားရသည်။
မဟာ.ကုမ္ပဏီ…
နန်းသစ္စာတို့ မဟာမြိုင် မိသားစုပိုင်ကုမ္ပဏီ...
အဲ့အချိန်မှာပဲအရေးပေါ်ခန်းထဲက ဆရာဝန်တစ်ဦး ထွက်လာခဲ့ကာ သူ့မျက်နှာက လေးနက်နေသည်။သူက သူမတို့နားရောက်လာပြီး အလေးအနက်စဉ်းစားပြီးမှ စကားစပြောလာသည်။
"လူနာက ဦးနှောက်ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားပါတယ်"
" အသက်အရွယ်ကလည်း ကြီးပြီဆိုတော့ အခြေအနေက သိပ်မကောင်းပါဘူး"
“ချက်ချင်း ခွဲစိတ်ကုသဖို့ လိုပါတယ်..ဒါပေမဲ့ ကုန်ကျစရိတ်က…"
လရိပ် ဆရာဝန်စကားမဆုံးခင် ဘာကိုဆိုလိုချင်မှန်းသိတာမို့ သူမကြားကဖြတ်ပြီး ချက်ချင်းပြောလိုက်သည်။
"စိတ်မပူပါနဲ့..ကုန်ကျစရိတ်ကို ကျွန်မ ပေးပါမယ်"
သူမအသံက လုံးဝကို ခိုင်မာနေပြီး ပြတ်သားနေသည်။
လရိပ်ပြောကာ ငွေရှင်းကောင်တာဘက်ကိုချက်ချင်း လှည့်ထွက်လာခဲ့လိုက်သည်။
သူမစိတ်ထဲမှာ တော့ ဆရာမကြီးရဲ့ အပြုံးနဲ့ သင်ကြားပေးခဲ့သမျှအရာများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
သူမဘဝမှာ အခက်အခဲကြုံတိုင်း...
"ဘဝဆိုတာ ဘယ်သူ့ကိုမှ အမြဲရက်စက်နေမှာ မဟုတ်ပါဘူး..တစ်နေ့နေ့မှာတော့အဆင်ပြေကောင်းမွန်လာမှာပါ"
အဲ့လို အမြဲပြောပေးခဲ့သူက အခုတော့ ခွဲစိတ်ခန်းထဲမှာ အသက်ရှင်မရှင် မသေချာသည့်အခြေအနေဖြင့် လဲလျောင်းနေရသည်။
လရိပ် ငွေရှင်းကောင်တာရှေ့ရောက်တော့ တုန်ယင်နေတဲ့လက်နဲ့ ဘဏ်အကောင့်ကို ဖွင့်ကြည့်လိုက်မိသည်။
သူမ ဘဏ်အကောင့်ထဲက လက်ကျန်ငွေက ခွဲစိတ်ခအတွက် တစ်ဝက်တောင် မပြည့်ပေ။
လရိပ် ရုတ်တရက်မေ့သွားပြီးသူမ အကျင့်အတိုင်း ဖုန်းထဲက လွှမ်း ရဲ့နံပါတ် ကို ရှာပြီး
နှိပ်လိုက်ဖို့ လုပ်ခါနီးမှ အသိပြန်ဝင်လာပြီး
ဖုန်းကို ပြန်ပိတ်လိုက်ကာ ဘယ်သူ့ဆီက အကူအညီတောင့်ရမလဲ အသဲအသန်စဉ်းစားလိုက်သည်။
ပြီးမှ သံစဉ်ကိုသတိရသွားပြီးချက်ချင်း ဖုန်းခေါ်လိုက်သည်။
"ဟယ်လို သံစဉ်… ငါ နင့်ဆီက ပိုက်ဆံချေးချင်လို့ပါ..အခုချက်ချင်းအရေးပေါလိုလို့ပါ"
"လရိပ် ဘာဖြစ်တာလဲ"
သံစဉ်က သူမအသံထဲက မူမမှန်မှုကို ချက်ချင်းသတိထားမိပြီးမေးလာသည်။
"ဆရာမကြီးက အရေးပေါ်အခြေအနေဖြစ်နေလို့ ခွဲစိတ်ဖို့ ပိုက်ဆံလိုနေလို့ပါ"
"ဟုတ်ပြီ စိတ်အေးအေးထားနော် မကြောက်နဲ့ ငါ အခုချက်ချင်း လွှဲပေးမယ်.. ဘယ်လောက်လိုလဲ"
သံစဉ်က ဘာမှထပ်မမေးပဲ ပိုက်ဆံချက်ချင်းလွှဲလာခဲ့သည်။
လရိပ်လည်းငွေရှင်းပြီး ခွဲစိတ်ခန်းနားကို ပြန်လာကာပိတ်ထားသောတံခါးကို စိုက်ကြည့်နေမိသည်။
တံခါးပေါ်က အနီရောင်မီးလေးကတော့ အေးစက်စွာ လင်းနေခဲ့သည်။
"အန်တီဒေလီ… ကလေးတွေကို အရင် ဂေဟာကိုပြန်ခေါ်သွားလိုက်ပါသူတို့တွေလဲပင်ပန်းနေလောက်ပြီ..အန်တီလည်းပြန်ပြီးခဏနားလိုက်အုံး သမီး ဒီမှာစောင့်နေလိုက်မယ်"
"ဒါပေမဲ့ သမီးရယ်… သမီးတစ်ယောက်တည်းဖြစ်နေမှာပေါ့…"
အန်တီ ဒေလီက စိုးရိမ်တကြီး ပြောလာတာမို့
လရိပ် ခေါင်းခါပြီး ပြုံးပြလိုက်ကာ...
"သမီးကရတယ် အန်တီ..ကလေးတွေက အရမ်းလန့်နေကြပြီလေသူတို့ကို စောင့်ရှောက်ပေးဖို့ လူလိုတယ်.. ပြီးတော့ ဂေဟာထဲက ကိစ္စတွေကိုလည်း စီစဉ်ရဦးမယ်မလားအဲ့ဒီအတိုင်းထားခဲ့လို့ မဖြစ်ဘူးလေ"
သူမ သေချာ ပြောပြလိုက်မှ မတတ်သာတဲ့အဆုံးအန်တီဒေလီကလည်း ခေါင်းညိတ်လက်ခံလိုက်သည်။
အန်တီ ဒေလီက ကလေးတွေနဲ့အတူ ပြန်ထွက်မသွားခင် အရေးပေါ်ခန်းတံခါးကို တစ်ချက်ပြန်ကြည့်လိုက်ပြီး မျက်ရည်တွေက ထပ်မံဝဲလာပြီး
မျက်ရည်တွေသုတ်ကာ ကလေးတွေကိုခေါ်ပြီးထွက်သွားသည်။
လရိပ် သူမတစ်ယောက်ထဲ ထိုင်ခုံပေါ်မှာ တစ်ယောက်တည်း ထိုင်စောင့်နေရင်း
သူမစိတ်ထဲမှာ ဆရာမနှင့်ပတ်သက်သည့် အမှတ်တရများကိုပြန်တွေးနေမိသည်။
သူမ ပထမဆုံးအကြိမ် စာပေဆုရခဲ့တုန်းက ဝမ်းသာဂုဏ်ယူစွာ ပြုံးပေးခဲ့သည့်ဆရာမကြီး…
မွေးနေ့တိုင်း သူမအတွက် ကိတ်မုန့်လေးလုပ်ပေးခဲ့သူ..မိဘမဲ့ဂေဟာကို ပြန်လာတိုင်း တံခါး
ဝမှာ စောင့်ကြိုနေတတ်သူအခုတော့ အမြဲတမ်း သူများကို ဦးစားပေးတတ်ခဲ့သူက အေးစက်တဲ့ ခွဲစိတ်ခန်းထဲမှာ အသက်ရှင်မရှင် မသေချာဘဲ
တိုက်ပွဲဝင်နေရသည်။
နာရီလက်တံများက တဖြည်းဖြည်းရွေ့လျားနေပြီး အချိန်တွေတရွေ့ရွေ့ကုန်လွန်လာခဲ့ပေမဲ့ ဆရာမကြီးကတော့ခွဲခန်းထဲက ထွက်မလာသေးပေ။
လရိပ် ဒူး နှစ်ဖက်ကိုဆုပ်ကိုင်ထားမိရင်း တိတ်တဆိတ် ဆုတောင်းနေမိသည်။
သူမတို့ မိဘမဲ့ကလေးတွေအားလုံးကို ကိုယ်ကျိုးမငှဲ့ဘဲ ချစ်ပေးခဲ့သူ
ဘေးကင်းပါစေလို့ ဆုတောင်းနေမိသည်။
ခြောက်နာရီကြာပြီးနောက်…
နောက်ဆုံးတွင် ခွဲစိတ်ခန်းထဲက မီးပိတ်သွားပြီး တံခါးက ဖြည်းဖြည်းချင်းပွင့်လာပြီးဆရာဝန်က maskကို ချွတ်ကာ ပင်ပန်းနွမ်းနယ်စွာ ထွက်လာသည်။
လရိပ် ဆရာဝန်ထွက်လာတာနဲ့ ချက်ချင်းထရပ်လိုက်တာကြောင့် အကြာကြီးထိုင်နေခဲ့တဲ့ခြေထောက်များ ထုံကျင်နေသော်လည်း ဂရု
မစိုက်ပဲ ဆရာဝန်အနားအမြန်ပြေးသွားလိုက်ကာ...
"ဒေါက်တာ… လူနာအခြေအနေ ဘယ်လိုလဲဟင်"
ဆရာဝန်က ခေါင်းခါပြီး မျက်လုံးထဲမှာ အားမလိုအားမရဖြစ်နေတဲ့ပုံနဲ့...
"လောလောဆယ်တော့ အသက်အန္တရာယ်ကနေ လွတ်သွားပါပြီ..ဒါပေမဲ့…"
"ဒါပေမဲ့ ဘာဖြစ်လို့လဲ"
လရိပ် ဒါပေမဲ့ဆိုတဲ့စကားကြောင့်ပိုလန့်သွားရသည်။ဆရာဝန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး...
"ခွဲစိတ်မှုမလုပ်ခင် တစ်ကိုယ်လုံး စစ်ဆေးခဲ့ပါတယ်... လူနာရဲ့ အသည်းမှာ မူမမှန်တာတွေ့လို့ ထပ်ပြီး စစ်ဆေးလိုက်တော့…အသည်းကင်ဆာ ဖြစ်နေပါတယ်"
"ပြီးတော့ နောက်ဆုံးအဆင့်အထိ ရောက်နေပါပြီ..ကင်ဆာပြန့်ပွားနေတဲ့အခြေအနေကို ကြည့်ရင် အနည်းဆုံး ဖြစ်နေတာသုံးနှစ်လောက် ရှိနေပြီလို့ ယူဆရပါတယ်"
လရိပ်ကြားလိုက်ရတဲ့စကားကြောင့် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းရသွားသည်။
"ဘယ်လို… ဘယ်လိုဖြစ်နိုင်မှာလဲ…"
သူမအသံက ထပ်ပြောဖို့ကိုပင် အလွန်တိုးလျှော့နေသည်။
ဆရာဝန်က လေးနက်စွာ ဆက်ပြောလာသည်။
"လူနာရဲ့ အခြေအနေက သိပ်မကောင်းပါဘူး ခွဲစိတ်မှုအောင်မြင်ခဲ့ရင်တောင် နောက်ပိုင်းကုသမှုတွေက…မသေချာဘူး"
လရိပ် ရုပ်ကြိုးပျက်လဲကျသွားရသည်။
...
လူနာဆောင်...
ဆရာမကြီးကကုတင်ပေါ်မှာ ဖြူဖျော့စွာ လဲလျောင်းနေပြီး အသက်ရှူသံကပင် အလွန်အားနည်းနေသည်။
လရိပ် သူမမျက်ရည်များကို အကြိမ်ကြိမ်သုတ်ပေးခဲ့ဖူးသည့်လက်တစ်စုံ ကို ဖြည်းညင်းစွာ ဆုပ်ကိုင်ထားမိသည်။
အခုအချိန်မှာတော့ ထိုလက်တစ်စုံဟာ အရိုးနဲ့အရေပြားပဲ ကျန်တော့ပြီး ပိန်လှီနေသည်။
အဲ့အချိန်...
"သမီး...လ လေး"
အိပ်ရာပေါ်ကနေ အားနည်းသအသံတစ်သံ ထွက်လာတာကြောင့် သူမ ချက်ချင်းမော့ကြည့်လိုက်တော့ ဆရာမကြီးက မျက်လုံးကို အနည်းငယ်ဖွင့်ပြီး သူမကို ကြည့်နေသည်။
"ဆရာမကြီး… နိုးလာပြီလား"
လရိပ် အလျင်အမြန် ရေတစ်ခွက်ယူပြီး ဂရုတစိုက် တိုက်လိုက်သည်။
ပြီးတာနဲ့ သူမ မျက်ရည်ကိုမထိန်းနိုင်တော့ပဲ..
"ဘာလို့ ရောဂါကို သမီးကို ဖုံးထားရတာလဲ စောစောကုသခဲ့ရင်…"
ဆရာမကြီးက ပြုံးလိုက်ပြီး ခေါင်းခါလိုက်ကာ...
"ကျန်ခဲ့တဲ့အရာတွေကို မပြောပါနဲ့တော့… ဆရာမက အခုတောင် အရမ်းကျေနပ်နေပါပြီ…"
"မိဘမဲ့ဂေဟာက ကလေးတွေကဆရာမကြီးကို လိုအပ်တယ်လေ"
လရိပ် ငိုရှိုက်ရင်း ပြောလိုက်သည်။
"ပြီးတော့ သမီးလည်း ဆရာမကြီးကို လိုအပ်တယ်…"
သူမ စကားအဆုံး ဆရာမကြီးက မျက်လုံးကို အနည်းငယ်မှိတ်လိုက်ပြီး အားယူလိုက်ပြီး
ခဏအကြာမှ တိုးညင်းစွာ ပြောလာသည်။
"လ လေးရေ သမီးကြီးပြင်းလာပြီ…"
"ဆရာမရဲ့ အဂုဏ်ယူဆုံးကလေးလေးပဲ…"
လရိပ် ငုံ့လိုက်ပြီးဆရာမကြီးရဲ့ ပိန်လှီနေတဲ့လက်ပေါ်မှာ သူမမျက်နှာကို တင်ထားလိုက်ပြီး
ထိုလက်ထဲက ကျန်ရှိနေသေးသည့် အပူငွေ့လေးကို သူမခံစားလိုက်သည်။
လရိပ် ဆရာမကြီးရဲ့ လက်ကို တင်းတင်းဆုပ်ထားကာ ငိုနေတာကြောင့်...
"မငိုနဲ့… သမီးကခံနိုင်ရည်အား အကောင်းဆုံးကလေးပဲလေ…"
ဆရာမကြီး အသံက တဖြည်းဖြည်း ပိုမိုတိုးလျော့လာသော်လည်း စကားလုံးများထဲက ခိုင်မာမှုကတော့ မပျောက်သေးပေ။
လရိပ် သူမထပ်ငိုနေရင် ဆရာမကြီးပိုပြီး စိတ်မကောင်းဖြစ်မှာကြောက်တာကြောင့် ခေါင်းညိတ်
ပြလိုက်ကာမျက်ရည်သုတ်လိုက်ပြီး ဆရာမကြီးကိုမျက်နှာကိုကြည့်ကာ အားတင်းပြုံးပြလိုက်သည်။
အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ သူမ
မသိသေးပေ..ဒါပေမဲ့ ဒီအချိန်မှာတော့..
တစ်ချိန်က သူမကို ကာကွယ်ပေးခဲ့သူကို တစ်ရက်ပိုပို..တစ်နာရီပိုပို..တစ်မိနစ်ပိုပို အချိန်တိုင်းအနားမှာရှိပြီး ပြန်လည်ကာကွယ်ပေးချင်ခဲ့သည်။
သူမ ကအခုချိန်မှာ ပြန်လည်ကာကွယ်ပေးရတော့မဲ့သူဖြစ်တာမို့ မျက်ရည်ကျနေလို့မတော့ဘူးမလား..လရိပ်တွေးရင်း သူမစိတ်ကို တင်းထားလိုက်သည်။
အခန်းမှတ်ချက်များ (0)