အိမ်ကြီးတစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်နေကာ စံအိမ် ဆိုဖာခုံရှည်ပေါ်တွင် ငိုက်နေ၏။
မျက်ခွံများ လေးလံကာ အိပ်ချင်နေပြီ ဖြစ်သော်လည်း သခင်ကအိမ်ပြန်မရောက်သေးတာကြောင့် သူပြန်လာလျှင် တံခါးဖွင့်ပေးရန်
စောင့်နေရသည်။
"ပွမ် ပွမ် "
အတန်ကြာမှ ခြံရှေ့တွင် ကားဟွန်းသံနှင့်အတူ သခင့်ကားရောက်လာတော့မှ စံအိမ် သက်ပြင်းချနိုင်တော့ကာ ပြေးပြီး တံခါးဖွင့်ပေးလိုက်သည်။
"..."
ခြံထဲသို့ ကားဝင်လာကာ ကားတံခါးပွင့်လာသည်နှင့် တပြိုင်နက် ပြင်းရှသော အရက်နံ့နှင့်အတူ စူးရှလွန်းသော အမျိုးသမီးသုံး ရေမွှေးနံ့တစ်ခုက အရင်ဆုံး တိုးဝင်လာသည်။ စံအိမ် နှာခေါင်းရှုံ့လိုက်မိစဉ်မှာပင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခြေလှမ်းများ တောင့်ခနဲ ရပ်တန့်သွားရ၏။
သခင်နှင့်အတူ နံဘေးတွင် ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်စေသော အဝတ်အစား တိုနံ့နံ့ကို ဝတ်ဆင်ထားပြီး မိတ်ကပ်လိမ်းခြယ်ထားသော မိန်းကလေးတစ်ယောက်ကို ဖက်တွယ်လျက်သား။
"သ... သခင်..."
စံအိမ် နှုတ်ခမ်းများ တုန်ယင်သွားသည်။
သခင်က မူးနေပုံရသော်လည်း မျက်လုံးများကတော့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်ပြီး စူးရှနေ၏။
"ကိုကြီး ဒီမိန်းမက ဘယ်သူလဲဟင် "
သခင့်နံဘေးမှာ ပါလာတဲ့မိန်းမက စံအိမ့်ကို နှုတ်ခမ်းမဲ့ကာကြည့်ပြီး ညုတုတုအသံလေးနှင့်မေးလိုက်လျှင် သခင်က စံအိမ့်ကို စိုက်ကြည့်လျက် ခပ်ဟဟရယ်လိုက်ကာ ...
"အဟက် ... ဂရုစိုက်စရာမလိုဘူး သွားမယ်။ "
ထိုအခါ ထိုမိန်းကလေးက စံအိမ့်ကို အထင်သေးစွာ ခြေဆုံးခေါင်းဆုံး ကြည့်ပြီး ခစ်ခနဲ ရယ်လိုက်ကာ ...
" အိမ်ဖော်လား... ရုပ်ကလေးက သနားကမားနဲ့နော်"
"အင်း... အိမ်ဖော်ပေါ့... ကိုယ့်ကို ပြုစုဖို့ ခေါ်ထားတဲ့ အဆင့်မြင့် အိမ်ဖော်လေ...အဟွန်း..."
သခင့်စကားလုံးတိုင်းက စံအိမ့် နှလုံးသားကို ဆူးနှင့်ထိုးသလို နာကျင်စေကာ အံကိုတင်းတင်းကြိတ်ထားလိုက်သည်။
"သခင်... မူးနေရင် အခန်းထဲဝင်ပြီး နားလိုက်ပါ... ဒီမိန်းကလေးကိုတော့ ပြန်ခိုင်းလိုက်တော့... "
စံအိမ့် စကားအဆုံးတွင် သခင်က မျက်နှာထား တင်းသွားပြီး သူမရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာကာ ဘေးမှ မိန်းကလေးကိုလည်း ခါးမှဆွဲကာ တပါတည်း ခေါ်လာပြီး ...
"မင်းက ငါ့ကို ဆရာလုပ်နေတာလား စံအိမ်။ ဒါ ငါ့အိမ်... ငါကြိုက်တဲ့သူကို ခေါ်လာမယ်... ငါကြိုက်တာ လုပ်မယ်... မင်း ပိုင်တာ ဘာရှိလို့လဲ"
"ဒါပေမယ့် ကျွန်မက ရှင့်မိန်းမလေ..."
"မိန်းမ... ဟုတ်လား..."
သခင်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ကာ ...
"ကောင်းပြီလေ... မိန်းမတစ်ယောက်က သူ့ယောက်ျား ပျော်ရွှင်နေတာကို ကြည့်ပြီး ပီတိဖြစ်ရမှာပေါ့... ဟုတ်တယ်မလား"
ပြောပြောဆိုဆို သခင်က သူ့ဘေးနားမှ ကောင်မလေး၏ မေးဖျားကို ဆွဲမော့လိုက်ရာ ထိုမိန်းကလေးကလည်း သခင့်ရင်ခွင်ထဲသို့ အလိုက်သင့် တိုးဝင်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
သခင်က စံအိမ်ကို စိုက်ကြည့်ရင်းပင် ထိုမိန်းကလေး၏ နှုတ်ခမ်းကို ငုံ့နမ်းလိုက်၏။
ထိုအခိုက်အတန့်တွင် စံအိမ့် ကမ္ဘာကြီး ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားသလို ခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးဖျင်းခနဲ။
"ပြွတ်စ် ပြွတ်စ် "
ပြင်းပြင်းပြပြ နမ်းရှိုက်နေသော အနမ်းတွေက ကြမ်းတမ်းနေပြီး ထိုမိန်းကလေးကို နမ်းနေသော်လည်း သူ့မျက်လုံးများက စံအိမ်ကိုသာ စိုက်ကြည့်နေလေသည်။
မြင်နေရတဲ့မြင်ကွင်းကြီးက စံအိမ့် နှလုံးသားတစ်ခုလုံးကို ဆွဲထုတ်ပြီး ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်သလိုမျိုး ဆစ်ခနဲ နာကျင်လာရသကာ မျက်ရည်များက တားဆီးမရဘဲ ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။
"တော်... တော်ပါတော့..."
တိုးဖျော့ဖျော့ စံအိမ့်အသံအဆုံးတွင် သခင် ထိုမိန်းကလေးကို ဆိုဖာပေါ်သို့ တွန်းလှဲလိုက်ပြီး လည်တိုင်ကျော့ကျော့ကို တိုးကပ်နမ်းရှိုက်ပြပြန်သည်။ ထိုမိန်းကလေး၏ ရယ်မောသံ၊ ညည်းညူသံများက စံအိမ့် ရင်အစုံကို ခပ်ပြင်းပြင်းရိုက်ခတ်ေန၏။
နောက်ဆုံး စံအိမ် နားနှစ်ဖက်ကို ပိတ်ကာ အပေါ်ထပ်သို့ ပြေးတက်ခဲ့တော့ကာ ငိုသံရှိုက်သံများက လှေကားတစ်လျှောက် ပဲ့တင်ထပ် ကျန်ရစ်ခဲ့တော့သည်။
စံအိမ် ထွက်သွားသည်နှင့် တပြိုင်နက် သခင့် မျက်နှာထားကလည်း ရုတ်ချည်း ပြောင်းလဲသွားကာ ...
"ဖယ်စမ်း"
သူ့အပေါ်၌ ခွထားသော မိန်းကလေးကို ကြမ်းတမ်းစွာ တွန်းဖယ်ပစ်လိုက်သည်။ ထို့နောက် ခုနက နမ်းရှိုက်ထားတဲ့ သူ့ နှုတ်ခမ်းကို လက်ဖမိုးဖြင့် အကြိမ်ကြိမ် ပွတ်ဆွဲကာ သုတ်ပစ်လိုက်၏။
"အို... ကိုကြီကလည်း... ဘာဖြစ်လို့..."
ထိုမိန်းကလေးက ကြောင်တောင်တောင်ဖြင့် မေးလိုက်လျှင် သခင်က ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံအုပ်လိုက်ကို ဆွဲထုတ်ပြီး ထိုမိန်းကလေး၏ မျက်နှာပေါ်သို့ ပစ်ပေါက်လိုက်ကာ ...
"ငါ့အိမ်ထဲက အခုချက်ချင်း ထွက်သွား နောက်တစ်ခါ ငါ့ရှေ့ မပေါ်လာနဲ့"
"ရှင်..."
"ထွက်သွားလို့ ငါပြောနေတယ်"
သခင့်အသံက ကျယ်လောင်သွားကာ ထိုမိန်းကလေးလည်း ကြောက်လန့်တကြား ပိုက်ဆံများကို ကောက်ယူပြီး ပြေးထွက်သွားရတော့သည်။
ဧည့်ခန်းထဲတွင် သခင်တစ်ယောက်တည်း ကျန်ရစ်ခဲ့ရာ သူ ဆိုဖာပေါ်တွင် ပစ်လှဲချလိုက်ရင်း မျက်နှာကျက်ကို မော့ကြည့်လိုက်ကာ မျက်နှာတစ်ပြင်လုံးကို လက်ဖဝါးနှစ်ဖက်နှင့် ခပ်ကြမ်းကြမ်းပွတ်ဆွဲရင်း ဆံပင်တွေကိုပါ သပ်တင်လိုက်၏။
သူ့ရင်ဘတ်တစ်ခုလုံး မီးစနှင့် ထိုးထားသလို ပူလောင်နေလေသည်။
စံအိမ် ငိုပြီး ပြေးထွက်သွားတုန်းက မြင်လိုက်ရတဲ့ သူမရဲ့ နာကျင်နေသော မျက်ဝန်းတွေ... အဲ့ဒီမျက်ဝန်းတွေကို မြင်ရတာ သူ ကျေနပ်ရမည် မဟုတ်ပါလား။ သူ လိုချင်တာ ဒါပဲလေ။
ဒါပေမယ့်... ဘာလို့လဲ...။
ဘာလို့ သူ့ရင်ထဲမှာ စူးအောင့်ပြီး နာကျင်နေရတာလဲ။
"မင်းနာကျင်မှ ငါ့အစ်မအတွက် တရားမျှတမှာ စံအိမ်... မင်းငိုမှ ငါကျေနပ်မှာ... တောက်"
သခင် စားပွဲပေါ်ရှိ ဝိုင်ပုလင်းကို လက်ဖြင့် ရိုက်ခွဲပစ်လိုက်သည်။
ဖန်ကွဲစများ ပြန့်ကျဲသွားသလို သူ့ရင်ထဲမှာလည်း ဒဏ်ရာတွေဗရပွ။ သူနမ်းလိုက်တာက ဟိုမိန်းမကို ဖြစ်သော်လည်း သူ့အာရုံထဲတွင်
ရှိနေခဲ့သည်က မျက်ရည်များဖြင့် ကြည့်နေသော စံအိမ့် မျက်နှာလေးသာ ဖြစ်နေခဲ့လေသည်။
သခင် ဆိုဖာပေါ်တွင် မောပန်းနွမ်းနယ်စွာ မှီချထားရင်း မျက်လုံးများကို မှိတ်လိုက်နှင့် အတိတ်ရဲ့ အရိပ်မဲကြီးတစ်ခုဆီသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
ထိုနေ့က... နွေအရိပ် ဆုံးပါးသွားပြီး တစ်ပတ်အကြာတွင် သခင် နွေအရိပ် အခန်းငယ်လေးထဲသို့ ဝင်ရောက်လာခဲ့သည်။
အခန်းထဲတွင် သူမ အငွေ့အသက်များ ကျန်ရှိနေသေးကာ စားပွဲပေါ်ရှိ စာအုပ်စင်လေးပေါ်မှ သားရေဖုံး ဒိုင်ယာရီစာအုပ်အညိုရောင်လေးကို သူ တွေ့လိုက်ရ၏။
စာအုပ်လေးကို ဖွင့်လိုက်သည်နှင့် မျက်ရည်စက်ရာများနှင့် ပြန့်ကျဲနေသော လက်ရေးစောင်းစောင်းလေးများကို မြင်လိုက်ရသည်။
'ဒီနေ့လည်း မောင် မူးလာပြန်တယ်။ သူ ကျွန်မကို ဖက်ပြီး တီးတိုးရွတ်နေတဲ့ နာမည်က 'စံအိမ်' တဲ့...။ ကျွန်မ ရင်ဘတ်ထဲက နှလုံးသားကို ဆွဲထုတ်ပြီး ဓားနဲ့ မွှန်းလိုက်သလိုပါပဲ'
"သူ ကျွန်မနဲ့ အတူနေရင်တောင် သူ ညည်းတွားလိုက်တဲ့ နာမည်က 'စံအိမ်... ချစ်တယ်' တဲ့။ ကျွန်မ ဘယ်လောက်ထိ ဆက်ပြီး သည်းခံနိုင်ဦးမှာလဲ..."
သခင် လက်များ တုန်ယင်လာကာ စာမျက်နှာကို ကျော်လိုက်သည်။
"မောင်က ကျွန်မကို ကွာရှင်းပေးဖို့ ပြောပြန်ပြီ။ သူ စံအိမ်မရှိရင် မနေနိုင်ဘူးတဲ့။ ကျွန်မက သူ့အတွက် အနှောင့်အယှက်တစ်ခုတဲ့လား။ ကျွန်မ သူ့ကို ဘယ်လောက်ချစ်လဲ သူ သိရဲ့သားနဲ့... ဘာလို့ ကျွန်မကို ဒီလောက် ရက်စက်ရတာလဲ။ စံအိမ် ဆိုတဲ့ မိန်းကလေးကို ကျွန်မ မုန်းတယ်။ သူသာ မရှိရင် မောင် ကျွန်မကို ပြန်ချစ်လာမှာ..."
စာလုံးများက ဝါးတားတား ဖြစ်လာကာ သခင် မျက်ရည်များ ဝဲတက်လာသော်လည်း ဆက်ဖတ်လိုက်၏။
'ဒီနေ့... ကျွန်မ သည်းမခံနိုင်တော့လို့ စံအိမ့် ရုံးခန်းအထိ လိုက်သွားပြီး သတိပေးခဲ့တယ်။
ဒါပေမယ့်... ညရောက်တော့ မောင်က ဒေါသတကြီး ပြန်ရောက်လာပြီး ကျွန်မကို ရိုက်တယ်။ ကျွန်မ... ကျွန်မ တစ်ကိုယ်လုံး နာကျင်နေပြီ။ ဒါပေမယ့် ခန္ဓာကိုယ်နာတာထက် နှလုံးသားက ပိုနာတယ်။ ကျွန်မ ဒီလောကကြီးထဲမှာ ဆက်မနေချင်တော့ဘူး။ '
နောက်ဆုံးစာမျက်နှာအရောက်မှာတော့ သခင့်လက်များ တုန်ယင်လာကာ ဒေါသစိတ်ကြောင့် မျက်ရည်များ စီးကျလာသည်ကိုပင် သတိမထားမိ။
'ကျွန်မ ပင်ပန်းနေပါပြီ ... နှုတ်ဆက်ပါတယ် မောင်... ရှင် လိုချင်တဲ့ လွတ်လပ်ခွင့်ကို ကျွန်မ ပေးခဲ့ပါပြီ စံအိမ်နဲ့ အတူတူ ပျော်ရွှင်နိုင်ပါစေတော့..."
"အား..."
သခင် အတိတ် မြင်ကွင်းထဲမှ ရုန်းထွက်လာပြီး အသံကုန် အော်ဟစ်လိုက်မိကာ နာကျင်မှုများက အခုအချိန်ထိ သူ့ရင်ထဲတွင် အရှင်လတ်လတ် လောင်ကျွမ်းနေဆဲ။
အပိုင်း (၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)