တည်းခိုခန်းအပြင်ဘက် ရောက်သည်အထိ ရှင်ငြိမ်း နှလုံးခုန်သံများက မငြိမ်သေးပေ။
သို့သော် ဟန်ကိုယ့်ဖို့ရန် လေအေးအေးတို့ကို တစ်ဝကြီး ရှူသွင်းလိုက်ကာ အင်္ကျီနှင့် ဆံပင်တို့ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်လိုက်၏။ ထို့နောက် ဆိုင်ဘက်သို့ ပြန်ရန်အလုပ် ...
"မမ..."
ရင်းနှီးနေသော ခေါ်သံကြောင့် ရှင်ငြိမ်း ခြေလှမ်းများ တန့်ခနဲ ရပ်သွားရသည်။ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်တော့ တည်းခိုခန်းရှေ့ မျက်နှာချင်းဆိုင်တွင် ဆိုင်ကယ်ပေါ်ကနေ သူမကို လှမ်းကြည့်နေသော စစ်မက်ရှင်။
"ဟင်..."
ရှင်ငြိမ်း မျက်လုံးလေးများ ပြူးကျယ်သွားရကာ မလုံမလဲဖြင့် ထိတ်ခနဲ ဖြစ်သွားရ၏။
သူကလည်း ရှင်ငြိမ်းကို အကြည့်စူးစူးတို့နှင့် မျက်တောင်မခတ်စိုက်ကြည့်နေကာ တဖြည်းဖြည်းနှင့် သူ့မျက်ခုံးတွေကလည်း စုကြုံ့သွားသလိုပင်။
စစ်မက်ရှင် သူမအနားသို့ ခြေလှမ်းကျဲကြီးများဖြင့် ခပ်သွက်သွက် လျှောက်လာခဲ့ကာ ...
"မမ အဲ့လူနဲ့ ပြန်အဆင်ပြေနေပြီလား။ အဲ့လူနဲ့ ပြန်ပေါင်းတော့မှာလား။"
"ဟင်... မင်းဘာတွေပြောနေတာလဲ။"
"မပေါင်းပါနဲ့ဗျာ ... ကျွန်တော် တောင်းပန်ပါတယ်။"
စစ်မက်ရှင် သူမ ပခုံးနှစ်ဖက်ကို အတင်း လှမ်းဆုပ်ကိုင်လိုက်ပြီး မျက်ရည်များ ဝဲတက်လာရ၏။
" မမကိုသာ ဆုံးရှုံးရရင် ကျွန်တော် သေလိမ့်မယ်ဗျ... တကယ်ပြောတာပါ။ အဲ့လူက မမကို နာကျင်အောင်လုပ်ခဲ့တာလေဗျာ။ "
"အ ..."
တဖြည်းဖြည်း ရှင်ငြိမ်းပခုံးကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေက အားပါလာတာကြောင့် ရှင်ငြိမ်း ဆစ်ခနဲဖြစ်သွားရကာ သူ့ရဲ့ စိတ်လွတ်နေသော ပုံစံကြောင့်လည်း ရှင်ငြိမ်း ဒေါသအနည်းငယ် ထွက်သွားရသည်။
ရှင်ငြိမ်း သူ့လက်တွေကို အတင်းတွန်းဖယ်လိုက်ပြီး...
"စစ်မက်ရှင်... နင့်ကိုယ်နင့်လည်း ထိန်းဦး။
တို့ မင်းကို ပြောပြီးသားလေ... မင်းက တို့အတွက် မောင်လေးတစ်ယောက်လိုပါပဲလို့။ အရင်ကရော၊ အခုရော၊ နောင်ရော... ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ အဲ့တာကြောင့် ငါ့ကိစ္စတွေကို ဝင်မစွက်ဖက်ပါနဲ့။"
"မောင်လေး ဟုတ်လား... ကျွန်တော်က မမအတွက် အဲ့ဒီလောက်ပဲလား ... အဲ့ဒီလူကျတော့ မမကို အဲ့လောက်တောင် နာကျင်အောင်လုပ်ခဲ့တာကို ... ဘာလို့ ကျွန်တော့်ကိုကျတော့... "
"တော်တော့ ... အခု တို့မင်းနဲ့ ပြဿနာမတက်ချင်ဘူး။"
ရှင်ငြိမ်း စိတ်တိုတိုနှင့် လှည့်ထွက်ရန် ပြင်လိုက်သည်။ ထပ်ပြောနေလျှင် ပြဿနာ ပိုကြီးလာမှာ သိတာကြောင့် ရှောင်ထွက်ရန်သာ ဆုံးဖြတ်လိုက်၏။
သို့သော်... သူမ တစ်ဖက်သို့လှည့်ရုံရှိသေး ရှင်ငြိမ်းတစ်ကိုယ်လုံးအား လှမ်းဆွဲခြင်းခံလိုက်ရကာ ရှင်ငြိမ်းနှုတ်ခမ်းကလည်း အခြားနှုတ်ခမ်းတစ်စုံ၏ ဖိကပ်ခြင်းကို ခံလိုက်ရလေသည်။
"အွန့် ... ပြွတ်စ်... အွန်း..."
ရှင်ငြိမ်း မျက်လုံးများ ပြူးကျယ်သွားရကာ မမျှော်လင့်ထားသော အခြေအနေကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီးမှ သတိဝင်လာကာ စစ်မက်ရှင်ရဲ့ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အားကုန်သုံး၍ အတင်း တွန်းထုတ်ရတော့သည်။
"ဟင့်အင်း ... အွန့်... ပြွတ်စ် ပြွတ်စ် အွန်း ပြွတ်စ် "
ရှင်ငြိမ်း ဘယ်လောက်တွန်းထုတ်ထုတ် သူက
ရှင်ငြိမ်းကို လုံးဝ မလွှတ်ပေးပဲ အတင်းဆွဲဖက်ကာ ဆက်နမ်းရှိုက်နေလေသည်။
ရုန်းထွက်လေ ပိုပြီး တင်းနေအောင် ဖက်လာတာကြောင့် ရှင်ငြိမ်း ဘယ်လိုမှ ရုန်းလို့မရဖြစ်နေ၏။ နှုတ်ခမ်းများပေါ်တွင်လည်း အသက်ရှူရခက်လောက်အောင် ဖိကပ်စုပ်ယူနေမှုကြောင့် ရှင်ငြိမ်း မျက်ရည်များပင် ဝဲတက်လာရသည်။
"အွန့် လွှတ်... လွှတ်စမ်း ... ပြွတ်စ် အွန်း "
ထိုအချိန်တွင်... ရုတ်တရတ်ဆိုသလို သူမတို့အနားသို့ လူအရိပ်တစ်ခုကျရောက်လာကာ ...
"ခွပ်..."
ပြင်းထန်လွန်းလှသော လက်သီးချက်နှင့်အတူ စစ်မက်ရှင် လမ်းပေါ်သို့ ဖင်ထိုင်လျက်လဲကျသွားလေသည်။
"မင်း သေချင်နေတာလား! ငါ့မိန်းမကို မင်းက ဘာကောင်မို့လို့ လာထိရဲတာလဲ... ဟမ် "
သန့်ဇင်လင်း အော်ရင်း အောက်တွင် လဲကျနေသော စစ်မက်ရှင်ရဲ့ အင်္ကျီကော်လာကို အတင်းဆွဲမကာ ထပ်ထိုးချလိုက်၏။
"ခွပ်... ခွပ်..."
"သန့်ဇင်လင်း တော်တော့... မလုပ်နဲ့တော့လို့ "
ရှင်ငြိမ်း သန့်ဇင်လင်းကို အတင်း ပြေးဆွဲကာ တားလိုက်ရသည်။
စစ်မက်ရှင်က နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ပြီး သန့်ဇင်လင်းကို မဲ့ပြုံး ပြုံးပြလာကာ...
"ခင်ဗျားမိန်းမ ဟုတ်လား။ အဟက်... အခုချိန်မှာ မမက ခင်ဗျားနဲ့ ဘာမှမဆိုင်တော့ဘူး။
ခင်ဗျားလို လူယုတ်မာက မမကို ပိုင်ဆိုင်ခွင့် မရှိဘူး။"
"ခွေးကောင်... မင်း ပါးစပ်ကို ပိတ်ထားစမ်း"
သန့်ဇင်လင်း ဒေါသတကြီးဖြင့် စစ်မက်ရှင်ကို ထပ်ထိုးရန် ပြင်လိုက်သော်လည်း ရှင်ငြိမ်း သူ့ကို အတင်းတွန်းထုတ်ပစ်လိုက်သည်။
အခြေအနေတွေ အရမ်းဆိုးသွားလျှင် မမရှင်နန်းတို့နဲ့ မျက်နှာပျင်စရာဖြစ်ရတော့မှာမလား။
"တော်ကြပါတော့ ... နင်တို့ နှစ်ယောက်လုံး လမ်းဘေးမှာ ဘာလုပ်နေကြတာလဲ။ ငါ့ကို ဒီထက်ပိုပြီး အရှက်ခွဲချင်နေကြသေးတာလား။"
ရှင်ငြိမ်းရဲ့ အော်သံကြောင့် နှစ်ယောက်လုံး ငြိမ်ကျသွားကာ ရှင်ငြိမ်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စစ်မက်ရှင်ဘက်သို့ လှည့်ကာ...
"စစ်မက်ရှင်... မင်း အခုချက်ချင်း ပြန်တော့။ နောက်ဆို တို့အနားကို ဘယ်တော့မှ မလာနဲ့တော့။"
"မမ..."
စစ်မက်ရှင်ရဲ့ မျက်ဝန်းများတွင် နာကျင်မှုများ အထင်းသား ပေါ်လာသော်လည်း ရှင်ငြိမ်း သူ့ကို ထပ်မကြည့်တော့ဘဲ မျက်နှာလွှဲပစ်လိုက်သည်။ ထို့နောက် သန့်ဇင်လင်းဘက်သို့ ပြန်လှည့်ကာ ...
"နင်လည်း... နင့်အခန်းထဲ နင်ပြန်ဝင်တော့။ "
ပြောပြီးသည်နှင့် ရှင်ငြိမ်း လှည့်ကာ ဆိုင်ရှိရာဘက်သို့ ခပ်သုတ်သုတ် လျှောက်လာခဲ့တော့သည်။ သို့သော် အနောက်မှ ခပ်လေးလေး ခြေသံများက အဆက်မပြတ် လိုက်ပါလာသည်ကို ကြားနေရ၏။
ဆိုင်ထဲသို့ ရောက်သည်နှင့် ရှင်ငြိမ်း ဆိုင်တံခါးကို ပိတ်ရန် ပြင်လိုက်သော်လည်း သန့်ဇင်လင်းက တံခါးကို အတင်းဆွဲဖွင့်ကာ ဆိုင်ထဲသို့ ဇွတ်ဝင်လာလေသည်။ ထို့နောက် ရှင်ငြိမ်း လက်ကောက်ဝတ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး သူ့ဘက်သို့ အတင်း လှည့်စေလိုက်၏။
"လွှတ် ... သန့်ဇင်လင်း နင် ဘာဖြစ်ချင်နေတာလဲ။"
"ကျုပ်က ဘာဖြစ်ချင်ရမှာလဲ။ ခင်ဗျားကရော... အဲ့ဒီကောင် နမ်းတာကို ဘာလို့ ငြိမ်ခံနေရတာလဲ။"
"ဘယ်သူက ငြိမ်ခံနေတာလဲ။
သူ အတင်းလုပ်တာ နင်မမြင်ဘူးလား။
ပြီးတော့ နင်ကရော ငါ့ကို ဘာပိုင်စိုးပိုင်နင်း လာလုပ်နေတာလဲ။ ငါ့ကိစ္စ နင်နဲ့ ဘာဆိုင်လို့လဲ။"
"ဘာဆိုင်လို့လဲ ဟုတ်လား။ ခင်ဗျားက ကျုပ်မိန်းမလေ။ ကျုပ် မျက်စိရှေ့မှာတင် ကျုပ်မိန်းမကို တခြားကောင်က နမ်းသွားတာကို ကျုပ်က လက်ပိုက်ကြည့်နေရမှာလား။ ပြီးတော့ ခင်ဗျား... အဲ့ဒီကောင်ကို ဘာလို့ ပြတ်ပြတ်သားသား မလုပ်တာလဲ။ ဆိုင်ကို လာတိုင်း ခင်ဗျားက ပြုံးဖြီးပြီး ဆက်ဆံနေတော့ အဲ့ကောင်က အခွင့်အရေး ယူတာပေါ့။"
"ဘာ ... သန့်ဇင်လင်း နင် စကားကို ဆင်ခြင်မဲ့ မပြောနဲ့။ ဆိုင်လာတဲ့ ဧည့်သည်ကို ငါက မျက်နှာထား တင်းပြီး ဆက်ဆံရမှာလား။ ဘယ်လိုပဲနေနေ သူကငါ့ရဲ့ customer ပဲ။"
ရှင်ငြိမ်း ဒေါသတကြီး ပြန်အော်လိုက်လျှင် သူက ခနဲ့တဲ့တဲ့ ပြုံးကာ ရှင်ငြိမ်းအနားသို့ တစ်လှမ်းချင်း တိုးကပ်လာလေသည်။
"ဘာ ... Customer ဟုတ်လား။"
"ခင်ဗျားရဲ့ customer service က အနမ်းပါပါတာလား။ နောက်ဆို ဘာတွေပါ ပါလာတော့မှာလဲ။"
"ဖြန်း... "
လွန်လွန်းလာတဲ့ သူ့စကားတွေ ရှင်ငြိမ်း သူ့ပါးကို ရိုက်ချပစ်လိုက်၏။
ရှင်ငြိမ်း တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့သည်။
"နင့်ငါ့ကို မစော်ကားနဲ့။"
ရှင်ငြိမ်း အံကို တင်းတင်းကြိတ်ကာ ငိုသံစွက်နေသော အသံဖြင့် အော်ပစ်လိုက်၏။
"နင် ထင်ချင်တိုင်း ထင်ပြီး ငါ့ကို အထင်သေးတဲ့ စကားတွေ လာမပြောနဲ့။ "
"အဟက် ..."
သန့်ဇင်လင်း ပါးစောင်ကို လျှာဖြင့် တစ်ချက်သပ်လိုက်ပြီး ရှင်ငြိမ်းဘက်သို့ ဖြည်းဖြည်းချင်း တိုးကပ်လိုက်၏။ သူ့မျက်ဝန်းထဲတွင် ဒေါသတွေထက် နာကျင်မှုတွေက ပိုမို ကြီးစိုးနေခဲ့သည်။ သူမ ပခုံးနှစ်ဖက်ကို အတင်းဆုပ်ကိုင်လိုက်ပြီး သူမ မျက်နှာကို တည့်တည့် စိုက်ကြည့်လိုက်ကာ...
"ဘယ်သူက စော်ကားတာလဲ။"
"..."
" ခင်ဗျားကို တခြားကောင်က ထိသွားတာ မြင်လိုက်ရတဲ့ ကျုပ် ရင်ဘတ်ကြီးက ဘယ်လောက်တောင် ပူလောင်သွားလဲ ခင်ဗျား သိလား။
ကျုပ် ရူးမတတ်ဖြစ်နေတာဗျ... ကျုပ်ကလည်း သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ ယောက်ျားတစ်ယောက်ပဲ။ ကျုပ်ချစ်တဲ့ မိန်းမကို တခြားကောင် နမ်းနေတာကို ဘယ်လို သည်းခံနိုင်မှာလဲ ... ဟမ် "
မျက်နှာကြီးကရဲတွတ်လျက် မျက်ရည်တွေ ရစ်သိုင်းလာကာ တရစပ် ပြောလာတဲ့ သူ့ကြောင့် ရှင်ငြိမ်း မျက်လုံးလေးများ ပြူးကျယ်သွားရကာ သူ့အား ပြန်ပြောစရာ စကားလုံးများ ဆွံ့အကုန်တော့သည်။
အပိုင်း (၅၆) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)