ရှင်ငြိမ်း ကားစက်မနှိုးခင် ရှင်ငြိမ်း ချပေးထားတဲ့အတိုင်း ခွေခွေလေးနှင့် ထောင့်ကပ်နေတဲ့ သူ့ကို တချက်ပြန်ကြည့်လိုက်မိ၏။
ပုံမှန်ဆို ပစ်ထားလိုက်မိမှာပေမယ့် အခုတော့ ဒီမှာက သူ့မှာ ဘာဆွေမျိုးအသိုင်းအဝိုင်းမှလည်း မရှိတဲ့ အပြင် ကိုယ့်ကြောင့် ရောက်လာသူဆိုတော့ ဘယ်လိုအဲနေနေ ရှင်ငြိမ်း လူကြီးတွေကိုတော့ မျက်နှာမပျက်စေချင်ပါ။
ဒီလောက်တောင် အခြေအနေဆိုးနေတာကို ဘာလို့ ဆေးရုံမသွားပဲ သူမဆိုင်ရှေ့မှာ လာထိုင်နေရတာလဲ။ အရူး... တကယ့် ခေါင်းမာတဲ့ အရူးကြီး။ အခုကြည့်... သူ့ဟာသူ ဒုက္ခရောက်တာမကဘူး သးမကိုပါ လာပြီး စိတ်အနှောင့်အယှက် ပေးနေတယ်။
ရှင်ငြိမ်း ကိုယ့်ဟာကိုယ် တွေးရင်း အံကိုကြိတ်လိုက်မိသော်လည်း လက်တစ်ဖက်ကတော့ အလိုလိုပင် သူ့ နဖူးပေါ်သို့ ရောက်သွားရသည်။ အပူရှိန်ပြင်းပြင်းကြောင့် ရှင်ငြိမ်း သက်ပြင်းချရင်း လက်ကို အမြန်ပြန်ရုတ်ရန် ပြင်လိုက်လျှင် ...
"ရှင်ငြိမ်း..."
အဖျားငွေ့ကြောင့် ကယောင်ကတမ်း ထွက်ပေါ်လာသော ခေါ်သံတိုးတိုးလေးနှင့်အတူ သူ့ လက်တစ်ဖက်က သူမ လက်ဖမိုးလေးကို အုပ်မိုးကာ ဖမ်းဆုပ်လိုက်၏။
"ကျုပ်ကို... ထားမသွားပါနဲ့... တောင်းပန်ပါတယ်..."
"လွှတ်ဦး... ငါ ကားမောင်းရဦးမယ်။"
ရှင်ငြိမ်း အသံကို တည်တင်းအောင် ထိန်းကာ ပြောလိုက်ပြီး သူ့လက်ထဲမှ ရုန်းထွက်လိုက်သည်။ ထို့နောက် ကားကို အရှိန်တင်ကာ တည်းခိုခန်းဆီသို့ ခပ်သွက်သွက် မောင်းလာခဲ့တော့သည်။
သူတည်းတဲ့ တည်းခိုခန်းက ရှင်ငြိမ်းတို့ ဆိုင်နှင့် သိပ်မဝေးတာကြောင့် ခဏသာ မောင်းလိုက်ရပါသည်။
တည်းခိုခန်းရောက်တော့ ရှင်ငြိမ်း ကားပေါ်မှ ဆင်းကာ သန့်ဇင်လင်းဘက်သို့ လာခဲ့ကာ ကားတံခါးကို ဖွင့်ပေးလိုက်ပြီး...
"သန့်ဇင်လင်း... တည်းခိုခန်းရောက်ပြီ။ ထနိုင်လား... ဆင်းတော့။"
ရှင်ငြိမ်းပြောနေပေမယ့် သူ့ပုံစံက တေယ်တော် အခြေအနေဆိုနေတာကြောင့် သူ့လက်မောင်းကို ဆွဲကာ အပြင်သို့ ထုတ်ပေးရတော့သည်။
ဆေးခန်းလိုက်ပို့ပေးချင်ပေမယ့် ဒီအချိန်မှတော့ ဘယ်ဆေးခန်းမှလည်း မဖွင့်တော့ပါ။
သန့်ဇင်လင်း ကားပေါ်မှ ဆင်းဆင်းချင်း ခြေခွေကျသွားသဖြင့် ရှင်ငြိမ်း ထိတ်ခနဲ ဖြစ်သွားရကာ သူ့ခါးကို ဖက်ပြီး သူ့လက်မောင်းတစ်ဖက်ကို ရှင်ငြိမ်း ပခုံးေပါ်သို့ တင်ပေးလိုက်ရသည်။
"ဖြည်းဖြည်း လျှောက်... ငါ့အပေါ်ချည်း အကုန်မမှီထားနဲ့။လေးတယ်။"
ရှင်ငြိမ်း သူ့ကို တွဲကာ သူ့အခန်းကို မေးပြီး
လျှောက်လာခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ညဥ့်နက်နေပြီဖြစ်၍ လူရှင်းနေလို့သာ တော်တော့သည်။
အခန်းရှေ့ ရောက်ချိန်တွင် ရှင်ငြိမ်း သက်ပြင်းတစ်ချက်ချလိုက်ပြီး...
"နင့်အခန်းသော့ကတ် ဘယ်မှာလဲ။"
သန့်ဇင်လင်း ခေါင်းကို သူမ ပခုံးပေါ် အပ်ထားရင်း မျက်လုံးမှိတ်လျက်သားဖြင့် သူ့ဘောင်းဘီ အိတ်ကပ်ကို ထိုးပြလာ၏။ ရှင်ငြိမ်း အံကိုကြိတ်လိုက်ပြီး ရွေးချယ်စရာမရှိတာကြောင့် သူ့ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှိုက်ကာ သော့ကတ်ကို ရှာရတော့သည်။ ရှင်ငြိမ်း မျက်နှာလေး ပူထူလာရကာ နှလုံးခုန်သံများ မြန်ဆန်လာရ၏။
တီ...
တံခါးပွင့်သွားသည်နှင့် ရှင်ငြိမ်း သူ့ကို အခန်းထဲသို့ အမြန်ဆွဲသွင်းကာ ကုတင်ပေါ်သို့ ခနဲ ပစ်တင်လိုက်တော့သည်။
"ဟူး... သေပါပြီ။ လူကလည်း ဆင်ကြီးကျနေတာပဲ။"
ရှင်ငြိမ်း ခါးလေး ထောက်ကာ ရေရွတ်လိုက်မိသည်။
ရှင်ငြိမ်း လှည့်ထွက်သွားရန် ပြင်လိုက်လျှင် သူ့ ဖိနပ်မချွတ်ရသေးသည်ကို သတိထားမိသွားတာကြောင့် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်မိပြန်သည်။
ဖိနပ်ချွတ်ပေးပြီး စောင်အထူကြီးကို ဆွဲယူကာ သူ့ ရင်ဘတ်အထိ သေသေချာချာ ခြုံပေးလိုက်၏။
"ကဲ... ငါ့တာဝန် ကျေပြီ။ နင့်ဟာနင် သေချင်သေ ရှင်ချင်ရှင် နင့်ဘာသာ ဆက်လုပ်တော့ ... ငါ ပြန်ပြီ။"
ရှင်ငြိမ်း ပြောပြီး ကုတင်ဘေးမှ လှည့်ထွက်ရန် ပြင်လိုက်၏။ သို့သော် ရှင်ငြိမ်း ထရုံရှိသေး ရှင်ငြိမ်း လက်ကောက်ဝတ်ကို နောက်ကနေ ဆွဲဖမ်းခြင်းခံလိုက်ရ၏။ ရှင်ငြိမ်း လန့်သွားပြီး လှည့်ကြည့်လိုက်လျှင် မပွင့်တပွင့် မျက်လုံးလေးတွေက ရှင်ငြိမ်းကို စိုက်ကြည့်လာကာ ...
"ခဏလေးပါ... ဒီည တစ်ညပဲ... ကျုပ်အနားမှာ နေပေးပါ ..."
"ဟင်... လက်ကို လွှတ်ဦး။"
"ဟင့်အင်း... မသွား... မသွားပါနဲ့..."
"ငါ ဘယ်မှမသွားဘူး... နင့်ကို ရေပတ်တိုက်ပေးမလို့။ လက်ကို ခဏလွှတ်ထား။"
ထိုအခါမှ သူက ရှင်ငြိမ်း လက်ကလေးအား ဖြည်းဖြည်းချင်း လွှတ်ပေးလာကာ
ရှင်ငြိမ်း ရေချိုးခန်းထဲသို့ ဝင်ကာ ရေခွက်ထဲ ရေ ထည့်ပြီး မျက်နှာသုတ်ပုဝါ တစ်ထည်ကို စိမ်ကာ ယူလာခဲ့လိုက်သည်။
သူ့ မျက်နှာတစ်ပြင်လုံးကို ဖြည်းဖြည်းချင်း လိုက် သုတ်ပေးနေရင်း ရှင်ငြိမ်း အကြည့်များက သူ့ မျက်နှာပေါ်တွင် ရပ်တန့်သွားမိ၏။
သူ့ လည်ပင်းနှင့် ရင်ဘတ်တစ်ဝိုက်ကိုပါ ရေပတ်တိုက်ပေးလိုက်တော့ ကိုယ်ပူချိန်က အနည်းငယ် ကျသွားသလိုတော့ ရှိလာသည်။
"ရှင်ငြိမ်း..."
"အင်း... ပြော ... ဘာဖြစ်လို့လဲ၊ ရေဆာလို့လား။"
"ကျုပ်... ကျုပ် တောင်းပန်ပါတယ်။
ချစ်တယ်။ "
"ဟင် ..."
ကယောင်ကတမ်းနှင့် ထွက်လာတဲ့ သူ့စကားတွေကြောင့် ရှင်ငြိမ်း သူ့ကို အတန်ကြာသည်အထိ စိုက်ကြည့်နေလိုက်မိ၏။
သူကတော့ ရှင်ငြိမ်းလက်ကို ဆုပ်ကိုင်ထားရင် အိပ်ပျော်သွားတော့သည်။
သူအိပ်ပျော်သွားမှ ရှင်ငြိမ်းလည်း ကုတင်ဘေးက ကြမ်းပြင်ပေါ်တွင်ထိုင်ကာ သူ့ကို စိုက်ကြည့်နေမိရင်း လူကပင်ပန်းနေလို့ထင်သည်။
ဘယ်လိုအိပ်ပျော်သွားမှန်းပင်မသိတော့။
သန့်ဇင်လင်း အဖျားအနည်းငယ် ကျသွားပြီဖြစ်ရာ သူ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့် မျက်နှာလေးကြောင့် ရင်ထဲတွင် ကြည်နူးမှုနှင့်အတူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိ၏။
မျက်တောင်ကော့ကော့လေးများနှင့် ပင်ပန်းနွမ်းနယ်နေသော မျက်နှာလေးက အပြစ်ကင်းစင်လွန်းလှသည်။
သူ့လက်ချောင်းများက သူမပါးပြင်ပေါ်ရှိ ဆံနွယ်လေးများကို အသာ သပ်တင်ပေးလိုက်ပြီး... မနိုးသွားစေရန် အသံတိတ် ရေရွတ်လိုက်မိသည်။
ကျေးဇူးတင်ပါတယ်။
သန့်ဇင်လင်း အားယူကာ အနည်းငယ် ကိုယ်ကို ငဲ့လိုက်ပြီး ကြမ်းပြင်ပေါ်တွင် အိပ်နေသော ရှင်ငြိမ်း ကိုယ်လုံးလေးကို စောင်လေး ဆွဲခြုံပေးလိုက်၏။
ကုတင်ပေါ်တင်ပေးချင်ပေမယ့် နိုးလာရင် သူမက သူ့ကို အထင်လွဲဦးမှာ စိုးတာကြောင့် ဒီအတိုင်းလေးထားလိုက်ရသည်။
ကြမ်းပြင်ပေါ်မှာလည်း အခင်းရှိတော့ အဆင်တော့ပြေပါသည်။
ထို့နောက် ကုတင်ပေါ်တွင် တင်ထားသော သူမ လက်ဖဝါးနုနုလေးကို သူ လက်ဖြင့် အုပ်မိုးကာ လက်ချောင်းချင်း ယှက်နွယ်လျက် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်တော့သည်။
_____________
တစ်ညလုံး ကော်ဇောပေါ်တွင် ထိုင်လျက် အိပ်ပျော်သွားတာကြောင့် ရှင်ငြိမ်းနိုးလာတော့ ဇက်ကြောများ တောင့်တင်းနေ၏။ ထို့နောက် ရှင်ငြိမ်း ကိုယ်ပေါ်တွင်လည်း စောင်ကရောက်နေကာ ရှင်ငြိမ်းလက်ကိုလာ်း သူက ဆုပ်ကိုင်ထားသေး၏။
ကုတင်ပေါ်တွင် အိပ်နေသော သူ့ကို လှမ်းကြည့်လိုက်တော့ အခုထိနိုးသေးပုံမရ။
အဖျားတော့ တော်တေယ် ကျသွားပုံပင်။
ရှင်ငြိမ်း သူ မနိုးခင် လက်ကို အမြန်ရုပ်ရန် ကြိုးစားလိုက်ကာ အသာ ဆွဲထုတ်လိုက်သော်လည်း...
အိပ်နေတဲ့သူက ရှင်ငြိမ်း လက်ကို ပို၍ပင် တင်းကျပ်စွာ ပြန်လည် ဆုပ်ကိုင်လာ၏။
" ဘယ်သွားမလို့လဲ ..."
" မိုးလင်းနေပြီ ... ငါ ဆိုင်သွားဖွင့်ရဦးမယ်။ နင်လည်း အဖျားကျသွားပြီဆိုတော့ ငါ့တာဝန် ပြီးပြီ။"
ရှင်ငြိမ်း ပြောပြီး လက်ကိုအတင်း ရုန်းလိုက်လျှင် သန့်ဇင်လင်း ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး သူမကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်၏။ ထို့နောက် သူမ လက်ကို ဆွဲကိုင်ထားလျက်နှင့် နှုတ်ခမ်းထောင့်ကို ကွေးကာ ပြုံးလိုက်ပြီး ...
"ကျေးဇူးတင်ပါတယ် ... မနေ့ညက တစ်ညလုံး ကျုပ်အနားမှာ နေပေးခဲ့လို့... ပြီးတော့ ကျုပ်ကို ပြုစုပေးခဲ့လို့။"
"မလိုပါဘူး။
ဒီအတိုင်း လူသားချင်းစာနာပြီး လုပ်ပေးခဲ့ရုံပဲမို့ ... လွှတ်တော့။"
ရှင်ငြိမ်းက မျက်နှာလွှဲကာ ပြောလိုက်ပြီး လက်ကို အားကုန်သုံးကာ ဆွဲဖြုတ်လိုက်ပြီး အမြန် မတ်တတ်ရပ်လိုက်ရန် ပြင်လိုက်၏။
သို့သော်... တစ်ညလုံး ထိုင်အိပ်ထားတာကြောင့် ခြေထောက်က ခွေခနဲ ဖြစ်သွားပြီး ကိုယ်လုံးလေးက ယိုင်ကျသွားတော့သည်။
"အမေ့..."
မရှုမလှကြီး လဲကျတော့မယ်လို့ ထက်လိုက်ပေမယ့်
ရှင်ငြိမ်းကိုယ်လုံးလေးက သူ့ရင်ခွင်ထဲသို့ ရောက်သွားလေသည်။ သူမမျက်နှာနှင့် သူ့ရင်ဘတ်က ကွက်တိ အပ်မိသွားချိန်တွင်... တဒုတ်ဒုတ်နှင့် မြန်ဆန်စွာ ခုန်ပေါက်နေသော သူ့နှလုံးခုန်သံများကို ရှင်ငြိမ်း အတိုင်းသား ကြားလိုက်ရ၏။
"သတိထားလေ ... ခြေထောက်တွေ ထုံနေတာမလား။"
သူ့ အသံက ရှင်ငြိမ်း နားရွက်ဖျားလေးနားမှ ကပ်၍ ထွက်ပေါ်လာလျှင် ရှင်ငြိမ်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားရသည်။ သူ့အသက်ရှူငွေ့ နွေးနွေးများကလည်း လည်တိုင်ကို လာရောက် ထိခတ်နေသေး၏။
သူ့ရင်ခွင်ထဲကနေ အမြန်ရုန်းထွက်ချင်နေပေမယ့်
ခြေထောက်တွေက အခုထိ ကျင်နေဆဲမို့ အလွယ်တကူ ရုန်းထွက်၍ မရနိုင်သေးပဲ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေလေသည်။
"ဖယ်... ဖယ်တော့ ရပြီ။ "
ရှင်ငြိမ်း သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အတင်း တွန်းထုတ်ရင်း သေချာမတ်မတ်ရပ်ကာ အင်္ကျီနှင့် ဆံပင်ကို နည်းနည်း သပ်သပ်ရပ်ဖြစ်အောင် ပြင်ပြီး ခပ်သုတ်သုတ်ထွက်လာခဲ့လိုက်တော့သည်။
သန့်ဇင်လင်းကတော့ ကုတင်ပေါ်တွင် ပြန် ထိုင်ချလိုက်ရင်း သူ့ ရင်ဘတ်ကို လက်ဖြင့် အသာ ဖိလိုက် နှုတ်ခမ်းထောင့်များက အလိုလို ကွေးတက်သွားကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်မိ၏။
အပိုင်း (၅၅) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)