Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၄၁)

ရှင်ငြိမ်း ညနေက မြင်ခဲ့ရသည့် မြင်ကွင်းကြောင့် ပူလောင်နေကာ အတွေးပေါင်းများစွာက ခေါင်းထဲတွင် ရှုပ်ထွေးနေ၏။ သို့သော် အခန်းတံခါး တွန်းဖွင့်သံ ကြားလိုက်ရသည်နှင့် ရှင်ငြိမ်း အမြန်ပင် မျက်လုံးများကို မှိတ်ကာ စောင်ကို ရင်ဘတ်အထိ ဆွဲခြုံပြီး အိပ်ပျော်နေချင်ယောင် ဆောင်နေလိုက်သည်။

ရေချိုးခန်းထဲမှ ရေကျသံများ ခဏ ထွက်ပေါ်လာပြီ မကြာမီမှာပင် ကုတင် တစ်ဖက်ခြမ်းမှ မွေ့ယာလေး အိခနဲ ဖြစ်သွားကာ သန့်ဇင်လင်း ကုတင်ပေါ်သို့ တက်လာကြောင်း သိလိုက်ရသည်။ အိပ်ခါနီးတောင် ရေမွှေးနံ့ သင်းသင်းနှင့်အတူ သူ့ကိုယ်ငွေ့နွေးနွေးက ရှင်ငြိမ်း ကျောပြင်နားသို့ ကပ်လာ၏။

ထို့နောက် သူ့ လက်မောင်းကြီး တစ်ဖက်က ရှင်ငြိမ်း ခါးသိမ်သိမ်လေးကို နောက်ကျောဘက်မှနေ၍ သိုင်းဖက်လာကာ နှာခေါင်းထိပ်လေးက ရှင်ငြိမ်း လည်တိုင် နောက်ကျောဘက်ဆီသို့ တိုးဝှေ့လာရာ အသက်ရှူသံ ပြင်းပြင်းများက သူမ နားသယ်စပ်ကို လာရောက် ရိုက်ခတ်နေ၏။

"ပြွတ်စ်... အွန်း..."

သန့်ဇင်လင်း သူမ လည်တိုင်လေးကို နမ်းရှိုက်ကာ ပခုံးသားလေးဆီသို့ နှုတ်ခမ်းများ ရောက်ရှိသွားကာသူ့ အသက်ရှူသံများက တဖြည်းဖြည်း ပြင်းထန်လာပြီး သူမအပေါ်သို့ တက်ခွလိုက်ကာ ...

"ရှင်ငြိမ်း... ကျုပ်တို့... နည်းနည်းလောက်...."

သူ့အသံက အက်ရှရှနှင့် ဆန္ဒများ ပြင်းပြနေပုံရကာ သူ့ နှုတ်ခမ်းက ရှင်ငြိမ်းပခုံးသားလေးများကို ခပ်ဖွဖွ နမ်းရှိုက်လာပြီး လက်တစ်ဖက်ကလည်း ရှင်ငြိမ်း

ညအိပ်ဂါဝန်ပါးပါးလေး အောက်သို့ တိုးဝင်ရန် ကြိုးစားလာလျှင် ရှင်ငြိမ်း တစ်ကိုယ်လုံး တောင့်တင်းသွားရပြီး သူ့ လက်ကို အမြန်လှမ်းဖမ်းကာ တားလိုက်သည်။

ဟိုမိန်းမကို ထိထားတဲ့ လက်တွေနဲ့... အခု သူမကို လာပြီး ထိနေပြန်ပြီ ... ရွံဖို့ကောင်းလိုက်တာ။

"မလုပ်နဲ့... ငါ ပင်ပန်းနေတယ်"

ရှင်ငြိမ်း သူ့လက်ကို အတင်းဖယ်ရှားပစ်ကာ ငြင်းလိုက်၏။

"ဘာဖြစ်လို့လဲ... ကျုပ်တို့က လင်မယားတွေပဲဟာ။ "

သူက သူမကို နားမလည်သည့်ပုံစံမျိုးဖြင့် မျက်မှောင်ကြုတ်ကာ မေးလာ၏။

အပြင်မှာ အခြားတစ်ယောက်နှင့် ပျော်ပါးပြီးမှ အိမ်ပြန်ရောက်တော့ သူမကို အလွတ်မပေးချင်ပြန်ဘူးလား။ဘာသဘောလဲ။

"ဘာမှ မဖြစ်ဘူး ... ငါပင်ပန်းနေတယ်လို့ ပြောနေတယ်လေ။ အလုပ်ကိစ္စတွေနဲ့ စိတ်ရှုပ်နေတာ... အိပ်ချင်ပြီ"

ရှင်ငြိမ်း ခေါင်းအုံးကို ဆွဲယူကာ တစ်ဖက်သို့ပြန်လှည့်ပြီး ခေါင်းမြီးခြုံလိုက်၏။ ထိုအခါ သန့်ဇင်လင်း လက်များက ရှင်ငြိမ်း ခေါင်းမြီးခြုံထားသော စောင်စကို ဆွဲဖယ်ပြန်သည်။

"ကျစ် ... ဘာလုပ်တာလဲ။"

ရှင်ငြိမ်း အသံကို ခပ်မာမာလေး လုပ်ကာ သူ့လက်ကို ဆွဲဖယ်ပစ်လိုက်လျှင် သန့်ဇင်လင်းက လွှတ်မပေးဘဲ သူမ ကိုယ်လုံးလေးကို သူ့ဘက်သို့ အတင်း ဆွဲလှည့်လိုက်လေသည်။

"မအိပ်ပါနဲ့ဦး ... ကျုပ် တကယ် မနေနိုင်တော့လို့ပါ။ ခဏလေးပဲ... နော်"

သူ့အသံက အက်ရှရှနှင့် ဆန္ဒများ ပြင်းပြနေပုံရကာ ရှင်ငြိမ်း မျက်နှာအနှံ့ကို အငမ်းမရ လိုက်လံ နမ်းရှိုက်လာတော့သည်။

"အွန့်... ဖယ်ဆို... မလုပ်နဲ့လို့ ပြောနေတယ်လေ"

သူမ နှလုံးသားက နာကျင်မှုကြောင့် ငိုချင်နေမိသည်။ သူက နေ့တိုင်းလိုလို တောင်းဆိုနေတာကိုက သူမအတွက်တော့ မူးမေ့သွားလောက်အောင်ပင် ပင်ပန်းလွန်းလှသည်။ အခုလို စိတ်ဓာတ်ကျနေချိန်၊ သူ့ကို မယုံသင်္ကာ ဖြစ်နေချိန်မှာတောင် သူက သူမ၏ ခံစားချက်ကို လုံးဝ မထည့်တွက်ဘဲ ကိုယ်ကျိုးအတွက်ပဲ ရှာနေတာကိုက သူမအတွက် ရင်နာစရာ ကောင်းလှသည်။

ရှင်ငြိမ်း သူ့ရင်ဘတ်ကြီးကို လက်နှစ်ဖက်ဖြင့် အားကုန်တွန်းထုတ်ပစ်လိုက်သည်။ သူမ တကယ်ကို စိတ်မပါတော့ပေ။ နေ့ခင်းက ကိစ္စကြောင့် စိတ်အလိုမကျ ဖြစ်နေရသည့်အပြင် ဒီရက်ပိုင်းအတွင်း သူက ညတိုင်းလိုလို အနားမပေးဘဲ အတင်းအကျပ် တောင်းဆိုနေသဖြင့် သူမ ခန္ဓာကိုယ်လေးမှာလည်း တကယ်ကို နွမ်းနယ် ပင်ပန်းနေပြီ ဖြစ်၏။

သန့်ဇင်လင်းက သူမ တွန်းထုတ်လိုက်သဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားပြီး မျက်မှောင်ကို ခပ်ပြေပြေလေး တွန့်ကာ ကြည့်လာလေသည်။

"ဘာဖြစ်လို့လဲ ... ခင်ဗျား ဘာဖြစ်နေတာလဲ။

ခင်ဗျား ယောက်ျားက အနားလာကပ်တာကို ဘာလို့ အဲ့ဒီလောက်တောင် တွန်းဖယ်နေရတာလဲ"

"တွန်းဖယ်မှာပေါ့ နင်ကရော... ငါပင်ပန်းနေတာကို နည်းနည်းလေးတောင် နားလည်မပေးနိုင်ဘူးလား။ နေ့တိုင်း နေ့တိုင်း... ညတိုင်း ညတိုင်း... နင်လိုချင်တိုင်း အမြဲတမ်း ပေးနေရအောင် ငါက နင်ဆန္ဒဖြေတဲ့ အရုပ်ကြီး မဟုတ်ဘူးလေ။ ခန္ဓာကိုယ်က အသားအသွေးနဲ့ လုပ်ထားတာ... တကယ်ကို မခံနိုင်တော့လို့ ပင်ပန်းနေပြီ"

ရှင်ငြိမ်း ရင်ထဲရှိနေသည့် အတိုင်း ပေါက်ကွဲကာ ပြောချလိုက်ကာ မျက်ဝန်းများထဲတွင်လည်း မျက်ရည်များပင် ဝဲတက်ချင်လာ၏။

သူကတော့ သူ့ဆန္ဒ ပြည့်ဝဖို့လောက်ပဲ သိတာ။ သူမဘက်က ဘယ်လောက် နာကျင်နေလဲ... ဘယ်လောက် ပင်ပန်းနေလဲဆိုတာကို တစ်စက်လေးတောင် ထည့်မတွေးပေးဘူး။

သူ စကားကြောင့် သန့်ဇင်လင်း မျက်နှာ အနည်းငယ် ပျက်သွားရကာ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်ပြီး...

"ကျစ်... လင်မယားပဲဟာကို။ ယောက်ျားက အနားကပ်တာလေးကို ခင်ဗျားက ကြီးကျယ်နေတာလား"

"လင်မယားမို့လို့ ပိုပြီး နားလည်ပေးသင့်တာပေါ့ သန့်ဇင်လင်းရဲ့... နင့်ဆန္ဒ တစ်ခုတည်းကိုပဲ မကြည့်ဘဲ

ငါ့ကိုလည်း နည်းနည်းပါးပါး သနားဦးမှပေါ့"

ရှင်ငြိမ်း အံကို တင်းတင်းကြိတ်ကာ ငိုသံပါကြီးဖြင့် ပြောလိုက်တော့ သန့်ဇင်လင်း ဘာမှ ဆက်မပြောတော့ပဲ မေးရိုးများ ထောင်တက်သွားသည်အထိ အံကို တင်းတင်းကြိတ်လိုက်သည်ကို မှိန်ဖျော့သော မီးရောင်အောက်တွင် ရှင်ငြိမ်း မြင်လိုက်ရ၏။

"ကောင်းပြီလေ... ခင်ဗျား အဲ့ဒီလောက်တောင် ပင်ပန်းနေမှတော့လည်း အတင်း မတောင်းဆိုတော့ပါဘူး။ အေးအေးဆေးဆေးသာ အိပ်တော့"

သူက အေးစက်စက် လေသံဖြင့် ပြောလိုက်ပြီး ရှင်ငြိမ်းကို ကျောခိုင်းကာ ကုတင် တစ်ဖက်စွန်းသို့ ရွေ့သွားကာ စောင်ကို သူ့ဘက်သို့ ဆွဲခြုံလိုက်ပြီး ဘာစကားမှ ဆက်မပြောတော့ပဲ ငြိမ်ကျသွားတော့သည်။

သူ့ရဲ့ စိတ်ကောက်သွားသည့် ပုံစံ နားလည်မှု မရှိသည့် ပုံစံကြောင့် ရှင်ငြိမ်း ရင်ထဲတွင် ပို၍ပင် ဆို့နင့်သွားရသည်။

အမြဲ သူ့စိတ်ကြီးပဲလုပ်နေပြီး သူဖြစ်ချင်တာပဲ သူသိတာ။

______________________

ရှင်ငြိမ်း မနက်စာပြင်ပြီး အပေါ်ပြန်တက်လာတော့ ရေချိုးခန်းထဲမှ ရေကျသံ ကြားနေရသဖြင့် သန့်ဇင်လင်း ရေချိုးနေမှန်း ရှင်ငြိမ်း သိလိုက်ကာ ကုတင်ပေါ်မှ ရှုပ်ပွနေသော စောင်နှင့် ခေါင်းအုံးများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် နေရာချလိုက်၏။ ထို့နောက် မနေ့ညက သန့်ဇင်လင်း ကုတင်ခြေရင်းရှိ ဆိုဖာခုံပေါ်သို့ ဖြစ်သလို ချွတ်ပုံချထားခဲ့သော သူ့ အဝတ်အစားများကို အဝတ်လျှော်ခြင်းထဲ ထည့်ရန် တစ်ခုချင်းစီ ကောက်ယူ သိမ်းဆည်းလိုက်ကာ

သူ့အပေါ်ဝတ် ကုတ်အင်္ကျီကို အရင်ဆုံး ယူကာ ဗီရိုထဲရှိ အဝတ်ချိတ်တွင် ချိတ်လိုက်ပြီး ဆိုဖာပေါ်တွင် ကျန်ရစ်နေသော သူ့ရဲ့ ဖြူလွလွ ရှပ်အင်္ကျီလေးကို လှမ်းယူလိုက်စဉ်... ရှင်ငြိမ်း လက်အစုံက ရုတ်တရက် ရပ်တန့်သွားရသည်။

"ဟင်..."

ရှင်ငြိမ်း မျက်လုံးများ ပြူးကျယ်သွားကာ အသက်ရှူရန်ပင် မေ့သွားသလို ခံစားလိုက်ရသည်။ ဖြူလွနေသော ရှပ်အင်္ကျီ၏ ကော်လာစွန်း အနီးတွင်... တိတိကျကျ ပြောရလျှင် ရင်ဘတ်နှင့် နီးစပ်လွန်းသော နေရာလေးတွင် အနီရဲရဲ နှုတ်ခမ်းနီရာ တစ်ခုက အထင်းသား စွန်းထင်းနေလေသည်။

သေချာ ကြည့်စရာပင် မလိုလောက်အောင် ထင်ရှားလွန်းလှသည်။ အနီရောင် ရင့်ရင့်...။

ဒါ... ဒါက ဘာလဲ။ နှုတ်ခမ်းနီရာ...

ရှင်ငြိမ်း တစ်ကိုယ်လုံးရှိ သွေးများ ပြောင်းပြန်စီးဆင်းသွားသလို ခေါင်းထဲတွင် နေ့ခင်းက ဈေးဝယ်စင်တာတွင် မြင်ခဲ့ရသော မြင်ကွင်းက ပြန် ပေါ်လာရသည်။

သူတို့ တကယ်ပဲ ဖောက်ပြန်နေကြတာလား။

အင်္ကျီကို ယူသွားပြီး ရေချိုးခန်းတံခါးကို အတင်းထုကာ သူ့မျက်နှာပေါ် ပစ်ပေါက်ပြီး '"ဒါ ဘာလဲ" လို့ ရူးသွပ်စွာ အော်ဟစ်မေးပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာလေသည်။

ဒါပေမယ့်... မေးတော့ရော ဘာထူးမှာလဲ။

ဘယ်လိုအဖြေမျိုးပဲ ကြားရ ကြားရ... နာကျင်ရမှာက သူမ တစ်ယောက်တည်းသာ။

အထူးသဖြင့် အခုလို အချိန်မျိုးမှာ သူ့ရှေ့မှာ မျက်ရည်ကျပြီး သနားစရာကောင်းတဲ့ မိန်းမတစ်ယောက်လို အဖြစ်မခံနိုင်ပါ။

သူမ မာနက ခွင့်မပြုပေ။

"ဂျလောက်..."

ရေချိုးခန်း တံခါးပွင့်လာသံ ကြားလိုက်ရသဖြင့် ရှင်ငြိမ်း အတွေးတို့ ရပ်တန့်သွားကာ မျက်ဝန်းထဲမှ မျက်ရည်များကို အမြန် ပုတ်ခတ် မောင်းထုတ်လိုက်သည်။ ထို့နောက် လက်ထဲမှ နှုတ်ခမ်းနီရာ စွန်းနေသော ရှပ်အင်္ကျီကို အဝတ်လျှော်ခြင်းထဲသို့ ဘာမှမဖြစ်သလို ပုံစံဖြင့် ခပ်မြန်မြန် ပစ်ထည့်လိုက်၏။

သန့်ဇင်လင်း ခါးတွင် တဘက်တစ်ထည်ကိုသာ ပတ်ထားပြီး ရေချိုးခန်းထဲမှ ထွက်လာကာ ခေါင်းရေသုတ်နေရင်း ရှင်ငြိမ်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ...

"ဘာတွေ လုပ်နေတာလဲ"

"အဝတ်ဟောင်းတွေ လျှော်ဖို့ ခြင်းထဲ ထည့်နေတာ"

ရှင်ငြိမ်း သူ့ကိုမကြည့်ပဲ ဖြေလိုက်လျှင်

သန့်ဇင်လင်း မျက်မှောင်ကို ခပ်ပြေပြေလေး တွန့်လိုက်၏။

သူ ဗီရိုထဲမှ အဝတ်အစားများကို ဆွဲထုတ်ကာ ဝတ်လိုက်ရင်း...

"ဒီနေ့ ညနေ ကျုပ် အိမ်ပြန်မလာဘူး။ အပြင်မှာ အလုပ်ကိစ္စနဲ့ ညစာစားစရာ ရှိတယ်"

သူက မှန်ရှေ့တွင် နက်ခ်တိုင်ကို သေသပ်စွာ စည်းရင်း လှမ်းပြောလိုက်လျှင် ရှင်ငြိမ်း နှုတ်ခမ်းထောင့်လေးများက မဲ့ခနဲ ဖြစ်သွားချင်သော်လည်း အတင်း ထိန်းထားလိုက်ရသည်။

"အင်း... သိပြီ"

ရှင်ငြိမ်း လှည့်ပင် မကြည့်ဘဲ ကုတင်ပေါ်မှ ခေါင်းအုံးစွပ်များကို ဆွဲချွတ်နေရင်း ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။ သူမ ပုံစံကြောင့် သန့်ဇင်လင်း လှုပ်ရှားမှုများ ခေတ္တ ရပ်တန့်သွားကာ မှန်ထဲမှတစ်ဆင့် သူမကို စူးစိုက်ကြည့်နေမိသည်။ ဘာလို့များ ဘာတစ်ခုမှ မမေးရတာလဲ။ အနည်းဆုံးတော့ 'ဘယ်သွားမှာလဲ၊ ဘယ်သူနဲ့လဲ' ဆိုတာလောက်တော့ မေးသင့်သည် မဟုတ်လား။

"ခင်ဗျား... ကျုပ်ကို ဘာမှ မပြောချင်တော့ဘူးလား"

သန့်ဇင်လင်း မနေနိုင်တော့ဘဲ နောက်လှည့်ကာ မေးလိုက်၏။

"ဘာကို ပြောရမှာလဲ။ နင် သွားချင်တဲ့နေရာ သွားလေ... အလုပ်ကိစ္စဆိုတော့လည်း သွားပေါ့။ ငါက ဘာကိစ္စ ဝင်ပါရမှာလဲ"

ရှင်ငြိမ်း သူ့ကို မျက်လုံးချင်း တည့်တည့်ဆုံအောင် စိုက်ကြည့်ကာ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"ကျစ်..."

သန့်ဇင်လင်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်ကာ နာရီကို ကောက်ဝတ်ပြီး အခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားလေတော့သည်။

အခန်းတံခါး ပိတ်သွားသည်နှင့် တစ်ပြိုင်နက်... ရှင်ငြိမ်း ဟန်ဆောင်ထားသမျှ ခွန်အားများ အားလုံး ပြိုကျသွားတော့သည်။

ဖြူလွလွ ရှပ်အင်္ကျီပေါ်ရှိ အနီရဲရဲ နှုတ်ခမ်းနီရာလေးကို မျက်ရည်များကြားမှ ကြည့်ကာ မငိုပါပဲ မျက်ရည်တွေက ကျဆင်းလာတော့သည်။

အပိုင်း (၄၂) ဆက်ရန်...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၀) နောက်အခန်း - အပိုင်း (၄၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ