မိုးသာလင်းသွားပေမယ့် ရှင်ငြိမ်း တစ်ရေးမှ မအိပ်ရသေးပါ။
ညကတစ်ရေးမှ မအိပ်ရသေးသည့် ဒဏ်ကြောင့် မျက်လုံးအောက်တွင် ခပ်ရေးရေး ညိုချင်နေ၏။
ပြန်မလာဘူးလို့ပြောသွားပေမယ့် ပြန်လာတဲ့အချိန်ရှင်ငြိမ်းအပ်ပျော်နေရင် တံခါးဖွင့်မပေးဖြစ်မှာကြောင့် ဖြောင့်ဖြောင့်အိပ်လို့မရခဲ့ပေ။
ဒါပေမယ့် အလကားပါပဲ ... သူက တကယ်ကြီး အိမ်ပြန်မလာခဲ့ပေ။
ထိုစဉ် အိမ်ရှေ့မှ ကားဟွန်းတီးသံ ကြားလိုက်တာကြောင့် ရှင်ငြိမ်း နေရာမှ အမြန်ထလိုက်မိသည်။ သူ ပြန်လာပြီလားဆိုသည့် အတွေးနှင့် တံခါးဆီသို့ အပြေးအလွှား သွားဖွင့်လိုက်သော်လည်း အပြင်တွင် ရပ်နေသူကို မြင်လိုက်ရချိန်တွင် သူမ မျက်နှာလေး အနည်းငယ် ညှိုးသွားရသည်။
"အစ်ကို ... အစောကြီး ဘယ်လိုလုပ်..."
မနက်စောစောရောက်လာတဲ့ဧည့်သည်က တခြားသူမဟုတ် ... သန့်ဇင်လင်းရဲ့အစ်ကို သန့်ဇင်မင်းပင်။
"အွန်း... မေမေက ညီမတို့ဆီ မလာတာ ကြာပြီဆိုပြီး ဒီမနက် အစောကြီးထပြီး မုန့်တွေ လုပ်ပေးလိုက်လို့။ အစ်ကို ရုံးသွားရင်း လမ်းကြုံတာနဲ့ ဝင်ပို့ပေးတာ"
သန့်ဇင်မင်း သူ့ရဲ့ အမြဲတမ်း ပြုံးရွှင်နေတတ်သော မျက်နှာထားဖြင့် လက်ထဲမှ ချိုင့်ကို မြှောက်ပြရင်း ပြောလိုက်၏။
"ဪ... ဟုတ်ကဲ့။ အစ်ကို ဝင်ထိုင်ပါဦး... ကော်ဖီလေး ဘာလေး သောက်သွားပါဦး"
"အွန်း ... ဒါနဲ့ ညီရော အခုထိ မထသေးဘူးလား။ "
"ရှင် ... အဲ့ဒါက ဟို ..."
"ဘာလဲ ... သူအိမ်ပြန်မအိပ်ပြန်ဘူးလား။
ဒီကောင်မိန်းမရတဲ့အထိ မပြောင်းလဲသေးဘူး။ "
"ဟို ... သူ အလုပ်ကိစ္စရှိလို့ပါတဲ့။ "
"ဘယ်အလုပ်ကိစ္စက ညလုံးပေါက်ရှိမှာလဲ ညီမရယ်။
အဲ့ကောင်ကို လွှတ်မထားနဲ့ ... ဒီကောင်က မရဘူး။ "
"ဟုတ် ... ဟို အစ်ကို ကော်ဖီသောက်ပါဦး။ "
"အွန်း... မဖြစ်ပါဘူး။
ဒီကောင်ပြန်လာတဲ့အထိ အစ်ကိုစောင့်ပြီး ဆုံးမဦးမှာပါ။ "
"ရှင် ...ဟို ..."
တော်ကြာ သူမတိုင်လိုက်လို့ သူအဆူခံရတာဆိုပြီး ပြဿနာရှာပြန်ဦးမည်။
သူမ စိတ်ထဲတင် ကြိတ်တွေးလိုက်ပေမယ့် ကိုသန့်ဇင်မင်းက ရိပ်မိသည့်အလား တစ်ချက်ပြုံးကာ ...
"ဘာမှစိတ်မပူပါနဲ့။
ဒီကိစ္စက ညီမနဲ့ ဘာမှမဆိုင်ပါဘူး။
ဒီကောင် ညီမကို ဘာမှမလုပ်ပါဘူး။ "
"ဟုတ်ကဲ့။ "
ကိုသန့်ဇင်မင်းက သူ့ညီကို ဆက်စောက့်နေလျှင် ရှင်ငြိမ်းလည်း ဆိုဖာမှာ ဝင်ထိုင်ကာ ဧည့်ခံပေးနေရသည်။
ဧည့်ခံတယ်ဆိုပေမယ့် ရီင်ငြိမ်းက အရင်ကတည်းက စကားသိပ်မပြောတတ်တဲ့သူဆိုတော့ ကိုသန့်ဇင်မင်းကချည်း စကားတွေပြောပေးလေသည်။အဓိကကတော့ သန့်ဇင်လင်းရဲ့ ငယ်ငယ်က ဘာ်လောက်ဂျစ်ခဲ့ကြောင်း၊ဘယ်လောက်ဆိုးခဲ့ကြောင်းတွေပြောပြတာကြောင့် ရှင်ငြိမ်းပြုံးပြီးသာ နားထောင်နေမိ၏။
ထိုအချိန် အိမ်ရှေ့တံခါး ပွင့်လာသံနှင့်အတူ ခပ်ကြမ်းကြမ်း ပိတ်လိုက်သံကို ကြားလိုက်ရသဖြင့် နှစ်ယောက်လုံး အသံလာရာသို့ ဆတ်ခနဲ လှည့်ကြည့်လိုက်မိကြလေသည်။
တံခါးဝတွင် ရပ်နေသူက သန့်ဇင်လင်း။ သူ့ ပုံစံက ညက ဝတ်သွားသည့် အင်္ကျီနှင့်ပင် ဖြစ်ကာ လူကလည်း ဖရိုဖရဲနှင့် မျက်နှာကြီးကလည်း သုန်မှုန်နေ၏။
"ညီ ပြန်လာပြီလား။ "
"အင်း "
သန့်ဇင်လင်း ကားသော့ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ ...
" မနက်စောစောစီးစီး ဘာကိစ္စရှိလို့လဲ"
" မေမေက မုန့်ပို့ခိုင်းလိုက်လို့ကွ။ မင်း ညက အိမ်ပြန်မအိပ်ဘူးဆို ... မင်းမိန်းမရနေပြီနော်။
လူပျိုတုန်းကလို ပေပေတေတေ မနေတော့နဲ့လေကွာ။ "
သန့်ဇင်မင်းက ပြောနေပေမယ့် သန့်ဇင်လင်းကတော့ ဂရုမစိုက်ပဲ ရှင်ငြိမ်းဘေးနားရှိ ဆိုဖာပေါ်သို့ ဝင်ထိုင်လိုက်ပြီး ရှင်ငြိမ်း ပခုံးပေါ်သို့ သူ့ လက်တစ်ဖက်ကို တင်လိုက်ကာ သူမ ကိုယ်လုံးလေးကို သူ့ဘက်သို့ အသာလေး ဆွဲကပ်လိုက်၏။
ရှင်ငြိမ်း ကိုယ်လေး ဆတ်ခနဲ တောင့်တင်းသွားရကာ ...
"ဖယ်..."
တိုးတိုးလေး အံကြိတ်ကာ ပြောရင်း သူ့ လက်မောင်းကို ပခုံးပေါ်မှ တွန်းချရန် ကြိုးစားလိုက်သော်လည်း သန့်ဇင်လင်းက ပို၍ပင် တင်းကျပ်စွာ ဖက်ထားလိုက်ပြီး...
" မိန်းမ... ရေတစ်ခွက်လောက် ယူပေးပါဦး။
ရေအရမ်းဆာနေပြီ"
သန့်ဇင်လင်း ရှင်ငြိမ်း မျက်နှာလေးကို အနီးကပ် စိုက်ကြည့်ရင်း ပြောလိုက်၏။
"..."
အလကား လူယုတ်မာကြီး... ရေဆာရင် သူ့ဟာသူ သွားသောက်ပါလား။
ညတုန်းက သူမဟုတ်တဲ့အတိုင်း လူကိုလာခိုင်းစားချင်နေတယ်။
ရှင်ငြိမ်း စိတ်ထဲမှ မကျေနပ်နေပေမယ့် ဘာမှ ပြန်မပြောပဲ နေရာမှ ထကာ ရေသွားခပ်ပေးဖို့ပြင်လိုက်၏။
သို့သော် သူမ ရှေ့ရှိ စားပွဲပေါ်တွင် တင်ထားသော သူမ သောက်လက်စ ကော်ဖီခွက်ကို သန့်ဇင်လင်းက ရုတ်တရက် လှမ်းယူလိုက်ပြီး...
"နေတော့... ဒါပဲ သောက်လိုက်တော့မယ်"
ပြောပြောဆိုဆိုနှင့် ကော်ဖီများကို တကျိုက်တည်း မော့သောက်လိုက်လေတော့သည်။
"အို... အဲ့ဒါ ငါ သောက်လက်စကြီးလေ"
ရှင်ငြိမ်း အလန့်တကြား တားလိုက်သော်လည်း မမီတော့ပေ။ သန့်ဇင်လင်းက ကော်ဖီခွက်ကို ပြန်ချလိုက်ရင်း နှုတ်ခမ်းထောင့်ကို လက်မဖြင့် အသာသုတ်ကာ...
"ဘာဖြစ်လဲ... ကျွန်တော်တို့က လင်မယားတွေပဲဟာ။ မိန်းမ သောက်လက်စ သောက်တော့ ပိုတောင် ချိုသေးတယ်"
သူက မျက်ခုံးတစ်ဖက် ပင့်ပြရင်း ခပ်တည်တည်ဖြင့် ပြောလိုက်လျှင် သူ့စကားကြောင့် ရှင်ငြိမ်း မျက်နှာတစ်ခုလုံး ပူထူကာ နီရဲသွားရတော့သည်။ သန့်ဇင်မင်းကတော့ သူတို့ နှစ်ယောက် အဖြစ်ကို ကြည့်ပြီး သဘောကျစွာ ရယ်နေ၏။
"ဟားဟား... မင်းတို့ လင်မယားကတော့ တကယ့်ကို ကဲတာပဲ။ ကဲ... အစ်ကို သွားတော့မယ်။ ရုံးနောက်ကျနေတော့မယ်"
သန့်ဇင်မင်း နေရာမှ ထလိုက်တော့ သန့်ဇင်လင်း
မျက်ခုံးတစ်ချက်သာ ပင့်ကြည့်၍ ...
"လိုက်မပို့တော့ဘူး။ "
သန့်ဇင်မင်း ထွက်သွားသည်နှင့် ရှင်ငြိမ်းဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်ကာ ...
"ခင်ဗျားက ခပ်တည်တည်ပဲနော် ဒေါ်ရှင်ငြိမ်း"
" ဘာကိုလဲ"
"ကျုပ်ကိုကျတော့ မချစ်တော့ဘူးလို့ မျက်နှာသေကြီးနဲ့ ပြောနိုင်ပြီး တခြားယောကျ်ား ရှေ့ကျတော့ အဲ့ဒီလောက်တောင် သွားတွေ အကုန်ပေါ်အောင် ရယ်ပြနိုင်ရသလား။"
သူ့စကားကြောင့် ရှင်ငြိမ်း မျက်လုံးလေးများ ပြူးကျယ်သွားရသည်။
"နင် ဘာတွေ လာပြောနေတာလဲ သန့်ဇင်လင်း။ အဲ့ဒါ နင့်အစ်ကိုလေ... တခြား ယောကျ်ားမှ မဟုတ်တာ"
"အစ်ကို ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့။ ယောကျ်ားဆိုတာ ယောကျ်ားပဲ။ နောက်တစ်ခါ ကျုပ်ကလွဲပြီး ဘယ်ယောကျ်ားရှေ့မှာမှ အဲ့ဒီလို ဖြီးမနေနဲ့။ ကျုပ်
မကြိုက်ဘူး"
သန့်ဇင်လင်း အံကို တင်းတင်းကြိတ်ကာ ပြောရင်း သူမ ဂါဝန်လက်ပြတ်လေးကြောင့် ပေါ်နေသော ပခုံးသားဝင်းဝင်းလေးကို အင်္ကျီစဖြင့် အပေါ်သို့ အတင်းဆွဲတင်ပေးလိုက်သည်။
"..."
"ဘာ ကြည့်နေတာလဲ... မနက်စာပြင်ပေးတော့... ကျုပ် ဗိုက်ဆာနေပြီ"
"အင်း "
______________
ရှင်ငြိမ်း ကုမ္ပဏီက ဖောက်သည်တစ်ဦးနှင့် တွေ့ရန်ရှိသဖြင့် ဈေးဝယ်စင်တာထဲရှိ ကော်ဖီဆိုင်တစ်ခုသို့ လာခဲ့ရခြင်း ဖြစ်ကာ အလုပ်ကိစ္စများ အဆင်ပြေပြေ ပြီးဆုံးသွားမှ ရှင်ငြိမ်း သက်ပြင်းတစ်ချက်ကို ခပ်ဟဟလေး ချလိုက်ရင်း လက်ထဲမှ ဖိုင်တွဲကို သေသေချာချာ ကိုင်ကာ ကော်ဖီဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။ ဒါပြီးရင် ရှင်ငြိမ်းအလုပ်လည်းပြီးပြီဖြစ်တာကြောင့် အိမ်ပြန်လို့ရပြီဖြစ်ကာ အခုတလော သင်ထားတဲ့ ဟင်းတွေချက်ကြည့်ဖို့ တွေးထားလိုက်ပြီး အလိုလိုပြုံးမိသွားရသည်။
သူမချက်ထားတဲ့ဟင်းတွေမြင်ရင် ဘာတွေပြောလာဦးမလဲ။
ရှင်ငြိမ်း တစ်ယောက်တည်း ပြုံးစိစိဖြင့် ဓာတ်လှေကားရှိရာဘက်သို့ လျှောက်လာခဲ့လိုက်သည်။ သို့သော် ဓာတ်လှေကားနားသို့ မရောက်မီမှာပင် မျက်စိရှေ့မှ ဖြတ်သွားသော မြင်ကွင်းတစ်ခုကြောင့် ရှင်ငြိမ်း ခြေလှမ်းများ နေရာတင် ရပ်တန့်သွားကာ အပြုံးများလည်း ချက်ချင်း ပျောက်ကွယ်သွားရတော့သည်။
"ဟင်... သန့်ဇင်လင်း..."
ရှင်ငြိမ်း ပါးစပ်မှ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ဟုတ်သည်။ မလှမ်းမကမ်းရှိ အဝတ်အစားဆိုင် တစ်ဆိုင်ထဲမှ ထွက်လာသူမှာ သန့်ဇင်လင်း အတိအကျပင်။ သူဝတ်ထားသည့် အနက်ရောင် ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်က သူ့ကိုယ်လုံးအချိုးအစားကို ပို၍ ကြည့်ကောင်းနေစေသည်။ သို့သော် ရှင်ငြိမ်း၏ ရင်ဘတ်ကို ဆစ်ခနဲ အောင့်တက်သွားစေသည်က သူ တစ်ယောက်တည်း မဟုတ်နေခြင်းပင်။
သူ့ဘေးနားတွင် အလွန်လှပကျော့ရှင်းသော အမျိုးသမီးတစ်ယောက် ပါလာကာ ထိုအမျိုးသမီးက အနီရောင် ဂါဝန်ကျပ်ကျပ်လေးကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို နောက်သို့ သပ်တင်ထားကာ ခေတ်မီပြီး ယုံကြည်မှုရှိသည့် ပုံစံမျိုး ပေါက်နေ၏။
အဲ့ဒီ မိန်းမက ဘယ်သူများလဲ။ ဒီမနက်တင် အရေးကြီး အစည်းအဝေး ရှိတယ်ဆိုပြီး ထွက်သွားပြီး အခုတော့... ဒီမှာ လာပြီး မိန်းမတစ်ယောက်နဲ့ ဈေးဝယ်ထွက်နေတာပေါ့။
ဒါမှမဟုတ် လုပ်ငန်းပါတနာတစ်ယောက်များလား။
ရှင်ငြိမ်း ရင်ထဲတွင် မီးစနှင့် ထိုးလိုက်သလို ပူထူသွားရကာ မျက်ဝန်းလေးများက ထိုမြင်ကွင်းကို မကြည့်ချင်သော်လည်း အကြည့်လွှဲ၍ မရအောင်ပင် စွဲကပ်နေမိသည်။
ပို၍ ဆိုးသည်က ထိုအမျိုးသမီးသည် သန့်ဇင်လင်းနှင့် အလွန်ရင်းနှီးနေပုံ ရကာ သူမက သန့်ဇင်လင်းကို မော့ကြည့်လျက် တစ်ခုခုကို ပြုံးရွှင်စွာ ပြောနေပြီး သန့်ဇင်လင်းကလည်း သူမစကားကို နားထောင်ရင်း နှုတ်ခမ်းထောင့်လေး ကွေးရုံမျှ ပြုံးပြနေသည်ကို ရှင်ငြိမ်း ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရ၏။
ရှင်ငြိမ်းကြည့်နေမိရင်းကနေ ရုတ်တရက် ထိုအမျိုးသမီးက ခြေချော်သွားသလို ဟန်ချက်ပျက်သွားရာ သန့်ဇင်လင်းက သူမ ခါးလေးကို အမြန်လှမ်းထိန်းပေးလိုက်လေသည်။ ထိုအမျိုးသမီးကလည်း သန့်ဇင်လင်း၏ရင်ခွင်ထဲသို့ အလိုက်သင့်လေး မှီကျသွားကာ သူ့လက်မောင်းကြီးကို ဆုပ်ကိုင်ထားလိုက်ရာ နှစ်ယောက်သားရဒြ အနေအထားက တကယ့် ချစ်သူရည်းစားများအတိုင်းပင်။
"..."
ရှင်ငြိမ်း လည်ချောင်းထဲတွင် တစ်စို့လာကာ အသက်ရှူရပင် ခက်ခဲလာပြီး လက်ထဲမှ ကိုင်ထားသော ဖိုင်တွဲကို လွတ်ကျမသွားအောင် အတင်းဆုပ်ကိုင်ထားရသဖြင့် လက်ဆစ်လေးများပင် နီရဲလာ၏။
ရှင်ငြိမ်း မျက်ဝန်းအိမ်ထဲတွင် မျက်ရည်ပူများ စုအုံလာကာ နှလုံးသားလေးမှာ အစိမ်းလိုက် ခွဲဖြဲခံလိုက်ရသလို နာကျင်လွန်းလှပါသည်။
ထိုအချိန် သန့်ဇင်လင်းက ရှင်ငြိမ်း ရပ်နေသည့်ဘက်သို့ ရုတ်တရက် ခေါင်းလှည့်လာရန် ပြင်လိုက်လျှင် ရှင်ငြိမ်း လန့်သွားကာ အနီးရှိ အကွယ်တစ်ခုသို့ အမြန်ဝင်ပုန်းလိုက်မိသည်။ သူမ ရင်ဘတ်ထဲက နှလုံးသားက အပြင်သို့ ခုန်ထွက်တော့မတတ် တဒိတ်ဒိတ် မြည်နေ၏။
တကယ်ဆို ရှင်ငြိမ်းက အခုလိုမျိုး ပုန်းလျှိုးကွယ်လျှိုးလုပ်နေစရာမလိုပေမယ့် ဘာရယ်မသိ အလိုအလျောက် တုံ့ပြန်မိသွားလေသည်။
ရှင်ငြိမ်း အံကို တင်းတင်းကြိတ်ကာ မျက်ရည်များကို အတင်းအမြိုသိပ်ချလိုက်၏။ ထို့နောက် အကွယ်မှနေ၍ ခပ်သုတ်သုတ် ခြေလှမ်းများဖြင့် ထိုနေရာမှ အမြန်ဆုံး လှည့်ထွက်လာခဲ့တော့သည်။
အပိုင်း (၄၁) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)