မင်္ဂလာခန်းမကြီးတစ်ခုလုံး ခမ်းနားထည်ဝါလွန်းနေကာ မင်္ဂလာတေးသံ ငြိမ့်ငြိမ့်လေးကလည်း ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
စင်မြင့်ထက်တွင်တော့ ရွှေရောင်နှင့် ဆင်စွယ်ရောင်စပ်ထားသော မြန်မာဝတ်စုံလေးကို ဆင်တူဝတ်ဆင်ထားသည့် သန့်ဇင်လင်းနှင့် ရှင်ငြိမ်းတို့ စုံတွဲက ဧည့်သည်များကို ပြုံးရွှင်စွာ နှုတ်ဆက်နေကြ၏။ ရှင်ငြိမ်းမှာ အပေါ်ယံ အပြုံးတစ်ခုကို ဖန်တီးထားရသော်လည်း ရင်ထဲတွင်တော့ အသက်ရှူရပင် ကြပ်နေသလို ခံစားနေရ၏။
သူမ တကယ်ပဲ သူ့ကို လက်ထပ်လိုက်ရပြီပေါ့... အရာအားလုံးက အိမ်မက်တစ်ခုလို မြန်ဆန်လွန်းလိုက်တာ
ရှင်ငြိမ်း အတွေးလွန်နေစဉ် သူမ ခါးထက်သို့ ရောက်လာသော လက်တစ်ဖက်ကြောင့် ဆတ်ခနဲ လန့်သွားရသည်။ မော့ကြည့်လိုက်တော့ သန့်ဇင်လင်းက ဧည့်သည်များကို ပြုံးပြရင်း သူမခါးကို
ခပ်တင်းတင်း သိုင်းဖက်လိုက်ခြင်းပင်။
"ပြုံးထားလေ ... ခင်ဗျား မျက်နှာကြီးက ငိုတော့မယ့်ရုပ် ပေါက်နေပြီ။ "
သူပြုံးနေရင်း ခပ်တိုးတိုးနှင့် သတိပေးလာခြင်းပင်။ ရှင်ငြိမ်းလည်း အံကို ခပ်တင်းတင်း ကြိတ်လိုက်ပြီး ဟန်လုပ်ကာ အပြုံးတစ်ခုကို ဖန်တီးလိုက်ရသည်။ ထိုစဉ် သန့်ဇင်လင်းသူငယ်ချင်းတွေ ဝိုင်းဘက်ရောက်လျှင် ...
"ငါတို့ကောင်ကြီး နောက်ဆုံးတော့ စွံသွားပြီပဲ "
အောင်သူက အရင်ဆုံး လက်ခုပ်တစ်တီးတီးဖြင့် အော်ပြောလိုက်သည်။ ထိုအခါ အာနိုးကလည်း သန့်ဇင်လင်းကို မျက်စပစ်ပြရင်း...
"သူ့အစွမ်းအစနဲ့သူ စွံတာမဟုတ်ပါဘူးကွာ။ သူ့ဖားသားကြီးအစွမ်းနဲ့ပါ "
"ဟား ဟား ဟား ဟား "
သူတို့အုပ်စုလိုက် ပွဲကျသွားသလို အသံကုန် ရယ်ကြ တော့သည်။
"မိန်းမသိပ်မလိုချင်ရှာဘူးနေမှာ။ ကျေနပ်နေတဲ့ရုပ်ကြီးကို ကြည့်ပါဦး "
အကုန်လုံးက တစ်ယောက်တစ်ပေါက် ဝိုင်းစနေကြတာကြောင့် သန့်ဇင်လင်း မျက်နှာ အနည်းငယ် နီရဲသွားကာ ရှင်ငြိမ်း ခါးကို ဖက်ထားသော လက်ကို ပို တင်းကျပ်လိုက်ရင်း...
"ဟျောင့်တွေ ... မင်းတို့ ငါ့ကို ဘလိမ်းတာများနေပြီနော် " ပြုံးစစဖြင့် ပြန်ဟန့်လိုက်ရသည်။
ကျန်တဲ့သူတွေက မင်္ဂလာပွဲကို တစ်ကိုယ်တော်တက်လာကြပေမယ့် ဘုန်းမင်းခန့်နဲ့ လင်းခကတော့ စုံတွဲခုတ်လာကြလေသည်။
"ငါ့ကောင်ကြီး ဂုဏ်ယူပါတယ်ကွာ။
ကျွတ်ပြီပေါ့။ "
ဘုန်းမင်းခန့်က သန့်ဇင်လင်း ပုခုံးကို လှမ်းပုတ်ရင်းပြောလိုက် သလို သွန်းခခခင်ကလည်း ရှင်ငြိမ်းဘက်သို့ လှည့်ကာ ပြုံးပြရင်း
"မမရှင်ငြိမ်း... ဒီနေ့ အရမ်းလှတာပဲ။ သန့်ဇင်လင်းကတော့ ကံကောင်းသွားပြီ"
"မမရှင်ငြိမ်းက သန့်ဇင်လင်းကို ယူလိုက်တာလား... တကယ် အံ့သြသွားတာပဲ။ သန့်ဇင်လင်းတို့တော့ မတန်မရာလေး ရသွားတာပဲ။ "
ရတီကလည်း ဝင်ရောက်စနောက်လာလျှင် ရှင်ငြိမ်းမှာ အားနာနာဖြင့်သာ ပြုံးပြလိုက်မိသည်။
ထို့နောက် ရှင်ငြိမ်း သူငယ်ချင်းတွေဝိုင်းဘက်သို့ရောက်တော့ ပြုံးစိစိနှင့် ကြည့်နေကြလေသည်။
"ဟဲ့... ရှင်ငြိမ်း။ ရှင်ကတော့လေ ကျွန်မတို့ကိုတောင် ဘာမှအသိမပေးဘဲ ရုတ်တရက်ကြီး ယူချသွားတယ်နော် "
ဖြူစင် နှုတ်ခမ်းလေးစူကာ ပြောလိုက်လျှင် ဝါဝါခိုင်ကလည်း ရှင်ငြိမ်း ဝတ်စုံလေးကို သေချာ ပြင်ပေးရင်း...
"ဟုတ်ပါ့... ငါတို့တောင် ဘာမှ မသိလိုက်ရဘူး။
သန့်ဇင်လင်း... ငါတို့သူငယ်ချင်းလေးကို အနိုင်မကျင့်နဲ့နော်။ အနိုင်ကျင့်ရင် ငါတို့နဲ့တွေ့မယ်။ "
ချိုသဲဖြူနှင့် မိုးပွင့်ဖြူကပါ ထောက်ခံကာ လက်သီးလေးတွေ ဆုပ်ပြပြီး ရယ်မောရင်း ပြောလေသည်။ ရှင်ငြိမ်းကတော့ မျက်နှာလေး ပူထူကာ ဘာပြန်ပြောရမှန်းပင် မသိတော့ပဲ ခေါင်းလေးသာ ငုံ့ထားမိလေသည်။
ထိုစဉ် ခန်းမထဲသို့ အခုမှ သုတ်သုတ်ပျာပျာ ဝင်လာတဲ့ ခေါင်ကြီးကလည်း သူတို့အနားရောက်လာကာ ...
"ရှင်ငြိမ်း... ဂုဏ်ယူပါတယ်နော်။ ပျော်ရွှင်စရာ အိမ်ထောင်ရေးလေး ဖြစ်ပါစေ "
"အွန်း ... ကျေးဇူးပါ။ "
"သန့်ဇင်လင်း... ငါတို့ ရှင်ငြိမ်းကို သေချာ ထားပါကွာ "
သန့်ဇင်လင်းဘက်ကို လှည့်ကာပြောလာတဲ့ ခေါင်ကြီးစကားကြောင့် သန့်ဇင်လင်း မျက်မှောင်များ ချက်ချင်း တွန့်ချိုးသွားကာ ရှင်ငြိမ်း ခါးကို ဖက်ထားသော လက်ကို ပိုမိုတင်းကျပ်လိုက်ပြီး သူမကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲသို့ အတင်း ဆွဲသွင်းလိုက်လေသည်။
ရှင်ငြိမ်းမှာ လန့်သွားတာကြောင့် သူ့ကို မော့ကြည့်လိုက်မိတော့ သူက ခေါင်ကြီးကိုသာ ခပ်တည်တည် စိုက်ကြည့်နေ၏။
"စိတ်ချပါ... ငါ့မိန်းမကို ငါကလွဲပြီး ဘယ်သူမှ ဂရုစိုက်စရာ မလိုပါဘူး။ မင်းတို့လည်း အခုလို လာဂုဏ်ပြုပေးတဲ့အတွက် ကျေးဇူးပဲ... ကိုယ့်အလှည့်ရောက်အောင်လည်း မြန်မြန် ကြိုးစားကြဦး "
သန့်ဇင်လင်း စကားကြောင့် ခေါင်ကြီး မျက်နှာ ပျက်သွားကာ ခေါင်းညိတ်ပြပြီး နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်၏။
"..."
ဘာတွေ လာဖြစ်နေတာလဲ... သူများတွေရှေ့ကျတော့ သိပ်ချစ်ပြ သိပ်သဝန်တိုပြနေတာလား။
_________________
ဧည့်ခံပွဲကြီး ပြီးဆုံးသွားချိန်တွင်တော့ ရှင်ငြိမ်း တစ်နေကုန် မတ်တပ်ရပ်ကာ ပြုံးပြထားရသဖြင့် လူရောစိတ်ပါ နွမ်းနေပြီဖြစ်၏။
ဒေါက်ဖိနပ်ကြောင့် ခြေဖဝါးလေးတွေကလည်း နာကျင်နေပြီဖြစ်ကာ အမြန်ဆုံးသာ အနားယူချင်
နေမိတော့သည်။
သို့သော် နှစ်ဖက်မိဘလက်ဖွဲ့ထားသော သူမတို့ အခန်းရှေ့သို့ ရောက်သည့်အခါတွင်တော့ ရှင်ငြိမ်းရဲ့ မျှော်လင့်ချက်လေး ရိုက်ချိုးခံလိုက်ရပြန်သည်။ အခန်းတံခါးဝတွင် ရွှေကြိုး ငွေကြိုးလေးတွေကို ဟိုဘက်ဒီဘက် ကိုင်ကာ ပိတ်ရပ်နေကြသော သူငယ်ချင်းတစ်သိုက်ကြောင့် ရှင်ငြိမ်း သက်ပြင်းတိတ်တိတ်လေး ချလိုက်မိ၏။
" လွယ်လွယ်နဲ့တော့ ပေးမဝင်နိုင်ပါဘူးနော် သတို့သားကြီး"
ချိုသဲဖြူက မျက်နှာလေးကို ခပ်တည်တည်လုပ်ကာ ပြောလိုက်လျှင် ဖြူစင်ကလည်း ဝင်ထောက်ကာ...
"ဟုတ်တယ်... ငါတို့ ရဲ့ အဖိုးတန် အမျိုးမှန်ရှင်ငြိမ်းလေးကို ရထားတာပဲ။
ရွှေကြိုး ငွေကြိုး တားထားတယ်... ခဲဖိုးတန်မှ ပေးဝင်မယ်"
မိန်းကလေးတစ်သိုက် အနောက်တွင်တော့ သန့်ဇင်လင်းရဲ့ သူငယ်ချင်းတွေကလည်း ပြုံးစိစိဖြင့် ရပ်နေကြသေးသည်။
"ဟေ့ကောင်တွေ... မင်းတို့က ဘာလို့ အဲ့ဒီအနောက်မှာ သွားရပ်နေကြတာလဲ"
သန့်ဇင်လင်းက မျက်ခုံးတစ်ဖက် ပင့်ကာ မေးလိုက်လျှင် အာနိုးက ရယ်ကျဲကျဲဖြင့် ပြန်ဖြေလေသည်။
"ဟ ... ငါတို့လည်း ခဲဖိုး ရမှဖြစ်မှာပေါ့ကွ။ "
"ဟား ဟား ဟား ဟား"
အောင်သူကပါ သဘောကျစွာ ရယ်လိုက်ပြီး...
"ဟုတ်တယ် ဟျောင့် ... နည်းနည်းပါးပါးနဲ့တော့ အခန်းထဲ ဝင်ခွင့်မရဘူးနော်။ ငါတို့ညကျ ဘားသွားဖို့ စပွန်ဆာပါ တစ်ခါတည်း တောင်းရမှာ"
တစ်ယောက်ပြီးတစ်ယောက် ပြောလာကြတဲ့ စကားတွေကြောင့် သန့်ဇင်လင်း နှုတ်ခမ်းထောင့်က ကွေးတက်သွားကာ သဘောကျသလို ခေါင်းတစ်ချက် ခါလိုက်သည်။
"'မြန်မြန်ပေးပြီး ဝင်လိုက်ပါတော့လား... ငါ တကယ် မရပ်နိုင်တော့ဘူး"
ရှင်ငြိမ်း ခပ်တိုးတိုးဆိုလိုက်လျှင် သန့်ဇင်လင အသင့်ပြင်ထားသည့် စာအိတ်အထူကြီးများကို ထုတ်လိုက်ကာ ...
"ရော့... ဒီမှာ အကုန်လုံး မျှယူကြ။ အခုတော့ ဖယ်ပေးကြတော့... ငါ့မိန်းမ ပင်ပန်းနေပြီ"
သန့်ဇင်လင်း စာအိတ်တွေကို မိုးပွင့်ဖြူလက်ထဲသို့ ထည့်ပေးလိုက်ရင်း ပြောလိုက်၏။
ရှင်ငြိမ်းကတော့ သူ့ရဲ့ ငါ့မိန်းမဆိုတဲ့ စကားကြောင့်
ရင်ထဲ ဒိန်း ခနဲ ဖြစ်သွားကာ သူ့ကို မော့ကြည့်လိုက်မိလျှင် သူက တံခါးကိုသာ အာရုံစိုက်နေ၏။
"အေးပါကွာ... သတို့သားက လောနေပြီဆိုတော့လည်း လမ်းဖယ်ပေးရတာပေါ့။ ကဲ ကဲ... ကြိုးဖြေလိုက်တော့ "
ဟိန်းမင်းသူ အော်သံနှင့်အတူ ဖြူစင်တို့ကလည်း ရယ်ကာ ကြိုးကို ဖယ်ပေးလိုက်ကြသည်။
"ကဲ... သန့်ဇင်လင်း။ ငါတို့ ရှင်ငြိမ်းလေးကို အခန်းထဲရောက်မှ အနိုင်မကျင့်နဲ့နော်"
ဝါဝါခိုင်က နောက်ဆုံးအနေဖြင့် လှမ်းအော်လိုက်ရာ အားလုံး ဝိုင်းရယ်ကြပြန်သည်။
ရှင်ငြိမ်းကတော့ မျက်နှာလေး ပူထူသွားရပြန်ကာ ခေါင်းလေးကိုသာ ငုံ့ထားမိတော့သည်။
သန့်ဇင်လင်း အခန်းတံခါးကို ကတ်နှင့် ဖွင့်လိုက်ပြီး ရှင်ငြိမ်း ပုခုံးလေးကို ဖက်ကာ အခန်းထဲသို့ ဝင်လာခဲ့ကြတော့သည်။
ကျယ်ဝန်းလှသော မင်္ဂလာဦးအခန်းကြီးထဲတွင် မီးရောင် မှိန်မှိန်လေးတွေနှင့် အလှဆင်ထားကာ ကုတင်ကြီးထက်တွင်တော့ နှင်းဆီပန်းပွင့်ဖတ်လေးများကို ကျဲထားလေသည်။
ခုနကအထိ ရှင်ငြိမ်း ပင်ပန်းတာ တစ်ခုပဲသိပြီး အနားယူချင်နေမိပေမယ့် အခန်းထဲရောက်ချိန်မှာတော့ သူနဲ့နှစ်ယောက်တည်းဆိုတဲ့အသိကြောင့်
လက်ဖဝါးလေးတွေ အေးစက်လာကာ ရင်ခုန်သံတွေကလည်း ပုံမှန်ထက် ပို၍ မြန်ဆန်လာတော့သည်။
သန့်ဇင်လင်း သူမ ပုခုံးကို ဖက်ထားသော လက်ကို ဖယ်လိုက်ပြီး ကုတ်အင်္ကျီကို ချွတ်ကာ ဆိုဖာပေါ်သို့ ပစ်တင်လိုက်၏။
ထို့နောက် လည်ပင်းမှ နက်ခ်တိုင်ကို ခပ်လျော့လျော့ ဆွဲချွတ်ရင်း ရှင်ငြိမ်းဘက်သို့ လှည့်ကြည့်လာလေသည်။
သူ့ရဲ့ စူးရှသော အကြည့်များနှင့် ဆုံမိချိန်တွင် ရှင်ငြိမ်း အသက်ရှူသံများပင် ခေတ္တမျှ ရပ်တန့်သွားရတော့သည်။
အပိုင်း (၃၃) ဆက်ရန်...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)