Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၃၁)

မျက်ရည်တွေ ကျမလာစေရန် မျက်တောင်ကို ခပ်မြန်မြန် ပုတ်ခတ်ရင်း အံကို တင်းတင်းကြိတ်ထားသော ရှင်ငြိမ်းကို သန့်ဇင်လင်းက စိတ်မရှည်တော့သည့်ဟန်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်ကာ သူမလက်ထဲတွင် ဆုပ်ကိုင်ထားသော ခရီးဆောင်အိတ်ကို အတင်းဆွဲယူလိုက်လေသည်။

"ဘာလုပ်တာလဲ... ပေး ငါ့အိတ်ကို "

"ကျစ်... ခင်ဗျားကို အခု အိမ်ထဲပြန်ဝင်ဖို့ ပြောနေတယ်လေ။ စကားကို ကောင်းကောင်းပြောနေတုန်း နားထောင်ရင် ကောင်းမယ်နော် ရှင်ငြိမ်း "

သူ့အသံက အမိန့်ပေးသံအပြည့်ပါသလို တင်းမာလွန်းနေကာ ရှင်ငြိမ်းလည်း ခေါင်းမာမာဖြင့် အိတ်ကို ပြန်လုရင်း မျက်နှာကို မော့ကာ အော်ပြောလိုက်သည်။

"မဝင်နိုင်ဘူး။ ဘာလို့ ဝင်ရမှာလဲ။

နင်နဲ့ လုံးဝ လက်မထပ်နိုင်ဘူး။ "

"ခင်ဗျား... "

သန့်ဇင်လင်း အိတ်ကို လွှတ်ချလိုက်ပြီး ရှင်ငြိမ်း လက်ကောက်ဝတ်ကို ဆတ်ခနဲ ဆွဲဖမ်းကိုင်လိုက်လေသည်။

သူ့ရဲ့ ဆုပ်ကိုင်မှုက တင်းကျပ်လွန်းတာကြောင့် ရှင်ငြိမ်း မျက်နှာလေး ရှုံ့မဲ့သွားရ၏။

"အ နာတယ်... လွှတ်စမ်း "

"နာတယ်ဆိုရင် ငြိမ်ငြိမ်နေလေ။ ခင်ဗျား အခု ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး လှည့်ပြန်မလား... ဒါမှမဟုတ် ကျုပ်ကိုယ်တိုင် အိမ်ထဲထိ ဆွဲခေါ်သွားပြီး ခင်ဗျားမိဘတွေရော ကျုပ်တို့မိဘတွေကိုပါ အခုချက်ချင်း ဖုန်းဆက်ခေါ်ပြီး ရှင်းရမလား... ရွေး "

သူ့စကားကြောင့် ရုန်းကန်နေသော ရှင်ငြိမ်း၏ ကိုယ်လုံးလေး ရုတ်တရက် ရပ်တန့်သွားရသည်။ ဒေါသထွက်နေသော သူ့မျက်ဝန်းများကို ကြည့်ရသည်မှာ သူပြောသည့်အတိုင်း တကယ်လုပ်မည့်ပုံပင်။

ရှင်ငြိမ်း နှုတ်ခမ်းကို သွေးထွက်မတတ် ကိုက်ထားလိုက်မိသည်။

"ဘယ်လိုလဲ... ပြောလေ "

သူမကိုကြည့်ကာ မထိတထိပြုံးနေသော သူ့မျက်နှာကို ကြည့်ရင်း ရှင်ငြိမ်း မျက်လုံးအိမ်ထဲက ထိန်းချုပ်ထားသည့်ကြားမှ မျက်ရည်တစ်ပေါက်က ပါးပြင်ပေါ်ကို ပေါက်ခနဲ လိမ့်ဆင်းသွားလေသည်။ ချက်ချင်းပင် အားမလိုအားမရ လက်ခုံနှင့် ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ပြီး...

"ငါ... ငါ ပြန်ဝင်မယ်။ ငါ့လက်ကို လွှတ်တော့ "

သန့်ဇင်လင်း သူမရဲ့ မျက်ရည်ကို မြင်တော့ မျက်မှောင်တစ်ချက် တွန့်သွားသော်လည်း ချက်ချင်းပင် သူ့မျက်နှာထားကို ခပ်တည်တည် ပြန်ပြောင်းလိုက်ကာ ရှင်ငြိမ်း လက်ကို လွှတ်ပေးလိုက်၏။

"ရော့... ခင်ဗျား အိတ်။ မနက်ဖြန် လူကြီးတွေ စေ့စပ်ဖို့ ရက်ရွေးကြလိမ့်မယ်။ အဲ့ဒီအတွက် အဆင်သင့်သာ ပြင်ထား။ နောက်တစ်ခါ ဒီလို ရူးကြောင်ကြောင် အလုပ်မျိုးတွေ ထပ်လုပ်ဖို့ မစဉ်းစားနဲ့ "

ရှင်ငြိမ်း အိတ်ကို ပြန်ဆွဲယူလိုက်ပြီး သူ့ကို တစ်ချက်လေးမှပင် ပြန်မကြည့်တော့ပဲ ခြံတံခါးဆီကို လှည့်ထွက်လာခဲ့လိုက်တော့သည်။ နောက်ကျောဘက်ဆီက ကားစက်နှိုးသံကို ကြားလိုက်ရသော်လည်း ရှင်ငြိမ်း လှည့်မကြည့်တော့ပါ။ လေးလံနေသော ခြေလှမ်းများနှင့်အတူ ခြံဝင်းထဲသို့သာ ခိုးကြောင်ခိုးဝှက် ပြန်ဝင်လာခဲ့ရလေသည်။

အခန်းထဲရောက်သည်နှင့် ခရီးဆောင်အိတ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး ကုတင်ပေါ်သို့ မှောက်လျက်ကျကာ ခေါင်းအုံးကို ဖိကပ်ရင်း အသံမထွက်အောင် ရှိုက်ငိုမိတော့သည်။ တားဆီးထားသမျှ မျက်ရည်တွေက ဆည်ကျိုးသလို ပွင့်အန်ထွက်လာ၏။

______________

ရှင်ငြိမ်း ညက တစ်ရေးမှ မအိပ်ရဘဲ ငိုထားရတာကြောင့် ဖောင်းအစ်နေသော မျက်လုံးများကို

မသိသာအောင် မိတ်ကပ်ပါးပါးဖြင့် ဖုံးပြီး အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

ဧည့်ခန်းထဲရောက်တော့ ရှင်ငြိမ်း ခြေလှမ်းများ ခေတ္တရပ်တန့်သွားရ၏။ ဖေဖေနဲ့ မေမေတို့အပြင် သန့်ဇင်လင်းတို့ မိသားစုပါ စုံစုံလင်လင် ရောက်နေကြလေသည်။ သန့်ဇင်လင်းက ဆိုဖာထောင့်တွင် ခြေချိတ်ထိုင်ရင်း ဖုန်းကိုသာ ငုံ့ကြည့်နေကာ သူမကို မြင်တော့ မျက်ခုံးတစ်ချက် ပင့်ပြလေသည်။

"လာ... သမီး ရှင်ငြိမ်း။ ဒီမှာ ဧည့်သာ်တွေ ရောက်နေကြပြီ။ "

မေမေ့ခေါ်သံကြောင့် ရှင်ငြိမ်း ခေါင်းငုံ့ကာ မေမေ့ဘေးရှိ ဆိုဖာလွတ်တွင် ဝင်ထိုင်လိုက်သည်။

"ကဲ... သူငယ်ချင်းရေ... ငါတို့က ဒီနေ့ ကလေးတွေအတွက် စေ့စပ်ပွဲ ရက်ရွေးဖို့ လာကြတာဆိုပေမယ့် ငါ့ဘက်က အကြံတစ်ခု ရလာလို့ကွ "

သန့်ဇင်လင်းအဖေ ဦးဇေယျာလင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားစလိုက်လျှင် ရှင်ငြိမ်း၏ရင်ထဲတွင် 'ဒိတ်' ခနဲ ဖြစ်သွားကာ ဖေဖေ့သူငယ်ချင်းကို မော့ကြည့်လိုက်မိ၏။

"ဘာများလဲကွ "

"ငါကတော့လေ... စေ့စပ်ပွဲကို သီးသန့် မလုပ်ချင်တော့ဘူးကွာ။ အချိန်လည်း ကြန့်ကြာတယ်။ ကုမ္ပဏီမှာလည်း ငါ့သားကို နေရာမြန်မြန်ချပေးဖို့က အရေးတကြီး ဖြစ်နေပြီလေ။ ဒါကြောင့်... စေ့စပ်မယ့်ရက်ကိုပဲ မင်္ဂလာဆောင်တဲ့ရက်အဖြစ် တစ်ခါတည်း ပြောင်းလုပ်လိုက်ရင် မကောင်းဘူးလား။ အဲ့ဒီရက်က ရက်ရာဇာလည်း အပြည့်ဖြစ်နေတော့... တောင်းရမ်းပြီးတာနဲ့ လက်ထပ်ပွဲကို တစ်ခါတည်း တန်းလုပ်လိုက်ချင်တယ် "

"ရှင်... "

ရှင်ငြိမ်း နှုတ်ဖျားမှ အာမေဍိတ်သံလေး ထွက်သွားကာ မျက်လုံးများ ဝိုင်းစက်သွားရသည်။ အသက်ရှူဖို့ပင် မေ့သွားမတတ် တုန်လှုပ်သွားရ၏။

ရှင်ငြိမ်း လက်ချောင်းလေးများကို အချင်းချင်း တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိကာ သူမ အလန့်တကြားဖြင့် သန့်ဇင်လင်းဘက်သို့ လှမ်းကြည့်လိုက်တော့ သူက ဖုန်းကြည့်နေရာမှ ခေါင်းမော့လာပြီး ရှင်ငြိမ်းကို စိုက်ကြည့်လာလေသည်။ သူ့ နှုတ်ခမ်းထောင့်စွန်းက မသိမသာလေး တွန့်ချိုးသွားကာ ခနဲ့တဲ့တဲ့ အပြုံးတစ်ခု ဖြစ်သွားသည်ကို ရှင်ငြိမ်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

ဘာလဲ ... သူက သိပြီးသားလား။

"ဟေ... ဒါက နည်းနည်းတော့ မမြန်လွန်းဘူးလား သူငယ်ချင်းရာ။ မိန်းကလေးရှင်ဘက်က ပြင်ဆင်ရမှာတွေလည်း ရှိသေးတယ်လေ။ ငါတို့သမီးလေးကို တစ်ခါတည်း အပိုင်သိမ်းတော့မလို့လား ဟားဟား "

ဖေဖေက အနည်းငယ် အံ့သြသွားဟန်ဖြင့် ရယ်မောကာ ပြောလိုက်လေသည်။

ထိုစဉ် သန့်ဇင်လင်းအမေက ရှင်ငြိမ်းလက်လေးကို လှမ်းကိုင်လိုက်ပြီး...

"ပြင်ဆင်စရာရှိတာတွေ အားလုံးကို ကျွန်မတို့ဘက်က တာဝန်ယူပါ့မယ်ရှင်။ သမီးလေးက လူကိုယ်တိုင် လာခဲ့ရုံပါပဲ။ အန်တီကလည်း သမီးလေးကို မြန်မြန် ချွေးမတော်ချင်နေပြီမို့လို့ပါကွယ် "

မေမေကလည်း သန့်ဇင်လင်းအမေ၏ စကားကို သဘောကျသွားပုံရကာ ခေါင်းတညိတ်ညိတ်ဖြင့်...

"ဖြစ်ပါ့မလား အမရယ်... ကျွန်မတို့ဘက်ကလည်း လုပ်ပေးရမယ့် တာဝန်တွေ ရှိသေးတာပဲဟာကို "

"အို... ဘာမှ ပူမနေပါနဲ့။ ကျွန်မတို့က သူစိမ်းတွေလည်းမဟုတ်ပဲ... စုပေါင်းပြီး အကောင်းဆုံး ဖြစ်အောင် စီစဉ်လိုက်ကြတာပေါ့ "

ရှင်ငြိမ်းမှာ လူကြီးတွေ၏ စကားဝိုင်းထဲတွင် ဝင်ပြောခွင့်မရသလို ဘာပြောရမှန်းလည်း မသိအောင် ဆွံ့အလျက်သား ဖြစ်နေရသည်။

"ကဲ... မင်းတို့က ဒီလောက်ထိ ဖြစ်နေမှတော့ ငါတို့ဘက်ကလည်း သဘောတူရမှာပေါ့ကွာ။ ဒါဆို စေ့စပ်ပွဲမလုပ်တော့ဘဲ လက်ထပ်ပွဲပဲ တန်းလုပ်ကြတာပေါ့။ "

ဖေဖေရဲ့ အတည်ပြုလိုက်သော စကားသံအဆုံးတွင်တော့ ရှင်ငြိမ်း နှလုံးသားတစ်ခုလုံး ကျင်ခနဲ ဖြစ်သွားရတော့သည်။ အရာအားလုံးက သူမ ထင်ထားသည်ထက် ပို၍ မြန်ဆန်လွန်းနေ၏။

အခြေအနေတွေက ဒီလောက်တောင် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားရသလား။

အပိုင်း (၃၂) ဆက်ရန် ...

(ဘယ်လောက်တင်တင် ကျွန်မကို နောက်ထပ်တင်ဖို့ အပူလာလာကပ်တဲ့သူလေးကြောင့် ပျင်းလို့လည်း မရပါဘူးကွယ် 🥹)

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃၀) နောက်အခန်း - အပိုင်း (၃၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ