Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၁၅)

လူမှားသွားလို့တဲ့လား။

ရှင်ငြိမ်း တုန်ယင်နေသော လက်ချောင်းလေးများဖြင့် နှုတ်ခမ်းဖျားလေးကို ခပ်ဖွဖွ စမ်းကြည့်လိုက်သည်။

ဘယ်လောက်ပဲ သဘောကျရတဲ့သူဖြစ်ပါစေ။

ဒီလောက်ကြီးထိ ကြည်ဖြူနိုင်ရလောက်အောင် ရှင်ငြိမ်း အရှက်မမဲ့သေးပါ။

"ဒေါင် ... ဒေါင် ... ဒေါင် "

ထိုစဉ် ကျောင်းတက်ခေါင်းလောင်းသံ ထွက်လာတော့မှ ရှင်ငြိမ်း သတိပြန်ဝင်လာကာ မျက်ရည်တွေသုတ်ပစ်လိုက်ပြီး ဒီပုံစံအတိုင်း အတန်းထဲဝင်သွားလျှင် သူများတွေ ရိပ်မိသွားမှာစိုးတာကြောင့် မိန်းကလေး သန့်စင်ခန်းဆီသို့ သွားကာ မျက်နှာသစ်ပစ်လိုက်၏။

"ရှင်ငြိမ်း... နောက်ကျလိုက်တာ။

ဆရာမတောင် ဝင်ပြီးသွားပြီ။

ရုံခန်းက ခေါ်လို့သွားလိုက်တာ။

နင့်ကို ပျက်ကွက်စာရင်းတောင် ထည့်သွားပြီ။ "

ရှင်ငြိမ်းအခန်းထဲဝင်ဝင်ချင်း ဖြူစင်က ပြောလျှင် ချိုသဲဖြူကပါ ရှင်ငြိမ်းကို လှမ်းကြည့်လာပြီး ...

"ဟင်... နင့် မျက်နှာက ဘာဖြစ်လာတာလဲ။ "

ချိုသဲ အမေးကြောင့် ရှင်ငြိမ်း ရင်ထဲ ဒိန်းခနဲ ဖြစ်သွားကာ ...

"ဟို... ဘာ... ဘာမှ မဖြစ်ပါဘူး။

ငါ သန့်စင်ခန်း ဝင်နေလို့ နည်းနည်း နောက်ကျသွားတာ။"

ရှင်ငြိမ်း အထစ်ထစ် အငေါ့ငေါ့ဖြင့် လိမ်ပြောလိုက်ရင်း ခုံတွင် အမြန် ဝင်ထိုင်လိုက်၏။ ကံကောင်းထောက်မစွာဖြင့် ဆရာမ ပြန်ဝင်လာတာကြောင့်

သူတို့လည်း ဆက်မမေးတော့ပဲ ငြိမ်သွားကြတော့သည်။

သို့သော်... ရှင်ငြိမ်းကတော့ ဆရာမ သင်နေသော စာများကို ခေါင်းထဲသို့ တစ်လုံးမှ မဝင်တော့ပဲ စာအုပ်ကိုသာ စိုက်ကြည့်နေပြီး သူမ စိတ်တွေကတော့ ခုနက အဖြစ်အပျက်များသာ ရုပ်ရှင်ပြကွက် တစ်ခုလို အခေါက်ခေါက်အခါခါ ပြန်ပေါ်လာနေတော့သည်။

ရှင်ငြိမ်း လက်ထဲမှ ဘောပင်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း စာအုပ်ပေါ်သို့ မျက်ရည်တစ်ပေါက် ထပ်မံ ကျဆင်းသွားသည်ကိုတော့ ဘယ်သူမျှ သတိမထားမိလိုက်ကြပေ။

________________

"သားလေး... ပြန်လာပြီလား။"

သန့်ဇင်လင်း အိမ်ထဲဝင်လိုက်သည်နှင့် မေမေက လှည့်ကြည့်ကာ အပြုံးချိုချိုလေးဖြင့် ဆီးကြိုလေသည်။ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး လွယ်အိတ်ကို ဆိုဖာပေါ် ပစ်တင်ကာ မေမေ့ဘေးနားသို့ ဝင်ထိုင်လိုက်၏။

"ဒီနေ့ ကျောင်းမှာ ပင်ပန်းခဲ့လား သား။ မေမေ သားကြိုက်တဲ့ မုန့်လုပ်ထားတယ်... စားမလားဟင်။"

မေမေက သူ့နဖူးပေါ်မှ ကျနေသော ဆံပင်လေးများကို သပ်တင်ပေးရင်း နူးညံ့စွာ မေးလိုက်လျှင် သန့်ဇင်လင်းက မေမေ့ပခုံးပေါ်သို့ ခေါင်းကို မှီချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်ရင်း...

" မုန့်က ခဏနေမှ စားတော့မယ်... အခုတော့ ဒီတိုင်းလေးပဲ ခဏနေချင်သေးတယ်။"

ဒေါ်မီမီသိမ့်လည်း သူမ။သားကျောပြင်လေးကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်၏။

ထိုစဉ်... အိမ်ရှေ့မှ ကားဟွန်းတီးသံနှင့်အတူ ခြံတံခါးဖွင့်သံ ကြားလိုက်ရလျှင် သန့်ဇင်လင်း မျက်လုံးများ ပြန်ပွင့်လာပြီး သူ့မျက်နှာက ချက်ချင်းဆိုသလို အလိုမကျမှုတို့ဖြင့် တည်တင်းသွားပြန်သည်။

ဧည့်ခန်းထဲသို့ ဝင်လာသူကတော့ သူ့အဖေ ဦးဇေယျာလင်းပင်။ ဦးဇေယျာလင်း အိမ်ထဲဝင်ဝင်ချင်း ဆိုဖာပေါ်တွင် ထိုင်နေသော သန့်ဇင်လင်းကို မြင်သည်နှင့် မျက်မှောင်ကို တွန့်ချိုးလိုက်ကာ ...

"မင်း အခုမှ ပြန်ရောက်တာလား။ ကျောင်းဆင်းတာ ကြာလှပြီ... ဘယ်တွေ လေလွင့်နေလို့ အခုမှ အိမ် ရောက်တာလဲ။"

ဦးဇေယျာလင်းရဲ့ အလိုမကျသံကြီး ထွက်လာလျှင် သန့်ဇင်လင်း သူ့အမေပခုံးပေါ်မှ ခေါင်းကို ခွာလိုက်ပြီး ဆိုဖာပေါ်တွင် မတ်မတ်ပြန်ထိုင်လိုက်ကာ သူအဖေကို မျက်နှာသေဖြင့် ပြန်ကြည့်လိုက်၏။

" ဆိုင်ထိုင်နေလို့ပါ။"

"ဆိုင်ထိုင်တယ် ... မင်းကတော့ တော်တော် ဖြစ်နေပြီ။ စာကို ကြိုးစားရကောင်းမှန်း မသိဘူး... အမြဲတမ်း အချိန်ဖြုန်းနေတာပဲ။ မင်း အစ်ကိုကို ကြည့်စမ်း... ဘယ်လောက် လိမ္မာပြီး အားကိုးရလဲဆိုတာ ... မင်းကတော့ လူရာကို မဝင်ဘူး။"

ဖေဖေ့ဆီမှ ထွက်လာသော စကားလုံးတိုင်းက သန့်ဇင်လင်းကို အမြဲတမ်း နှိမ်ချနေကျ၊ အစ်ကိုနှင့် နှိုင်းယှဉ်နေကျ စကားလုံးများသာ ဖြစ်သည်။

သန့်ဇင်လင်း နှုတ်ခမ်းတစ်ဖက်ကို တွန့်ကာ ခပ်ရွဲ့ရွဲ့ အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ...

"ဟုတ်တယ်လေ... ဖေဖေ့အတွက်က ကိုကြီးမှ သားကိုး။ ကျွန်တော်ကတော့ ဖေဖေ့မျက်စိရှေ့မှာ ဘာလုပ်လုပ် အမြင်ကပ်စရာ ကောင်ပဲလေ။ ဖေဖေ သဘောကျတဲ့ စက်ရုပ်ကြီး ဖြစ်အောင် ကျွန်တော်က မနေနိုင်တော့လည်း အခုလိုပဲ ဆူခံနေရမှာပေါ့။"

"ဘာပြောတယ် ... ဒီကောင်... မင်း အဖေကို အဲ့လို ပြန်ခံပြောရလား။"

ဦးဇေယျာလင်း ဒေါသတကြီးဖြင့် ရှေ့သို့ တိုးလာလျှင် ဒေါ်မီမီစိမ့် အမြန် မတ်တပ်ရပ်ကာ ကြားဝင်တားရတော့သည်။

"ရှင်ကလည်း... ကလေး ကျောင်းက ပြန်လာတာ ပင်ပန်းနေမှာကို။ ရောက်ရောက်ချင်း မဆူပါနဲ့လား။ သားကလည်း... ဖေဖေ့ကို အဲ့လို မပြောရဘူးလေကွယ်။"

ဒေါ်မီမီစိမ့်က သန့်ဇင်လင်းဘက်သို့ လှည့်ကာ မျက်စောင်းလေး ထိုးပြီး တားရှာသည်။ သို့သော် ဦးဇေယျာလင်းကတော့ ဒေါသ မပြေသေးပေ။

"မင်း အလိုလိုက်ထားလို့ ဒီကောင် ဒီလောက် ဆိုးနေတာ။ ကြည့်ထား... စာမေးပွဲကျလို့ကတော့ အိမ်ကနေ နှင်ချပစ်မယ်။"

ဦးဇေယျာလင်း လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ငေါက်ပြီး အပေါ်ထပ်သို့ ခြေဆောင့်ကာ တက်သွားလျှင် သန့်ဇင်လင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။

"သားရယ်... ဖေဖေ့ကို အဲ့လို ပြန်မပြောပါနဲ့လား။ ဖေဖေက သားကို ကောင်းစေချင်လို့ ပြောတာပါကွယ်။"

ဒေါ်မီမီစိမ့် သားရဲ့ လက်သီးဆုပ်လေးကို အုပ်ကိုင်ရင်း သက်ပြင်းချကာ ပြောလျှင် သန့်ဇင်လင်း မေမေ့ကို တစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းကို ခပ်ပြင်းပြင်း ချလိုက်သည်။

"ကျွန်တော် ဗိုက်မဆာသေးဘူး မေမေ။ ရေချိုးပြီး နားတော့မယ်။"

သန့်ဇင်လင်း လွယ်အိတ်ကို ကောက်လွယ်ကာ နေရာမှ ထရပ်လိုက်ပြီး အခန်းရှိရာဆီသို့ လျှောက်လာခဲ့လိုက်သည်။

အခန်းထဲရောက်သည်နှင့် တံခါးကို ဆောင့်ပိတ်ချလိုက်ပြီး ကုတင်ပေါ်သို့ ပက်လက်လှန်ချလိုက်ကာ မျက်နှာကြက်ကို စိုက်ကြည့်နေရင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်၏။

ဒီအိမ်မှာ သူ့ကို နားလည်ပေးတာ မေမေ တစ်ယောက်ပဲ ရှိသည်။

_______________

မုန့်စားဆင်းချိန်ရောက်ပေမယ့် ရှင်ငြိမ်း ဒီနေ့ ကန်တင်းလိုက်မသွားပဲ စာကြည့်တိုက်က စာအုပ်တစ်အုပ်ငှားကာ သစ်ပင်ရိပ်အောက်က ခုံတန်းလျားလေးတွင် တစ်ယောက်တည်း ထိုင်ကာ စာဖတ်နေလိုက်သည်။

ထိုစဉ်... သူမရှေ့သို့ လူရိပ်တစ်ခု လာရပ်သည်ကို သတိထားမိလိုက်တာကြောင့် ရှင်ငြိမ်း မော့ကြည့်လိုက်လျှင် ...

"ဟင်... သက်ပိုင်ကျော်..."

ရှင်ငြိမ်း အနည်းငယ် အံ့သြသွားကာ ခေါ်လိုက်မိသည်။

သက်ပိုင်ကျော်ပုံစံက ရှင်ငြိမ်းကို တစ်ခုခုပြောဖို့ ပါးစပ်ပြင်လိုက် ဂုတ်ပိုးကို ပွတ်လိုက်နှင့် အတော်လေး ဂဏာမငြိမ် ဖြစ်နေ၏။

"ဟို... ရှင်ငြိမ်း... တစ်ယောက်တည်းလား။"

သက်ပိုင်ကျော် စကားစရန် အကြောင်းရှာကာ အားယူကာ မေးလိုက်သည်။

"အင်း... ဟုတ်တယ်။ ဖြူစင်တို့ ကန်တင်းသွားလို့။

နင်ရော မသွားဘူးလား။ "

"အာ... သွား... သွားမလို့ပါ။ ဒါပေမယ့်... ဟို... နင့်ကို တွေ့လိုက်လို့... အဲ့ဒါ..."

သက်ပိုင်ကျော် ရှင်ငြိမ်းကို တည့်တည့်မကြည့်ရဲပဲ ဘေးဘီဝဲယာသို့ လျှောက်ကြည့်နေပြီး သူ့နားရွက်ဖျားများပင် ရဲတက်နေသည်ကို ရှင်ငြိမ်း သတိထားမိလိုက်သည်။ ပုံမှန်ဆိုလျှင် သူ့ဟာသူ နေတတ်သော သက်ပိုင်ကျော်က အခုလို နေမထိထိုင်မသာ ဖြစ်နေသည်ကို ကြည့်ပြီး ရှင်ငြိမ်း အနည်းငယ်တော့ နားမလည်နိုင် ဖြစ်သွားရ၏။

"တစ်ခုခု ပြောစရာရှိလို့လား။"

ရှင်ငြိမ်း စာအုပ်ကို ပိတ်ကာ မေးလိုက်၏။

ထိုအခါ သက်ပိုင်ကျော် လည်ချောင်းကို တစ်ချက် ရှင်းလိုက်ပြီး သက်ပြင်းကို ခပ်ဖွဖွ ချလိုက်ကာ သူပြောချင်သည့် စကားများကို ခေါင်းထဲတွင် အကြိမ်ကြိမ် စီစဉ်ထားခဲ့သော်လည်း တကယ့်တကယ် သူမရှေ့လည်း ရောက်ရော ပြောစရာစကားတွေ အကုန်မေ့သွားလေသည်။

"ဟို ... ငါ ... ငါ "

"..."

သူ့ပုံစံက တော်တော်ပြောရခက်နေတဲ့ပုံပေါက်နေတာကြောင့် ရှင်ငြိမ်း သူ့အား သေချာအာရုံစိုက်လိုက်မိသည်။

"ဟို ... ငါ ... ငါမုန့်ဆိုင်သွားမလို့လေ။

အဲ့တာ နင်မုန့်မှာဦးမလားလို့။ "

"ဟမ် ..."

ဘာလဲ ... အဲ့တာလေးပြောဖို့ကို အဲ့လောက်ဖြစ်နေစရာလိုလို့လား။

ရှင်ငြိမ်း ရယ်ချင်ပေမယ့် မရယ်မိအောင် မနည်းထိန်းထားလိုက်ရသည်။

"မမှာတော့ပါဘူး။

ငါဘာမှ မစားချင်လို့။ "

"ဪ ... အင်း ... အဲ့တာဆို ငါ ငါ သွားရတော့မှာလား။ "

"ဟင် ..."

"မဟုတ်ပါဘူး ... ငါ ငါသွားတော့မယ်လို့။ "

"အင်း အင်း "

"သွား... သွားပြီနော်။ "

"အွန်း "

ရှင်ငြိမ်း ထူးဆန်းနေသည့် သူ့ပုံစံကိုကြည့်ပြီး ခေါင်းညိတ်ကာ ပြုံးပြလိုက်၏။

ထိုအပြုံးလေးကြောင့် သက်ပိုင်ကျော်ကတော့ ရင်ထဲ ဗြောင်းဆန်သွားကာ ခြေလှမ်းတွေပင် မှားချင်သွားရပြီး ကမန်းကတန်း လှည့်ထွက်လိုက်လျှင် သစ်ပင်အမြစ်နှင့် ခြေခလုတ်တိုက်ကာ မှောက်ရက်လဲမလိုပင် ဖြစ်သွားလေသည်။

"အမေ့..."

" သတိထားလေ... အဆင်ပြေရဲ့လား။"

"ရ... ရပါတယ်... အဆင်ပြေတယ်။ ဘာမှမဖြစ်ဘူး။"

သက်ပိုင်ကျော် ရှက်လွန်းတာကြောင့် အနောက်ကိုပင် ပြန်မလှည့်ကြည့်ရဲတော့ဘဲ လက်ဟန်ခြေဟန်ဖြင့် ပြန်ဖြေကာ ကန်တင်းဘက်သို့ ခပ်သွက်သွက်လျှောက်လာခဲ့တော့သည်။

သူဘာတွေဖြစ်နေတာလဲ။

ရှင်ငြိမ်းကတော့ ကပျာကယာ ပြေးထွက်သွားသော သက်ပိုင်ကျော်ကို ကြည့်ကာ ခေါင်းလေး ခါရင်း ခပ်ဟဟလေး ရယ်လိုက်မိ၏။

အပိုင်း (၁၆) ဆက်ရန် ...

Author - Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၄) နောက်အခန်း - အပိုင်း (၁၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ