💛သီဟသက်လင်း + ဖြူရှင်းသန့်💛
အချိန်ရာသီတွေ ကူးပြောင်းလာတာနှင့်အညီ အသက်တွေသာ
တိုးလာခဲ့ပေမယ့် သီဟသက်လင်းနှင့် ဖြူရှင်းသန့်ဆိုတဲ့ စုံတွဲလေးကတော့ အချစ်တွေက လတ်ဆတ်ကာ အချစ်ဘတ္ထရီလေးရဲ့
စွမ်းအင်တွေက အလင်းတန်းတစ်ခုပမာ သာယာဖြောင့်ဖြူးနေလေ၏။
အခုဆို သူတို့ကိုယ်ပွားလေးဖြစ်တဲ့ သက်ဖြူဖြူသွယ်
လေးကလည်း ၇နှစ်ဆိုတဲ့ အရွယ်ကို ရောက်လာလေပြီဖြစ်၏။
ဒါပေမယ့် သက်ဖြူဖြူသွယ်ဆိုတဲ့ ကလေးမလေးက လူလေးနှင့်မလိုက်အောင် သိပ်ကို ရင့်ကျက်လွန်းလှသည်။
ရင်ကျက်တယ်ဆိုတာထက် ဆရာလုပ်တာဆို ပိုမှန်ပေလိမ့်မည်။
ရုပ်က မိဘတွေနှင့်သာမတူလျှင် ကလေးမှားတယ်လို့တောင်
ထင်ရလောက်အောင် အသွင်နှင့် တထေရာတည်းပင်။
စကားလေး မပီကလာ ပီကလာနှင့် တစ်ခုခုဆို အသွင့်လို ဆရာမကြီးအထာနှင့် တစ်အိမ်လုံးကို ဗိုလ်ကျကာ ဆရာမကြီးသိပ်လုပ်လေသည်။
အသွင်ကလည်း လူကြီးမရှိတဲ့အချိန်ဆို ချွေးမလေးဟုခေါ်ကာ
သမီးလေးကို လာလာခေါ်၏။
လူကြီးရှေ့မှာတော့ မခေါ်ရဲသလို ဘယ်သူမှလည်း မစရဲပေ။
သမီးလေးကလည်း အသွင့်ရဲ့ လက်ချာတွေနှင့် အသွင့်ပုံပေါက်နေတာဖြစ်လိမ့်မည်။
အခုလည်း တီတီအသွင့်လို မျက်မှန်ဝယ်ပေးပါဆိုပြီး မရမက
ပူဆာတာကြောင့် ပါဝါမပါတဲ့မျက်မှန်လေးဝယ်တပ်ပေးထားကာ
စကားပြောရင် အသွင့်လို မျက်မှန်ကြီးတမမနှင့် ဆရာမကြီး အထာပင်နှင့်ပင်။
အသွင်ကလည်း ဒါကို ငါ့ချွေးမလေးက ငါ့နဲ့တူတာဆိုပြီး ကြံဖန်
ဂုဏ်ယူနေလေရဲ့။
"တီ တီ "
"ဟော ... လူကြီးပြန်လာပြီ။ "
ခြံရှေ့မှ ကားဟွန်းသံကြောင့် ရှင်းသန့် ပြေးထွက်ကာ ကြိုလိုက်၏။
"လူကြီး "
"ဗျ "
ရှင်းသန့်က လူကြီးလက်မောင်းအားဆုပ်ကိုင်လိုက်လျှင် လူကြီးကလည်း ရှင်းသန့်ခါးကိုဖက်ကာ နဖူးအားငုံ့နမ်းလေသည်။
ဒါက လူကြီး အလုပ်သွားအလုပ်ပြန်နှုတ်ဆက်ကြိုဆိုနေကျ ပုံစံလေးဖြစ်၏။
"မီးလေးရော "
"မေမေတို့အိမ်ရောက်နေတယ်။ "
သမီးလေးက ကူးစရာအိမ်နှစ်အိမ်ရှိနေရာ ဟိုဘက်အိမ် ဒီဘက်အိမ်အမြဲကူးနေ၏။
အဘိုး အဘွားအချစ်တော်လေးဆိုတော့ ဟိုဘက်အိမ်မှာ အနေများကာ လူကြီးပေါက်စလေးဖြစ်နေတော့သည်။
ဥပုဒ်နေ့တိုင်းမှာလည်း သူ့အဘိုးအဘွားတွေနှင့် ဘုန်းကြီးကျောင်းလိုက်သွားကာ ဘုရားစာတွေလည်း မပီကလာ ပီကလာလေးနှင့် အတော်ရနေပြီဖြစ်၏။
ညညဆို သူက ဘုရားရှိခိုးပြီးမှ အိပ်တတ်ပြီး သူရှိခိုးပြီးလျှင်လည်း
'မေမေတို့က ဘုရားလည်းမရှိခူးဘူး'ဆိုပြီး နှုတ်ခမ်းလေးထော်ကာ ပြောတတ်သေးပြန်သည်။
သမီးလေးက ကြီးလာလေလေ သူ့အဖေနှင့် တထေရာတည်းတူလေလေပင်။
အသားဖြူတာလေးတော့ ရှင်းသန့်နှင့်တူတာတော်သေးသည် ပြောရမည်။
______________
"ရှင်းသန့်ရေ ရှင်းသန့် "
"ဟယ် ... အသွင် လာလာ
သုတလေးရော ပါတာကို "
"ဟုတ်ကဲ့ခင်ဗျ "
"အမယ်လေး လိမ္မာလိုက်တာ။ "
အသွင့်သားလေးနာမည်က သွင်သုတ ဖြစ်ကာ သုတလေးကတော့
အိမ်က မီးလေးနှင့်ကွာကာ အတော်အေးတဲ့ကလေးဖြစ်၏။
အသွင့်ကို တူတာတော့မဟုတ်ပါ။
သူ့အမျိုးသားနှင့် တူလို့ အခုလိုအေးနေတာပင်။
အသွင့်သားလေးက အဲ့လိုအေးတော့ အိမ်က ဆရာမကြီးက
ဗိုလ်ကျလို့ကောင်းနေ၏။
"ဖြူသွယ်လေးရော "
"မေမေတို့နဲ့ ဈေးလိုက်သွားတယ်။ "
"ဟယ် ... ငါ့ချွေးမလေးအတွက် လက်ဆောင်ဝယ်ခဲ့ပါတယ်ဆို ...
ဟယ် ဟို နင့်ယောင်္ကျားတော့ အိမ်မှာမရှိဘူးမလား။ "
အသွင်က သက်ဖြူဖြူသွယ်လေးအား ချွေးမဟုခေါ်ကာ
ပါးစပ်ကိုပြန်အုပ်ပြီး မေးလာတာကြောင့် ရှင်းသန့်ရယ်လိုက်၏။
"မရှိပါဘူး။ "
"ဟဲ ဟဲ ... ငါ့သားတော့ ကြီးရင် သူ့ယောက္ခထီးကြီးနဲ့ မလွယ်လောက်ဘူး။ "
"အမယ်လေး ... ကြီးလာရင် သူတို့က ကြိုက်ကြမှာမို့လို့လားဟယ်။ "
"အို ... ဘယ်လိုနေနေ ငါကတော့ ငါ့ချွေးမက ဖြူသွယ်လေးပဲ။
ဖြူသွယ်လေးနဲ့ပဲ သဘောတူတယ်။
နင်လည်း ငါသားနဲ့ပဲ သဘောတူရမှာနော်။ "
"အေးပါဟယ်။ "
"ဪ ... လာရင်းကိစ္စ မေ့တော့မလို့။ "
"ဘာလဲ။ "
"ဒီမှာလေ ဦးက ပုဂံခရီးသွားလက်မှတ်တွေ လက်ဆောင်ရလာလို့။
အဲ့တာ နင်တို့နဲ့အတူတူ ခရီးထွက်ရအောင်လို့။
ဟိုအပျိုကြီးနှစ်ယောက်ကို သွားမေးတာ သူတို့က မအားဘူးတဲ့လေ။
နင်ပဲကျန်တော့တယ် နင်တော့လိုက်ခဲ့ရမှာနော် ... Double family date ပေါ့ဟယ်။ "
"အင်း အင်း ... ငါလူကြီးကို ပြောကြည့်လိုက်ပါ့မယ်။ "
"ဘာလူကြီးကိုပြောကြည့်မှာလဲ ... နင့်လူကြီးက နင့်တစ်ခွန်းပဲဟာ
လိုက်ခဲ့ရမှာပဲ မလိုက်လို့ မရဘူး။ "
"အေးပါဟယ် ... ငါလူကြီးပြန်လာရင် အကြောင်းပြန်မယ်နော်။ "
"လိုက်ရမှာနော်။ "
"အွန်းပါ။ "
"ဟီး ဟီး ... ငါတော့ ပုဂံသွားရမှာ တအားပျော်တာပဲ။
နင်တို့ရော ပါမှာဆိုတော့ ပိုပျော်တယ်"
_____________
နောက်ဆုံးတော့ အသွင်ပြောတဲ့ double family date လေးအနေနဲ့ ပုဂံသို့ ရှင်းသန့်တို့တတွေရောက်သွားကြ၏။
ဖေဖေနဲ့မေမေကိုလည်းခေါ်ပေမယ့် လူကြီးတွေဆိုတော့
လမ်းခရီးကြမ်းတာကြောင့် မလိုက်ခဲ့ပဲနေခဲ့လေသည်။
ပုဂံကိုရောင်တော့ စိတ်တွေက ဘာနှင့်မျှမတူပဲ ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့နေရာမှာ အေးချမ်းလို့နေ၏။
ရောက်တုန်းရောက်ခိုက် ရက်ရှည်ရှည်နေကြကာ ရာဇကုမာရကျောက်စာ၊အာနန္ဒာဂူဘုရား၊အစရှိသဖြင့် အစုံရောက်ခဲ့ကြ၏။
ပုပ္ပါးတောင်လည်း ဆက်တက်ခဲ့ကာ နေရာအနှံ့လျှောက်လည်ပြီး
ကလေးနှစ်ယောက်ကတော့ ပျော်နေကြလေသည်။
Extra 2 ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)