💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"ရှင်းသန့် ဘာသောက်မလဲ။ "
ခင်ဇာက အရင်စမေးလိုက်ခြင်းဖြစ်၏။
"အင်း ... ဝိုင်သောက်မယ် "
"အိုကေ ... ဟို ဒီကအကိုကရော "
သီဟသက်လင်းကို လှမ်းမေးလျှင် သီဟသက်လင်း ခေါင်းခါပြကာ ...
"တော်ပြီဗျ ...ကျွန်တော်က မသောက်တော့ဘူး။ "
ထိုအခါ ရှင်းသန့်နဲ့ ခင်ဇာ မျက်ခုံးပင့်သွားကြလေသည်။
ရှင်းသန့်ကပဲ ခပ်တည်တည်လေးနှင့် သီဟအားကြည့်ကာ ...
"ဘာလို့လဲ ခင်ဗျားသောက်တန်ပါတယ်။ "
"အင်း ... အခုတော့ မသောက်တော့ဘူး။
အပြန်ကျ ကိုယ်ကားမောင်းရဦးမှာလေ။ "
"အာ ... ရပါတယ် ကားက ခင်ဇာလည်း မောင်းတတ်ပါတယ်။
ဘားလာပြီး ဘာမှမသောက်ရင်တော့ ပျင်းစရာကြီး ဘီယာလောက်တော့သောက်လေ ... နော့ ရှင်းသန့်ရယ် "
"အွန်း ... ဟုတ်တယ် ဘီယာလောက်တော့ ခင်ဗျားလည်းမမူးပါဘူး။"
"အိုကေ... အဲ့ဒါဆို ဘီယာတစ်ခွက်လောက်တော့ သောက်မယ်လေ။ ကိုယ်သွားမှာလိုက်မယ်နော်။ "
"အာ ... ရတယ် ရတယ် ခင်ဇာသွားမှာလိုက်မယ်။
ခင်ဇာသောက်မယ့်ဟာက စပ်ခိုင်းဦးမှာမို့။
ခဏနေခဲ့ကြဦးနော်။ "
ရှင်းသန့်အား မျက်စလှမ်းပစ်ကာ ပြောလျှင် ရှင်းသန့်ခေါင်းငြိမ့်ပြလိုက်သည်။
"ဒီကို ခဏ ခဏ ရောက်လား။ "
သီဟက ရှင်းသန့်ကာ စိုက်ကြည့်ကာမေးလျှင် ရှင်းသန့်က ပြန်စိုက်ကြည့်ကာ ...
"ဘာလဲ ခဏခဏရောက်ရင် မိန်းမကောင်းမဟုတ်ဘူးလို့
ပြောဦးမလို့လား။"
"မဟုတ်ပါဘူးကွာ။
ကိုယ်က ဒီအတိုင်းပဲ မေးတာပါ။ "
"ခဏ ခဏ မရောက်ပါဘူး။
သူငယ်ချင်းမွေးနေ့တွေ ဘာတွေမှ တစ်ခါတလေရောက်တာ။
မေမေကလည်း သိပ်မလွှတ်ဘူး။"
"ဪ ... နောက်တစ်ခါ လာချင်ရင်လည်း ကိုယ်လိုက်ပို့မယ်နော်။"
"အင်း "
ခေါင်းငြိမ့်ကာ ဖြေလိုက်ပေမယ့် နှုတ်ခမ်းတစ်ဖက်ကတော့ တွန့်ကွေးသွားလေသည်။
ခင်ဗျားက လိုက်ပို့ချင်ရင်တောင် ပို့လို့ရမယ့် အခွင့်အရေးမရှိနိုင်တော့ဘူးရှင့်။
ခဏနေတော့ ခင်ခင်ဇာ ပြန်ရောက်လာကာ ရှင်းသန့်ဖို့ ဝိုင်နှင့်
သီဟအတွက် ဘီယာကိုချပေးပြီး သူမကတော့ အစုံစပ်ထားတဲ့
စပ်ဘီကို သောက်လေသည်။
"သောက်လေ "
ရှင်းသန့် ဝိုင်ခွက်ကိုမော့ရင်း ဘီယာမသောက်သေးပဲ
ထိုင်နေတဲ့ သီဟအား မေးငေါ့ကာ သောက်ခိုင်းလိုက်သည်။
ထိုအခါမှ သူက ဘီယာခွက်အား မော့သောက်လျှင်
ရှင်းသန့် ခင်ဇာအား လှမ်းပြီး မျက်စပစ်ပြတော့ ခင်ဇာက
ခေါင်းညိတ်ပြလေသည်။
ပြီးသွားပြီ။
ခင်ဗျားနဲ့ ရှင်းသန့်တို့ရဲ့ ရေစက်ဆိုးကြီးကား ပြတ်တောက်တော့မည်။
အာလူးကြော်ကောက်စားလိုက် ဘီယာမော့လိုက်လုပ်နေတဲ့
သီဟအား ရှင်းသန့် မဲ့ပြုံးကြီး စိုက်ကြည့်နေလိုက်သည်။
သီဟခွက်ထဲမှ ဘီယာက သုံးပုံပုံ နှစ်ပုံလောက်ကုန်သွားလျှင်
သီဟ ပုံစံကလည်း ပြောင်းလာတော့သည်။
ဆေးအစွမ်းပြပြီ ထင်ပါရဲ့။
အဲ့ဒါကို ရိပ်စားမိတဲ့ ရှင်းသန့်ကာ ခင်ဇာအား လက်လှမ်းတို့ကာ
ချောင်းတစ်ချက်ဟန့်လိုက်ပြီး ...
"အဟမ်း ... ရှင်းသန့်တို့ toilet ခဏသွားလိုက်မယ်။ "
"ဟင် ... အင်း ကိုယ်လိုက်ခဲ့ပေးမယ်လေ။ "
"Toilet သွားမှာ ခင်ဗျားက ဘာလိုက်လုပ်မှာလဲ။
ဒီမှာ အဖော်လည်းပါတာကို စောင့်နေရစ်ခဲ့တော့လေ။
ဘာလဲ ... Toilet ဝင်တာတောင် ကိုယ့်ဟာကိုယ်မသွားရတော့ဘူးလား။ "
"မဟုတ်ပါဘူး။
အဲ့ဒါဆို ကိုယ်ဒီမှာ စောင့်နေမယ်နော်။
တစ်ခုခုဆို ဖုန်းလှမ်းဆက်နော်။ "
"အင်း "
ရှင်းသန့်နှင့် ခင်ခင်ဇာတို့ ထွက်သွားကြလျှင် သီဟသက်လင်း
ငိုက်ကျချင်နေတဲ့ ခေါင်းကို မနည်းထိန်းကာ ထိုင်နေရလေသည်။
အိပ်ချင်နေတာ။သူအခု တအားအိပ်ချင်နေတာဖြစ်သည်။
မူးလို့လို့ ပြောရအောင်လည်း သူ့အတွက် ဘီယာတစ်ခွက်လောက်က
အာစွတ်ရုံလောက်သာရှိသည်။
မျက်လုံးတွေက သူမနောက်ကျောအား လှမ်းကြည့်နေရင်းနှင့်ပင်
အမြင်တွေဝေဝါးလာပြီးနောက် သူဘာကိုမျှ မသိတော့ချေ။
___________
"ဟဲ့ ... နင့်လူကြီးက နင့်ကို တော်တော်ချစ်တာပဲဟဲ့။ "
"လာပြန်ပြီ။
မပြောစမ်းပါနဲ့ဆိုဟာ "
"ငါက နင်နောက်မှ နေညင်တရနေမှာစိုးလို့ပါ။
ကိုယ့်ကို ဒီလောက်ချစ်တဲ့ ယောင်္ကိားကိုရထားတာ။
ဘာလို့ ကွာရှင်းချင်ရတာလဲဟယ်။"
"သူချစ်တာ ငါချစ်တာမှ မဟုတ်ပဲ။"
"ဟဲ့ ... ကိုယ်ချစ်မရှာနဲ့ သူချစ်ရှာပါတဲ့
မကြားဖူးဘူးလား။ "
"ကဲ ... တော်ပြီ။
ဟိုမှာ မှောက်နေပြီ။
ဟိုမိန်းမ ဘယ်ရောက်နေလဲမသိဘူး။ "
"ရှိတယ် ... ဟိုးမှာ "
သူမတို့ ငှားထားကြတဲ့ ဘားမယ်အား လက်ညှိုးလှမ်းထိုးပြလိုက်၏။
ဘားမယ်ကလည်း သူမတို့ကို မြင်သွားကာ လှမ်းမေးငေါ့လျှင်
ရှင်းသန့်တို့က ခေါင်းညိတ်ပြလိုက်တာကြောင့် သူမတို့အနားရောက်လာလေသည်။
"ဘယ်လိုလဲ။
ရှင်တို့ လူကြီးတော့ မှောက်သွားပြီ။
တို့ စရတော့မှာလား။ "
"အင်း ... အခန်းက စီစဉ်ထားပြီးပြီမလား။ "
"အဆင်သင့်ပဲ။ "
"အင်း ... အဲ့ဒါဆို ကျွန်မတို့အရင်သွားကြည့်လိုက်ဦးမယ်။ "
"အိုကေ "
ရှင်းသန့်နှင့် ခင်ဇာ သီဟသက်လင်းမှောက်နေတဲ့ စားပွဲဝိုင်းဆီသို့
ပြန်ရောက်လာကြကာ တကယ်အိပ်မောကျသွားပြီလားဟု ကြည့်ကြသည်။
"ဟေ့လူ ... ဟေ့လူကြီး "
ရှင်းသန့် မတိုးမကျယ်အသံနှင့်ခေါ်ရင်း ခပ်ဖွဖွ လှုပ်နှိုးကြည့်လျှင်
မရတော့တာကြောင့် တစ်ဖက်မှာ ရပ်နေတဲ့ ဘားမယ်အား
လက်ယက်ကာခေါ်လိုက်သည်။
"ခေါ်သွားရတော့မှာလား။ "
"အင်း "
ရှင်းသန့်ခေါင်းညိတ်ပြလိုက်လျှင် ထိုဘားမယ်က ဘားမှ စားပွဲထိုးနှစ်ယောက်အား လှမ်းခေါ်ကာ သီဟအား အခန်းထဲသို့ခေါ်သွားခိုင်းလိုက်သည်။
"သူနိုးခါနီးလောက်မှ အဲ့အခန်းထဲဝင်သွားလိုက်။
ဒီမှာ ပိုက်ဆံ "
ရှင်းသန့် ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံအုပ်တစ်အုပ်အား လှမ်းမေးလိုက်လျှင် ထိုဘားမယ်က ပြုံးပျော်ကာ အိုကေဟုပြောပြီး ထွက်သွားလေသည်။
"ငါတော့ ငါတို့လုပ်ရပ်မှန်ရဲ့လားတောင် မသိတော့ပါဘူးဟယ်။ "
ခင်ခင်ဇာက ညဉ်းတွားရင်းပြောလျှင် ရှင်းသန့်ကပြုံးပြကာ ...
"ဘယ်လိုပဲနေနေ ငါနင့်ကိုကျေးဇူးတင်ပါတယ်ဟယ်။ "
"အင်းပါ။ "
ရှင်းသန့်နဲ့ခင်ခင်ဇာလည်း ထိုဘားမှာပဲ သီဟရှိနေတဲ့အခန်းရဲ့
ဘေးချင်းကပ်လျှက်အခန်းမှာဝင်နေလိုက်ကြသည်။
အဲ့ဒါမှ အချိန်မီ အမိဖမ်းလို့ရမှာမလား။
_____________
"အွန်း ... ကျွတ် ကျွတ် "
သီဟထိုးကိုက်နေတဲ့ မျက်ရိုးတွေအားနှိပ်ကာ ဖြည်းဖြည်းချင်း
ထလိုက်လျှင်ပဲ ဘေးနားက မိန်းမတစ်ယောက်ကို မြင်လိုက်ရတာကြောင့် သူ့မျက်လုံးအစုံပြူးကျယ်သွားတော့သည်။
"ဟင် "
ထိုမိန်းမအား သူတစ်ခါမျှ မမြင်ဖူးသလို အခုသူရောက်နေတဲ့နေရာကရော။
သီဟသူ့ကိုယ်သူကြည့်လိုက်လျှင် အပေါ်အင်္ကျီကျွတ်၍ ဘောင်းဘီသာကျန်ရှိနေပြီး ဘေးနားက မိန်းမကလည်း ရင်ဘတ်ထိ စောင်ခြုံထားကာ အပေါ်မှာ အင်္ကျီမပါဘူးဆိုတဲ့ အနေအထားမျိုးပင်။
"ဟာ ..."
ဒါကဘယ်လိုအနေအထားကြီးလဲ။
ရုတ်တရတ် သူ့ရင်ထဲ မိုးကြိုးတွေအတောင့်လိုက်ပစ်ချလိုက်သလိုပင်။
သူချက်ချင်းပဲ သူ့ဘေးနားမှာ အိပ်ပျော်နေတဲ့ မိန်းမအား နှိုးလိုက်သည်။
"ဟေ့ ... ဟေ့ "
ထိုမိန်းမကလည်း ချက်ချင်းပဲ နိုးလာခဲ့၏။
"မင်းဘယ်သူလဲ "
"အို ... ကိုကိုကလည်း ရာရာ့ကိုမမှတ်မိတော့ဘူးလားလို့။
ညတုန်းကတော့ လူဆိုးကြီးလုပ်ပြီး "
"ဘာ ... မင်းဘာတွေပြောနေတာလဲ။
ရှင်းသန့် ရှင်းသန့်ရော "
"ကိုကိုနော် ... လာကို အဲ့လို စားပြီးနားမလည်လုပ်လို့မရဘူးနော်။"
"မင်းအဓိပ္ပါယ်မရှိတာတွေလာမပြောနဲ့။
ငါ့မှာမိန်းမရှိတယ်။မင်းနဲ့ ဘာပတ်သတ်စရာ စောက်ကြောင်းမှမရှိဘူး။"
သီဟသက်လင်းပြောပြောဆိုဆိုနှင့် အခန်းထဲမှထွက်ရန် အခန်းတံခါးအား ဖွင့်လိုက်လျှင် အခန်းရှေ့မှာရပ်နေတဲ့ ရှင်းသန့်နှင့်
တည့်တည့်တိုးလေသည်။
အပိုင်း (၂၁) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)