Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း (၁၁ )

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

"အား ..."

ဒေါသရှိန်နဲ့ အားပါပါရိုက်ချလိုက်တာ‌ေကြာင့် ချက်ချင်းပဲ

နှဖူးကနေ သွေးတွေ စီးကျလာကာ

သီဟလည်း ခေါင်းတွေပါ မူးဝေသွားတော့သည်။

ထိုအခါမှ ရှင်းသန့်က သွေးတွေကြည့်ပြီး ကြောက်ကြောက်လန့်လန့်နှင့် ပန်းအိုးကြီး ပစ်ချကာ အခန်းထဲ ဝင်ပြေးသွားတော့သည်။

ရှင်းသန့်က အခန်းထဲ ဝင်ပြေးပြီး ပြန်ထွက်မလာတော့တာကြောင့်

သီဟ ကိုယ့်ဟာကိုယ် ရေချိုးခန်းထဲကာ သွေးတွေ ဆေးရတော့သည်။

နဖူးက တော်တော်ကွဲသွားတာကြောင့် သွေးတွေက ဆေးနေရင်းနှင့်ပင် ထပ်ပြီး ထွက်လာကာ ရေချိုးခန်းတစ်ခုလုံး ရဲပလောင်းခတ်နေတော့သည်။

နောက်ဆုံး ဘယ်လိုမှ မရတော့တာကြောင့် ဒဏ်ရာကို လက်နဲ့အုပ်ကာ အိမ်ရှေ့ခန်းသို့ အမြန်ပြေးရသည်။

အိမ်ရှေ့ခန်းရောက်မှ ဆေးသေတ္တာဖွင့်ကာ ဂွမ်းနှင့်

အရက်ပြန်ထုတ်ပြီး ဂွမ်းစခပ်ကြီးကြီးယူကာ အရက်လောင်းချ၍

နဖူးကဒဏ်ရာကို ဖိတို့လိုက်သည်။

"အား ... ကျွတ် ကျွတ် "

ဒဏ်ရာကကွဲသွားတာကြောင့် နာတာရော

အရက်ပြန်နဲ့ တို့တာကြောင့် စပ်တာရောပေါင်းကာ

အကြောတွေပင် တင်းလာလေသည်။

"တော်တော်လက်သန်ပြောင်တဲ့ ကလေးမ"

တစ်ယောက်တည်းရေရွတ်ရင်း ရှင်းသန့်ရှိနေတဲ့

အခန်းကိုလှမ်းကြည့်ကာ ပြုံးလိုက်သေးသည်။

ဘယ်လိုပဲနေနေ ဟိုကောင့်ဆီသွားဖို့နဲ့ ကွာရှင်းဖို့တော့ မပြောတော့ဘူးမလား။

နဖူးကွဲရလည်း တန်ပါတယ်။

အရက်ပြန်တို့ပြီး သွေးတိတ်သွားတော့ ဆေးထည့်ကာ ပတ်တီးကို မစီးတတ် စီးတတ်နှင့် စီးလိုက်သည်။

ခေါင်းတော့ နည်းနည်းမူးနောက်နောက် ဖြစ်နေသေးတာကြောင့်

ဆိုဖာမှာ ခဏထိုင်ကာ နားလိုက်၏။

တဖြည်းဖြည်း ခေါင်းက ငြိမ်သွားလျှင် ခုနက စားပွဲပေါ်မှာ

တင်ထားတဲ့ ဟင်းချက်စရာအထုပ်တွေ ကောက်ယူကာ

မီးဖိုခန်းထဲဝင်လိုက်သည်။

အခန်းထဲက မင်းသမီးလေးကို စားချင်တာလေးတွေ ချက်ကျွေးပြီး

ချော့ရဦးမည်လေ။

အရင်ဆုံး ဝက်သားကိုထုတ်ကာ ရေဆေးနေရင်း ...

"သီဟသက်လင်းရေ မင်းမှာလည်း မိန်းမငယ်ငယ်လေးရထားတာ မလွယ်ပါလားကွာ။ "ဟု တစ်ယောက်တည်းရေရွတ်ကာ ပြုံးလိုက်မိပြန်သည်။

ဟင်းချက်ရင် အနာထဲ ညှော်ဝင်တော့မှာသိတာကြောင့်

ဆေးဝါမှုန့်တွေ နှာခေါင်းမှာ ပြေးတို့လိုက်သည်။

ပြီးမှ ခုနက ဆေးထားတဲ့ ဝက်သားကို သေးသေးရှည်ရှည် အမြှောင်းလေးတွေ ညီညီလှီးကာ ရေနောက်တစ်ထပ်ပြန်ဆေးလိုက်ပြီး

ဟင်းနယ်တဲ့ ဇလုံထဲသို့ ထည့်လိုက်ကာ ဆား၊အချိုမှုန့်၊ဂျင်း ကြက်သွန်ဖြူနှင့်အတူ သူမအကြိုက် ငါးမာလာမှုန့်တွေနဲ့သေချာနယ်ကာ ဇလုံကိုအုပ်၍ အရသာဝင်အောင်နှပ်ထားလိုက်သည်။

ဝက်သားနှပ်ထားတုန်း မျှစ်ချဉ်တွေကို ပြုတ်လိုက်သည်။

ဒီအတိုင်းကြော်လျှင် မျှစ်စိမ်းတွေကို အချဉ်သိပ်ထာူတာဖြစ်တာကြောင့် တောက်တတ်၏။

မျှစ်ချဉ်ကို ပြုတ်ပြီးတော့ အားသွားလျှင် ဆူးပုတ်တွေသင်လိုက်သည်။

ဆူးပုတ်သင်ပြီးသွားတော့ မျှစ်အကျက်နှင့် ကွက်တိဖြစ်သွား၏။

ဆူးပုတ်တွေကို ရေစိမ်ထားလိုက်ပြီး ကြော်လို့ရသွားပြီဖြစ်တဲ့ မျှစ်ချဉ်ကို ဆား၊ဟင်းချိုမှုန့်၊ဆီ၊ငရုပ်သီး၊ငပိ၊နနွင်းမှုန့်ထည့်ကာ

ကြော်လိုက်သည်။

မျှစ်က ပြုတ်ထားပြီးသားမို့ သိပ်မကြာပဲ ဆီအိအိလေးနှင့် စားချင်စဖွယ်ဖြစ်လာလျှင် မွှေးသွားအောင် ပင်စိမ်းတွေ အပေါ်မှ အုပ်လိုက်သည်။

ပင်စိမ်းလေးတွေ နည်းနည်းညှိုးသွားတော့မှ မျှစ်ချဉ်ကြော်အိုးအား

ချကာ ပန်းကန်ထဲ လှယ်ထည့်လိုက်သည်။

ပြီးလျှင် အိုးကိုဆေးကာ ခုနက ရေစိမ်ထားတဲ့ ဆူးပုတ်တွေကို ရေနဲ့ သေချာ ထပ်ဆေးပြီး အိုးထဲထည့်လိုက်သည်။

အစားသရဲမလေးမို့ ဆူးပုတ်တွေကို အများကြီးဝယ်လာကာ ကြက်ဥနိုင်းချင်းနဲ့ကြော်ပေးထားလိုက်၏။

ဆူးပုတ်လည်းကျက်သွားတော့ ပန်းကန်ထဲ ထည့်နှပ်ထားတဲ့ ဝက်သားတွေကို ဆီပူပူမှာထည့် ကြွပ်ရဲနေအောင် ကြော်လိုက်သည်။

အကုန်လုံးကျက်သွားတော့ နောက်ဆုံး အရည်သောက်အနေနဲ့

ဘူးရွက်ဟင်းချိုလေးကြိုလိုက်တော့ ဟင်းတွေက အစပ်အဟပ်တည့်သွားလေသည်။

တစ်ကိုယ်တည်းသမားဆိုတော့ အချက်အပြုတ်က ကျွမ်းကျင်နေလေသည်။

ထမင်းကတော့ မနက်ကတည်းက ချက်ထားခဲ့တာမို့ ချက်စရာမလိုတော့ပေ။

အကုန်လုံး ချက်ပြုတ်ပြီးစီးသွားကာ ထမင်းနှစ်ပန်းကန်ပါ ခူးလိုက်ပြီး နာရီကို လှမ်းကြည့်လိုက်တော့ နေ့လည်စာစားချိန်

နည်းနည်းတောင် နောက်ကျနေပြီဖြစ်၏။

ဗိုက်များ တအားဆာနေပြီလားမသိပါဘူး ။

လက်ကို လက်သုတ်နဲ့ သုတ်ကာ အပေါ်ထပ်သို့ အမြန်ပြေးတက်ခဲ့လိုက်၏။

"ဒေါက် ဒေါက် ... ကလေးမ ထမင်းစားမယ်လေ။ "

သီဟပြောလိုက်ပေမယ့် အခန်းထဲမှ ဘာသံမျှ ထွက်မလာပေ။

"ဒေါက် ဒေါက် ... မဲရှုပ်ညစ်လေး ထမင်းစားကြမယ်လေ။

မနက်ကပြောထားတဲ့ ကလေးမ အကြိုက်ဟင်းတွေချည်းပဲ

ချက်ထားတယ်။ "

ဘယ်လိုပြောပြော ဘာသံမျှ ထွက်မလာပါ။

"ဟေ့ ... ကိုယ်အခန်းထဲ ဝင်လာရမှာလား။ "

"ထိုအခါမှ အခန်းထဲကနေ ဆောင့်ဆောင့်အောင့်အောင့်အသံ

ထွက်လာတော့သည်။

"မစားဘူး။ "

"ဟာ ... အဲ့လိုမလုပ်နဲ့လေကွာ။

ဒီမှာ ကိုယ်ဒဏ်ရာကြီးနဲ့ကြားထဲက စားစေချင်လို့ချက်ထားတာကို

လာစားပါကွာ ... နော်။ "

"..."

"ကလေးမ ... ကိုယ်တောင်းပန်ပါတယ်ကွာ။

ဗိုက်ဆာနေလိမ့်မယ်။ လာစားပါကွာ နော် "

သီဟဘယ်လိုခေါ်ခေါ် ထွက်မလာတဲ့ ရှင်းသန့်ကြောင့် စာအုပ်စင်ပေါ်ထင်ထားတဲ့ အခန်းသော့တွေသွားယူကာ အခန်းတံခါးအား ဖွင့်လိုက်သည်။

"ချောက်ခနဲ တံခါးဖွင့်သံအဆုံး သီဟအခန်းထဲသို့ ဝင်လိုက်လျှင် ရှင်းသန့်က ခေါင်းအုံးနှင့် လှမ်းထုကာ မောင်းထုတ်တော့သည်။

"ဘာလာလုပ်တာလဲ ။

သွား ... ထွက်သွား။ "

"ထမင်းစားရအောင်လို့ လာခေါ်တာလေကွာ။

တော်ကြာ အစာလွန်ပြီး အစာအိမ်တွေ ဘာတွေဖြစ်လိမ့်မယ်။ "

"ခင်ဗျား အပူမပါဘူး။

အခန်းထဲက အခုချက်ချင်းထွက်သွား...သွား။ "

"အဲ့လိုမလုပ်ပါနဲ့ကွာ။

ကိုယ်တကယ်တောင်းပန်တယ်နော်။

ထမင်းလေးတော့ လာစားနော်။ "

"မစားဘူးလို့ ပြောနေတယ်မလား။

ခေါင်းထပ်ကွဲချင်တာလား။ "

"ရိုက်ချင်လည်း ရိုက်ကွာ။

ထမင်းတော့ လာစားနော်။ "

"ကျစ် ... ဖယ်စမ်း "

သီဟကိုယ်လုံးကြီးအား တိုးတိုက်ကာ ထွက်သွားလျှင်

သူ့မှာ ပြေးလိုက်ရပြန်သည်။

"ဘယ်သွားမလို့လဲ။ "

"မေမေတို့အိမ်... ကိုယ့်အမေအိမ်ကိုယ်တော့ သွားလို့ရတယ်မလား။ "

ရှင်းသန့်က သီဟအား စူးစိုက်ကြည့်ကာ ခနဲ့တဲ့တဲ့မေးလိုက်လျှင်

သီဟခေါင်းတွေ တဆတ်ဆတ်ငြိမ့်ပြ၏။

"ရပါတယ်။

ထမင်းစားပြီးမှ သွားပါလား။ "

"မစားဘူး။ "

ရှင်းသန့်က သူ့အမေအိမ်သို့ထွက်သွားလျှင် သီဟ ခေါင်းကြီးငိုက်ဆိုက်ကျကာ ထိုင်ချလိုက်သည်။

"ဟူး ..."

မီးဖိုခန်းထဲက ဟင်းတွေကလည်း စားမယ့်သူမရှိတော့ပေ။

အခုချက်ချင်း သူလိုက်ခေါ်ရင်လည်း ပိုစိတ်ဆိုးသွားမှာ သိတာကြောင့် ညနေမှ သွားခေါ်ဖို့ပြင်လိုက်သည်။

ခေါင်းက နည်းနည်းမူးနေ၍ ဆိုဖာပေါ်လှဲချကာ ခဏမှိန်းလိုက်၏။

__________

"ဟဲ့ သမီး... သားက အလုပ်သွားပြီလား။ "

"မသိဘူးလေ။ "

မေမေချက်ထားတဲ့ ထမင်းတွေ ပလုပ်ပလောင်းစားရင်း ပြန်ဖြေလိုက်သည်။

"သမီးရယ် သိပ်လည်းမဆိုးပါနဲ့ကွယ်။

‌သီဟလေးက သနားစရာကလေးပါကွယ်။

သူ့ခင်ဗျာ မိဘဆွေမျိုးသားချင်းလည်းမရှိတော့ပဲ

တစ်ယောက်တည်း နေနေရရှာတာကွယ်။

သမီးက သူ့အတွက် တစ်ဦးတည်းသော တွယ်တာရာလိုမျိုးဖြစ်နေမှာကွဲ့။ "

"မေမေ့ ငါးချက်က ဆားပေါ့တယ်။ "

"သမီး မေမေပြောနေတယ်လေ။

စကားမလွှဲနဲ့ "

"ဟင်း ... တော်ပြီ။

မစားတော့ဘူး။ "

"ဪ ... ဒီကလေးမနဲ့တော့ကွယ်။ "

ရှင်းသန့်အရင်က နေခဲ့တဲ့ အခန်းထဲဝင်နေလိုက်သည်။

ရှင်းသန့်ဘက်ကိုကျ ဘယ်သူမှ မကြည့်ပေးကြဘူး။

အခန်းထဲရောက်တော့ ကိုကိုနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထုတ်ကြည့်ပြီး ငိုမိပြန်သည်။

အပိုင်း (၁၂) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း ( ၁၀) နောက်အခန်း - အပိုင်း (၁၂ ) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ