💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"အိပ်ကြစို့ ပင်ပမ်းနေပြီ။ "
"ဘာ ... ဘာလို့အိပ်ရမှာလဲ။
ခင်ဗျားနဲ့ လုံးဝအတူမအိပ်နိုင်ဘူးနော် "
"ဟ ... မိန်းမက ယောင်္ကျားနဲ့အတူမအိပ်လို့ဘယ်သူနဲ့အိပ်မလဲကွ။ "
"ခင်ဗျားနဲ့ မအိပ်နိုင်ဘူးလို့ ပြောပြီးပြီနော်။
အခန်းခွဲနေကြမယ်။ "
"ဘာ ... ညားခါစ ဇနီးမောင်နှံက အခန်းခွဲနေတယ်ဆိုတာ အဓိပ္ပါယ်ရှိလို့လားကွ။ "
"ဇနီးမောင်နှံလို့ မပြောစမ်းပါနဲ့ ရွံလွန်းလို့။
ဘယ်လိုပဲနေနေ အခန်းခွဲနေမှာပဲ။ "
"ကျစ် ... ခက်တော့တာပဲကွာ။ "
"အခန်းခွဲမနေနိုင်ရင် ကွာရှင်းပေး။ "
"ဟာ ... မင်္ဂလာဦးညမှာ ဘာစကားတွေပြောနေတာလဲကွာ။
ဟုတ်ပြီ။ ကလေးမ စိတ်တိုင်းကျ အခန်းခွဲအိပ်ကြမယ်နော်။
ကွာရှင်းမယ့်စကားတော့ နောက်တစ်ခါထပ်မပြောနဲ့နော်။
ကိုယ်မခံစားနိုင်လို့ပါ။ "
ရှင်းသန့်အား အသနားခံသလိုကြည့်ကာ ဆိုလိုက်လျှင်
ရှင်းသန့်က နှာခေါင်းကြီးရှုံ့လျှက် မျက်စောင်းထိုးပစ်လိုက်၏။
"ရွံဖို့ကောင်းလိုက်တာ။ "
သူ့ရုပ်နဲ့သူ့ခန္ဓာကိုယ်ကြီးမှအားမနာ ဘယ်လိုပုံစံတွေလာလုပ်ပြနေလဲမသိ။ ရှင်းသန့်မျက်စိထဲမှာတော့ သူဘာလုပ်လုပ် မုန်းဖို့ ရွံဖို့ကောင်းနေလေသည်။
"တခြားအခန်းတွေကတော့ မရှင်းရသေးဘူး။
ဒီနေ့တော့ ကိုယ့်အခန်းထဲမှာပဲ အိပ်လိုက်။
ကိုယ်က အပြင်မှာအိပ်လိုက်မယ်။
နောက်နေ့မှ တခြားအခန်းရှင်းပေးမယ်နော်။ "
ရှင်းသန့် သူ့စကားဆုံးအောင်ပင် နားမထောင်တော့ပဲ
အခန်းထဲတန်းဝင်ကာ လော့ခ်ချပစ်လိုက်သည်။
_________
"အဟက် "
ဂျောင်းခနဲ ပိတ်သွားတဲ့ အခန်းတံခါးကိုကြည့်ကာ
သီဟသက်လင်း ရယ်လိုက်သည်။
ဘယ်လောက်တောင်ချစ်ဖို့ကောင်းတဲ့ကောင်မလေးလဲ။
သူမအခန်းထဲဝင်သွားတော့ သူလည်း ရေချိုးခန်းထဲဝင်လာလိုက်သည်။
ရေချိုးခန်းက မှန်ထဲမှာ ပေါ်နေတဲ့ သူ့မျက်နှာပေါ်က ခြစ်ရာတွေကို ကြည့်ရင်း ပြုံးလိုက်မိပြန်သည်။
"အဟက် ... ကြောင်ဆိုးမလေးကတော့ကွာ။"
နေ။က်နေ့မှ လက်သည်းတွေ ခိုးညှပ်ပေးလိုက်ဦးမယ်။
အဲ့ဒါဆိုရင်လည်း ပိုပြီး စိတ်ကောက်သွားပြန်ဦးမှာပဲ။
___________
"ဟွား "
ရှင်းသန့် အိပ်ရာနိုးတော့ မနက်၉နာရီပင်ခွဲနေပြီဖြစ်၏။
ညကတစ်ညလုံး ဟိုလူကြီးကို စိတ်မချလို့ မအိပ်ပဲ နေနေတာ
လင်းပိုင်းလောက်ငျမှ ဘယ်လိုမှမဟန်နိုင်တော့ပဲ အိပ်ပျော်သွားတော့သည်။
အခုတောင် မျက်လုံးက သိပ်ဖွင့်ချင်သေးတာမဟုတ်ပါ။
"အား ပျင်းလိုက်တာ။ "
တစ်ယောက်တည်း ညဉ်း၍ အိပ်ယာထဲ ပြန်ကွေးလိုက်လျှင်
အပြင်မှ တံခါးခေါ်သံထွက်ပေါ်လာလေ၏။
"ဒေါက် ဒေါက် ဒေါက် "
"ကျစ် "
ရှင်းသန့် စုပ်တစ်ချက်သပ်ကာ ပြန်မထူးပဲ ငြိမ်နေလိုက်သည်။
"ကလေးမ မထသေးဘူးလား။
မနက်စာစားဖို့ နောက်ကျနေပြီ။
ပြီးမှ ပြန်အိပ်ချင်အိပ်လေ။ "
"ဘာ "
အခန်းအပြင်မှ သူ့စကားကြောင့် ရှင်းသန့် ဒေါသထွက်သွားမိသည်။
ဘာလဲ ဒီလူကြီးက ... သူများကို သူ့အတွက် မနက်စာလာပြင်ခိုင်းနေတာလား။
ဒေါသနှင့်အတူ အိပ်ယာပေါ်မှ ထကာ အခန်းတံခါးအား ဆွဲဖွင့်လိုက်လျှင် အခန်းရှေ့တည့်တည့်မှာ သူက ရှင်းသန့်အား ပြုံးပြုံးကြီးစိုက်ကြည့်နေလေ၏။
အမြင်ကပ်ဖို့ကောင်းလိုက်တာ။
လူကမှ မဲပါတယ် ဝတ်ထားတဲ့ အင်္ကျီက အညိုနဲ့ မနက်မို့သာပေါ့
ညဆို မြင်တောင်မြင်ရမှာမဟုတ်ဘူး။
စိတ်ထဲမှာ အမြင်ကပ်ကပ်နှင့် ပြောနေရင်း သူ့မျက်နှာကြီးအား
မျက်စောင်းထိုးပစ်လိုက်သည်။
"ရှင်းသန့်က ဘာလို့ ခင်ဗျားအတွက် မနက်စာပြင်ပေးရမှာလဲ။
လုံးဝမပြင်ပေးနိုင်ဘူး။ ထမင်းလည်း မချက်နိုင်ဘူးနော်။
တစ်ခါတည်းပြောထားတယ် ... အိမ်အလုပ်ဘာတစ်ခုမှ မလုပ်နိုင်ဘူး။ "
"ဟောဗျာ ... ဘယ်သူကရော ဘာလုပ်ခိုင်းနေလို့လဲ။"
"ခင်ဗျား အခု မနက်စာလာပြင်ခိုင်းနေတာမဟုတ်ဘူးလား။ "
"မဟုတ်ပါဘူး။
မနက်စာက ကိုယ်ပြင်ထားပြီ။
အခုက ကလေးမကို မနက်စာ နောက်ကျနေမှာစိုးလို့
စားဖို့လာခေါ်တာ။ "
"..."
ထိုအခါမှ ရှင်းသန့် ဘာမှပြန်မပြောပဲ မလုံမလဲနှင့်
နှုတ်ခမ်းမဲ့လိုက်သည်။
"မျက်နှာ မသစ်ရသေးဘူးမလား။
သွားသစ်ချည်လေ။ ကိုယ်စောင့်နေမယ်။ "
"မလိုပါဘူး။ "
"စောင့်ချင်လို့ပါဆို "
"လျှာကို ရှည်တယ်။ "
"ဟေ့ လူကြီးကိုနော်။
ငရဲကြီးမယ် ဘာမှတ်နေလဲ။ "
"ငရဲကြီးတော့ ငရဲလေးနိုင်တာပေါ့။ "
"ဟားဟား ... အစွာလေးကွာ။ "
"..."
သူမက အခန်းထဲပြန်ဝင်သွားကာ တံခါးကိုငဂျာင်းခနဲ ပိတ်ချသွားသည်အထိ သူ့မှာ ပြုံးပြုံးကြီး ကျန်ခဲ့ရလေသည်။
ခဏနေတော့ တံခါးပြန်ပွင့်လာကာ မျက်နှာမှာ ရေစက်လက်နှင့် ထွက်လာခဲ့၏။
"ဟေ့ မျက်နှာမသုတ်ခဲ့ဘူးလား။ "
"..."
"ဟာ ခေါင်းလည်း မဖြီးခဲ့ဘူး။
မဲရှုပ်ညစ်ကတော့ကွာ တကယ်ညစ်ပတ်မလေးပဲ။ "
"ကျစ် ... အဲ့လို မခေါ်နဲ့လို့ပြောထားတယ်နော်။"
"အား ... လန့်လိုက်တာကွာ။
စွတ်စွတ်အော်တာပဲ သူများအသည်းငယ်ပါတယ်ဆို "
သီဟသက်လင်း ပခုံးတွန့်လျှက် ရင်ဘတ်ကြီးအား လက်နဲ့အုပ်ကာ
ပြောလျှင် ရှင်းသန့်က မျက်စောင်းထိုးပြန်သည်။
ထမင်းစားခန်းထဲက စားပွဲသို့ရောက်လျှင် အငွေ့တထောင်းထောင်းနှင့် စားစရာအစုံအလင်က စားပွဲအပြည့်ဖြစ်နေလေသည်။
သီဟက ခုံတစ်ခုံအား ဆွဲကာ သူမကိုထိုင်ခိုင်းပြီး သူက သူမ
ဘေးကခုံတွင် ဝင်ထိုင်လိုက်သည်။
"ထိုင် ... အစားပုတ်မလေးအတွက်
ကျွန်တော်မျိုးကိုယ်တိုင် အစုံချက်ထားပေးတာ။
ဒါက မုန့်ဟင်းခါး အိုးဘဲဥတွေရော ပါတယ်။
ဒါက အာပူလျှာပူရယ် မုန့်တီသုပ်ရယ်။
ပြီးတော့ ဒါက ရေစိမ်ခေါက်ဆွဲ။
နောက်ထပ်စားချင်တာရှိသေးလား။ "
"..."
ရှင်းသန့် ဘာမှ ပြန်မပြောပဲ အသင့်ထည့်ထားတဲ့ စားစရာတွေကိုသာ
စားလိုက်သည်။
သူကျွေးတာတွေ မစားချင်ပေမယ့် ညက မေမေတို့နဲ့လည်း
စိတ်ဆိုးထားတာကြောင့် သူ့ဆီကပဲ စားရမှာပဲ။
"ဘာလိုသေးလဲ။
ဒီမှာ ငံပြာရည်၊ငရုပ်သီး၊သံပုရာသီး၊
နံနံပင်တော့ ကလေးမကြိုက်လို့ မလုပ်ထားဘူး။
ငရုပ်သီးတွေ အများကြီးမစားနဲ့နော် ဗိုက်တွေအောင့်နေဦးမယ် "
"ကျစ် ... စကားကိုများတယ်။ "
"နေ့လည်ကျ ဘာဟင်းစားချင်လဲ။ "
သီဟက မေးလိုက်လျှင် ရှင်းသန့်က မျက်လုံးလေးထောင့်ကပ်ကာ
စဉ်းစားနေလေသည်။
သိတာပေါ့။ အစားပုတ်မလေးက အစားနဲ့ ပတ်သတ်ရင်တော့
ဟန်မဆောင်နိုင်ဘူးလေ။
"ဆူးပုတ်ကြက်ဥကြော်စားမလား။ "
"အင်း စားမယ် "
"အိုကေ ... ပြီးတော့ မျှစ်ချဉ်လည်း ကြော်လိုက်မယ်
ကြိုက်တယ်မလား။ "
"အင်း "
"ဝက်သားကြော်လည်းကြော်လိုက်မယ်နော် "
"အင်းလို့ "
ရှင်းသန့် စိတ်မရှည်တော့တာကြောင့် အော်ပစ်လိုက်လျှင်
သူကရယ်လေသည်။
"စားပြီးရင်ဈေးသွားမလို့ လိုက်ဦးမလား။ "
"မလိုက်ဘူး။ "
"ဘာမှာစရာရှိသေးလဲ။
မုန့်ရော ဘာမုန့်ဝယ်ခဲ့ရဦးမလဲ။ "
"အစုံဝယ်ခဲ့ "
"အင်း ... ကိုယ်လုပ်ပေးထားတာတွေ စားလို့ကောင်းလား။ "
"ခင်ဗျား လေမပေါ်ရင် ပိုစားလို့ကောင်းမှာ။
အသံဆိုးကြီးနဲ့ နားကိုညဉ်းတယ်။ "
"အဟင်း ဆောရီး။
စား စား "
သူမခေါင်းလေးအား ပုတ်ကာ ပြောလိုက်လျှင် လက်ကိုပုတ်ချပစ်လေသည်။
"မထိနဲ့ "
"အင်းပါ ... အဲ့ဒါဆို ကိုယ်ဈေးသွားလိုက်ဦးမယ်နော်။
အရမ်းနောက်ကျရင် အသားတွေက မလတ်ပဲနေလိမ့်မယ်။
ဪ ပန်းကန်က မဆေးနဲ့နော် ကိုယ်ပြန်လာမှ ဆေးလိုက်မယ်။ "
"..."
ရှင်းသန့်ကတော့ သီဟကိုအရေးမလုပ်တော့ပဲ သူ့ဟာသူ
စားစရာတွေသာ ပလုပ်ပလောင်းစားနေတော့သည်။
လက်ထပ်ပွဲပြီးတာနှင့် သီဟသက်လင်းရဲ့အချိုးတွေက ပြန်ပြောင်းသွားတော့သည်။
လက်မထပ်ခင်က ကျားတစ်ကောင်လို မာန်တဖီဖီ ဓားတပြပြနှင့် ခြိမ်းခြောက်နေတဲ့သူကြီးက အခုကျ ကြောင်တစ်ကောင်လို ငြိမ်ကုတ်သွားတော့သည်။
ရှင်းသန့်ဘာပြောပြော ခေါင်းငြိမ့် သူမစကားကိုသာ နာခံလေသည်။
အပိုင်း (၁၀) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)