💛သီဟသက်လင်း + ဖြူရှင်းသန့်💛
မင်္ဂလာပွဲလာ ပရိတ်သတ်များနှင့် မင်္ဂလာပွဲကြက ခြိမ့်ခြိမ့်သဲ စည်ကားလှသလို အပြင်အဆင်ကလည်း သိပ်ကို ခမ်းနားကြီးကျယ်လှ၏။
တစ်ပတ်အတွင်း အားချင်းစီစဉ်လိုက်ရပေမယ့် ငွေအင်အားရော လူအင်အားရော သုံးနိုင်တာကြောင့် လိုလေသည်မရှိအောင် ပြည့်စုံနေလေသည်။
ထိုအချင်းအရာတွေကို ကြည့်တာနှင့် သတို့သမီးအပေါ် ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ သိနိုင်ပါသည်။
မင်္ဂလာပွဲကြီးက တကယ်ကိုအစစအရာရာ ပြီးပြည့်စုံနေပါသည်။
သတို့သမီးလေး မပျော်တာက လွဲလို့ပေါ့။
___________
"ဩရ မင်းက ကားမှာပဲ နေခဲ့။
ငါတို့ ရှင်းသန့်ကို သွားခေါ်လာခဲ့မယ်။ "
"အင်း ... ငါစိတ်ချမယ်နော်။ "
"စိတ်ချစမ်းပါကွ။ "
ဩရထူး ရင်ခုန်စွာနဲ့ သူ့သူငယ်ချင်းတွေကို စောင့်ဆိုင်းနေလေသည်။
မင်္ဂလာခန်းမထဲ ဝင်သွားတဲ့ ရဲမာန်တို့အဖွဲ့ကလည်း သူတို့အစီအစဉ်အတိုင်း သတို့သမီးအလှပြင်တဲ့အခန်းထဲသို့ ဝင်ဖို့လုပ်လေသည်။
ရှင်းသန့် သူငယ်ချင်းတွေကလည်း ဝိုင်ကူညီပေးတာကြောင့်
အစောင့်အကြပ်နဲ့လုပ်ထားတဲ့ သတို့သမီးအလှပြင်တဲ့ အခန်းရှေ့သို့ ရောက်လာကြလေသည်။
ထိုအခန်းရှေ့သို့ မိန်းကလေးနဲ့ယောင်္ကျားလေးပေါင်းထားတဲ့
သူတို့အဖွဲ့ ရပ်လိုက်ကြလျှင် ထိုအခန်းရှေ့တွင် အစောင့်သဘောမျိုးထားထားတဲ့ ယောင်္ကျားကြီးနှစ်ယောက်က သူတို့အား
မှုန်ကြုတ်ကြုတ်ဖြင့် ကြည့်လာ၏။
သူတို့ကတော့ သွားဖြီးကာ ရယ်ပြလိုက်လေသည်။
"ဘယ်သူတွေလဲ။ ဘာလာလုပ်ကြတာလဲ။
ဒီနားကို ဘယ်သူမှ လာလို့မရဘူး။
ခန်းမထဲ ပြန်ကြပါ။ "
ထိုအခါ သူတို့အဖွဲ့ထဲမှ အသွက်ဆုံး ခင်ခင်ဇာ က မျက်နှာကို အတတ်နိုင်ဆုံး ပြုံးရယ်ပြကာ ...
"ဟို ... ကျွန်မတို့က ဒီထဲက သတို့သမီး ဖြူရှင်းသန့်ရဲ့ သူငယ်ချင်းတွေပါ။ "
"ဟုတ်ပါတယ် ဟုတ်ပါတယ်။ "
သူမကြောင်းတဲ့စကားကို အားလုံးတညီတညွတ်တည်း ထောက်ခံကြလေသည်။
"သူငယ်ချင်းတွေဆိုလည်း ဝင်လို့မရဘူးလို့ အာစရိက မှာထားလို့
ခန်းမထဲကနေပဲ စောင့်ပေးကြပါ။ "
"ဟို ... ဟို မင်္ဂလာပွဲမတိုင်ခင် ရှင်းသန့်နဲ့ တွေ့မှဖြစ်မှာမို့လို့ပါ။
သူမှာလိုက်တဲ့ ပစ္စည်းလည်း ပေးရဦးမှာမို့ပါ။ "
"အဲ့ဒါဆို အဲ့ပစ္စည်းပေးပါ။
သွားပေးပေးပါမယ် "
"ဟင် ... အဲ့လို အဲ့လိုမရဘူးလေ။
အရေးကြီးတဲ့ ပစ္စည်းမို့ ကျွန်မတို့ကိုယ်တိုင်သွားပေးမှ ရမှာ။ "
"အဲ့ဒါဆို အာစရိကိုသွားပြောလိုက်မယ် "
"ဟင် ... သွားမပြောနဲ့လေ။
အဲ့လောက်ထိ မလိုပါဘူး။
အခုချိန်မှာ သတို့သားလည်း အလုပ်ရှုပ်နေမှာပေါ့။
ကျွန်မတို့က ရှင်းသန့် သူငယ်ချင်းတွေလေ။
ကိုယ့်သူငယ်ချင်းကို မင်္ဂလာမဆောင်ခင် တစ်ခါလေးတောင်
တွေ့ခွင့်မရှိဘူးလား။ "
ခင်ခင်ဇာက စကားတတ်သူပီပီ ချက်နဲ့လက်နဲ့ ပြောလိုက်လျှင်
အစောင့်နှစ်ယောက်မှာလည်း ခေါင်းတကုတ်ကုတ် ဖြစ်ကုန်ကြလေသည်။
"ခဏ ခဏပဲဆိုတာ သေချာလား။ "
"ဟုတ် သေချာတယ်ရှင့်။
ရှင်းသန့်မှာထားတဲ့ ပစ္စည်းပေးပြီး စကားနည်းနည်းပြောပြီးရင် ပြန်ထွက်လာမှာပါ။ "
"အင်း ... အဲ့ဒါဆို မိန်းကလေးတွေပဲ ဝင်သွားပါ။
ယောင်္ကျားလေးတွေ ဝင်လို့မရပါဘူး။ "
"ဗျာ ... ဘာလို့လဲ။
ကျွန်တော်တို့ကလည်း ရှင်းသန့် သူငယ်ချင်းတွေပဲလေ။ "
"မရလို့ပါ။
ယောင်္ကျားလေးတွေပါ ဝင်မယ်ဆိုရင် အာစရိကို သွားခေါ်မှာပါ။ "
"ကျစ် "
"ဟုတ် ဟုတ် ... အဲ့ဒါဆို ကျွန်မတို့မိန်းကလေးတွေပဲ ဝင်မယ်နော်။
ဟဲ့ နင်တို့က အပြင်မှာပဲ နေခဲ့တော့နော်။ "
"အင်း "
မျက်နှာရိပ်မျက်နှာကဲပြကာ မိန်းကလေးအဖွဲ့က အခန်းထဲသို့
ဝင်သွားလေသည်။
ထိုအခါ ယောင်္ကျားလေးအဖွဲ့က လူစောင့်တဲ့အနေနဲ့ ထိုအခန်းရှေ့မှာပဲ ရပ်စောင့်နေကြ၏။
သူမတို့ အခန်းထဲရောက်လျှင် ရှင်းသန့်က အကုန်လုံး ပြင်ဆင်ပြီးပြီဖြစ်ကာ မှန်တင်ခုံရှေ့တွင် တစ်ယောက်တည်းထိုင်နေလေ၏။
ဂါဝန်အဖြူကားကားကြီးအား ဝတ်ဆင်ထားကာ မျက်နှာကို ပဝါနှင့်
ဖုံးအုပ်ထားလေသည်။
"ရှင်းသန့် ရှင်းသန့် "
သုံးယောက်လုံး သူမဘေးတွင် ဝင်ရပ်လိုက်ကြသည်။
"နင်ဘာမှစိတ်မပူနဲ့သိလား။
ငါတို့ နင့်ကို လာခေါ်တာ အပြင်မှာ ကိုဩရထူး လည်းပါတယ်။
နင်အဲ့လူကြီးနဲ့ လက်မထပ်ရတော့ဘူးသိလား။ "
ခင်ခင်ဇာက အားတတ်တရောပြောလိုက်လျှင် သူမက ခေါင်းငြိမ့်ပြလေ၏။
"ငါဒီအခန်းကို သေချာလေ့လာထားပြီးပြီ။
ဒီအခန်းက toilet နဲ့တွဲထားတာ။
Toilet ထွက်ပေါက်က ဟိုဘက်မှာလည်းရှိတယ်။
အဲ့တာကြောင့် ငါတို့အလွယ်လေး လစ်ထွက်လို့ရတယ်။ "
"အချိန်တော့ သိပ်ဆွဲလို့မရဘူး။
အရှေ့က လူနှစ်ယောက်က ဝင်လာလိမ့်မယ်။ "
ခင်ခင်ဇာက တစ်ခွန်းပြီးတစ်ခွန်းပြောလိုက်လျှင် ရှင်းသန့်က
ခေါင်းသာငြိတ်ပြ၏။
"သွားကြစို့ သွားကြစို့ "
အေမီဇော်က ပြောလျှင် ခင်ခင်ဇာက အရင်ဆုံး အိမ်သာခန်းထဲသို့ဝင်ကာ လူအရိပ်အခြေကြည့်လေသည်။
သေချာရှင်းပြီဆိုမှ အခန်းထဲကျန်ခဲ့သူတွေကို
လက်ယက်ခေါ်လိုက်လျှင် ကျန်တဲ့နှစ်ယောက်က
ရှင်းသန့်ကိုခေါ်ကာ လိုက်၏။
လေးယောက်သား အိမ်သာရဲ့ တစ်ဖက်အပေါက်မှထွက်ကာ အပြင်သို့ရောက်အောင်အမြန်ပြေးလေသည်။
အပြင်ရောက်တာနှင့် ကားထဲမှ ဩရထူးက ကားပေါ်မှဆင်းလာကာ ကားတံခါးဖွင့်ပေးပြီး ရှင်းသန့်အားဝင်စေသည်။
"ကိုဩရထူး ညီမတို့သူငယ်ချင်းကို စိတ်ချမယ်နော်။"
"ဟုတ်ကဲ့ ... စိတ်ချပါဗျ "
"အဲ့ဒါဆို သွားကြတော့နော်။
ကိုရဲမာန်တို့က ဟိုမှာ အခန်းစီစဉ်ထားပြီးသားပဲ။
ညီမတို့က သူတို့ကိုခေါ်ပြီးမှ လိုက်ခဲ့တော့မယ်။ "
"ဟုတ်ကဲ့ တကယ် ကျေးဇူးတင်ပါတယ်နော် "
"ရပါတယ်။
ညီမတို့ကလည်း ညီမတို့သူငယ်ချင်းအတွက်လုပ်ပေးတာပဲ။
အမယ် မိန်းမ ဘာအသံမှကို မထွက်တော့ဘူးနော်။
ဘာလဲ ရှက်နေတာလား။ ဟီး ဟီး "
အခုထိ မျက်နှာပေါ်က ပဝါမချသေးပဲ စကားပါ တစ်ခွန်းမျှ
ဝင်မပြောသေးတဲ့ ရှင်းသန့်အား ခင်ခင်ဇာတို့က ဝိုင်းစကြလေ၏။
"ဟဲ့ ... စမနေတော့နဲ့။
သွားကြတော့လေ။ တော်ကြာ ဟိုလူကြီးသိသွားပြီး မိသွားဦးမယ်။ "
"အင်းအင်း ... ဟုတ်တယ်
အဲ့တာဆို ကျွန်တော်တို့ သွားတော့မယ် အကုန်လုံးကို တကယ်ကျေးဇူးတင်ပါတယ်ဗျ။ "
"ဟုတ်ကဲ့ အကို "
နှုတ်ဆက်ပြီးတာနှင် မာစီးတီးအဖြူရောင်ကားလေးအား
မောင်းထွက်သွားတော့သည်။
"ဟယ် ... ကြည့်စမ်း ရှင်းသန့်မက ငါတို့ကို နှုတ်တောင်ဆက်မသွားဘူး။ "
"သူလည်း အပျော်လွန်ပြီး ရှက်နေလို့နေမှာပေါ့ဟယ်။
ကိုရဲမာန်တို့ကို မက်ဆေ့အမြန်ပို့ဦး။
တော်ကြာ ဟိုလူကြီးက သိသွားပြီး သူတို့ကို ဆွဲစိထားလိုက်လိမ့်ဦးမယ် "
"အေးအေး ... ဟုတ်တယ် ဟုတ်တယ်။ "
____________
ကားလေးက မနှေးမမြန်အလျင်နဲ့ မောင်းနှင်နေပြီး ကားအတွင်းမှာတော့ တိတ်ဆိတ်နေလေသည်။
"အဟမ်း "
ထိုတိတ်ဆိတ်ခြင်းအား စတင်ဖြိုခွင်းလိုက်သူက ဩရထူးပဲဖြစ်လေသည်။
သူ့နံဘေးတွင် မလှုပ်မယှက်ထိုင်နေတဲ့ သူမအား စောင်းငဲ့ကြည့်လိုက်ကာ ...
"ရှင်းသန့် အဲ့ပဝါကြီးက မပူဘူးလားဟင်။
ဖြုတ်လိုက်ပါလား။ "
ပဝါပါးမဟုတ်ပဲ ပဝါက အထူဖြစ်၏။
မင်္ဂလာခန်းမထဲမှ ထွက်လာကတည်းက အခုထိ တစ်လမ်းလုံး ထိုအတိုင်းသာလိုက်လာပြီး အမြဲတမ်း သာလိကာလို စကားသိပ်များတဲ့ ကောင်မလေးက ဒီနေ့တော့ တိတ်ဆိတ်လို့နေလေ၏။
ရှက်နေတာဖြစ်မှပေါ့တွေးကာ သူပြုံးလိုက်မိသည်။
ပဝါဖြုတ်မလား မေးတာလည်း သူမက ခေါင်းရမ်းလာတာကြောင့် သူေခါင်းငြိမ့်ကာ ဒီအတိုင်းသာ ငြိမ်နေလိုက်သည်။
ပြောရမယ်ဆို သူလည်း ရင်တွေခုန်နေတာပါ။
အပိုင်း (၈) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)