"ဆွတ်ရိန်နော် ... ကရှာ(သား) ဆွတ်ရိန်နော် "
ခြံထဲမရောက်ခင်ကတည်းက အော်လာတဲ့ ဒေါ်ဘောက်နူးအသံကြောင့် ဆွတ်ရိန်နော် သူ့အမေ ရောက်လာပြီဆိုတာ သိလိုက်ကာ
မှုံ့ကို 'ဘာမှမဖြစ်ဘူး' ဆိုတဲ့မျက်ရိပ်ပြလိုက်ပြီး အခန်းထဲမှ
ထွက်ခဲ့လိုက်သည်။
သားဖြစ်သူကို မြင်လိုက်သည်နှင့် ဒေါ်ဘောက်နူးက အနားသို့ အပြေးရောက်လာပြီး ဆွတ်ရိန်နော့် ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ဟိုကြည့်ဒီကြည့် လုပ်တော့သည်။
"သားလေး ... ဘာမှမဖြစ်ဘူးမလား။
ဘယ်နားထိသွားသေးလဲ ... ငါ့မှာ သတင်းကြားကြားချင်း
လန့်သွားတာပဲ။ "
"ကျွန်တော် ဘာမှမဖြစ်ပါဘူး အမေရဲ့ "
ဆွတ်ရိန်နော်က သူ့အမေ့လက်ကို ဖြုတ်ချရင်း တည်ငြိမ်စွာ ဖြေလိုက်၏။
သူ့သား ဘာမှမဖြစ်တာကို မြင်လိုက်ရမှ ဒေါ်ဘောက်နူး၏ စိုးရိမ်စိတ်များ လျော့ကျသွားပြီး ထိုနေရာတွင် ဒေါသများက အစားထိုး ဝင်ရောက်လာပြန်သည်။
"တော်ပါသေးရဲ့ ... ဘုရားမလို့။
ဒါပေမယ့် ဒီကိစ္စ ဒီလောက်နဲ့ မပြီးဘူး။
ဘယ်မှာလဲ ... ဟိုကောင်မ ဘယ်မှာလဲ။"
"ငါ ပြောသားပဲ ...သူက နင့်ကို သေတွင်းပို့နေတာပါလို့။
အခု ငါ့သား သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရပြီ။
ဒီတစ်ခါတော့ ငါ သည်းမခံနိုင်တော့ဘူး ...
နင့်ကို သွေးဆောင်ပြီး ဒုက္ခပေးနေတဲ့ အဲ့ဒီမိန်းမကို ဆွဲချပြီး ပါးရိုက်မှ ကျေနပ်မယ်။"
ဒေါ်ဘောက်နူးက အိပ်ခန်းဘက်သို့ ခြေလှမ်းပြင်လိုက်လျှင်
ဆွတ်ရိန်နော်က ရှေ့မှ ပိတ်ရပ်လိုက်၏။
"အမေ ... မလုပ်နဲ့နော် "
"ဖယ်စမ်း ဆွတ်ရိန်နော် ...နင် သူ့ကို ကာကွယ်မနေနဲ့။
ငါ့သားကို သတ်ဖို့ကြံတဲ့ မိန်းမ"
"အမေ ... ဘယ်လိုဖြစ်နေတာလဲ။
ကျွန်တော် ဘာမှမဖြစ်ဘဲ အိမ်ပြန်ရောက်နေပြီလေ။
ဘာလို့ မှုံလေးကိုပဲ အပြစ်တင်ချင်နေရတာလဲ။ "
ဆွတ်ရိန်နော်၏ အသံဩဩကြီးက အိမ်ကလေးထဲတွင် ဟိန်းထွက်သွားတော့ ဒေါ်ဘောက်နူး ခြေလှမ်းများ တုန့်ခနဲ ရပ်သွား၏။
"အမေ အဲ့ဒီလို အော်ဟစ်နေရင် ... အမေ့မြေးလေး လန့်သွားလိမ့်မယ်။"
"ဘာ ... "
ဒေါ်ဘောက်နူး မျက်လုံးများ ပြူးကျယ်သွားကာ ပါးစပ်အဟောင်းသားဖြင့် သားဖြစ်သူကို မယုံနိုင်စွာ မော့ကြည့်လိုက်သည်။
"နင် ... နင် ဘာပြောလိုက်တာလဲ။"
"မှုံလေးမှာ ကိုယ်ဝန်ရှိနေပြီ အမေ ... ခြောက်ပတ်ရှိပြီတဲ့။
ခုနကပဲ ဆေးရုံကနေ သိခဲ့ရတာ။ "
ဆွတ်ရိန်နော်၏ စကားအဆုံးတွင် ဒေါ်ဘောက်နူးရဲ့ ဒေါသကြောင့် နီမြန်းနေသော မျက်နှာက တဖြည်းဖြည်း ပြေလျော့သွားကယ အံ့သြမှုနှင့် ဝမ်းသာမှု အရိပ်အယောင်များ ဖြတ်သန်းသွားတော့သည်။
"ကိုယ် ... ကိုယ်ဝန် ... တကယ်လား သား။
ငါ ... ငါ အဘွားဖြစ်တော့မှာလား။"
"ဟုတ်တယ် အမေ ... အမေ အဘွားဖြစ်တော့မယ်။
ဒါပေမယ့် ဆရာဝန်က မှာလိုက်တယ်။ ကိုယ်ဝန်နုစဉ်ကာလမို့ စိတ်ဖိစီးတာ စိတ်လှုပ်ရှားတာတွေ လုံးဝ မဖြစ်စေရဘူးတဲ့။
အခုတောင် မြေစာပုံပြိုတဲ့သတင်းကြားပြီး သူ မေ့လဲသွားလို့ ကလေးတောင် ထိခိုက်မလို ဖြစ်သွားသေးတယ်။"
"..."
"အဲ့ဒါကြောင့် ... အမေ ကျွန်တော့်မိန်းမကို ဆူဖို့လာတာဆိုရင် ပြန်လိုက်ပါတော့။ အမေ အော်လိုက်လို့ သူ စိတ်ထိခိုက်ပြီး တခုခုဖြစ်သွားရင် ... အမေ့မြေးလေးကိုပါ ထိခိုက်လိမ့်မယ်။"
"အင်း ... "
မှုံနံ့သာကို မုန်းသော်လည်း မြေးကလေးကိုတော့ သူမ မငြင်းပယ်နိုင်။
ဒေါ်ဘောက်နူးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ...
"ငါ ... ငါ သူ့ကို ဆူဖို့လာတာ မဟုတ်ပါဘူး။ နင့်ကို စိတ်ပူလို့ လာကြည့်တာပါ။"
သူမ လေသံက သိသိသာသာ ပျော့ပြောင်းသွားကာ အိပ်ခန်းဝသို့ မျှော်ကြည့်လိုက်သည်။
"ကလေး ... ကလေးက ကျန်းမာရဲ့လား။"
"ကျန်းမာပါတယ် ... အနားယူလိုက်ရင် သက်သာသွားမှာပါ။"
"အေး ... အေးလေ ... ဒါဆိုလည်း ပြီးတာပါပဲ။
နင်လည်း ဂရုစိုက်ပေါ့ ... ငါ ပြန်လိုက်ဦးမယ်။"
ဒေါ်ဘောက်နူး ထပြန်ရန် ပြင်လိုက်ပြီးမှ သတိရသွားကာ
ေ-ဘာ်လီ အိတ်ကပ်ထဲမှ ပိုက်ဆံထုတ်လိုက်ပြီး ...
"ရော့ ... ဒီမှာ။ နေမကောင်းဖြစ်နေရင် ဆေးဖိုးဝါးခ သုံးဖို့။
ငါ့မြေးအတွက် ပေးတာနော်။ ကောင်းကောင်းစား ကောင်းကောင်းနေခိုင်းလိုက်။"
"အာ ... တော်ပါပြီ ... ကျွန်တော်တို့မှာလည်း ရှိပါတယ်ဗျ "
"အမယ်လေး ...အရေးထဲ မာနက လာကြီးနေသေး။
နေပေါ့တော် ... လိုတာရှိရင် လာပြောကြားလား။
မလိုတဲ့မာနတွေ ထားမနေနဲ့ "
"ဟုတ်ကဲ့ "
"ပြန်တော့မယ် ဂရုစိုက်လိုက်ဦး "
"ဟုတ် "
ဒေါ်ဘောက်နူး ခြံထဲကနေ ထွက်သွားသည်နှင့် ဆွတ်ရိန်နော် ပြုံးလိုက်မိသည်။ သူ အိမ်ထဲသို့ ပြန်ဝင်လာတော့ မှုံနံ့သာက ကုတင်ပေါ်တွင် ထိုင်လျက် သူ့ကို စိုးရိမ်တကြီး ကြည့်နေလေသည်။
"အကို့ အမေ ပြန်သွားပြီလား ... မှုံ့ကို ဘာတွေပြောသွားသေးလဲဟင် "
"ဘာမှမပြောပါဘူးကွာ ... သူမြေးလေးရတော့မယ်လို့ ပြောလိုက်တာနဲ့ ပိုက်ဆံတွေတောင် ထုတ်ပေးနေသေးတယ်။
ကိုယ် မယူထားလိုက်တာ ... မှုံလေးကိုလည်း ဂရုစိုက်လိုက်ဦးတဲ့။ "
"ဟုတ်လား ... တော်ပါသေးရဲ့။ ""
"အဟွန်း ... ဘာမှ စိတ်မပူပါနဲ့ကွာ။
ကိုယ့်မိန်းမလေးကို ဘယ်သူမှ ဘာမျှ မပြောစေရဘူး။
ကိုယ်က အပြည့်အဝ ကာကွယ်ပေးမှာ စိတ်ချ "
"ဟုတ် "
________________
ကိုယ်ဝန် စရှိကတည်းက အကိုက မှုံ့ကို ဘာမျှမလုပ်ခိုင်းတော့ပေ။
ဈေးရောင်းလည်းမထွက်ခိုင်းတော့သလို အခင်းဘက်ဆို ခြေဦးတောင် အလှည့်မခံတော့ပေ။
အခင်းကို ရေလောင်း ပေါင်းသင်အပြင် ရောင်းတာကအစ သူပဲ အကုန်လုပ်ပြီး ပိုက်ဆံကျမှ မှုံ့ကိုအပ်လေသည်။
အခုဆို အကိုက မှုံ့ထက်ဈေးရောင်းတာ တော်သွားသည်။
အခင်းကထွက်တဲ့ အသီးအနှံအကုန်ကုန်အောင် ဖောက်သည်ယူတဲ့သူတွေကို သူတို့လိုချင်တဲ့ အသီးအနှံကို ဝယ်ချင်ရင် မလိုချင်တဲ့ အသီးအနှံတွေပါ တွဲယူခိုင်း၏။
မှုံတို့အခင်းကလည်း အသီးအနှံတွေ တအားကောင်းကာ ဈေးကလည်း သူများတွေထက် လျှော့ပေးတော့ သူတို့လည်း မယူပဲ မနေကြပေ။
အကိုက ကျောက်မရှာတော့ပဲ အပိုဝင်ငွေလေးရအောင်ဆိုပြီး ကျောက်ပွဲစားလုပ်လေသည်။
တစ်ခါတလေကျလည်း သူကိုယ်တိုင်ဝယ်ရောင်းလုပ်၏။
ဒီက ကျောက်တွေဝယ်ပြီး မန္တလေးက သူ့ဦးလေးဆီပြန်ရောင်းကာ
ကျောက်ကောင်းရင် ကောင်းသလို၊ကျောက်ဈေးကွက်ပေါ် မူတည်ပြီး အမြတ်ကျန်သည်။
အိမ်မှာလည်း ထမင်း ဟင်းကအစ သူပဲချက်ကာ မှုံချက်မယ်ပြောလည်းမရပဲ ဘာတွေထည့်ရမလဲ ဘယ်လိုလုပ်ရမလဲဆိုတာ မှုံ့ကိုမေးပြီး မချက်တတ်၊ချက်တတ်နှင့် သူကိုယ်တိုင် ချက်လေသည်။
ဒါ့အပြင် မှုံ့အဝတ်တွေပါ လျှော်ပေးဖို့လုပ်ရာ မှုံက မနည်းတားထားလို့ပင်။
ဒါတောင် လင်မယားနှစ်ယောက် ရေချိုးဆုံလျှင် တားမရပဲ ရအောင် လျှော်ပေးလေသည်။
မှုံတို့အခင်းလေးက အခင်းဖိုး ပိုက်ဆံကျေသွားပြီဖြစ်ကာ ရေက သူများအိမ်သွားခပ်ရတာ အခက်အခဲဖြစ်တာကြောင့် အိမ်မှာ ရေတွင်းအသေးစားလေးတူးလိုက်ကြ၏။
ကံေကာင်းသည်က ရေကျောမိတော့ သိပ်အနက်ကြီးထိမတူးလိုက်ရပဲ ပိုက်ဆံအများကြီးမကုန်လိုက်ပါ။
ကိုယ့်ရေတွင်းနှင့်ကိုယ်ဆိုတော့ တော်တော် အဆင်ပြေသွားသည်။
________________
"အမေ ... "
ဆွတ်ရိန်နော်က မှုံနံ့သာအတွက် အသီးစိတ် ပေးနေရင်း ခြံထဲဝင်လာတဲ့ မိခင်ဖြစ်သူကို မြင်လိုက်ရတာကြောင့် ပန်းကန်ကို ချပြီး ထရပ်လိုက်သည်။
မှုံနံ့သာလည်း အားယူပြီး ထရပ်လိုက်သော်လည်း ဒေါ်ဘောက်နူးရဲ့မျက်နှာထားကို မြင်ရသည်နှင့် ရင်ထဲတွင် လှပ်ခနဲ။
"အမေ ... ဘာကိစ္စရှိလို့လဲ။"
"နင်တို့ လင်မယား နှစ်ယောက်လုံး အဝတ်အစားလဲကြ။
အခု ငါ့အိမ်ကို လိုက်ခဲ့။"
"ဗျာ ... ဘာလို့လဲ။ "
"ဗိုက်ထဲက ငါ့မြေးလေးအတွက် ဆုတောင်းပွဲ လုပ်ပေးချင်လို့ လာခေါ်တာ။ အိမ်မှာ နင့်အဖေက သင်းအုပ်ဆရာကိုတောင် ဖိတ်ထားပြီးပြီ။"
"ဗျာ ... "
"ဘာရပ်ကြည့်နေတာလဲ ... မြန်မြန်လုပ်ကြ။
ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာ ယူရမှာ။
ငါ့မြေးအတွက် ငါစီစဉ်တာကို ငြင်းဖို့ မစဉ်းစားနဲ့။"
"ဟုတ် ... ဟုတ်ကဲ့ လာ မှုံလေး အဝတ်အစားလဲရအောင် "
"ဟုတ် "
ဆွတ်ရိန်နော်က သူ့မိန်းမလက်ကိုတွဲကာ အိမ်ထဲသို့ဝင်သွားလျှင်
ဒေါ်ဘောက်နူးက ကွပ်ပျစ်မှာ ထိုင်စောင့်လိုက်၏။
________________
ဧည့်ခန်းကျယ်ကြီးထဲတွင် မိသားစုဝင်များ စုံလင်စွာ ရှိနေကြကာ
ရွာထဲက ဧည့်သည်တွေလည်း အများအပြားဖြစ်နေ၏။
ဆွတ်ရိန်နော်နှင့် မှုံနံ့သာတို့ ဝင်လာသည်နှင့် ဦးဆွတ်ဆိုင်းအောင်က ပြုံးရွှင်စွာ ဆီးကြိုလေသည်။
"လာ ... သမီး ဒီမှာ လာထိုင်။"
"ဟုတ်ကဲ့ "
"ကဲ ... အားလုံးစုံပြီဆိုတော့ ကိုယ်ဝန်ဆောင် မိခင်နဲ့ ရင်သွေးလေးအတွက် ဆုတောင်းပေးကြစို့။"
သင်းအုပ်ဆရာကြီးရဲ့ စကားအဆုံးတွင် အားလုံးက မျက်လွှာချ၊ လက်အုပ်ချီကာ ငြိမ်သက်လိုက်ကြသည်။
မှုံကတော့ ဗုဒ္ဓဘာသာဖြစ်တာကြောင့် ဒီအတိုင်းငြိမ်သက်နေလိုက်၏။
ဘာသာမတူလည်း သူမသားလေးအတွက်ပဲမို့ သဘောကျနေမိကာ
သူမက ဘာသာရေးခွဲခြားတာမျိုးလည်း မရှိပါ။
"အို ... ထာဝရဘုရားသခင် ... ဤမိသားစု၌ တိုးပွားလာမည့် မျိုးဆက်သစ် ကလေးငယ်အား ကိုယ်တော်ရှင် စောင့်ရှောက်တော်မူပါ။ မိခင်ရော ကလေးပါ ဘေးအန္တရာယ်ကင်းရှင်းပြီး အားထားရသော သားကောင်းရတနာ ဖြစ်လာပါစေသား။"
ဆုတောင်းသံအဆုံးတွင် အားလုံးက "အာမင်" ဟု တညီတညွတ်တည်း ဆိုလိုက်ကြသည်။
ဒေါ်ဘောက်နူးက မှုံနံ့သာ ကိုယ်ဝန်စရှိကတည်းက အရင်လိုကြီး
မှုံနံ့သာ့အပေါ် ခါးခါးသီးသီးအဖြစ်တော့ပေ။
ဆွတ်ရိန်နော်နဲ့ မှုံနံ့သာကလည်း ထိုအခြေအနေလေး ရောက်လာတာကိုပဲ ဝမ်းသာလို့မဆုံးဖြစ်နေကြ၏။
ဆွတ်ရိန်နော်က သူကိုယ်တိူင်လည်း မိဘနေရာကို ရောက်ရတော့မှာမို့ အရင်လို မိဘကို ကလန်ကဆန်လည်းသိပ်မလုပ်တော့ပါ။
ဆုတောင်းပွဲပြီးတော့ အားလုံး စားသောက်ကြပြီး ဧည့်သည်တွေပြန်သွားကြကာ နောက်ဆုံး မိသားစုဝင်တွေသာ ကျန်ခဲ့ကြတော့သည်။
"ကဲ ... ဒီနေ့တော့ မိသားစုတွေ စုံတုန်း ဘယ်သူမှ အိမ်မပြန်ကြတော့နဲ့ ဒီမှာပဲ ညအိပ်လိုက်ကြတော့။ "
"ဟင် "
ဆွတ်ရိန်နော်ထံမှ အသံထွက်လာကာ ကျန်တဲ့သူတွေကတော့
ဒေါ်ဘောက်နူးစကားအား ခေါင်းညိတ်လိုက်ကြသည်။
"ဟင် မနေနဲ့ ... မိဘအိမ် နေကောင်းပါတယ်ဟဲ့။
နင်တို့လင်မယားက အရင်က နင့်အခန်းမှာအိပ်လိုက်။
ဆိုင်းပန်တို့ လင်မယားကလည်း အရင်က ဆိုင်းပန် အခန်းမှာပဲ
အိပ်လိုက် "
"ဟုတ်ကဲ့ပါ အမေ "
ဆွတ်ဆိုင်းပန်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်ပေမယ့် ဆွတ်ရိန်နာ်ကတော့ သူ့မိန်းမအား လှမ်းကြည့်ကာ 'ဘယ်လိုလဲ ... နေချင်ရဲ့လား'ဆိုပြီး မျက်နှာရိပ်မျက်နှာကဲ လုပ်ပြလေသည်။
မှုံနံ့သာက ခေါင်းပြန်ညိတ်ပြတော့မှ ဆွတ်ရိန်နော်ကလည်း ခေါင်းညိတ်လိုက်၏။
ဒေါ်ဘောပ်နူးကလည်း ဆွတ်ရိန်နော်ရဲ့ ကဲသည်းနေပုံကိုကြည့်ပြီး နှုတ်ခမ်းကိုမဲ့လိုက်သည်။
'သူ့မယားကို ဘယ်သူက ဘာလုပ်မှာကျနေတာပဲ။ '
အပိုင်း (၇၀) ဆက်ရန် ...(၇၀လည်း မပြီးနိုင်သေးဘူး။
အရစ်ရှည်ပြန်ဦးမယ် ... သည်းခံဦးနော် 😬)
Author -Anna Lynn
အခန်းမှတ်ချက်များ (0)