"လာ ... ဟိုဘက်ကို ကူးရအောင် "
နူးညံ့ပြီး ခိုင်မာတဲ့ အကို့ရဲ့ ခေါ်သံအဆုံးမှာ "ဟုတ်" ဟုသာ တိုးတိုးလေး ဖြေရင်း ထိုင်နေရာမှ ထလိုက်သည်။
အကိုက သဘောကျစွာဖြင့် မှုံ့လက်ကို လှမ်းတွဲကာ လက်ချင်းချိတ်လိုက်တော့ နွေးထွေးမှုတစ်ခုက လက်ဖျားမှတဆင့် နှလုံးသားဆီသို့ စီးဝင်သွားသလိုပင်။ သူတို့နှစ်ယောက် လက်ချင်းချိတ်လျက် စက်လှေတွေ တန်းစီဆိုက်ကပ်ထားရာ အင်းစပ်ဆီသို့ လျှောက်လှမ်းလာခဲ့ကြ၏။
အင်းစပ်တွင်တော့ လေတိုးသံ၊ ရေပုတ်သံတို့နှင့်အတူ စက်လှေနောက်လိုက်များ၏ အော်ဟစ်ဈေးခေါ်သံများက ဆူညံပွက်လောရိုက်နေသည်။
"၂၀၀... ၂၀၀ ဟိုဘက်ကမ်းကို ကူးချင်ရင် ၂၀၀ပဲနော်။
လူပြည့်တော့မှာ ထွက်တော့မှာနော် ... အမြန်လာထား။ "
စက်လှေနောက်လိုက်တွေက သူတို့စက်လှေပေါ် လူပြည့်ဖို့အရေး သူ့ထက်ငါ အပြိုင်အဆိုင် အော်ဟစ်နေကြကာ သူတို့စက်လှေပေါ်သို့ လူတွေကိုလည်း အမိအရလှမ်းခေါ်ပြီး သူတို့နှစ်ယောက်ကို မြင်သည်နှင့် တက်ကြွစွာ လှမ်းခေါ်ကြပြန်သည်။
"ဟို အရှေ့က ငါ့ညီတို့လင်မယား ... ဟိုဘက်ကမ်း ကူးမလို့လား။
လာ လာ အကိုတို့စက်လှေပေါ်တက် ခဏနေ လူပြည့်ရင် ထွက်တော့မှာ နည်းနည်းပဲလိုတော့တာ။ "
မှုံတို့နှစ်ယောက်ကို လှမ်းကြည့်ကာ ပြောလိုက်တဲ့စကားကြောင့် မှုံ့ခြေလှမ်းတွေ ရပ်တန့်လုမတတ် ဖြစ်သွားရသည်။ 'လင်မယား' တဲ့။ သူတို့ကတော့ မသိလို့ ပြောလိုက်သည့် သာမန်စကားဆိုပေမယ့် မှုံ့မှာတော့ မျက်နှာတစ်ပြင်လုံး ဖျင်းခနဲ ပူနွေးသွားပြီး ရင်တွေပါ ဒိန်းခနဲ ခုန်လှုပ်သွားရသည်။ ရှက်ရွံ့စိတ်ဖြင့် ဘေးနားက အကို့ကို မဝံ့မရဲလေး မော့ကြည့်လိုက်မိလျှင် အကိုကတော့ မှုံ့ရဲ့ ရှက်နေတဲ့ ပုံစံလေးကို ကြည့်ပြီး သဘောကျစွာ ပြုံးနေလေရဲ့။ အကို့အပြုံးကို မြင်တော့ မှုံ့ပါးပြင်တွေ ပိုလို့တောင် ရဲတက်သွားရတော့သည်။
"စက်လှေက အကြီးလား အသေးလားဗျ "
"အကြီး ငါ့ညီ ဟိုမှာလေ လူပြည့်ခါနီးပြီ ထွက်တော့မှာ။ "
"အဲ့တာဆို တော်ပြီ အကို ... ကျွန်တော်တို့ အသေးနဲ့ပဲ လိုက်တော့မယ်။ "
"ဟာ ... ငါ့ညီကလည်း လိုက်ခဲ့ပါကွ ... လူပြည့်ခါနီးပြီမို့ပါကွာ။
အသေးဆို ငါ့ညီတို့ ဈေးလည်းပိုပေးရမှာ ... အကိုတို့စက်လှေကြီးတွေက တစ်ယောက်ကို ၂၀၀ပဲ။ "
စက်လှေနောက်လိုက်ကြီးက မရမက ဆွယ်နေသော်လည်း အကိုကတော့ ပြတ်သားစွာပင် ခေါင်းခါလိုက်သည်။
"ဆောရီးပါဗျာ ... အသေးနဲ့ပဲလိုက်တော့မယ်။
လာ ... မှုံလေး "
အကိုက စကားကိုဖြတ်ကာ မှုံ့လက်ကို ဆွဲပြီး စက်လှေအသေးလေးတွေ ဆိုက်ကပ်ထားရာဘက်သို့ ဦးတည်လိုက်သည်။ ထိုအခါ ခုနက အခေါ်အဝေါ်ကြောင့် မကျေမနပ်ဖြစ်ကာ မျက်နှာပျက်နေရှာသည့် ထိုအစ်ကိုကြီးအား မှုံ့မှာ အားနာစိတ်ဖြင့် ခပ်မြန်မြန်ပင် လိုက်ပါလာခဲ့ရသည်။
စက်လှေအကြီးတွေက တစ်ယောက်နှစ်ရာဆိုပေမယ့် စက်လှေအသေးက တစ်ယောက်ကို ငါးရာတောင် ပေးရသည်။ သို့သော် အကိုကတော့ သူ့ဟာသူ ပိုက်ဆံရှင်းပြီး မှုံတို့နှစ်ယောက် စက်လှေပေါ် တက်ထိုင်လိုက်ကြသည်။ စက်လှေအသေး ဖြစ်သည့်အတွက် လူတွေရှုပ်မနေဘဲ တိတ်ဆိတ်အေးချမ်းသလိုလူစုံဖို့လည်း သိပ်စောင့်စရာမလိုဘဲ မှုံတို့တက်ပြီးတာနှင့် ခဏလောက်နေတော့ ဒီဘက်ကနေ လှမ်းမြင်နေရတဲ့ မုဆိုးမရွာဘက်သို့ စပြီး ထွက်လာတော့သည်။
စက်လှေစက်သံ တဝုန်းဝုန်းနှင့်အတူ လှေဦးထိပ်မှ ခွဲထွက်သွားသော ရေလှိုင်းဖြူဖြူတို့က ဘေးတစ်ဖက်စီသို့ ဖြာထွက်သွားသည်။ အဝေးမှ လှမ်းမြင်နေရသော မုဆိုးမရွာဘက်သို့ ဦးတည်မောင်းနှင်လာစဉ် အင်းရေပြင်ထက်မှ လေပြင်းတို့က တဟူးဟူး တိုက်ခတ်လာရာ လေအရှိန်ကြောင့် မှုံ့ဆံနွယ်တွေက မျက်နှာပေါ်သို့ ဖရိုဖရဲ လွင့်ပျံလာ၏။
အမှိုက်သရိုက် ကင်းစင်လွန်းတဲ့ ရေပြင်ကျယ်ကြီးက ပြာလဲ့နေပြီး ရှူရှိုက်လိုက်တိုင်း လတ်ဆတ်သော လေကောင်းလေသန့်တို့က ရင်ထဲထိ အေးမြသွားစေသည်။
သို့သော် ရေပြင်ကျယ်အလယ် ရောက်လာသည်နှင့်အမျှ လေအေးတို့က ပိုမိုစိမ့်ဝင်လာကာမှုံ အေးလွန်းလို့ လက်မောင်းလေး ပိုက်ထားမိချိန်မှာပဲ အကို့လက်အစုံက မှုံ့ပခုံးလေးကို သိုင်းဖက်ကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ရာ အကို့ကိုယ်ငွေ့နွေးနွေးက အေးစိမ့်နေသော ခန္ဓာကိုယ်ကို လွှမ်းခြုံသွားစေသည်။
ပထမတော့ လူမြင်ကွင်းမို့ မှုံ တွန့်သွားမိပေမယ့် ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ မှုံတို့လို စက်လှေပေါ်က တခြားချစ်သူစုံတွဲတွေကလည်း အချင်းချင်း ဖက်ကာ ကြည်နူးနေကြသည်ကို တွေ့လိုက်ရတာကြောင့် မှုံဘာမျှ ပြန်မပြောတော့ဘဲ လုံခြုံနွေးထွေးလှတဲ့ အကို့ရင်ခွင်ထဲမှာပဲ ငြိမ်သက်စွာ မှီတွယ်လိုက်တော့သည်။
ကောင်းကင်ပြာပြာအောက်တွင် စက်လှေဘေးနား ပတ်ပတ်လည်၌ စင်ယော်ငှက်ဖြူလေးများက အုပ်စုလိုက် ဝဲပျံနေကြရာ သဘာဝတရားကြီးက ပန်းချီကားတစ်ချပ်လို လှပကာ မြတ်နိုးဖွယ်အတိ။
"စင်ယော်စာတွေရတယ်နော် ... စင်ယော်လေးတွေအစာကျွေးချင်ရင် ပေါက်ပေါက်လေးတွေ တစ်ခြင်းမှ ၅၀၀ပဲနော်။ "
လေထဲတွင် လွင့်ပျံလာသော ဈေးသည်၏ အသံကြောင့် အကို့ရင်ခွင်ထဲမှ မှုံ့မျက်လုံးအစုံ အရောင်လက်သွားကာ အသံလာရာသို့ လှမ်းကြည့်ပြီး ထိုကောင်လေးကို လှမ်းခေါ်လိုက်သည်။
"မောင်လေး ... အမကို ပေါက်ပေါက်တစ်ခြင်းလောက် "
"ဟုတ် ... ရမယ် မမချော။ "
စက်လှေပေါ်နေသားကျနေပုံရတဲ့ကောင်လေးကအရှိန်ဖြင့် မောင်းနှင်နေသော စက်လှေများပေါ်တွင် ကျွမ်းကျင်စွာ ကူးသန်းသွားလာနေကာ ကောင်လေးက မှုံ့အနားသို့ ချက်ချင်းပင် ရောက်လာပြီး ပေါက်ပေါက်တစ်ခြင်း လှမ်းပေးလေသည်။ မှုံလည်း လှမ်းယူကာ ပိုက်ဆံအိတ်ကို ဖွင့်ဖို့ ပြင်လိုက်စဉ်မှာပင် အကိုက သူ့အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ဆံကို အရင်ထုတ်ကာ လှမ်းပေးလိုက်၏။
"ရပါတယ် ... မှုံပေးလိုက်မယ်။ "
မှုံက ပြောလိုက်သော်လည်း ပေါက်ပေါက်သည်ကောင်လေးကတော့ အကိုပေးတဲ့ ပိုက်ဆံကိုယူပြီး တခြားသူတွေဆီ လိုက်ရောင်းဖို့ တစ်ဖက်သို့ ရောက်ရှိသွားလေပြီ။
"ကိုယ်ပေးလိုက်ပြီ။ "
"အကိုကလည်း ... ရော့ မှုံ့ပိုက်ဆံပြန်ယူ ... စက်လှေခလည်း အကိုပဲ ပေးထားတာကို "
မှုံက ငါးရာတန်လေးတစ်ရွက်ကို ကမ်းပေးတော့ အကိုက မျက်ခုံးပင့်ကာ ကြည့်၍ ...
"ကိုယ်တို့က အဲ့လိုတွက်ရမယ့် လူတွေလား။ "
"ဟင် ... အဲ့လိုတော့ မဟုတ် "
"အဲ့တာဆို မပြောနဲ့တော့ ...ဟိုမှာ စင်ယော်တွေ အစာကျွေးလိုက်တော့"
"ဟုတ် "
မှုံ ဘာမျှပြန်မပြောတော့ဘဲ ပြုံးလိုက်မိသည်။ ခြင်းလေးမှာ စက္ကူပတ်ကာ အလုံပိတ်ထားတဲ့ ပေါက်ပေါက်ခြင်းကို ဖွင့်လိုက်ပြီး လေထဲမှာ ပျံဝဲနေတဲ့ စင်ယော်လေးတွေဆီသို့ အစာတွေ လှမ်းပတ်ကာ ကျွေးလိုက်၏။
"ဝေါ" ခနဲ လေအဝှေ့မှာ ပေါက်ပေါက်ပွင့်ဖြူဖြူလေးတွေက ရေပြင်စိမ်းစိမ်းပေါ်သို့ ဖွေးခနဲ ကျသွားေလသည်။ ထိုအခါ စင်ယော်ငှက်ဖြူလေးတွေက ပျံဝဲနေရာမှ ထိုးဆင်းလာကာ ပေါက်ပေါက်တွေကို အလုအယက် ကောက်စားကြတာ အအုံလိုက် အကျင်းလိုက်ပင်။ ဖြူလွလွ ငှက်ကလေးများနှင့် အစိမ်းရောင်ရေပြင်၊ ကြည်လင်သော ကောင်းကင်တို့ ပေါင်းစပ်ထားသော မြင်ကွင်းက လှပလွန်းလှသည်။
ထိုစဉ် မှုံတို့စက်လှေနှင့် တစ်ဖက်မှလာသော စက်လှေတို့ ဘေးချင်းယှဉ်မိသွားလျှင် စက်လှေနှစ်စင်းပေါ်မှ လူတွေအားလုံးက အလိုအလျောက်ပင် လက်တွေဝှေ့ယမ်းပြကာ ...
"ဟေး ..." ဟု ပျော်ရွှင်စွာ အော်ဟစ်နှုတ်ဆက်လိုက်ကြသည့် အသံများက ရေပြင်ကျယ်ထက် ပဲ့တင်ထပ်သွားပြန်သည်။ စိတ်ကြည်နူးမှု၊ ပေါ့ပါးလွတ်လပ်မှုနှင့် ပျော်ရွှင်မှု အတိကို ပေးစွမ်းနေသည့် အခိုက်အတန့်လေးပင်။
ခဏအကြာမှာတော့ ဦးတည်ရာ မုဆိုးမရွာဘက်သို့ ဆိုက်ရောက်လာကြတော့သည်။ ရောက်ရောက်ချင်းမှာပင် မှုံက မုဆိုးမဘုရားကို ဦးစွာ ဝင်ဖူးလိုက်သည်။ ဆွတ်ရိန်နော်ကတော့ ဘာသာမတူသူမို့ ဘုရားရှိခိုးခြင်း မပြုသော်လည်း မှုံ့ဘေးနားမှာ ပါရမီဖြည့်ဘက်အဖြစ် တိတ်ဆိတ်စွာ လိုက်ပါစောင့်ရှောက်ပေး၏။
သူက ဘာသာရေးအစွဲအလမ်း မရှိသူ ဘာသာမဲ့လို ဖြစ်နေသူမို့ မှုံ့ကို နားလည်မှုအပြည့်ဖြင့် စောင့်ဆိုင်းပေးရှာသည်။
မှုံဘုရားရှိခိုးပြီးတော့ မှုံ့ကို ပြုံးပြုံးကြီး ထိုင်ကြည့်နေတဲ့ အကို့ကို ပြန်လည်ပြုံးပြလိုက်ရင်း...
"လာ အကို ... အကို ဒီကို တစ်ခါမှ မရောက်ဖူးသေးဘူးမလား။ "
"အင်း "
"မှုံ ... အကို့ကို ပြစရာရှိတယ်။ "
"အွန်း "
မှုံက ရှေ့ကဦးဆောင်ကာ ခေါ်သွားတော့ အကိုက ကလေးလေးတစ်ယောက်လို အနောက်ကနေ တကောက်ကောက် ပါလာပြန်သည်။
"ဒီမှာ ... အဲ့တာ ဘာတွေလဲ သိလား။ "
ကျောက်ဆိုင်ကြီးတစ်ခုပေါ်တွင် ချိုင့်ဝင်နေသော ခြေရာကြီးများကို လက်ညှိုးထိုးပြရင်း မေးလိုက်လျှင် ဆွတ်ရိန်နော်က ခေါင်းယမ်းပြကာ ...
"ဟင့်အင်း ... ဘာတွေလဲ "
"မုဆိုးမခြေရာနဲ့ ကျွဲခြေရာ "
မှုံက ပြောတော့ အကို့မျက်နှာမှာ နားမရှင်းတဲ့ အရိပ်အယောင်တွေ ယှက်သန်းသွားကာ မှုံ့အား နားမရှင်းစွာ ပြန်မေးချင်ပုံရတဲ့ အကြည့်တို့နှင့် ပြန်ကြည့်နေလေသည်။
"အကို ... အင်းတော်ကြီးဘုရားသမိုင်းကြားဖူးလား။ "
"ပါးစပ်ရာဇဝင်လို ကြားဖူးနားဝတော့ရှိတယ် ... သေချာတော့ မသိဘူး။ "
"အွန်း ... မှုံပြောပြမယ် နားထောင်မလား။ "
"အင်း ... နားထောင်မယ်လေ ပြောပြ "
အားတက်သရော ပြန်ဖြေလာတဲ့ အကို့ကြောင့် မှုံပြုံးလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
"လာ ... ဟိုနားမှာ သွားထိုင်ရအောင်။ "
အရိပ်အာဝါသ ကောင်းမွန်ပြီး အကိုင်းအခက်တွေ ဖြာထွက်နေတဲ့ သစ်ပင်ကြီးတစ်ပင်ကို လက်ညှိုးထိုးပြလိုက်လျှင် အကိုက ခေါင်းညိတ်ကာ ထိုအပင်အောက်က နေရာလွတ်လေးတွင် ဝင်ထိုင်လိုက်ကြသည်။ လေအေးအေးလေးက သစ်ရွက်တွေကို တိုးဝှေ့တိုက်ခတ်နေ၏။
"ပြောလေ ... မှုံလေး "
"ပြောပါမယ် အကိုရဲ့ ... မှုံလည်း ဂျီးပြောပြလို့သိတာ။
ဖြစ်ရပ်မှန် သမိုင်းကြောင်းဆိုပေမယ့် အခုတော့ တစ်ယောက်တမျိုး ပါးစပ်ရာဇဝင်လို ဖြစ်ကုန်ပြီ။
ဘယ်ဟာက အမှန်လဲတော့ မှုံလည်း မသိတော့ဘူး။
ဂျီးပြောပြတဲ့ အကြောင်းကိုပဲ ပြောပြမယ်နော်။ "
"အင်း "
ပုံပြင်နားထောင်ချင်နေတဲ့ ကလေးတစ်ယောက်လို မျက်လုံးလေးတွေ အရောင်လက်ကာ တက်ကြွနေတဲ့ အကို့ကို ကြည့်ရင်း မှုံပြုံးလိုက်မိပြန်သည်။
အပိုင်း (၄၇) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)