Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၄၅)

အင်းတော်ကြီးကန်၏ နံနက်ခင်း လေပြည်အေးအေးက ဇရပ်ပြတင်းပေါက်များမှတစ်ဆင့် ဝင်ရောက်တိုက်ခတ်နေသော်လည်း ဇရပ်ကြီးပေါ်တွင်တော့ လူသံ၊ အိတ်ဇစ်ဆွဲသံ၊ ခြေသံတို့ဖြင့် ဆူညံပွက်လောရိုက်လျက် ရှိနေသည်။နေရာတိုင်းလိုလိုတွင် လူအုပ်ကြီးက ပုရွက်ဆိတ်အုံသဖွယ် တိုးဝှေ့လှုပ်ရှားနေကြ၏။

"ကဲကဲ ... အားလုံးပြင်ဆင်ပြီးကြရင်လည်း သွားကြစို့လေ။ "

ဦးသန်းလွင်၏ အသံဝါကြီးနှင့် ခပ်ကျယ်ကျယ် ဆော်ဩသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အားလုံးလည်း လှုပ်လှုပ်ရှားရှားဖြင့် ထရပ်လိုက်ကြသည်။ မှုံသည်လည်း အန်တီအေးသီတို့နှင့်အတူ ဇရပ်လှေကားဆီသို့ တိုးဝှေ့သွားလိုက်၏။ မနက်ခင်း နေရောင်ခြည် ဖျော့ဖျော့အောက်တွင် ဖုန်မှုန့်လေးများ ကခုန်နေသည်ကို မြင်နေရသော်လည်း လူအုပ်ကြီး၏ အရှိန်ကြောင့် လေထုက မွန်းကျပ်နေသလိုပင်။

ဇရပ်ပေါ်က ဆင်းလိုက်သည်နှင့် ဘုရားဖူးအဖွဲ့ပေါင်းစုံ စုပြုံနေသောကြောင့် အသက်ရှူကျပ်မတတ် တိုးဝှေ့နေရသည်။ ပခုံးချင်းတိုက်၊ လူချင်းပွတ်တိုက်မိကာ အာရုံများနေစဉ် ရုတ်တရက်ဆိုသလို မှုံ့ လက်တစ်ဖက်သည် လက်ဖဝါးနွေးနွေးတစ်စုံ၏ တင်းကျပ်သော ဖိဆုပ်ခြင်းကို ခံလိုက်ရသည်။ ထိုအထိအတွေ့ကြောင့် မှုံ့ခန္ဓာကိုယ်လေးမှာ လျှပ်စစ်စီးသွားသလို တုန်ခနဲ ဖြစ်သွားရ၏။

ချက်ချင်းပင် လှမ်းကြည့်လိုက်တော့ လူအုပ်ကြားထဲတွင် ထင်းနေသော အကိုက မျက်စပစ်ကာ ရယ်ပြနေသေးသည်။

"အကို ဘာလုပ်တာလဲ။ "

မှုံ့လက်ကို ပိုင်စိုးပိုင်နင်း ဆုပ်ကိုင်ထားတဲ့ အကို့လက်မောင်းကို လှမ်းဆွဲကာ ဘယ်သူမျှ မကြားအောင် ခပ်ကြိတ်ကြိတ် လှမ်းပြောလိုက်သည်။ သို့သော် အကိုက မကြားချင်ယောင်ဆောင်ကာ တစ်ဖက်သို့ မျက်နှာလွှဲသွားလေသည်။ အကို့မျက်နှာတွင် ဆိုးသွမ်းသော ကလေးတစ်ယောက်လို၊ စစ်ပွဲတစ်ခုကို အနိုင်ရထားသော စစ်သူကြီးတစ်ယောက်လို အောင်နိုင်သူ၏ အပြုံးမျိုးက ရစ်ဝဲနေ၏။

မှုံ နှုတ်ခမ်းလေးကို ခပ်ဖွဖွကိုက်ရင်း ရုန်းကြည့်တော့လည်း အကိုက လုံးဝ အလျှော့မပေးပဲ ပို၍ပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သေးသည်။ အကို့လက်ဖဝါး၏ နွေးထွေးမှုက မှုံ့လက်ဖျားလေးများဆီသို့ စီးဝင်လာတော့သည်။

"အကို လွှတ်လို့ "

မှုံနောက်တစ်ကြိမ် ထပ်ပြောလိုက်လျှင် အကိုက မှုံ့ဘက် ပြန်လှည့်ကြည့်လာကာ မျက်ခုံးတစ်ဖက် ပင့်ပြလျက်...

"လူတွေ ဒီလောက်ကြပ်နေတာ မင်းကိုယ်လုံးသေးသေးလေးနဲ့

ညပ်ပါသွားချင်လို့လား။ "

အကို့အသံက ပုံမှန်ထက် နည်းနည်းကျယ်သွားတော့ မှုံ့ ရင်ထဲ 'ထိတ်' ခနဲဖြစ်သွားရကာဘေးဘီဝဲယာကို အလန့်တကြား ဝေ့ကြည့်လိုက်သည်။ တော်သေးသည် ... ကြိတ်ကြိတ်တိုးနေတဲ့ လူသံတွေနှင့် ဆူညံသံတွေကြောင့် အကို့အသံကို ဘယ်သူမှ သတိမထားမိကြသလို၊ ကိုယ့်အာရုံနှင့်ကိုယ် ရှုပ်နေကြသဖြင့် မှုံတို့နှစ်ယောက်ကိုလည်း ဘယ်သူမျှ သတိမပြုမိကြပေ။ မှုံ နောက်ထပ် အတွန့်တက်နေရင် အကုန်သိသွားကြမှာစိုးတာကြောင့် ပါးစပ်ပိတ်ကာ ငြိမ်နေလိုက်ရတော့သည်။

လူတွေက တစ်စတစ်စ ပိုများလာသည်နှင့်အမျှ မှုံက အဖွဲ့နှင့်မကွဲအောင် လိုက်ချင်သော်လည်း၊ မှုံ့လက်ကို အတင်းဆွဲထားသော အကိုက လူအုပ်ကြားထဲ တိုးဝှေ့ကာ သူ့ဘက်သို့ အတင်းဆွဲခေါ်နေတာကြောင့် မှုံ တရွတ်တရွတ်နှင့် အကို့နောက်သို့ ပါသွားရတော့သည်။

ခဏကြာတော့ လူတွေတော်တော်ရှင်းပြီး လေကောင်းလေသန့်

ရသည့် နေရာတစ်ခုသို့ ရောက်လာပြီး အကို‌က ရည်ရွယ်ချက်ရှိရှိ ဆွဲခေါ်လာတာကြောင့် လူအုပ်ကြားထဲမှ မှုံတို့အဖွဲ့ကို အစအနပင် ရှာမတွေ့ရတော့ပါ။ ကန်ရေပြင်မှ တိုက်ခတ်လာသော လေနုအေးက မျက်နှာကို လာရောက်ထိတွေ့သော်လည်း မှုံ့စိတ်ထဲတွင်တော့ စိုးရိမ်စိတ်က အနည်းငယ် ကပ်ပါနေဆဲ။

"ကြည့် အကို့ကြောင့် လူကွဲသွားပြီ"

မှုံက မျက်ခုံးလေး စုကြုံ့ကာ မကျေမချမ်းဖြင့် ဆူပုတ်ပုတ်လေး ပြောလိုက်တော့ အကိုက ပြုံးစေ့စေ့နှင့် သူမကို တည်ငြိမ်စွာ စိုက်ကြည့်နေ၏။ သူ့အကြည့်တွေထဲတွင် အချစ်ရိပ်များ ယှက်သန်းနေသည်။

"အကိုတမင်လုပ်တာမလား။"

အကိုက ထိုမေးခွန်းကို တုန့်ပြန်ခြင်းမရှိဘဲ မှုံ့ကို စိုက်ကြည့်ကာ အပြုံးမပျက် ဆက်လက်လျှောက်သည်။

"လာပါကွာ ... ကိုယ်ဘယ်မှမလည်ရသေးဘူး။

ကိုယ့်ကို လိုက်ပို့ဦး "

"အတူတူသွားလည်း ရတာပဲကို "

"မလွတ်လပ်ဘူး။ "

"ဟင် ... မလွတ်လပ်ဘူးပြောရအောင် အကိုက ဘုရားပေါ်မှာ

ဘာလုပ်ချင်သေးလို့လဲ။ "

"အာ ... မဟုတ်ပါဘူးဗျာ။

မှုံလေးက သူတို့တွေနဲ့ဆို တအားကိုယ့်ကို ပလစ်လွန်းလို့ကွာ။ "

အကိုက ကလေးဆိုးကြီးလို နွဲ့ဆိုးဆိုးသံလေးနှင့် ပြောပြန်တာကြောင့် မှုံ့မှာ ပျော့ကျသွားပြန်သည်။

"အခု အကို ဒီလိုလုပ်လိုက်တာ

သူတို့တွေ ဘယ်လိုထင်သွားကြမလဲ။ "

"ဘယ်လို ထင်ထင်ကွာ ... လာပါ မှုံလေးရဲ့ ဟိုမှာ ဟိုစက်လှေတွေက ဟိုဘက်ကမ်းကို ကူးတဲ့ဟာတွေမလား။ "

အကိုက စကားလမ်းကြောင်းလွှဲကာ ကန်ရေပြင်ပေါ်တွင် ပြေးလွှားနေသော စက်လှေများကို လက်ညှိုးထိုးပြသည်။

"အင်း "

"သွားရအောင်လေ။ "

"အွန်း... ဪ ခဏ ..."

ရုတ်တရက် သတိရသွားဟန်ဖြင့် မှုံ ခြေလှမ်းတုံ့သွားလျှင် ဆွတ်ရိန်နော်ကာ မျက်လုံးများပင့်လျှက် ကြည့်၍ ...

"ဘာလဲ "

"လာပါ "

ဒီတစ်ခါတော့ အခြေအနေပြောင်းသွားပြီဖြစ်သည်။ မှုံက အကို့လက်ကို ပြန်လည်ဆွဲကိုင်ပြီး ရွှေမဥ္ဇူရေလယ်ဘုရားပေါ်က စောင်းတန်းဘက်ကို ဦးဆောင်ခေါ်ခဲ့လိုက်၏။ အကို့လက်ဖဝါးကြီးက ကြမ်းတမ်းသော်လည်း မှုံ့အတွက်တော့ လုံခြုံမှုပေးစွမ်းနိုင်သည်။

လူအများ စုအုံနေတဲ့ နေရာတစ်ခုအရောက်တွင် ရပ်လိုက်ရာ အကိုက မှုံ့ကို 'ဘာလဲ' ဆိုတဲ့ အကြည့်တွေနှင့် ကြည့်လာလေသည်။

"မှုံလေး ဘာလုပ်မလို့လဲ။ "

"ဟိုမှာလေ "

မှုံက မေးငေါ့ပြတဲ့နေရာအား ဆွတ်ရိန်နော် လှမ်းကြည့်လိုက်ပေမယ့် လူတွေအုံနေတာနှင့် ဘာလဲဆိုတာ မမြင်ရပေ။

"ဘာတွေ လုပ်နေကြတာလဲ။ "

"ခဏစောင့် ..."

မှုံနံ့သာကပြောတော့ ဆွတ်ရိန်နော်ကလည်း ခေါင်းညိတ်ကာ မှုံ့လက်ကို မလွှတ်တမ်း ဆုပ်ကိုင်လျက် ရပ်စောင့်နေပြီး အရှေ့က မှုံစောင့်နေတဲ့နေရာကိုလည်း ဘာလဲဟု သိချင်စိတ်ပြင်းပြနေမိ၏။

သိပ်မကြာခင်မှာပင် အုံနေတဲ့လူတွေက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့ သူတို့နှစ်ယောက်လည်း ရှေ့တိုးလာကြသည်။

ထိုအချိန်မှ ဘာလဲဆိုတာကို ဆွတ်ရိန်နော် မြင်လိုက်ရသည်။ မြင်တော့လည်း လူတွေအုံနေတဲ့နေရာက ဘာမှအထူးအဆန်းမဟုတ်ဘဲ သနပ်ခါးကျောက်ပြင်အကြီးကြီးနှင့် သနပ်ခါးတုံးတွေသာရှိတဲ့နေရာ ဖြစ်နေတာကြောင့် သူ့စိတ်ထဲ ပိုလို့ထူးဆန်းသွားရ၏။

တစ်ဖက်က မှုံလေးကို မေးဖို့လုပ်တော့ သူမက ထိုကျောက်ပြင်နားပင် ဝင်ထိုင်ကာ သနပ်ခါးတုံးကို ရေစွတ်ပြီး စတင်သွေးနေလေပြီ။ ကျောက်ပြင်နှင့် သနပ်ခါးတုံး ပွတ်တိုက်သံ 'တအီအီ' နှင့်အတူ သင်းပျံ့လတ်ဆတ်သော သနပ်ခါးရနံ့သင်းသင်းလေးက နှာခေါင်းဝသို့ တိုးဝင်လာတော့ ‌ကန်လေတဖြူးဖြူးနှင့်အတူ စိတ်တွေလန်းဆန်းသွားရပြန်သည်။

"အကို လာ "

လက်ယပ်ခေါ်နေတဲ့ ကောင်မလေးကြောင့် ယောင်ယောင်နနဖြင့် သူမအနား ဝင်ထိုင်လိုက်သည်။ မှုံ့မျက်ဝန်းတွေက တောက်ပနေပြီး အပြုံးလေးက ချိုမြိန်နေသည်။ သူမ သွေးထားတဲ့ သနပ်ခါးအနှစ် ခပ်ပျစ်ပျစ်ကို လက်ညှိုးလေးနှင့် တို့ယူလိုက်ပြီး သူ့ပါးပြင်ဆီသို့ လှမ်းလာလျှင် အနောက်သို့ ကိုယ်လေးကို ရို့လိုက်သည်။

မှုံလေး သနပ်ခါးလိမ်းထားတာကိုသာ သဘောကျပေမယ့် သူကိုယ်တိုင်တော့ သနပ်ခါးမကြိုက်ပါ။

နောက်သို့ တွန့်ဆုတ်သွားတဲ့ ဆွတ်ရိန်နော်ကြောင့် မှုံနံ့သာက ပြုံးကာ ...

"ဒါက ရိုးရိုးသနပ်ခါး မဟုတ်ဘူး အကိုရဲ့ ... ဆေးသနပ်ခါးတွေ

အနာရောဂါ ကင်းရှင်းတယ်တဲ့ ... လာ လူးမယ်။ "

ထိုအခါမှ အကိုက မချိုမချဉ်မျက်နှာကြီးနှင့် အရှေ့သို့ တဖြည်းဖြည်းချင်း ပြန်တိုးလာလေသည်။

အကို့ပါးပြင်ပေါ်သို့ အေးမြသော သနပ်ခါးအထိအတွေ့ ရောက်ရှိသွားချိန်တွင် အကို့မျက်လုံးများသည် မှုံ့မျက်နှာကို စိုက်ကြည့်နေဆဲပင်။ မှုံက သေသေသပ်သပ်ဖြင့် အကို့ပါးပြင်နှစ်ဖက်လုံးတွင် ပါးကွက်ကွက်ပေးလိုက်၏။

"အကိုက အသားဖြူတော့ သနပ်ခါးနဲ့ လိုက်တယ်..."

စကားသံတိုးတိုးလေးအဆုံးတွင် မှုံ ကိုယ့်ဟာကိုယ်ပဲ ကျေနပ်အားရစွာ ပြုံးလိုက်သည်။ အကိုကတော့ သူ့ပါးပေါ်က အေးစက်စက် အရာလေးကို စမ်းသပ်ရင်း...

"ပြီးပြီလား မှုံလေး..."

"အွန်း ... ပြီးပြီ "

"မှုံလေးရော မလူးဘူးလား။ "

"အွန်း ... မှုံလေးတို့က ရောက်တဲ့နေ့ကတည်းက လူးနေတာ။

နည်းနည်းတော့ လိမ်းလိုက်ဦးမယ်။ "

ပြောပြောဆိုဆိုနှင့် ခပ်ပျစ်ပျစ် သနပ်ခါးလေးကို တို့ယူကာ ပါးပြင်ထက်မှာ ရှိပြီးသားဖြစ်တဲ့ ပါးကွက်ပေါ်တွင် ထပ်မံ၍ လူးလိုက်သည်။

ဆွတ်ရိန်နော်ကတော့ သူမလူပ်နေတာ တစ်ခုချင်းစီတိုင်းကို စိုက်ကြည့်လျက် အပြုအမူလေးတစ်ခုချင်းစီတိုင်းကို သဘောကျမဆုံးဖြစ်ပြီး စက္ကန့်တိုင်းတိုးနေတဲ့ ချစ်ရိပ်လေးတွေက အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝှေ့လာတော့သည်။

ဒီကောင်မလေးကို ချစ်မြတ်နိုးလိုက်ရတာဆိုတာ။

"မှုံလေး ဓာတ်ပုံရိုက်ရအောင် "

"ဟင် "

မှုံက မျက်လုံးလေးအဝိုင်းသားနှင့်ကြည့်နေမိတုတ်း အကိုက

ဖုန်းကို ထုတ်ကာ ကင်မရာဖွင့်လိုက်သည်။ ဖုန်းစခရင် ပေါ်တွင် ပါးကွက်ကြားနှင့် ဆွတ်ရိန်နော်နှင့် ပြုံးပျော်နေသော မှုံ့ပုံရိပ်လေး ထင်ဟပ်သွားတော့သည်။ နောက်ခံတွင်တော့ ရွှေမဥ္ဇူဘုရား၏ ရွှေရောင်အရောင်အဝါများနှင့် အင်းတော်ကြီးကန်၏ မနက်ခင်းအလှက သက်သေအဖြစ် တည်ရှိနေလေတော့သည်။

အပိုင်း (၄၆) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၄) နောက်အခန်း - အပိုင်း (၄၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ