မှုံ အဘွား တရားထိုင်နေတာကို ယပ်ခပ်ပေးရင်း ဘေးမှာ လာထိုင်၍ မှုံ့ကိုပဲ တည့်တည့်ကြီး စိုက်ကြည့်နေတဲ့ အကိုကြောင့် စနိုးစနောင့်ဖြစ်လာ၏။
မျက်လုံးလေးကို ထောင့်ကပ်ကာ ခိုးကြည့်လိုက်တိုင်း မလွှဲမရှောင်သာ ဆုံဆုံသွားသော မျက်ဝန်းနက်နက်တွေကြောင့် ရင်ထဲမှာ ဗုံသံဆိုင်းသံတွေ တဒုန်းဒုန်းမြည်လာရကာ ဘုန်းကြီးကျောင်းလာပြီး တရားလည်း မမှတ်နိုင်တော့ပါ။
အဲ့အကိုက တော်တော်ကို ဆိုးလွန်းပါသည်။
ဘေးတွင်ပါလာသော မျိုးမင်းထက်မှာလည်း သူငယ်ချင်းဖြစ်သူ၏ အပြုအမူကြောင့် နေမထိထိုင်မသာဖြစ်လာကာ ဆွတ်ရိန်နော်ရဲ့ လက်မောင်းကို အသာကုတ်ကာ လေသံခပ်တိုးတိုးဖြင့် သတိပေးလိုက်သည်။
"ဟေ့ကောင် ... ဟိုဘက်သွားရအောင် "
သို့သော် ဆွတ်ရိန်နော်က ဂရုမစိုက် မျိုးမင်းထက်ကို တံတောင်ဖြင့် ပြန်တွတ်ကာ မျက်နှာလွှဲ၍ ပြန်ပြောလိုက်သည်။
"မသွားပါဘူး ... မင်းဟာမင်း သွားချင်ရင်သွား။ "
"ဟာ ... မင်းကလည်း ဟိုမှာ ဟိုကောင်တွေ ကြည့်နေတယ်ကွ "
မျိုးမင်းထက်က မလှမ်းမကမ်းတွင် ရပ်နေသော စိုင်းမင်းနောင်တို့အဖွဲ့ကို မေးငေါ့ပြရင်း စိုးရိမ်တကြီးဆိုလိုက်လျှင် ဆွတ်ရိန်နော်ရဲ့ မျက်လုံးများက အရောင်လက်သွားကာ ပို၍ပင် ခက်ထန်သွားတော့သည်။
"ဟ... အဲ့တာကြောင့် ပိုဆိုးတာပေါ့ကွာ။
အဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်နေပြီ။ "
"မင်းကလည်းကွာ ... အချင်းချင်းတွေကို "
"ဟျောင့် ... အချစ်မှာ အချင်းချင်းတွေ ဘော်ဒါတွေဆိုတာ မရှိဘူး။ အဲ့ကောင်နေရာမှာ မင်းဆိုလည်း အဲ့အတိုင်းပဲ ...
မင်းသွားချင်ရင် သွားလိုက်တော့။ "
ဆွတ်ရိန်နော်က ပြတ်သားသော လေသံဖြင့်ပြောကာ ပါးစပ်မှ စုပ်တစ်ချက်သပ်လိုက်ရင်း နေရာမှ မရွေ့ဘဲ ဆက်ထိုင်နေလိုက်သည်။ မျိုးမင်းထက်ခမျာ သက်ပြင်းချရင်း ခေါင်းခါလိုက်ရတော့သည်။ သူသာမရှိရင် အရပ်ရှည်သလောက် ဒေါသကြီးကာ စိတ်မရှည်တတ်သော ဒီကောင်က ဘုရားပေါ်မှာ ဘာတွေ ပြဿနာရှာဦးမည်မသိ၊ စိတ်မချနိုင်တာမို့ ဘေးနားမှာပဲ ဆက်ထိုင်နေလိုက်ရရှာသည်။
"ကျစ် ... မင်းကလည်းကွာ။ "
"ဂျီး ... ပြီးသွားပြီလား။ "
တရားထိုင်တာဖြုတ်၍ ဘုရားကန်တော့ပြီးသွားသော ဂျီးကို မှုံက
မေးလိုက်တော့ မှုံ့အမေးကို ဂျီးက ခေါင်းညိတ်ကာ ကြည်လင်သော အပြုံးဖြင့် တုံ့ပြန်သည်။ ဘုရားတရားမြဲတာကြောင့် ဂျီးရဲ့ မျက်နှာက ကြည်လင်အေးမြသော ကျက်သရေရှိလှ၏။
ပင်ပန်းဆင်းရဲခံကာ နေခဲ့ရလို့သာ သူဌေးမကြီးသာဖြစ်ခဲ့လျှင် သိပ်ကို တင့်တယ်နေမှာပင်။ ထိုအတွေးဝင်လာတိုင်း မှုံ့ရင်ထဲ နင့်ခနဲဖြစ်သွားကာ ကိုယ့်ကိုယ်ကို အသုံးမကျသူတစ်ယောက်အဖြစ် အားငယ်စိတ်ဝင်မိပြန်သည်။
"ပြီးပြီ သမီး ... သမီးကလည်း ယပ်ခပ်မပေးပါနဲ့ဆိုကွယ်။
ညောင်းနေပြီမလား။ "
"မညောင်းပါဘူး ဂျီးရဲ့
သမီးက ကုသိုလ်ယူချင်လို့ပါ။ "
"ဟုတ်ပါပြီကွယ် ... သမီးရော ဘုရားရှိခိုးလို့ ပြီးပြီလား။ "
"ဟုတ် ... ဘုန်းဘုန်းကြွလာေတာ့မယ်ထင်တယ်။
တရားနာသွားကြစို့လေ ဂျီး "
"အေး အေး "
မှုံ နေရာမှ အရင်ထလိုက်ကာ ဂျီးကို ဖြည်းဖြည်းချင်း တွဲထူပေးလိုက်လျှင် ဘေးမှ ဆွတ်ရိန်နော်ကလည်း ထလာကာ ဂျီးရဲ့ လက်တစ်ဖက်ကို လာတွဲကူလေသည်။
ဂျီးက အံ့သြသွားကာ မော့ကြည့်လိုက်ရင်း...
"ဟင် ... သားက ဘုန်းကြီးကျောင်းဘယ်လိုရောက်နေတာလဲ။ "
"ကျွန်တော့် သူငယ်ချင်းနဲ့ လိုက်လာတာ အဘွား။ "
"ဪ ... အေး အေး။ "
"အဘွားတို့က ဘယ်သွားကြမှာလဲ ... သားလိုက်ပို့မယ်လေ။ "
"အဘွားတို့က တရားနာဖို့ ကျောင်းကြီးပေါ်သွားမှာ သားရဲ့။ "
"ဟုတ် ... လိုက်ပို့မယ်နော်။ "
"ရပါပြီ ... မလိုပါဘူး။ "
မှုံက အကို့ကိုမကြည့်ပဲ ဝင်ပြောတော့ အကိုက မှုံ့ကို လှမ်းကြည့်လာကာ ...
"ဟေးဟေး ... ငါက အဘွားကို လိုက်ပို့မှာလေ။
ခင်ဗျားလေးကို ပို့မှာမှ မဟုတ်တာဗျ။"
ဆွတ်ရိန်နော်အပြောကြောင့် မှုံ့မျက်နှာက ဆူအောင့်အောင့်လေး
ဖြစ်သွားကာ ဒေါ်နန်းကြာမှုံနှင့် မျိုးမင်းထက်က ရယ်ကြလေသည်။
တခြားတစ်ဖက်တွင်မူ...
သူတို့အုပ်စုကို လှမ်းကြည့်နေသော စိုင်းမင်းနောင်တို့အဖွဲ့မှာ ဒေါသအလိမ်းလိမ်းဖြင့် ပူလောင်နေကြကာ မျက်လုံးများက မီးဝင်းဝင်းတောက်မတတ် စိုက်ကြည့်နေကြရင်း...
"ဟေ့ကောင် ... စိုင်းမင်းနောင် ကိုဆွတ်က ဘာလဲကွာ။
ပေါ်တင်ကြီး "
"အေးလေ ... ဘော်ဒါအထာမရှိလိုက်တာ။
ဒီကောင် မှုံနံ့သာကို ကြိုက်နေတာ အကုန်လုံးသိနေကြတာကို "
"မဟုတ်မှ ... သူတို့က ချစ်သူတွေများ ဖြစ်သွားကြပြီလား။ "
"ဟာ ... မဖြစ်နိုင်လောက်ပါဘူးကွာ။ "
"ပြောလို့ရမလားကွ ... မိန်းကလေးတွေက ကိုဆွတ်လို ဘဲမျိုးဆို တအားကြွေချင်ကြတာ။ "
"ကျစ် ... မင်းတို့ တော်ကြတော့ကွာ။ "
သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် ပြောနေကြသည်များကို နားထောင်ရင်း စိုင်းမင်းနောင်တစ်ယောက် ဒေါသထွက်ကာ စိတ်ပျက်လက်ပျက်အသံကြီးဖြင့် ဟန့်တားလိုက်သည်။ သူတို့ပြောသလို ကိုဆွတ်လို ဘဲမျိုးကို မိန်းကလေးတွေ ကြွေချင်ကြသည်တဲ့လား။ အဲ့ဒီမိန်းကလေးတွေထဲမှာ သူ့ရဲ့ မှုံနံ့သာလေးတော့ ဘယ်လိုမှ ပါလို့မဖြစ်။
သူ့စိတ်ထဲတွင် မခံချင်စိတ်များ ဒီရေအလား တိုးဝင်လာသည်။ သူကရော ကိုဆွတ်ထက် ဘာတွေများ နိမ့်ကျနေလို့လဲ။ ရုပ်ရည်ချင်းယှဉ်ရင်လည်း သူကလည်ယ ရှမ်းသွေးပါသော တိုင်းရင်းသားတစ်ယောက်ဖြစ်တာမို့ ဥပဓိရုပ်က ညံ့မနေ။ အရပ်ကလည်း ကိုဆွတ်နှင့် သူမသာ၊ ကိုယ်မသာ။ နောက်ဆို သူကတောင် ပိုရှည်ရင် ရှည်လာဦးမည်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ခပ်ချောချောမျက်နှာအပြင် ရွှေအိုရောင်ဆိုးထားသော လည်ဂုတ်ထောက်ဆံပင်ပုံစံကလည်း ခေတ်လူငယ်စတိုင်အပြည့် ရှိ၏။
ကိုဆွတ်နဲ့ မယှဉ်နိုင်တာဆိုလို့ မိသားစု နောက်ခံတစ်ခုသာ ရှိ၏။ ကိုဆွတ်တို့ မိသားစုက ရွာမျက်နှာဖုံး သူဌေးဖြစ်ပြီး သူတို့အိမ်ကတော့ စားနိုင်ရုံ၊ သောက်နိုင်ရုံ အလတ်တန်းစားအဆင့်သာ။ စိုင်းမင်းနောင် အဖေက အခင်းလုပ်ပြီးအမေက အိမ်ရှေ့မှာ ရေစိမ်ခေါက်ဆွဲ၊ ဆန်ခေါက်ဆွဲ၊ တို့ဟူးပျော့ ( တို့ဟူးနွေး )ရောင်းတာနှင့် တစ်အိမ်လုံး စားဖို့သောက်ဖို့လောက်ကတော့ မပူပင်ရသော်လည်း ကိုဆွတ်တို့လိုတော့ မချမ်းသာ။ ဒါပေမယ့် မှုံနံ့သာက ငွေမက်တဲ့ မိန်းမမျိုး မဟုတ်ဘူးဆိုတာ သူ အကြွင်းမဲ့ ယုံကြည်သည်။ သူကတော့ ဘယ်လိုအကြောင်းမျိုးနှင့်မှ သူ့အချစ်ဦးကို အဆုံးရှုံးမခံနိုင်။
"အေးပါကွာ... ငါတို့က မင်းဘက်က မခံနိုင်လို့ပါကွ
မနေ့တစ်နေ့ကမှ ရွာပြန်ရောက်လာပြီးတော့ "
"ဟေ့ကောင် ... ဒါပေမယ့် ကိုဆွတ်က မှုံနံ့သာ့ အဘွားကိုလည်း
ပိုင်နေသလိုပဲနော်။ "
"ဟာ ... အဘွားကတော့ လူကြီးပဲလေ ... အလိုက်အထိုက်ပေါ့ဟ။
အဓိကက ကာယကံရှင်ဖြစ်တဲ့ မှုံနံ့သာပဲ ကြိုးစားကွာ ... ငစိုင်းရေ "
သူငယ်ချင်းဖြစ်သူက စိုင်းမင်းနောင်၏ ကျောကုန်းကို ပုတ်ကာ အားပေးစကားပြောတော့ သူ ခေါင်းညိတ်ကာ သက်ပြင်းလေးလေးချလိုက်မိသည်။
"ငါလည်း ကြိုးစားတာပဲကွာ ။
ဒါပေမယ့် သူက ငါဘယ်လောက် ဖွင့်ပြောပြော ငြင်းခံနေရတာ မင်းတို့လည်း သိနေတာပဲကွာ။ "
"အဲ့တာလည်း ဟုတ်တာပဲ။
ငါတို့လည်း ဘယ်လို အကြံပေးရမလဲ မသိတော့ဘူးကွာ။ "
________________
"ဟိုမှာ ... ဟိုကောင်တွေ မင်းကို ကြည့်နေကြတယ်။ "
မှုံတို့ မြေးအဘွားကို ကျောင်းဆောင်ပေါ် လိုက်ပို့ပြီး ပြန်ဆင်းလာချိန်တွင် မျိုးမင်းထက် စကားကြောင့် ဆွတ်ရိန်နော် ခြေလှမ်းတုံ့သွားကာ သူလည်း ဟိုကောင်တွေကို ပေစောင်းစောင်းနှင့် ပြန်လှမ်းကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် စိန်ခေါ်ချင်စိတ်များ အပြည့်။
"ဟေ့ကောင် ငဆွတ်... ငါတို့ပြန်ကြစို့ကွာ။ "
"ဘာလို့ ပြန်ရမှာလဲ။
အသေးလေးတို့တောင် မပြန်သေးဘူး။ "
"ဟာ ... မင်းကလည်းကွာ ..."
မျိုးမင်းထက် မျက်နှာကြီး ရှုံ့မဲ့နေတော့သည်။
ဘုရားပေါ်မှာ ရန်ပွဲဖြစ်မှာကို သူ အစိုးရိမ်ဆုံးပင်။
စိုင်းမင်းနောင်တို့ အဖွဲ့ကလည်း မကျေမနပ် လှမ်းကြည့်နေသလို ဆွတ်ရိန်နော်ကလည်း လုံးဝ မလျှော့ပေးဘဲ အကြည့်ချင်း စစ်ခင်းနေကြရာမှ လေထုက တင်းမာလာသည်။ နောက်ဆုံး စိုင်းမင်းနောင်က အရင်ဆုံး ထကာ ဆွတ်ရိန်နော်တို့ ရှိတဲ့နေရာကိုလာတော့ သူ့အနောက်မှ အပေါင်းအပါတွေကလည်း တရုန်းရုန်း လိုက်လာကြလေသည်။
ဘာဖြစ်တော့မယ်ဆိုတာ အခြေအနေကို မှန်းမိနေတဲ့ မျိုးမင်းထက်ကတော့ မျက်ခုံးတွေ လှုပ်လာကာ ဂနာမငြိမ်တော့။ ဆွတ်ရိန်နော်နား ကပ်၍ အထိတ်တလန့် တီးတိုးပြောလိုက်သည်။
"ငဆွတ် ... ဘုန်းကြီးကျောင်းကြီးမှာ ရန်တော့မဖြစ်နဲ့နော်။
ရန်ဖြစ်တဲ့အကြောင်းအရင်းက ဟိုကောင်မလေးကြောင့်ဆိုရင်
သူလည်း မျက်နှာပျက်ရမှာကွ။ "
သူကသာတတွတ်တွတ်နှင့် တားနေပေမယ့် ဆွတ်ရိန်နော်က နားထဲတောင် ဝင်ရဲ့လားမသိ။
"ကိုဆွတ်က ဘာအထာလဲ ။ "
အနားရောက်တာနှင့် ရန်တွေ့သလို လှမ်းမေးတဲ့ စိုင်းမင်းနောင်စကားကြောင့် ဆွတ်ရိန်နော်ကလည်း မျက်မှောင်ကြီးကြုတ်တ်ကာ ...
"ဘာကိုလဲ"
"ကျွန်တော် မှုံနံ့သာကို ကြိုက်နေတာ တစ်ရွာလုံးသိတယ်။ "
"အဲ့တော့ ဘာဖြစ်လဲ"
"ဟာ... ကိုဆွတ် ဒါတော့ အထာမရှိတာပဲ။ "
"မင်းထင်ချင်သလိုထင်။ "
"ဟာ ... ဒါတော့များသွားပြီ။ "
စိုင်းမင်းနောင်က ပါးစောင်မှာ လျှာကိုထိုးရင်း ရှေ့တိုးလာတော့
ဆွတ်ရိန်နော်ကလည်း လာလေ ဆိုတဲ့ အကြည့်စူးစူးတို့နှင့် လုပ်နေရာ
မျိုးမင်းထက် သူတို့နှစ်ယောက်ကြားမှ ဝင်ရတော့သည်။...
"ဟေ့ကောင်တွေ ... မင်းတို့က ဘုန်းကြီးကျောင်းကြီးမှာ
ဘာဖြစ်နေကြတာလဲကွာ။ "
"ကိုထက် သူငယ်ချင်းကိုလည်း ကြည့်ဦးလေ။ "
"အေးပါကွာ ... ငါကပဲ ကြားထဲက တောင်းပန်တယ်ကွာ နော်
သွားကြတော့ သွားကြတော့ ဟိုမှာ လူတွေ ဝိုင်းကြည့်နေကြပြီ။ "
မျိုးမင်းထက်အပြောကြောင့် စိုင်းမင်းနောင်တို့လည်း လှည့်ထွက်သွားဖို့လုပ်လျှင် ဆွတ်ရိန်နော်အသံက ထွက်လာ၏။
"မင်းက ဘာကိစ္စ အဲ့ကောင်တွေကို တောင်းပန်နေရတာလဲ။
ဂျေဝင်နေရအောင် မင်းနဲ့ မှုံနံ့သာနဲ့က ဘာမို့လို့လဲ။ "
အပိုင်း (၂၅) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)