Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၁၆)

"၁၀တန်းတွေ သီတင်းကျွတ်ပိတ်ရက် ဘယ်သူမှ အိမ်မပြန်ရဘူးနော်။ "

အဆောင်မှူး၏ အသံကျယ်ကျယ်က စာသင်ခန်းမကျယ်ကြီးထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံအဆုံးတွင် စိတ်ပျက်အားငယ်မှု၊ မကျေနပ်မှုများ ရောပြွမ်းနေသော ညဉ်းငြူသံတို့က ပွက်လောရိုက်ကာ ထွက်ပေါ်လာတော့သည်။

"ဟာ ..."

"ဟာမနေနဲ့ ... နင်တို့‌တွေ ဘာစာတွေ ရသေးလို့လဲ။ "

"ငါတော့ နင်တို့အတွက် ရင်လေးတယ် သိလား။ "

"ဆရာမကလည်း ..."

"တိတ် ... အကုန်စာလုပ်ကြတော့။ "

"ဟာ ..."

အခုထိကို ညဉ်းငြူသံတို့က တိုးတိတိုးတိ ထွက်လာပြန်သးရာ

အဆောင်မှူးက ကျောက်သင်ပုန်းကို တုတ်နဲ့ရိုက်လိုက်မှပဲ တိတ်သွားတော့သည်။

____________

နံနက်ခင်း ဈေးတန်းတစ်ခုလုံး လူသံ၊ ဈေးသည်အော်သံများဖြင့် ဆူညံလျက်ရှိသည်။

"ချဉ်ပေါင်က တစ်စီး ဘယ်လောက်လဲ သမီး "

"၅၀ပါရှင့် "

"တစ်ရာဖိုး သုံးစီးရလား သမီး "

"မရဘူးရှင့် ... နှစ်ရာဖိုး ငါးစီးယူလိုက်ပါနော်။ "

"ငါးစီးကြီးကျ မကုန်ပါဘူးကွယ်။

အန်တီတို့အိမ်က မိသားစုနည်းတယ်ကွယ့်။

တစ်ရာဖိုးပဲယူမယ်နော် ဒီမှာနှစ်စီး "

အမျိုးသမီးက စိမ်းလန်းလတ်ဆတ်နေသော ချဉ်ပေါင်ရွက် အစီးလှလှနှစ်စီးအား ရွေးယူလိုက်သည်။ မှုံ့လက်ထဲသို့ နှစ်ရာတန်တစ်ရွက် ထည့်ပေးလိုက်သောအခါ သူမ အလိုက်တသိ ပြုံးပြလိုက်ကာ လှမ်းယူလိုက်၏။

"ဟုတ် "

"တစ်ရာပိုတာ ကန်စွန်းရွက်ထည့်ပေးလိုက်သမီး။ "

"ဟုတ်ကဲ့ရှင့် "

ကန်စွန်းရွက်အား ပိုပိုသာသာလေးထည့်ပေးလိုက်၏။

"မှုံလေးတို့ကတော့ ရောင်းရတယ်ဟေ့ "

နံဘေးမှ ဂျာမိုင်ရဲ့ အမေက လှမ်းပြောလျှင် မှုံသွားလေးတွေပေါ်သည်အထိ ပြုံးပြလိုက်၏။

တကယ်လည်း မှုံက ရောင်းရပါသည်။

ဈေးကျိုးပေးတာပဲလား ... ကလေးမို့ သနားပြီးဝယ်ကြသလားတော့မသိ။ဂျီးရောင်းတုန်းကထက် မှုံက ပိုရောင်းရ၏။

မှုံကတော့ သနားလို့ အားပေးတာထက် တကယ်တန်လို့ ဝယ်တာ၊အားပေးတာမျိုးကိုသာ လိုချင်ပါသည်။

ပြောရရင် မှုံ့ဘဝက ဘယ်လောက်ခက်ခဲနေပါစေ။

သူများ သနားစရာအဖြစ်တော့ မမြက်စေချင်ပါ။

ဂျာမိုင့်အမေနဲ့ မှုံနဲ့က အတူတူလာရောင်းကြပေမယ့် ကုန်တော့ကွာ၏။

ဂျာမိုင့်အမေ‌ရောင်းတဲ့ဟာ မှုံက မရောင်းသလို မှုံရောင်းတဲ့ဟာလဲ သူက မရောင်းပါ။

ပတ်ဝန်းကျင်က ဆူညံနေသော်လည်း မှုံ့စိတ်ထဲတွင်တော့ ဂျီး(အဘွား) အကြောင်းသာ တွေးနေမိသည်။ ဒီနေ့တော့ ဈေးရောင်းကောင်းတာကြောင့် ဈေးထိပ်က ခေါက်ဆွဲကြော်လေး ဝယ်သွားပေးဖို့ စိတ်ကူးလိုက်သည်။ လူမမာကို မှုံ့ရဲ့ မကောင်းမကန်း လက်ရာတွေပဲ ကျွေးနေရတာ စိတ်မကောင်းပါ။

အစကတော့ ကျောင်းထွက်လိုက်ရတာ စိတ်မကောင်းဖြစ်မိပေမယ့်

အခုတေယ့ ဂျီး(အဘွား)ကို လုပ်ကျွေးခွင့်ရှိသေးတာပဲဟု တွေးမိကာ ကျေနပ်နေမိသေး၏။အမေ့ကိုဆို မှုံဘာမျှ လုပ်မပေးနိုင်ခဲ့ပါ။

ဂျီး(အဘွား)ကတော့ မှုံကျောင်းပြန်တက်လို့ရအောင် မြန်မြန်

နေကောင်းအောင် လုပ်ပါမည်တဲ့။

ဒါပေမယ့် မှုံကတော့ ဆက်တက်ဖို့စိတ်ကူးမရှိတော့ပါ။

______________

ဆောင်းအကုန်နွေကူးကာစ သုံးလပိုင်းတွင် ၁၀တန်းစာမေးပွဲအစစ်ကြီး ဖြေဆိုရတော့၏။

"ဟဲ့ ... ဆွတ်ရိန်နော် နင်ဖြေနိုင်လား။

စာဖြေခန်းအတူတူကျတဲ့ အဆောင်က မြတ်နိုးသဒ္ဒါက မေးတော့ သူခေါင်းညိတ်ကာ ...

"အင်း ...ဖြေနိုင်တယ်လေ။

ဇီးရိုးမဟုတ်ရင် သုညလောက်တော့ ရမှာပါ။ "

"ဟာ ... နင်ကလည်း ဒီမှာ သူများစိတ်ညစ်နေပါတယ်ဆို။

ငါမဖြေနိုင်ဘူးဟဲ့။ "

ညဉ်းညဉ်းငြူငြူပြောလာတဲ့ မြတ်နိုးသဒ္ဒါအားကြည့်ကာ ဆွတ်ရိန်နော် နှာခေါင်းကြီးရှုံ့ကာနှုတ်ခမ်းမဲ့လိုက်၏။

မဖြေနိုင်ဘူးလို့သာပြောတယ် ...တစ်ချိန်လုံး စာကုန်းဖြေနေပြီး အခန်းထဲမှာ စာရွက်အပိုအတောင်းဆုံးက သူပဲ။

နောက်ပြီး အဆောင်မှာ စာအတော်ဆုံးကလည်းသူပဲ။

"ငါတကယ်ပြောတာ။ "

သူမကို မယုံသလိုလုပ်နေတဲ့ ဆွတ်ရိန်နော်အား ထပ်ပြောလိုက်၏။

ထိုအခါ ဆွတ်ရိန်နော်က စိတ်မပါစွာ ခေါင်းကြီးညိတ်ပြကာ ...

"အေးပါ အေးပါ ... ငါယုံပါတယ် "

"တကယ်ပါဆို "

ဆက်ပြီး အတွန့်တက်လိုက်သေးတဲ့ မြတ်နိုးသဒ္ဒါအား ပစ်ထားခဲ့ကာ

ကျောင်းဝင်းထဲမှ သစ်ပင်ရိပ်အောက်တွင် စုရုံးနေကြသော ယောက်ျားလေးအဖွဲ့ဆီသို့ သူ လျှောက်သွားလိုက်သည်။

နွေလေပူပူက သူ့မျက်နှာကို ဖြတ်တိုက်သွားသော်လည်း စာမေးပွဲပြီးဆုံးသွားသည့် လွတ်လပ်မှုကြောင့် စိတ်ထဲ ကြည်နူးနေသည်။

ဘာသာစုံဖြေပြီးချိန် နှုတ်ဆက်ပွဲရက်တွင်တော့ အားလုံး အိမ်ပြန်ဖို့ ပြင်ဆင်ကြသည်။ဆွတ်ရိန်နော်တို့အဖွဲ့ကတော့ မအောင်မှာလည်း ကြိုသိနေတာကြောင့် အောင်စာရင်းထွက်မယ့် ရက်ကိုလည်း ရင်မခုန်ပါ။

_______________

"ဆွတ်ရိန်နော် ... ဟေ့ကောင် အဆွတ် "

ခြံပြင်ကနေ မရပ်မနားခေါ်နေတဲ့ အသံကြောင့် ဆွတ်ဆိုင်းပန်

ဖတ်လက်စ စာအုပ်ကလေးအားချကာ အပြင်ထွက်ခဲ့လိုက်၏။

ခေါ်နေတာက မောင်လေးနာမည်ဆိုပေမယ့် အဲ့ကာလနဂါးလေးက အခုထိ မထသေးပဲ ဆင်အော်ရင်တောင် နိုးမယ့်ပုံမပေါ်ပါ။

အဝါး(အဖေ)နှင့် အနု(အမေ)ကလည်း အခင်းသွားကြသည်။

ဆိုင်းပန် ခြံပြင်ရောက်တော့ မောင်လေးအရွယ်ကောက်လေးတစ်ယောက်အား တွေ့လိုက်ရပြီး ထိုကောင်လေးက သူမကိုမြင်တော့

ဆက်ခေါ်မည့်ဟန်ပြုနေတဲ့ အမူအယာတို့ ရပ်တန့်သွားကာ

သူမကို အကဲခတ်သလို လှမ်းကြည့်နေ၏။

"အဆွတ်က အိပ်ရာက မနိုးသေးဘူး မောင်လေး ...

မောင်လေးက အဆွတ်သူငယ်ချင်းလား။ "

နူးညံ့သိမ်မွေ့သော သူမ အသံလေးက လေအဝှေ့တွင် ပါလာကာ မျိုးမင်းထက် ရင်တွေ ဒိန်းခနဲ ခုန်သွားတော့သည်။

"ဗျာ ... ဟုတ် ဟုတ်

ကျွန်တော်က ဆွတ်ရိန်နော်ရဲ့ သူငယ်ချင်း မျိုးမင်းထက်ပါဗျ။

ဒီရွာကပါပဲ "

မမေးပါပဲ အပိုတွေ လျှောက်ဖြေလိုက်တာက သူ့ရင်တွေ တုန်နေတာများ ပျောက်လိုပျောက်ညား။

တကယ်က ရင်တုန်တာမဟုတ်ပဲ ... ရင်ခုန်နေတာ။

ဟုတ်တယ် သူအရှေ့က မိန်းကလေးကို ကြည့်ပြီး ရင်တွေခုန်နေမိတာ။

ဆွတ်ရိန်နော်နဲ့ ရုပ်ချင်းနည်းနည်းဆင်ချင်တဲ့ အရှေ့က မိန်းကလေးက သူမှန်းတာမမှားဘူးဆိုလျှင် ဆွတ်ရိန်နော်ရဲ့ တစ်ဦးတည်းသော အမဖြစ်ပေလိမ့်မည်။

ဆံပင်အရှည်ကြီးနှင့် နန်းဆန်လွန်းလှတဲ့ သူမရဲ့ အလှအောက်မှာ သူမေ့မူးနေပြီဖြစ်သည်။

ပြောနေတယ် ... သူမနှုတ်ခမ်းဖျားလေးတွေလှုပ်ကာ သူ့ကိုစကားပြောနေတယ်။

ဒါပေမယ့် သူဘာမျှ ပြန်မပြောမိပဲ သူမကိုသာ ပြုံးပြုံးကြီး

စိုက်ကြည့်နေမိ၏။

"မောင်လေး ... ဟဲ့ မောင်လေး "

"ဗျာ ... ‌ဗျာ ဆောရီး "

"အွန်း ... အိမ်ထဲဝင်ထိုင်ပါလားလို့။

အဆွတ်ကို အမသွားနှိုးပေးမယ်။ "

"ဗျာ ... ဟုတ် ဟုတ် "

သူမက ရှေ့မှ ဦးဆောင်ကာ လှမ်းလျှောက်လိုက်တိုင်း လေပြေအဝေ့တွင် ပါလာသော သင်းပျံ့သည့် ရှန်ပူနံ့လေးက သူ့နှာခေါင်းဝသို့ တိုးဝင်လာကာ သဘောတကျ ရှူရှိုက်လိုက်၏။ ထိုရနံ့လေးက သူ့ရင်ကို ကဆုန်ပေါက်ကာ ဒုန်းစိုင်းမြည်ဟီးသွားတော့သည်။

သူမ မျက်နှာလေးအား မရဲတရဲခိုးကြည့်မိတော့ ပြုံးစစ နှုတ်ခမ်းပါးလေးက သူ့အကြည့်တို့အား ဖမ်းစားသွားပြန်ပြီ။

ရုတ်တရတ် အသက်ရှူနှုန်းတွေမြန်လာကာ သူ့အရှေ့မှ မိနကလေးအား တမော့တမော ငေးစိုက်ကြည့်နေမိတာ တခဏမဟုတ်။

ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ အစပျိုးချိန်များလား။

______________

"အသေးလေးရေ ... ဟေ့ အသေးလေး "

ခြံတံခါးကြီး ပိတ်ထားပေမယ့် ခါတိုင်းလို အသေးလေးအိမ်မှာရှိမလားလို့ လှမ်းခေါ်ကြည့်ပေမယ့် ဘယ်သူမျှ မမြင်ရပါ။

သူလှည့်ထွက်ခါနီးအချိန်ကျမှ ကြားတယ်ဆိုရုံ အသံတိုးတိုးအား ကြားလိုက်၏။

"သား ... ဆွတ်ရိန်နော်လား။

တံခါးဖွင့်ပြီး ဝင်ခဲ့သား။ "

အဘွားအသံကြားတော့မှ ခြံတံခါးဖွင့်ကာ ဝင်သွားလိုက်လျှင်

အိပ်ယာထဲမှာ လှဲနေတဲ့ အဘွားအား တွေ့လိုက်ရ၏။

"နေမကောင်းဘူးလား အဘွား။ "

"အေး ... သား ထိုင်လေ "

"ဟုတ် "

"အသေးလေးရော အဘွား "

"သမီးလေးက ဈေးရောင်းသွားတယ် သား "

"ဟင် ... တစ်ယောက်တည်းလား။ "

"ဟုတ်တယ် ... သားမသိသေးဘူးထင်တယ်။

မှုံလေးအမေဆုံးသွားပြီ... ပြီးတော့ အဘွားကလည်း အခုလိုဖြစ်နေတော့ အခု မှုံလေးကကျောင်းထွက်ပြီး ကုန်စိမ်းရောင်းနေရတာလေ။ "

"ဗျာ ..."

အဘွားရဲ့ စကားကြောင့် ဆွတ်ရိန်နော် ရင်ထဲတွင် ဟာခနဲ ဖြစ်သွားသည်။ အချိန်တိုအတွင်း ပြောင်းလဲသွားတဲ့ အကြောင်းတွေအား မယုံနိုင်ဖြစ်နေစဉ် ခြံထဲသို့ လူနှင့်မမျှတဲ့ ဈေးခြင်းကြီးရွက်ကာ ဝင်လာတဲ့အသေးလေးကြောင့် သူအံ့ဩစွာ မတ်တပ်ရပ်လိုက်မိ၏။

နေပူဒဏ်ကြောင့် မျက်နှာလေးညှိုးနေကာ ချွေးစက်တို့က နဖူးပြင်တွင် သီးခိုနေသည်။

သူမကလည်း ဆွတ်ရိန်နော်ကို မြင်တော့ ခဏတာ ကြောင်ကြည့်နေပြီးမှ မျက်နှာသေလေးဖြင့် ဂရုမစိုက်သလို ကျော်သွားသည်။

"ဂျီး ... သမီး ကြာဇံကြော်ဝယ်လာတယ်။ "

"အပိုကုန်အောင် ဝယ်မလာပါနဲ့ဆို သမီးရယ်။

ကိုယ့်ဟာကိုယ် မုန့်လေးဘာလေး ဝယ်စားပါကွယ်။ "

"ဒီနေ့ ဈေးရောင်းကောင်းလို့ပါ ဂျီးရဲ့ ... ဂျီးက နေမကောင်းပါဘူးဆို သမီးချက်တဲ့ မကောင်းမကန်းတွေ ဘယ်စားဝင်ပါ့မလဲ။

သမီး ပန်းကန်ထဲ တစ်ခါတည်း ထည့်ခဲ့တော့မယ်နော်။ "

"အေးအေး "

လူလေးက သေးသေးလေးနှင့် လူကြီးလေးလို လှုပ်ရှားနေကာ

ဆွတ်ရိန်နော် ကိုတော့ မရှိတဲ့လူလို သဘောထားလျက် ကြာဇံကြော်ကို သူမအဘွားအား လာခွံ့ကျွေး၏။

"သမီးလည်းစားလေ။ "

"တော်ပြီ ... သမီးမှ မကြိုက်တာ။

ခဏနေရင် ဆရာဝန်လာမှာနော် ဂျီး "

"အို ... ဆရာဝန်မခေါ်ပါတော့နဲ့ဆို သမီးရယ်။"

"ဆရာဝန်ခေါ်မှ ဂျီးသက်သာမှာပေါ့။"

"ဂျီးက သက်သာပါတယ် သမီးရယ် ... သမီး ပင်ပင်ပမ်းပမ်းရှာထားရတဲ့ ပိုက်ဆံတွေနဲ့ ဂျီးဆေးမကုရက်ပါဘူးကွယ်။ "

"မပင်ပမ်းပါဘူးဂျီးရဲ့ ... ဈေးမှာထိုင်ပြီး ဈေးလေးပဲ ရောင်းရတာကို။ ဂျီးလည်း အရင်တုန်းက အဲ့လိုရောင်ပြီး မှုံ့ကို လုပ်ကျွေးခဲ့တာပဲလေ။ "

တစ်ယောက်တစ်ခွန်းပြောနေကာ အချစ်ပြိုင်နေတဲ့ မြေးအဘွားနှစ်ယောက်အားကြည့်၍ ဆွတ်ရိန်နော် ဂရုဏာသက်စွာပြုံးလိုက်၏။

အိမ်ပြန်လမ်းတစ်လျှောက်မှာလည်း ထိုအကြောင်းအရာတို့ဆီကိုသာ ရောက်နေပြီး ကိုယ်နဲ့ဘာမျှမဆိုင်ပေမယ့် ရင်ထဲမှာလည်း ပူလောင်လာကာ တဆစ်ဆစ်နာကျင်လာသည်။

အပိုင်း (၁၇) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၅) နောက်အခန်း - အပိုင်း (၁၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ