Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၁၅)

ပူပြင်းလွန်းလှသည့် နွေရာသီ၏ အပူရှိန်က အဆောင်စာသင်ခန်းအတွင်း အိုက်စပ်မွန်းကြပ်မှုကို ပိုမိုဆိုးရွားစေသည်။ ကိုးတန်းနှစ်တွင် လေလွင့်ခဲ့သမျှ အကျိုးဆက်များသည် ဆယ်တန်းရောက်တော့ ထိလေသည်။

ကိုးတန်းအောင်စာရင်းထွက်ပြီးသည်နှင့် အဆောင်မှူးက သူတို့တစ်ဖွဲ့လုံးကို အိမ်ပြန်ခွင့်မပေးတော့ပဲ မိဘများထံ ဖုန်းဆက် အကျိုးအကြောင်းရှင်းပြကာ နွေရာသီကျောင်းပိတ်ရက်တစ်လျှောက်လုံး ဆယ်တန်းစာများကို ကြိုသင်ရတော့၏။

သို့သော်လည်း ဆရာက ရှေ့မှ အာပေါက်မတတ် သင်နေသမျှ ကျောင်းသားများ၏ ခေါင်းထဲသို့ တစ်လုံးမှ ဝင်ပုံမရ။ စာကို စိတ်မဝင်စား၊ စာလိုချင်စိတ်မရှိသော သူတို့အဖို့ အချိန်ဖြုန်းခြင်း သက်သက်သာ။အခုဆို ၁၀တန်းနှစ်လယ်တောင် ရောက်ချေပြီ။ စာသင်ခန်း ပြတင်းပေါက်မှ တိုက်ခတ်လာသော လေပြေက သူတို့ကို စာလုပ်ချင်စိတ်ဖြစ်ပေါ်စေသည်ထက် အိပ်ချင်စိတ်ကိုသာ ပိုမိုနှိုးဆွပေးနေသကဲ့သို့။

လပတ်စာမေးပွဲတိုင်းလည်း ကျ‌သည်။

ကျောင်းသားတိုင်း အောင်စေချင်တဲ့ အဆောင်မှူးက မောင်းပေမယ့်

အဓိကဖြစ်တဲ့ ကျောင်းသားတွေ အားထုတ်မှုမရှိတော့

တိုးတက်မလာပေ။

"မင်းတို့ တစ်ဖွဲ့လုံးကျမှာ။

ဒီပုံစံအတိုင်းပဲဆို နောက်နှစ်လည်း ပြန်မဖြေကြတော့နဲ့။

ပြန်ဖြေမယ်ဆိုလည်း ငါ့အဆောင်မလာနဲ့။

မင်းတို့ကို လက်မခံဘူး။ "

အဆောင်မှူး၏ ဒေါသတကြီး အော်ဟစ်သံကြောင့် လည်ပင်းကြောကြီးများပင် ထောင်ထနေသော်လည်း သူတို့တစ်သိုက်ကတော့ ပြုံးစိစိမျက်နှာပေးများဖြင့်သာ။ တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ပြကာ အဆောင်မှူးရဲ့ ဒေါသကို ဟာသတစ်ခုလို သဘောထားနေကြသည်။

မိဘရင်းများပင် လက်မြှောက်ကာ မနိုင်သည့် သူတို့အဖို့ ဆရာ၊ ဆရာမများကို လေးစားရကောင်းမှန်း၊ ကြောက်ရကောင်းမှန်း မသိကြပေ။

______________

ဆောင်းလေအေးအေးက အရိုးကွဲမတတ် ချမ်းစိမ့်နေသော မနက်ခင်းတစ်ခုတွင် ဖြစ်သည်။

"မှုံလေးရေ ... သမီးလေး "

"ဟယ် ... မေမေ "

ဝမ်းသာအားရ ရေရွတ်ရင်း အမေ့ထံ ပြေးသွားလိုက်သည်။

"ဘွားဘွားရော သမီးလေး ... အဟွတ် ဟွတ် အဟွတ် "

စကားပြောနေရင်းမှ ရှိုက်ကြီးတငင် ထွက်ပေါ်လာသော ချောင်းဆိုးသံကြောင့် အမေ့ကိုယ်လုံးလေး တုန်ခါသွားလျှင် မှုံ စိတ်ပူသွားကာ...

"ဟင် ... အမေ အခုထိ အအေးမိတာ မပျောက်သေးဘူးလား။

ဆေးမသောက်ဘူးလား အမေရဲ့။ "

"သောက်ပါတယ် သမီးရဲ့။ "

အမေ့အသံက အားမပါလှ။ အနီးကပ်ကြည့်လိုက်တော့မှ အမေ့မျက်နှာက သွေးမရှိသလို ဖြူဖျော့နေပြီး မျက်လုံးအိမ်များလည်း ချိုင့်ဝင်နေသည်။

"အမေ မျက်ကွင်းတွေလည်း ညိုနေတယ်။

အမေ နေမကောင်းဘူးမလား။ "

မှုံက သူမအမေ၏ လက်ဖမိုးလေးကို ခပ်ဖွဖွဆွဲယမ်းကာ မေးလိုက်လျှင် ‌သူမအမေက ပြုံးကာ ခေါင်းယမ်းပြ၏။

"မဟုတ်ပါဘူး သမီးရဲ့။

‌အမေက အမေ့သမီးလေးကို လွမ်းလို့ပါ။"

"အဲ့တာကြောင့် အမေပိန်သွားတာလားဟင်။ "

"အဟင်း ... အမေ့သမီးလေးက အဲ့တာလည်း သတိထားမိခဲ့တာလား။"

"ဟုတ် "

"အမယ်လေး ... အမေ့သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ။

အဲ့တာကြောင့် အမေက ချစ်မဝဖြစ်နေရတာ။ "

"အဲ့တာဆို မှုံတို့နဲ့ အမြန်လာနေတော့လေ မေမေရဲ့ "

"ဟင် ... အင်း နေမှာပေါ့ကွယ်။

ခဏပဲစောင့်နော် ..."

"တကယ်လား ... မေမေ "

"တကယ်ပေါ့ သမီးလေးရဲ့။ "

"ကတိနော် "

မှုံက လက်သန်းလေးထောင်ကာ ‌မေမေ့ရှေ့သို့ ထိုးပေးလိုက်လျှင်မေမေက ပြုံးလိုက်သော်လည်း မျက်ဝန်းအိမ်တွင် မျက်ရည်စတို့ ဝဲခိုတက်လာသည်ကို မှုံ မမြင်လိုက်။ မေမေက အလိုက်သင့်ပင် လက်သန်းချင်း လာချိတ်ကာ လက်မထိပ်နှစ်ခုကို ပူးကပ်ပေးလိုက်၏။

"ကတိ ကတိပါရှင် ..."

"ဟီး ... ပျော်လိုက်တာ။ "

"ဘွားဘွားရော ..."

"ဂျီး(အဘွား)က အန်တီအားမိုင်ဆိုင်မှာ ဆန်သွားဝယ်တယ်။ "

အကြွေးသွားဝယ်တယ် ဆိုတာတော့ ထည့်မပြောဖြစ်တော့ပေ။

အမေသိလို့လည်း စိတ်မကောင်းရုံသာ ရှိလိမ့်မည်။

"ဘွားဘွားကို ဂရုစိုက် လိမ်လိမ်မာမာနေနော် သမီး "

"ဟုတ် "

"အမေက အမေ့သမီးလေးကို ဒီ့ထက်အရွယ်ရောက်စေချင်တယ် သမီးရယ် "

"သမီးက အခုလည်း အားကိုးလို့ရပါပြီ အမေရဲ့ ...

အခုဆို ဘွားဘွားနဲ့လည်း ကျောင်းပိတ်ရက်တွေ ဈေးရောင်းလိုက်နေပြီ ... "

"အေးပါကွယ် ... အေးပါ ...အစစအရာရာ ဂရုစိုက်နော်

အဟွတ် ဟွတ် "

စကားမဆုံးခင်မှာပင် နောက်တစ်ကြိမ် ထွက်ပေါ်လာသော ချောင်းဆိုးသံက ပြင်းထန်လွန်းလှတာကြောင့် ...

"ဟော ... အမေက သူများကိုသာ ပြောနေတယ်။

ကိုယ့်ကိုယ်ကိုကျဂရုမစိုက်ဘူး။ "

"အဟင်း ဟင်း ... အတတ်ကလေးကတော့ကွယ်။

အမေ ဒီကပြန်ရင် ဆေးခန်းဝင်ပြလိုက်ပါမယ်နော်။ "

"ဟုတ် "

"အဲ့တာဆို ‌အမေသွားတော့မယ်နော်။

ဒါကို ဘွားဘွားကို ပေးလိုက်နော်။ "

အမေက တစ်ထောင်တန်တွေအလိပ်လေး ပေးလျှင် မှုံခေါင်းညိတ်ကာ ယူလိုက်၏။

"သွားပြီနော် ... လိမ်လိမ်မာမာနေပြီး ဘွားဘွားကိုလည်း ဂရုစိုက်နော်။ "

"ဟုတ် "

မှုံခေါင်းညိတ်ကာ တာ့တာပြ၍ ခြံပြင်ထိထွက်ကာလိုက်ကြည့်နေပြီး အမေကလည်း လမ်းကွေ့ရောက်သည်အထိ မှုံ့ကို လှည့်ကြည့်နေသေး၏။

ညနေခင်း နေဝင်ရီတရောအချိန်၏ မှောင်ရိပ်အောက်တွင် အမေ့ပုံရိပ်လေး ပျောက်ကွယ်သွားသည်အထိ မှုံ ငေးနေခဲ့မိသည်။

နောက်ဆုံးပဲ ... ဒါက အမေ့ကို မှုံနောက်ဆုံးအကြိမ်တွေ့ရခြင်းဖြစ်သည်။

တစ်ပတ်အကြာတွင်တော့... မှုံတို့အိမ်သို့ လူစိမ်းတစ်ယောက် ရောက်လာကာ သတင်းဆိုးကြီးကို သယ်ဆောင်လာခဲ့တော့၏။

"အိမ်ရှင်တို့ အိမ်ရှင်တို့ ..."

"ဝေး ... ဘယ်သူလဲကွယ့် "

"ဒါက ဒေါ်နန်းကြာမှုံတို့အိမ် ဟုတ်သလားဗျ "

"ဟုတ်တယ်ကွယ့် ... မင်းက ဘယ်သူလဲ။

အိမ်ထဲဝင်ခဲ့လေကွယ်။ "

"ဟုတ်ကဲ့ "

မှုံ ကျောင်းသွားခါနီးအချိန်မို့ လွယ်အိတ်ပြင်နေတုန်း ရောက်လာတဲ့ ထိုလူကြီးအား မှုံရောအဘွားပါ စူးစမ်းသလိုကြည့်လိုက်ကြ၏။

ထိုလူကြီး၏ မျက်နှာထားက တစ်ခုခုကို ပြောရန် ဝန်လေးနေပုံရကာ သေချာတာကတော့ မှုံ ထိုလူကြီးအား တစ်ခါမျှ မမြင်ဖူးပါ။ ဂျီး(အဘွား)ရဲ့ မိတ်ဆွေလားဟု ဂျီးကို လှမ်းကြည့်မိတော့ ဂျီးကလည်း ထိုလူကြီးအား သိပုံမရ။

ထိုလူကြီးက မှုံနဲ့ အဘွားအား တစ်လှည့်စီကြည့်ကာ သက်ပြင်းချလိုက်ပြီး မျက်‌နှာမကောင်းစွာဖြင့် စကားစသည်။

"မှုံရွှေရည်ရဲ့ အမေနဲ့သမီးဟုတ်တယ်မလား။ "

"ဟုတ်ပါတယ်ကွဲ့ "

"ပြောရမှာတော့ စိတ်မကောင်းပါဘူးဗျာ။

အန်တီရော သမီးရော စိတ်ခိုင်ခိုင်ထားကြပါနော် ..."

"ဟင် ..."

ဂျီးရဲ့ မျက်လုံးများ ပြူးကျယ်သွားကာ လေထုတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။

"မှုံရွှေရည် ... မှုံရွှေရည် ဆုံးသွားပြီ "

"ဘယ်လို ..."

ထိုစကားသံသည် ကြည်လင်နေသော ကောင်းကင်မှ ဂျိန်းခနဲ မိုးခြိမ်းသံကြီး ကြားလိုက်ရသလို မှုံ့တစ်ကိုယ်လုံး တုန်လှုပ်သွား၏။

ခြေဖျားလက်ဖျားများ အေးစက်သွားပြီး ခန္ဓာကိုယ်ကြီးက တောင့်မတ်သွားကာ အသက်နှင့်ခန္ဓာ အိုးစားကွဲသွားသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်မှ အသံများ တဖြည်းဖြည်း တိုးဝါးသွားပြီး ဘာကိုမျှလည်း မမြင်ရတော့။ မျက်စိရှေ့တွင် အရာရာ ဝေဝါးသွားသည်။

မဟုတ်ဘူး ... ဘယ်လိုမှမဖြစ်နိုင်ဘူး။

မှုံ့ခေါင်းတွေ တသွင်သွင်ခါယမ်းနေမိရင်း ခြေထောက်များ ခွေခေါက်ကာ ပြိုလဲလုဆဲဆဲတွင် ဂျီး(အဘွား)က မှုံ့လက်ဖဝါးအား အတင်းဆွဲယူ ဆုပ်ကိုင်လိုက်သည်။ ဂျီးရဲ့ လက်များလည်း တုန်ရီနေသည်။

"သမီး ... ငိုချင်ရင် ငိုချလိုက်ပါ။

အဲ့လိုကြီး တင်းမထားပါနဲ့ကွယ်။ "

မျက်ရည်တွေ ဖြိုင်ဖြိုင်မိုးနေသည့်ကြားမှ ဂျီးက အားတင်းကာ ပြောလာသည်ကို မှုံ မြင်နေရ၊ ကြားနေရပေမယ့် အသိစိတ်တို့က ခန္ဓာကိုယ်နှင့် ကပ်မနေတော့။ ဆွံ့အလျက်သား။

"သမီး ... သမီးလေးရယ်။ "

မှုံ့အား ဂျီးက ဆွဲဖက်ကာ ဝမ်းပမ်းတနည်း ငိုရှိုက်လိုက်တော့မှ မှုံ့ရင်ထဲမှ ဆို့နင့်နေသော အလုံးကြီး ကွဲထွက်သွားကာ ထိုရင်ခွင်ထဲတွင် မျက်ရည်လည်ရွှဲဖြင့် အော်ဟစ်ငိုကြွေးမိတော့သည်။

"ဘွားဘွားကို ဂရုစိုက် လိမ်လိမ်မာမာနေနော်"

နားထဲတွင် အမေ့အသံတွေ ပဲ့တင်ထပ်လာခဲ့၏။ အမေက သူ့ကိုယ်သူသိလိူ့၊ သူ့အချိန်တွေ မကျန်တော့မှန်းသိလို့ လာနှုတ်ဆက်သွား‌တာ‌ကို မှုံက မသိရလောက်အောင် နုံအလွန်းခဲ့သည်။ "မေမေရယ်..." ဟုသာ တစာစာ တမ်းတရင်း ရင်ဘတ်ကို ထုကာ ငိုမိတော့သည်။

_____________

အမေက အသည်းရောဂါနှင့် သေသွားရပေမယ့် အသိဉာဏ်နည်းပြီး

သူတစ်ပါး အတင်းအဖျင်းပြောမှ ထမင်းစားမြိန်သည့်း ရွာထဲက လူတွေကတော့ AIDSနှင့် ဆုံးပြီဟု သွားပုတ်လေလွင့် ပြောကြ၏ထိုကောလာဟလစကားများကြောင့် အမေ့နောက်ဆုံးခရီးမှာတောင် လိုက်ပါပို့ဆောင်မည့်သူ နည်းပါးကာ လူမစည်ခဲ့ပေ။

"ဒါတွေက မှုံရွှေရည်နေတဲ့အခန်းမှာကျန်ခဲ့တဲ့ သူ့ပစ္စည်းတွေပါ။ "

ကော်သေတ္တာပုံးတစ်ခုနှင့်ထည့်ထားတဲ့ ပစ္စည်းတွေအား ချပေးသွားရာ ပစ္စည်းများတွင် စွဲကျန်နေသော အမေ့ကိုယ်သင်းနံ့သဲ့သဲ့ကို ရလိုက်သည်နှင့် မှုံ အမေ့ဓာတ်ပုံကိုသာ ရင်ခွင်ထဲ ပိုက်ပြီး ငိုနေမိသည်။ မျက်ရည်မိုးတွေ မဆဲနိုင်တော့ပေ။

သင်္ဂြိုလ်တာကို အမေနေတဲ့နေရာမှာပဲ သင်္ဂြိုလ်ခဲ့ပြီး

ရက်လည်ဆွမ်းသွပ်ကိုတော့ ရွာမှာပဲ ပြန်လုပ်ခဲ့၏။

လူစည်တာမျိုးမဟုတ်ပေမယ့် မှုံတို့က ရွာမှာအနေကြာတဲ့

ရွာခံတွေလိုမျိုးဖြစ်နေတာကြောင့် မကောင်းတတ်တဲ့ လူတွေတော့လာကြပါသည်။

ဒါပေမယ့် ကောင်းသောလာခြင်းမဟုတ်။ အမေသေဆုံးရသည့် အကြောင်းရင်းကို မဟုတ်တမ်းတရားတွေ ခေါင်းချင်းဆိုင်ကာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးနှင့် တစ်ယောက်နှင့်တစ်ယောက် အတင်းဖြန့်ကြသည်။ သေသွားသောသူကိုတောင် အလွတ်မပေးနိုင်ကြတာ လူတွေပါလားဟု တွေးမိရင်း မှုံ့ရင်ထဲ နာကျင်ရသည်။

အမေ့ရက်လည်အပြီးမှာတော့ တစ်လျှောက်လုံး အားတင်းထားခဲ့တဲ့ အဘွားက အိပ်ယာထဲ ဘုန်းဘုန်းလဲတော့သည်။ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရသော စိတ်ဒဏ်ရာနှင့် အရင်က ပင်ပန်းထားတဲ့ဒဏ်တွေပါ စုပေါင်းသွားကာ အဘွားခမျာ ထမနိုင်တော့။ ဆေးဝါးလည်း ကောင်းကောင်းမကုနိုင်၊ အာဟာရလည်း မပြည့်ဝသည့်အတွက် နံလန်မထူနိုင်တော့ပေ။

တစ်နေ့တခြား ကြပ်တည်းလာတဲ့ စားဝတ်နေရေးကြောင့် ခြောက်တန်းနှစ်ဝက်လောက်တွင် မှုံ ကျောင်းထွက်လိုက်ရတော့သည်။

ဂျီး(အဘွား)ကတော့ မှုံကျောင်းထွက်ရတာ သူ့ကြောင့်ပါဆိုပြီး

အိပ်ရာမှမထနိုင်သည့်ကြားမှ ငိုရှာသည်။

နောက်ထပ် ဝမ်းနည်းမည့်သူ တစ်ယောက်ကတော့ ဂျာမိုင်။ မှုံ ကျောင်းထွက်ပြီးနောက် ဈေးတွင် သူ့အမေနှင့်လိုက်ကာ ကုန်စိမ်းလိုက်ရောင်း‌နေတော့ ဂျာမိုင်က မှုံကျောင်းထွက်တာသိသွားကာ ငိုမဲ့မဲ့မျက်နှာနှင့် မှုံတို့အိမ်သို့ ရောက်လာ၏။

"မှုံနံ့သာ နင် ... နင်ကျောင်းထွက်လိုက်ပြီဆို "

"အွန်း ... ဟုတ်တယ်။ "

"ဘာလို့လဲ ... နင်က ဒီလောက်စာတော်တာ။

ဘာလို့ ကျောင်းထွက်တာလဲဟ "

"ဂျီး(အဘွား)က နေမကောင်းဘူးဟ။

ငါကျောင်းထွက်ပြီး ဈေးရောင်းမှ ငါတို့ထမင်းစားလို့ရမှာပေါ့။ "

"အဟင့် ... အဲ့တာဆို နင် နင့်အဘွားနေကောင်းရင်ရော

ပြန်တက်မှာလားဟင်။ "

"အင်း ... "

"တကယ်နော် "

"အွန်းပါ "

"အဲ့တာဆိုလည်းပြီးရော ... ငါသွားပြီနော် အနု(အမေ)က

ဈေးဝယ်ခိုင်းလိုက်တာ။ "

"အင်းအင်း "

ဂျာမိုင် စိတ်သက်သာရာရစွာ ပြန်သွားတော့ မှုံ တန်းလျားပေါ်ပြန်ထိုင်လိုက်ကာ ဘေးတွင်ပုံထားသော အခင်းက ဝယ်လာသည့် ကိုက်လန်ရွက်များကို ယူလိုက်ပြီး ဂျီးစီးသလို အစီးလေးတွေ စီးလိုက်၏။ လက်ထဲမှ ဟင်းရွက်စည်းလေးများကို ကြည့်ရင်း သက်ပြင်းချမိပြန်သည်။

ဂျာမိုင် ‌ကျေနပ်သွားအောင် ကျောင်းပြန်တက်မယ်လို့ပြောလိုက်ပေမယ့် အဲ့လောက်မှမလွယ်ပဲ။

ဆက်တက်လို့ ၈တန်းထိရောက်သွားရင်တောင် ၉တန်းဆက်တက်ဖို့ လုံးခင်းသွားပြီး အဆောင်မှာနေပြီးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါ။

အဲ့တာကြောင့် မဖြစ်နိုင်တဲ့ မျှော်လင့်ချက်အိပ်မက်တွေကိုလည်း

ချိုးနှိမ်ကာ သတ်ပစ်လိုက်ပါပြီ။

အပိုင်း (၁၆) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၄) နောက်အခန်း - အပိုင်း (၁၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ