Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း (၄၈)

ငါးလကြာပြီးနောက်......

"အေးသူဇာရေ... နင့်အစ်ကိုလေး ပစ္စည်းတွေ အကုန်ထည့်ပြီးပြီလား"

ဒေါ်ခင်မာလာ လက်ထဲက ပုတီးကို စားပွဲပေါ်အသာတင်ရင်း လှမ်းမေးလိုက်သည်။ အေးသူဇာက ခမ်းနား၏ ခရီးဆောင်အိတ်ထဲတွင် လိုအပ်သည့် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို သေချာထည့်ပေးနေရလေသည်။

မနက်ဖြန်ဆိုလျှင် အင်္ဂလန်က စက်ရုံတွင်ကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေးအတွက် ခမ်းနားက အင်္ဂလန်သို့ တစ်ပတ်တိတိ သွားရမည်ဖြစ်လေသည်။

"ဟုတ်ကဲ့ မေမေကြီး... အကုန်ထည့်ပြီးပြီနော်"

"အေးအေး... မနက်စာ စားသွားဦးမလား မသိဘူး၊ နင့်အစ်ကိုလေး ဆင်းလာရင် မေးပြီး ပြင်ဆင်ပေးလိုက်ပါဦး။ ငါ ဘုရားရှိခိုးချင်လို့"

ဒေါ်ခင်မာလာ ဆိုဖာမှ ထရပ်လိုက်ပြီး အေးသူဇာကို လှည့်ပြောကာ သူမအခန်းရှိရာ အပေါ်ထပ်သို့ တက်သွားလေသည်။ အေးသူဇာလည်း မေမေကြီး မှာထားသည့်အတိုင်း လုပ်ဆောင်ပြီးနောက် ထမင်းစားခန်းဘက်သို့ ဝင်သွားကာ ဟင်းများ ပြန်နွေးရန် ပြင်ဆင်လေသည်။

🌷🌷🌷

ကြက်သွေးရောင် ရှပ်လက်ရှည်ကို လက်ခေါက်တင်လိုက်ပြီး ကုတ်အင်္ကျီတစ်ထည်ကို ထပ်ဝတ်လိုက်ကာ ကားသော့ယူပြီး ထွက်လာခဲ့လိုက်သည်။

သူ မြန်မာပြည်ကို ပြန်လာပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် အင်္ဂလန်သို့ ပြန်သွားရခြင်း ဖြစ်သည်။ သို့သော် ပထမတစ်ခါနှင့် ဒုတိယတစ်ခါ မြန်မာပြည်က ထွက်ခွာရသည့် ခံစားချက်က ကွာခြားလွန်းနေသည်။ လွန်ခဲ့သည့် ခုနှစ်နှစ်ခန့်က သူ အင်္ဂလန်သို့ သွားခဲ့စဉ်က တက်ကြွစွာပင် ဖြစ်သော်လည်း... ယခု ဒုတိယအကြိမ်မြောက် သွားရခြင်းကတော့ သူ့စိတ်ကို ဒုန်းဒုန်းချ ဆုံးဖြတ်ပြီးမှ မဖြစ်မနေ သွားရမည့် ခရီးဖြစ်နေခြင်းကြောင့်ပင်။

အခန်းထဲက ထွက်လာပြီး အောက်ထပ်သို့ ရောက်လာသောအခါ မေမေ့ကို မတွေ့ရသဖြင့် မေမေ့အခန်းရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုစဉ် မီးဖိုဆောင်ဘက်က ထွက်လာသည့် အေးသူဇာကို တွေ့သဖြင့်...

"အေးသူဇာ... မေမေရော၊ မတွေ့ပါလား"

"မေမေကြီး အခုနလေးတင်ပဲ ဘုရားရှိခိုးဖို့ဆိုပြီး အခန်းထဲဝင်သွားတယ် အစ်ကိုလေး"

အေးသူဇာ့ စကားကြောင့် ခမ်းနား ခေါင်းညိတ်လိုက်ပြီး...

"အင်း... ဒါဆိုလည်း မေမေ ဆင်းလာရင် ငါသွားပြီလို့ ပြောပေးပါ၊ ရောက်မှ ဖုန်းဆက်လိုက်မယ်လို့လည်း ပြောလိုက်ဦး"

"ဟုတ်ကဲ့ပါ အစ်ကိုလေး"

ကားသော့ကိုင်လျက် ခမ်းနား အိမ်ထဲက ထွက်လာခဲ့လိုက်သည်။

ခြံထဲတွင် အသင့်စောင့်ဆိုင်းနေသည့် ကားအနက်ရောင်လေးဆီသို့ ခမ်းနား ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းလာခဲ့သည်။ ဒရိုင်ဘာဖြစ်သူ ကိုမျိုးကြီးက ကားတံခါးကို အလိုက်တသိ ဖွင့်ပေးပြီးနောက် ခရီးဆောင်အိတ်ကို ကားနောက်ဖုံးထဲသို့ သေချာထည့်သွင်းပေး၏။ ခမ်းနား ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်ပြီးနောက် လက်ပတ်နာရီကို တစ်ချက် ငုံ့ကြည့်လိုက်သည်။ လေယာဉ်ထွက်မည့် အချိန်ကို တွက်ချက်ကြည့်ပြီးနောက် စိတ်ထဲက ဆုံးဖြတ်ချက်တစ်ခုကြောင့် မျက်ခုံးအစုံက အနည်းငယ် မြင့်တက်သွားသည်။

ကိုမျိုးကြီးက ကားမောင်းသူနေရာတွင် ဝင်ထိုင်ကာ အနောက်သို့ လှည့်ကြည့်ရင်း...

"အစ်ကိုလေး... လေဆိပ်ကို တိုက်ရိုက် မောင်းရတော့မလားခင်ဗျာ"

"ကိုမျိုးကြီး... လေဆိပ်ကို အရင်မမောင်းနဲ့ဦး၊ ကျွန်တော် တစ်နေရာ ဝင်စရာရှိသေးလို့"

"ဟုတ်ကဲ့... ဘယ်ကို မောင်းပေးရမလဲ အစ်ကိုလေး"

ခမ်းနား ခဏတာ တိတ်ဆိတ်သွားပြီးမှ စိတ်ထဲတွင် အမြဲတစေ စွဲထင်နေသည့် လမ်းကြောင်းအတိုင်း ညွှန်ကြားလိုက်သည်။

"ဒီကနေ... ရွှေဂုံတိုင်ဘက်ကို ကွေ့လိုက်၊ ပြီးရင်..."

လမ်းကြောင်းကို တိတိကျကျ ပြောပြလိုက်ပြီးနောက် ခမ်းနား ကားပြတင်းမှန်ပြင်မှတစ်ဆင့် အပြင်ဘက်သို့ ငေးမောကြည့်နေမိသည်။ မဖြစ်မနေ သွားရမည့် ခရီးဖြစ်သော်လည်း မထွက်ခွာခင်မှာ ယမုံ့မျက်နှာလေးကို တစ်ချက်လောက်ဖြစ်ဖြစ် မြင်တွေ့သွားချင်သည့် စိတ်ကို သူ မတားဆီးနိုင်ခဲ့ပေ။

ကားလေးက မြို့တွင်းလမ်းမများအတိုင်း မောင်းနှင်လာပြီးနောက် သိပ်မကြာခင်မှာပဲ သူမနေသည့် ရပ်ကွက်လေးတစ်ခုထဲသို့ ချိုးကွေ့ဝင်ရောက်လာခဲ့သည်။ ထို့နောက် အပင်များ ပတ်လည်စိုက်ပျိုးထားသော ခြံဝင်းလေးတစ်ခုရှေ့တွင် ကားက အရှိန်သတ်ကာ ရပ်တန့်သွားလေသည်။

ခမ်းနား ကားမှန်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး အိမ်လေးဆီသို့ လှမ်းကြည့်လိုက်မိစဉ်... ခြံဝင်းလေးထဲတွင် ပန်းပင်များကို ရေပိုက်ဖြင့် စိတ်ရှည်လက်ရှည် ရေလောင်းပေးနေသည့် ယမုံ့ကို မြင်တွေ့လိုက်ရသည်။

ဆံပင်ရှည်လေးများကို အနောက်တွင် သပ်ရပ်စွာ စုစည်းထားပြီး ရှပ်လက်ရှည်အပျော့သား၊ ဘောင်းဘီရှည်ပွပွလေးဖြင့် အလုပ်ရှုပ်နေသော သူမ၏ ပုံရိပ်လေးက ခမ်းနား၏ ရင်ဘတ်ကို လှိုက်ဖို တုန်ခါသွားစေပြန်သည်။ စိမ်းလန်းနေသည့် သစ်ပင်ပန်းမန်လေးများကြားထဲတွင် ယမုံက ပန်းပွင့်လေးတစ်ပွင့်အလား အလွန်ပင် လိုက်ဖက်လှပလွန်းနေကာ၊ ကြည့်ရရုံနှင့်တင် ခမ်းနား၏ စိတ်ပင်ပန်းမှုများက ကြိုတင်ပြေပျောက်သွားသယောင်။

ခမ်းနား ကားတံခါးကို ဖွင့်ကာ အပြင်သို့ ခြေလှမ်းလိုက်ပြီး ခြံထဲသို့ ဝင်လာခဲ့သည်။ ခြံထဲသို့ ရုတ်တရက် ဝင်ရောက်လာသည့် အရိပ်ကြောင့် ယမုံ လှည့်ကြည့်မိစဉ်... ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။

"ယမုံ..."

"......"

ပြန်၍ အသံထွက်မထူးသော်လည်း ပကတိ အပြုံးအရယ်မရှိသည့် မျက်နှာလေးက ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။

"ဒီနေ့ ဆိုင်ကို မသွားတော့ဘူးလား"

"ဟင့်အင်း... ညနေမှ ပိတ်ခါနီးမှပဲ ခဏသွားတော့မယ်။ လေဆိပ်ကို သွားရတော့မှာ မဟုတ်လား"

ယမုံ့၏ မေးမြန်းသံကြောင့် ခမ်းနား နှုတ်ခမ်းကွေးရုံမျှ ပြုံးလိုက်သည်။ သူမအနားသို့ မလှမ်းမကမ်း အကွာအဝေးအထိ ရောက်လာပြီးမှ... တည်ငြိမ်ပြီး လေးနက်လှသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မသွားခင်... မင်းကို တစ်ခါလောက် တွေ့ချင်လို့ ဝင်လာတာ"

"ဟင်..."

"တစ်ပတ်ပဲနော် ယမုံ... ကိုယ် တစ်ပတ်ပဲကြာမယ်။ ကိုယ်ပြန်လာရင်တော့ ယမုံ ကိုယ့်ကို ထပ်ပြီး မငြင်းပါနဲ့တော့နော်"

ဟိုးတုန်းကလည်း သူ ယခုကဲ့သို့ပင် ပြောခဲ့ဖူးသည်မို့ ယမုံ့နှုတ်ခမ်းထက် မပီပြင်သည့် မဲ့ပြုံးလေးတစ်ခု ဖြစ်ပေါ်သွားရပြီး...

"ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေပြီမို့... လွယ်လွယ်နဲ့တော့ ခေါင်းမညိတ်ရဲတော့ဘူး၊ လမ်းခရီးမှာ ဂရုစိုက်ပါ"

ယမုံက တိုးသဲ့သဲ့ လေသံဖြင့်သာ ပြောလိုက်သည်။

အပြစ်ရှိခဲ့ဖူးသူမို့ ခမ်းနား ယမုံ့ကို ခေါင်းညိတ်ပြလိုက်ပြီး...

"ရခဲတဲ့ အခွင့်အရေးမို့ ဒုတိယအကြိမ် အမှားဆိုတာ ထပ်ပြီး ရှိလာမှာ မဟုတ်ပါဘူး။ ကိုယ့်ကို ထပ်ပြီး ယုံကြည်ပေးပါ... ယမုံ့ကို ကိုယ်အရမ်းချစ်တယ်"

ပြောပြီးနောက် ယမုံ့မျက်နှာလေးကို မိနစ်အနည်းငယ်မျှ စိုက်ကြည့်ကာ သူ လှည့်ထွက်လာခဲ့လိုက်သည်။ ထွက်ခွာသွားသည့် ကျောပြင်ကျယ်ကို ကြည့်လိုက်ရင်း ယမုံ အနည်းငယ် ပြုံးလိုက်မိသည်။ ခမ်းနားသွင်ပြင်ဆိုသည်မှာ ယမုံ့ဘဝ၏ ချစ်ဦးသူဖြစ်သလို၊ အချစ်ဆုံး ယောက်ျားတစ်ယောက်လည်း မဟုတ်ပါလား။

🌷🌷🌷

လီလီပန်းပွင့်အဖြူလေးများကို ကတ်ကြေးဖြင့် အသာအယာ တိဖြတ်ရင်း ယမုံ အလုပ်ရှုပ်နေမိသည်။ ဒီနေ့ ကေသာက ခွင့်ယူထားသဖြင့် သူမနှင့် ငုဝါ နှစ်ယောက်တည်းသာ ရှိလေသည်။

"မမ... အသစ်ဝင်လာတဲ့ ပန်းခင်းက လှလားဟင်"

ငုဝါက ပန်းရောင်စုံများကို အစည်းလိုက် နေရာချရင်း လှည့်မေးလိုက်သည်။

"အင်း လှတယ်၊ ခြံကျယ်တယ်။ လီလီပန်း ရောင်စုံပဲ၊ ပြီးတော့ အီတလီ နှင်းဆီရောင်စုံလည်း ရှိတယ်"

"ဝါး... ဒါဆို တော်တော်လှတဲ့ ပန်းတွေ ရောင်းရမှာပေါ့"

ယမုံ ခေါင်းညိတ်လိုက်စဉ်... ဆိုင်တံခါးဝတွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းသံလေးက လှုပ်ခတ်သွားပြီး လူနှစ်ဦး ဆိုင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ယမုံ လက်ထဲက ပန်းပင်လေးကို ချကာ ပြုံးလျက် လှည့်ကြည့်လိုက်စဉ်... အနီးသို့ ရောက်လာသည့် လူကို မြင်ပြီး အံ့ဩသွားရသည်။

"နေကောင်းသွားပြီလား ယမုံ"

"ကိုလွင်ပြင်မုန်း..."

လွင်ပြင်မုန်းက နွေးထွေးစွာ ပြုံးပြရင်း နှုတ်ဆက်လာသည်။ သူ့ဘေးတွင်တော့ အသားဖြူဖြူ၊ ကိုယ်လုံးသေးသေးသွယ်သွယ်နှင့် သပ်ရပ်လှပသည့် မိန်းကလေးတစ်ယောက်ကလည်း ယမုံ့ကို ယဉ်ကျေးစွာ ပြုံးပြလျက် ရှိနေသည်။

"နေကောင်းပါတယ် ကိုလွင်ပြင်မုန်း... အလုပ်ကိစ္စ လာအပ်ဖို့လား၊ ထိုင်ပါဦး"

ယမုံက ဆိုင်ထဲရှိ ခုံလေးများဆီသို့ ညွှန်ပြရင်း ခရီးဦးကြိုပြုလိုက်သည်။ လွင်ပြင်မုန်းနှင့် ဘေးက မိန်းကလေးတို့ ခုံတွင် ဝင်ထိုင်လိုက်ကြပြီးနောက်... လွင်ပြင်မုန်းက သူ့ဘေးက မိန်းကလေး၏ လက်ကို အသာအယာ ဆုပ်ကိုင်ရင်း ယမုံ့ကို မိတ်ဆက်ပေးလာခဲ့သည်။

"ယမုံကတော့ဗျာ... ကျွန်တော့်ကို မြင်တာနဲ့ အလုပ်ကိစ္စလို့ပဲ တွက်ဆထားတဲ့ပုံပဲ။ အင်း... အလုပ်ကိစ္စလည်း ပါတာပေါ့၊ ပြီးတော့ မိတ်ဆက်ပေးရဦးမယ်"

ယမုံက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး လွင်ပြင့်ဘေးက မိန်းကလေးကို ကြည့်လိုက်သည်။

"ဒါ... ကျွန်တော့်ရဲ့ ဇနီးလောင်း 'စိမ်းဒေဝီ' တဲ့ ယမုံ။ စိမ်း... ဒါ ကိုယ် ခဏခဏ ပြောပြဖူးတဲ့ သူငယ်ချင်း ယမုံ"

စိမ်းဒေဝီက ယမုံ့ကို ကြည့်ကာ ချိုသာစွာ နှုတ်ဆက်လာသည်။

"တွေ့ရတာ ဝမ်းသာပါတယ် မမယမုံ... ကိုလွင်ပြင်က မမယမုံ့အကြောင်းတွေ စိမ်းကို ခဏခဏ ပြောပြဖူးပါတယ်၊ မမယမုံက တကယ်ပဲ ထင်ထားတာထက် ပိုလှတာပဲနော်"

"ညီမ ထင်လို့ပါ၊ အဲ့ဒီလောက်လည်း မဟုတ်ပါဘူး"

ယမုံက စိတ်ရင်းဖြင့် ပြုံးကာ ပြန်ပြောလိုက်သည်။ လွင်ပြင်မုန်း၏ မျက်နှာပေါ်က အေးချမ်းပြီး ပျော်ရွှင်နေသည့် အရိပ်အယောင်များကို မြင်ရတော့ ယမုံ့ရင်ထဲ တကယ်ပင် ဝမ်းသာမိသွားသည်။ လွင်ပြင်က တကယ့်ကို အမျိုးကောင်းသမီးလေးနှင့် ထိုက်တန်သည့် ယောက်ျားတစ်ယောက် မဟုတ်ပါလား။

ခဏကြာတော့ လွင်ပြင်မုန်းက သူ့အိတ်ထဲကနေ အနီရောင် မင်္ဂလာဖိတ်စာကတ်လေးတစ်ကတ်ကို ထုတ်ယူကာ ယမုံ့ရှေ့သို့ အသာအယာ တွန်းပေးလာခဲ့သည်။

"ဒါ... ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာဖိတ်စာပါ ယမုံ။ ကျွန်တော့်ရဲ့ အရေးကြီးဆုံး နေ့ရက်လေးမှာ ယမုံ့ကို သေချာပေါက် ရှိနေစေချင်လို့ ကိုယ်တိုင်လာဖိတ်တာ။ ပြီးတော့ ကိုခမ်းနားသွင်ပြင်ကိုရော ဖိတ်စာပို့ထားပါတယ်၊ ဒါပေမယ့် သူ ပြည်ပကို အလုပ်ကိစ္စ သွားတယ်လို့ သတင်းကြားတယ်"

လွင်ပြင့်စကားအဆုံး ယမုံ ခေါင်းညိတ်ပြလိုက်သည်။ ဒီနေ့ဆိုလျှင် သုံးရက်မြောက်ရှိပြီဖြစ်သော ခမ်းနား၏ အင်္ဂလန်ခရီးစဉ်ကို မလွမ်းဘူးဟု ပြောလျှင် ယမုံ ညာရာကျပါလိမ့်မည်။

ယမုံ ဖိတ်စာလေးကို ယူပြီး ဖွင့်ကြည့်လိုက်တော့ ရွှေရောင်စာလုံးလေးများဖြင့် လှပစွာ ရေးထိုးထားသည့် 'လွင်ပြင်မုန်း နှင့် စိမ်းဒေဝီ' ဟူသော နာမည်လေးကို မြင်တွေ့လိုက်ရသည်။

"ဂုဏ်ယူပါတယ် ကိုလွင်ပြင်မုန်း... သေချာပေါက် ယမုံ လာခဲ့ပါ့မယ်"

"ကျေးဇူးပါ ယမုံ... ပြီးတော့ ကျွန်တော် ယမုံ့ကို အကူအညီတစ်ခု တောင်းချင်လို့"

"အင်း... ပြောလေ ကိုလွင်ပြင်မုန်း၊ ယမုံ ဘာကူညီရမလဲ"

လွင်ပြင်မုန်းက စိမ်းဒေဝီ့ကို တစ်ချက်ငုံ့ကြည့်ကာ ပြုံးလိုက်ပြီးမှ ယမုံ့ကို ပြန်ကြည့်ကာ ဆိုသည်။

"ကျွန်တော့်မင်္ဂလာပွဲရဲ့ ပန်းအလှဆင်တာတွေကို ယမုံ့လက်ရာပဲ ဖြစ်စေချင်တယ်၊ ကျွန်တော်တို့နှစ်ယောက်လုံးက ယမုံ့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ပန်းအလှဆင်မှုကို အရမ်းသဘောကျလို့... ယမုံ ကူညီပေးနိုင်မလားဟင်"

"ဟုတ်ပါတယ် မမယမုံ... စိမ်းရဲ့ မင်္ဂလာပွဲလေးကို မမယမုံ့ရဲ့ ပန်းလှလှလေးတွေနဲ့ပဲ ဆင်ယင်ချင်လို့ပါ၊ ကူညီပေးပါနော်"

စိမ်းဒေဝီကပါ ထပ်ဆင့်တောင်းဆိုလာသဖြင့် ယမုံ့မှာ ငြင်းဆန်စရာ အကြောင်းမရှိတော့ဘဲ ပြုံးလျက်သာ ခေါင်းညိတ်လိုက်ပါတော့သည်။

"ရတာပေါ့... ယမုံ့ဘက်က အကောင်းဆုံးဖြစ်အောင် အလှဆင်ပေးပါ့မယ်၊ စိတ်ချနော်"

လွင်ပြင်မုန်းတို့ စုံတွဲလေးကို ကြည့်ရင်း ယမုံ့ရင်ထဲတွင် ကြည်နူးမှု အပြည့်။ သူတို့အားလုံး အဆင်ပြေပြေနှင့် ကိုယ့်လမ်းကိုယ် လျှောက်လှမ်းနိုင်ကြပြီ ဖြစ်သည်။

ဒီလိုဆိုလျှင်... တစ်ပတ်ပဲကြာမည်ဟု ကတိပေးပြီး ထွက်ခွာသွားသော၊ သူမ ညာ၍မရအောင် လွမ်းနေမိရသူ ခမ်းနား ပြန်ရောက်လာသည့်အခါ... သူမ ဘယ်လိုခံစားချက်မျိုးနှင့် ဆီးကြိုရပါမည်နည်း။

« ရှေ့အခန်း - အပိုင်း(၄၇) နောက်အခန်း - အပိုင်း(၄၉) ဇာတ်သိမ်းပိုင်း »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ