Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၄၇)

တေဇမိုးက လက်ထဲက တုတ်ဖြင့် မြေပြင်ကို တောက်တောက် တောက်တောက်နှင့် ရိုက်လျက် ခမ်းနားကို လှောင်ပြုံးပြုံးကာ ကြည့်နေသည်။တေဇမိုးရဲ့ ပုံစံကို ကြည့်လိုက်ရင်း ခမ်းနား မျက်မှောင်ကြုတ်လိုက်ကာ...

"မင်း... ယမုံ့ကို လွှတ်ပေးစမ်း တေဇမိုး! မင်းလိုချင်တဲ့ ငွေတစ်ဘီလီယံ ငါ ချက်ချင်းလွှဲပေးမယ်"

ခမ်းနား အသံက တည်ငြိမ်‌ေန‌ေသာ်လည်း မျက်ဝန်းတွေကတော့ ဒေါသနှင့် ပူပန်မှုတို့ကြောင့် နီမြန်းနေသည်။ တိုင်မှာ ကြိုးတုတ်ခံထားရသည့် ယမုံကတော့ ပါးစပ်မှာ တိတ်အမည်းကပ်ထားသဖြင့် စကားမပြောနိုင်ဘဲ၊ ခမ်းနားကို ကြည့်ကာ ခေါင်းကို အသည်းအသန်ရမ်းလျက် မျက်ရည်များ စီးကျနေရှာသည်။

"ဟားဟား... ခမ်းနားသွင်ပြင်... ခင်ဗျားက တကယ်ပဲ AYA လုပ်ငန်းစုကြီးရဲ CEO တစ်ယောက် ပီပီ လွယ်လွယ်ကူကူနဲ့ ငွေကို ပေးချင်နေတာပဲ။ ဒါပေမယ့် ကျုပ်က ငွေတစ်ခုတည်းကိုပဲ လိုချင်တာ မဟုတ်ဘူးဗျ"

တေဇမိုးက မျက်မှောင်ကုပ်ကာ ရှေ့သို့ တစ်လှမ်းတိုးလာပြီး လက်ထဲက တုတ်ဖြင့် ခမ်းနား၏ ရင်ဘတ်ကို ထောက်လိုက်သည်။

"ကျုပ်ဘဝကို ဖျက်ဆီးခဲ့တဲ့ ခင်ဗျားကို ကျုပ် ခံစားခဲ့ရသလို ပြန်ခံစားစေချင်တာ။ နှင်းပွင့်ဖြူကို ကျုပ်လက်ထဲက လုယူသွားတုန်းကလည်း ခင်ဗျားပဲ။ အခု ခင်ဗျားရဲ့ အချစ်ဆုံးမိန်းမ ကျုပ်လက်ထဲမှာ ဒုက္ခရောက်နေတာကို ကြည့်ပြီး ခင်ဗျား ဘယ်လောက် ရင်ကွဲမလဲဆိုတာ ကျုပ် သိချင်လို့!"

"မင်း အထင်မှားနေပြီ တေဇမိုး။ နှင်းပွင့်ဖြူ ကိစ္စက မင်းရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ခဲ့တာ! အခု ယမုံနဲ့ ဘာမှမဆိုင်ဘူး၊ ယမုံ့ကို လွှတ်လိုက်ပါ... မင်းငါ့ကို ကြိုက်သလိုလုပ်"

ခမ်းနားက ပြောရင်းနှင့် ယမုံ့ဆီသို့ အတင်းတိုးရန် ပြင်လိုက်သော်လည်း တေဇမိုး နောက်က လူမိုက်သုံးယောက်က ဓားမြှောင်များကို ထုတ်ကာ ယမုံ့လည်ပင်းနားသို့ ကပ်လိုက်သဖြင့် ခမ်းနား ခြေလှမ်းတို့ ဆတ်ခနဲ တုံ့ဆိုင်းသွားရပြန်သည်။

"အနားမလာနဲ့နော်... လာရင် မင်းရဲ့ ယမုံ့ လည်ပင်း သွေးချင်းချင်းနီသွားမယ်"

"မလုပ်နဲ့!..."

ခမ်းနား အသက်ရှူသံတွေ မြန်ဆန်လာကာ ရင်ထဲတွင် သောကမီးတို့ အရှိန်အဟုန်ဖြင့် တောက်လောင်လာရသည်။ ထိုစဉ်... ဂိုဒေါင်ပျက်အပြင်ဘက်မှ ကားဘရိတ်အုပ်သံ ပြင်းပြင်းတစ်ချက် ထွက်ပေါ်လာသဖြင့် ဂိုဒေါင်ထဲရှိ လူအားလုံး၏ အာရုံက တံခါးဝဆီသို့ ရောက်ရှိသွားကြသည်။

ဝုန်း!...

ဂိုဒေါင်တံခါးပျက်ကြီးကို တွန်းဖွင့်ကာ ဝင်လာသူကတော့ လွင်ပြင်မုန်းပင်ဖြစ်သည်...။ လွင်ပြင်က ဂိုဒေါင်ထဲက အခြေအနေကို မြင်လိုက်ရသည့်အခါ သွေးပျက်မတတ် ဖြစ်သွားရပြီး...

"ယမုံ!..."

"ဟားဟား... ဒီနေ့တော့ ငါ့ဂိုဒေါင်လေး စည်ကားလှချည်လား။ လူပိုတစ်ယောက် ရောက်လာတာပဲ နေပါဦး မင်းကရော ဘယ်သူလဲ ကြည့်ရတာ မယားလုဘက်တွေ ဖြစ်မယ် ထင်တယ် အဟက်"

တေဇမိုးက လွင်ပြင်ကို ကြည့်ကာ မထီမဲ့မြင် ပြောရင်းရယ်မောလိုက်သော်လည်း ခမ်းနားကတော့ လွင်ပြင်ကို မြင်သည်နှင့် အခြေအနေကို အကဲခတ်ကာ အစီအစဉ်တစ်ခုကို ချက်ချင်း စဉ်းစားလိုက်မိတော့သည်။ လွင်ပြင်၏ မျက်ဝန်းထဲတွင်လည်း ယမုံ့ကိုစိုးရိမ်‌သည့် အရိပ်အယောင်များနှင့်အတူ ခမ်းနားထံသို့ အချက်ပြသည့် အကြည့်တစ်ချက် ဝေ့ဝဲသွားလေသည်...။

ခမ်းနားက တေဇမိုးကို စိုက်ကြည့်ရင်း အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ကာ မျက်နှာကို တမင်တကာ လျှော့ချလိုက်ပြီး အလျှော့ပေးသည့်လေသံဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ တေဇမိုး... မင်း ငါ့ကို ဘယ်လောက်ပဲ မုန်းမုန်း အဓိကက ငွေပဲ မဟုတ်လား။ ငါ မင်းဆီကို ငွေတစ်ဘီလီယံတင်မကဘူး၊ မင်း နောက်ထပ် လိုချင်သလောက် ထပ်တိုးပေးမယ်။ ဖုန်းထုတ်လိုက်... ငါ အခုချက်ချင်း ကတ်နံပါတ်ရိုက်ပြီး လွှဲပေးမယ်"

ငွေပမာဏ တိုးပေးမည်ဟူသော စကားကြောင့် တေဇမိုး မျက်ဝန်းတွေ အရောင်တောက်သွားပြီး ခမ်းနားဆီသို့ ခြေလှမ်းပြင်လိုက်စဉ်...

"ခမ်းနားသွင်ပြင်... မင်း ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့! ပြီးတော့ မင်းကို အခြားလူခေါ်မလာနဲ့ ဆိုတာ ဒီကောင်က ဘယ်ကရောက်လာတာလဲ"

လွင်ပြင့်ကို မေးရင် ပြောလိုက်ချင်းဖြစ်သည်၊တေဇမိုး ဆိုလိုရင်း အဓိပ္ပါယ်ကို ခမ်းနားက သိနေသည်မို့ လွင်ပြင့်ကို တစ်ချက် ကြည့်လိုက်ရင်း..

"သူ့ကို ငါမသိဘူး ငါတစ်ယောက်ထဲလာခဲ့တာ ငါ့မှာ လက်နက်လည်းမပါဘူး တေဇမိုး။ မင်းလူတွေလည်း ရှိနေတာပဲ... မင်းတကယ် ငွေမလိုချင်ဘူးလား"

ခမ်းနားက ဖုန်းကို ထုတ်ပြရင်း ရှေ့သို့ တိုးလာရာ တေဇမိုး၏ အာရုံက ခမ်းနား၏ ဖုန်းမျက်နှာပြင်ဆီသို့ လုံးလုံးရောက်သွားသည်။ ထိုအခိုက်အတန့်ကို စောင့်နေသည့် ခမ်းနားက တေဇမိုး အနားရောက်သည်နှင့် ဖုန်းကို မြေပြင်ပေါ် လွှင့်ပစ်လိုက်ပြီး တေဇမိုး၏ အင်္ကျီရင်ဘတ်ကို ဆွဲကာ အားပြင်းသည့် လက်သီးချက်ဖြင့် မျက်နှာတည့်တည့်ကို ထိုးချပစ်လိုက်တော့သည်။

ခွပ်!...

"အား!.fuck you .. အဲ့ကောင်ကို... ဝိုင်းဆော်ကြစမ်း!"

တေဇမိုး လဲကျသွားသည်နှင့် နောက်က လူသုံးယောက်က ဓားမြှောင်များကို ကိုင်ကာ ခမ်းနားဆီသို့ ဝုန်းခနဲ ပြေးဝင်လာကြသည်။

ထိုအခြေအနေကို အကဲခတ်နေသည့် လွင်ပြင်က ချက်ချင်း အထာပေါက်သွားကာ ဘေးနားရှိ သံတုတ်တစ်ချောင်းကို ကောက်ကိုင်ပြီး ခမ်းနားဘက်ကနေ ဝင်ကူကာ ထိုလူများကို အသည်းအသန် လွှဲရိုက်တိုက်ခိုက်တော့သည်။

ဂိုဒေါင်ပျက်ကြီးတစ်ခုလုံး လူငါးယောက်၏ ရုန်းရင်းဆန်ခတ် တိုက်ခိုက်သံ၊ အော်ဟစ်သံများနှင့်အတူ ဖုန်တထောင်းထောင်းထကာ ထွေးလုံးပတ်လုံး ဖြစ်ကုန်ကြသည်။ လွင်ပြင်က တေဇမိုးနှင့် သူ၏လူများ မျက်စိလည်သွားစေရန် ခမ်းနားနှင့်အတူ ရှေ့ကနေ ပိတ်ဆို့ကာ အာရုံလွှဲ တိုက်ခိုက်ပေးနေခြင်းဖြစ်သည်။

လူအားလုံး အသည်းအသန် လုံးထွေးသတ်ပုတ်နေကြစဉ်... လွင်ပြင်က အသားမဲမဲလူတစ်ယောက်ကို သံတုတ်ဖြင့် ရိုက်ချကာ နောက်သို့ တွန်းပို့လိုက်ပြီး၊ ထိုရုန်းရင်းဆန်ခတ် အခြေအနေကို အခွင့်ကောင်းယူကာ ဂိုဒေါင်၏ မှောင်ရိပ်ထဲသို့ ခန္ဓာကိုယ်ကို လျင်မြန်စွာ ရွှေ့လိုက်သည်။

လွင်ပြင်က မှောင်ရိပ်ခိုပြီး ယမုံရှိရာ တိုင်အကွယ်သို့ အသံမထွက်စေဘဲ ပါးနပ်စွာ ကပ်သွားလိုက်သည်။ ယမုံ့အနား ရောက်သည်နှင့် ဘောင်းဘီအိတ်ထဲက ဆောင်ထားသည့် ဓားမြှောင်အသေးလေးကို ထုတ်ကာ ယမုံ့လက်ကို တုတ်နှောင်ထားသည့် ကြိုးများကို ခပ်သွက်သွက် ဖြတ်တောက်ပေးလိုက်တော့သည်။

ရှပ်... ရှပ်...

ကြိုးများ ပြတ်တောက်သွားသည်နှင့် လွင်ပြင်က ယမုံ့ပါးစပ်က တိတ်အမည်းကို ဖြည်းဖြည်းချင်း ခွာပေးလိုက်ပြီး အသံတိုးတိုးဖြင့် ကတုန်ကရင် ပြောရှာသည်။

"ယမုံ... ရရဲ့လား၊ အဆင်ပြေရဲ့လား..."

ယမုံက မျက်ရည်များကြားက ခေါင်းညိတ်ပြရင်း လွင်ပြင်၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ အရှေ့တွင် လူမိုက်များကို တစ်ယောက်တည်း ရင်ဆိုင်နေရသည့် ခမ်းနားဆီသို့ စိုးရိမ်တကြီး လှမ်းကြည့်မိတော့သည်။

ကြိုးများပြတ်သွားသည်နှင့် လွင်ပြင်က ရှေ့တွင် လုံးထွေးသတ်ပုတ်နေသည့် အခြေအနေကို အမြန်အကဲခတ်လိုက်သည်။ ခမ်းနားတစ်ယောက်တည်း လေးယောက်နှင့် အသည်းအသန် ရင်ဆိုင်နေရသော်လည်း အရှိန်ရနေတုန်းမို့ လွင်ပြင် ယမုံ့ကို လက်မောင်းက ဆွဲကာ အသံတိုးတိုးဖြင့် လောဆော်လိုက်သည်။

"ယမုံ... လာ၊ အခု ကျွန်တော်တို့ ဂိုဒေါင်ထဲကနေ အမြန်ထွက်ပြေးရအောင်"

လွင်ပြင် ယမုံ့ကို ခေါ်ပြီး မှောင်ရိပ်အတိုင်း ထွက်ပြေးရန် ပြင်ဆင်လိုက်စဉ်မှာပင်...

ရှေ့တွင် လေးယောက်တစ်ယောက် အသည်းအသန် ထိုးကြိတ်နေသည့် ခမ်းနားက လူနှစ်ယောက်ကို တွန်းလှဲပစ်လိုက်သော်လည်း မောဟိုက်နွမ်းနယ်လာသည်။ ထိုအခိုက်အတန့်တွင် မြေပြင်ပေါ်ကနေ ခက်ခဲစွာ ပြန်ထလာသည့် တေဇမိုးက မျက်ဝန်းများ နီမြန်းလျက် ဘောင်းဘီကြားထဲမှ ဓားချွန်တစ်ချောင်းကို ဆွဲထုတ်လိုက်လေသည်။

တေဇမိုး၏ အကြည့်များက ခမ်းနား၏ ကျောပြင်ဆီသို့ ကျရောက်သွားပြီးနောက် ဓားကို တင်းတင်းဆုပ်ကာ ခမ်းနားဆီသို့ နောက်ကွယ်မှနေ၍ ကုန်းထကာ ပြေးဝင်ရန် ပြင်လိုက်တော့သည်။

"မောင်!..."

ထိုမြင်ကွင်းကို လှမ်းမြင်လိုက်ရသည့် ယမုံ့နှလုံးသား တစ်ခုလုံး ပြုတ်ကျလုမတတ် ဖြစ်သွားရသည်။ သူ ဘာမှ စဉ်းစားမနေနိုင်တော့ဘဲ ဘေးနားက ဆွဲထားသည့် လွင်ပြင်၏ လက်ကို အားကုန် တွန်းဖယ်ပစ်လိုက်ကာ ခမ်းနားဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားမိတော့သည်။

တေဇမိုးက ဓားဖြင့် ပြေးထိုးလိုက်သည့် စက္ကန့်ပိုင်း အလိုအတွင်း.. ယမုံက ခမ်းနား၏ ကျောပြင်ကို အနောက်မှနေ၍ အတင်းပြေးဖက်လိုက်လေသည်။

စွပ်!...

"အ့..."

ချွန်မြလှသည့် ဓားသွား ထက်ထက်က ယမုံ၏ နောက်ကျောပြင်ထဲသို့ တစ်ဆုံး စိုက်ဝင်သွားခဲ့လေပြီ။

အချိန်များအားလုံး ရပ်တန့်သွားသယောင်...။

လွင်ပြင်ရော၊ ခမ်းနားရော၊ နောက်ဆုံး ဓားကို ကိုင်ထားသည့် တေဇမိုးပါ အကုန်လုံး ငြိမ်သက်သွားကြပြီး မျက်လုံးများ ပြူးကျယ်လျက် အံ့အားသင့် ဆွံ့အကုန်ကြသည်။ တေဇမိုး၏ လက်ချောင်းများ တုန်ရီလာကာ ဓားရိုးကို လွှတ်လိုက်မိပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရှာသည်။

ခမ်းနား၏ ကျောပြင်ပေါ်သို့ နွေးခနဲ ခံစားချက်နှင့်အတူ တအိအိဖြင့် ခါးကို ဖက်တွယ်လျက် လျှောကျသွားသည့် ယမုံ့ကြောင့် ခမ်းနား သွေးပျက်မတတ် ထိတ်လန့်သွားကာ လှည့်အကြည့်...

"ယမုံ!!!..."

ဖြူဖျော့ပြီး အသက်ရှူရ ခက်ခဲနေသည့် ယမုံ့ခန္ဓာကိုယ်လေးကို ခမ်းနား ရင်ခွင်ထဲသို့ ပွေ့ပိုက် ဖမ်းထိန်းလိုက်မိသည်။ ဖြာကျလာသည့် သွေးများက ခမ်းနား၏ လက်ချောင်းများကို ရဲရဲနီသွားစေသည့်အခါ ခမ်းနား၏ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲပျက်စီးသွားရတော့သည်။

"ယမုံ....ယမုံ.. မျက်လုံးဖွင့်ပါဦး... မောင့်ကို ကြည့်ဦးလေ... အဲ့လိုမလုပ်ပါနဲ့ ယမုံရာ..."

ထိုမြင်ကွင်းကြောင့် လွင်ပြင်၏ ဦးနှောက်ထဲတွင် ထူပူပြီး‌ေဒါသလိုင်းတို့ ဆူညံသွားကာ ရင်ထဲက သောကမီးက ဒေါသမီးအဖြစ်သို့ အရှိန်အဟုန်ဖြင့် ကူးစက်လောင်ကျွမ်းသွားသည်။ သူ မျက်ရည်များ ဝိုင်းလျက် ဘေးနားတွင် ရှိနေသည့် သံတုတ်ကို အားကုန် ကျစ်ကျစ်ပါအောင် ကောက်ကိုင်လိုက်ပြီး...

"ခွေး‌သား လူယုတ်မာတဲ့ကောင်!!!..."

လွင်ပြင်က ယမုံ့ကို ဓားနှင့်ထိုးလိုက်သည့် တေဇမိုးဆီသို့ ပြေးဝင်ကာ လက်ထဲက သံတုတ်ဖြင့် တေဇမိုး၏ ခေါင်းနှင့် ပခုံးဆီသို့ လွှဲရိုက်ချပစ်လိုက်တော့သည်။

ခွပ်!... ဘုန်း!...

"အား!..."

တေဇမိုး သွေးအိုင်ထဲသို့ လဲကျသွားသည့်တိုင် လွင်ပြင်၏ ဒေါသက မရပ်တန့်သွားဘဲ မျက်နှာတစ်ခုလုံး နီမြန်းလျက် ဘေးနားက ဓားကိုင်ပြီး ကြောင်ကြည့်နေသည့် လူများကိုပါ သံတုတ်ဖြင့် ရူးသွပ်မတတ် အသည်းအသန် လိုက်လံရိုက်နှက်ပစ်လိုက်တော့သည်။ ပြေးသူ ပြေးလျက်ရှိပြီး တေဇမိုးတစ်ယောက်ကတော့ သွေးအိုင်ထဲ လှုးလွန့်လျက် ငြီးတွားလျက် ရှိနေသည်၊

ယမုံကို ပွေ့ပိုက်ထားလျက်ဖြင့် ခမ်းနားက မျက်ရည်တွေ ရစ်ဝိုင်းကာ ဆေးရုံသို့ပို့ ရန် ထလိုက်သည်၊

🌻🌻🌻🌻🌻🌻🌻

ခမ်းနား၏ ကားနောက်ခန်းတွင် ယမုံ့ခန္ဓာကိုယ်လေးကို ခမ်းနားက ရင်ခွင်ထဲ ထည့်ပိုက်ထားပြီး၊ လွင်ပြင်က ကားကို အရှိန်ကုန်နင်းကာ ဆေးရုံဆီသို့ မောင်းနှင်လိုက်တော့သည်။

ဆေးရုံသို့ ရောက်သည်နှင့် အရေးပေါ်တွန်းလှည်းများ ချက်ချင်းရောက်လာပြီး ယမုံ့ကို တင်ကာ လိုအပ်သည့် စစ်ဆေးချက်များအပြီး အနီရောင်အချက်ပေးမီးများ လင်းထိန်နေသည့် ခွဲစိတ်ခန်းကြီးထဲသို့ အလောတကြီး တွန်းရွှေ့သွားကြတော့သည်။

ခွဲစိတ်ခန်းတံခါးကြီး ဝုန်းခနဲ ပိတ်သွားသည့်အခါမှ ခမ်းနား ခြေပစ်လက်ပစ်ဖြင့်လူနာစောင့်ခုံပေါ်ထိုင်ချလိုက်မိသည်၊

ယမုံ့‌ေကျာပြင်ကသွေးများ ရဲရဲနီအောင် စွန်းထင်နေသည့် မိမိလက်ဖျားကို ကြည့်ရင်း ခမ်းနား ယောက်ျားတန်မဲ့ ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။ တုန်ရီနေသည့် လက်ဖဝါးနှစ်ဖက်ဖြင့် မျက်နှာကို အုပ်ကာ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် ခံစားနေရရှာသည်။

"ကိုယ့်ကြောင့်... ကိုယ့်ကြောင့်ပါ ယမုံ အခုလို ဖြစ်ရတာ... "

ဘေးနားတွင် နံရံကို မှီကာ ရပ်နေသည့် လွင်ပြင်က မျက်ရည်များ ဝိုင်းလျက် ခမ်းနား၏ ပုံစံကို တိတ်တဆိတ် ကြည့်နေမိသည်။ ခမ်းနားက ဖြေမဆည်နိုင်အောင် ငိုကြွေးရင်း ခေါင်းကို နံရံနှင့် ထိကပ်ထားရင်း မိမိကိုယ်ကိုယ် အပြစ်တင်နေရှာသည်။

ဖြစ်ပျက်ခဲ့သမျှ ထိုမြင်ကွင်းကို သူနားမလည်သေးသော်လည်း မျက်ဝါးထင်ထင် စိုက်ကြည့်နေမိသည့် လွင်ပြင်မုန်း၏ ရင်ထဲတွင်တော့ တင်းကြပ်လျက် လှိုင်းထန်လျက်ရှိနေသည်။ ခမ်းနားသွင်ပြင်နှင့် မြတ်လေးယမုံ... သူတို့နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိသည့် အသက်ပေးချစ်ကြပုံကို သူ ငြင်းကွယ်၍မရအောင် မြင်တွေ့လိုက်ရပြီ မဟုတ်ပါလား။

ယမုံက ခမ်းနား၏ အသက်ကို ကယ်တင်ရန်အတွက် သူမ၏ အသက်ကိုတောင် အလေးမထားဘဲ ထိုဓားချွန်ရှေ့သို့ တိုးဝင်ကာ ကာကွယ်ပေးခဲ့သည်တဲ့။ ယမုံ့နှလုံးသားထဲတွင် ခမ်းနားတစ်ယောက်တည်းသာ အမြစ်တွယ် စိုးမိုးနေမှန်း၊ ထိုအချစ်က သေခြင်းတရားထက်ပင် ပိုမိုခိုင်မာနေမှန်း လွင်ပြင် အတပ်သိသွားခဲ့ပြီ ဖြစ်သည်။

'ကျွန်တော်... နောက်ဆုတ်ပေးရမယ့်အချိန် ရောက်ပြီ ထင်ပါတယ်. ယမုံ..'

စိတ်ထဲက ရေရွတ်မိကာ

လွင်ပြင် ရင်ထဲတွင် ဆို့နင့်သွားသော်လည်း နှုတ်ခမ်းကို တင်းတင်းစေ့ကာ သက်ပြင်းအရှည်ကြီးတစ်ချက်ကို ခက်ခဲစွာ ချလိုက်သည်။ ထို့နောက် လူနာစောင့်ခုံတွင် ထိုင်နေရင်းငိုင်နေသည့် ခမ်းနား၏ အနားသို့ လျှောက်သွားလိုက်သည်။

လွင်ပြင်က ခမ်းနား၏ ပခုံးကို အသာအယာ ပုတ်ပေးလိုက်ရင်း၊ အသံကို တည်ငြိမ်အောင် ထိန်းပြီး အားပေးစကား ဆိုလိုက်သည်။

"အဆင်ပြေသွားမှာပါ ကိုခမ်းနားသွင်ပြင်..."

နာရီအနည်းငယ်ကြာမျှ စောင့်ဆိုင်းနေရပြီးနောက် ခွဲစိတ်ခန်းအပေါ်က အနီရောင်မီးဆိုင်းလေး ငြိမ်းသွားကာ တံခါးချပ်ကြီး ပွင့်ဟလာခဲ့သည်။

ခွဲစိတ်ဆရာဝန်ကြီး အပြင်သို့ လှမ်းထွက်လာသည်နှင့် ခမ်းနားနှင့် လွင်ပြင်တို့နှစ်ယောက်စလုံး နေရာမှ ဝုန်းခနဲထကာ မျှော်လင့်ချက် မျက်ဝန်းများဖြင့် အပြေးအလွှား သွားမေးလိုက်ကြတော့သည်။

"ဒေါက်တာ ... လူနာ ...လူနာ... အခြေနေလေးသိပါရစေ "

ဆရာဝန်ကြီးက မျက်နှာတွင် တပ်ဆင်ထားသည့် နှာခေါင်းစည်း ကို ချွတ်လိုက်ပြီးနောက် ချက်ချင်း မပြောနိုင်သေးသည့် အနေအထားဖြင့် သက်ပြင်းခပ်လေးလေးတစ်ချက်ကို ချလိုက်သည်။ ထို့နောက် ခမ်းနားနဲ့အတူဘေးက လွင်ပြင့်ကိုပါ ကြည့်ကာ လေးနက်တည်ငြိမ်သောအသံဖြင့် ဆိုလာသည်။

"လူနာက ဓားထိုးသွင်းဒဏ်ရာက တော်တော်လေး နက်သွားတယ်ဗျ။ အရေးကြီးတဲ့ သွေးကြောမကြီးကို မထိရုံတမယ်ပဲ... သွေးထွက်လည်း အရမ်းများသွားခဲ့တယ်။ ကျွန်တော်တို့ ကတော့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြီး ခွဲစိတ်ကုသပေးထားပါတယ်..."

ဆရာဝန်ကြီး၏ စကားကြောင့် ခမ်းနား ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရပြီး ချက်ချင်း ထပ်မေးမိသည်။

"ဒါဆို... ဒါဆို အန္တရာယ်ကနေ ကျော်လွန်သွားပြီလား ဒေါက်တာ ..."

ဆရာဝန်ကြီးက ခေါင်းကို အသာအယာရမ်းရင်း...

"အခုလောလောဆယ်တော့ အတည်ပြုလို့ မရသေးဘူးဗျ။ လူနာ့အခြေအနေက 50/50 လို့ပဲ ပြောရမယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့အပိုင်းက ရှိနေတုန်းမို့ အထူးကြပ်မတ်ဆောင်ထဲရွှေ့ပြီး ၂၄ နာရီအတွင်း လူနာသတိပြန်ရလာမလားဆိုတာကို သေချာစောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်"

ထိုစကားကို ကြားလိုက်ရသည့်အခါ ခမ်းနား ခြေဖျားလက်ဖျားများ အေးစက်သွားကာ နံရံကို အားပြုလျက် ယိုင်လဲမတတ် ဖြစ်သွားရတော့သည်။

« ရှေ့အခန်း - အပိုင်း (၄၆) နောက်အခန်း - အပိုင်း (၄၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ