Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၄၃)

ဆေးရုံရောက်ပြီးနောက် ကလေးရဲ့ နှလုံးအခြေနေကြောင့် အရေးပေါ်အခန်း အမြန်ပို့ လိုက်ရသည် ၊ကားမောင်းနေရင်း ဖုန်းဆက်အကြောင်းကြားထားသည်မို့ ကျော်ဇင်လတ်ပါ အတူ ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး အရေးပေါ်ခန်းသို့ ဝင်နေရသည်၊

အရေးပေါ်ခန်းရှေ့ ထိုင်စောင့်နေကြသည်မှာ သူရယ် ယမုံရယ် ဆရာမ နွယ်နွယ်အေးရယ် ဖြစ်ပြီး

ယမုံက လက်က‌ေလးနှစ်ဖက်ကို ပူးယှက်ထားရင်း စိုးရိမ်စိတ်ကြောင့် အသက်ရှုနှုန်းတွေ မြန်ဆန်နေသလိုခမ်းနား‌ ကြည့်နေရင်း ခံစားနေရသည်၊

သူ ယမုံ့အနားသို့ သွားရန် ခြေလှမ်းပြင်ပြီးမှ အရေးပေါ်အခန်းတံခါးပွင့်လာသည်မို့ ခမ်းနားရော ယမုံပါ ထွက်ပေါ်လာသည့် ဒေါက်တာကျော်ဇင်လတ် ထံသို့ အကြည့်ရောက်သွားခဲ့ပြီး

ယမုံက ထိုင်နေရာမှ ထရပ်လိုက်ရင်း မေးမလို့ ပြင်ဆင်လိုက်ချိန် ခမ်းနားက ကျော်ဇင်လတ် အနားသို့ရောက်သွားခဲ့ပြီး..

"ကျော်ဇင်လတ်... ကလေး ဘယ်လို‌ေန‌ေသးလဲ"

ခမ်းနား၏ အမေးကို ကျော်ဇင်လတ်က ချက်ချင်းမဖြေဘဲ နှာခေါင်းစည်း ကို ဖြည်းညင်းစွာ ချွတ်လိုက်သည်။ သူ့မျက်နှာတွင် ပေါ်လာသည့် လေးလံမှုတို့ကြောင့် ယမုံ့ရင်ထဲ ဒိန်းခနဲ တုန်လှုပ်သွားရသည်။ ကျော်ဇင်လတ်က ခမ်းနားနှင့် ယမုံ့ကို ကြည့်ရင်း ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်ကာ...

""ကလေးရဲ့ မွေးရာပါ နှလုံးအခြေအနေက ရုတ်တရက် ပိုဆိုးလာတာ ခမ်းနား...။ နုငယ်သေးတဲ့ လသားအရွယ် ကလေးငယ်တစ်ယောက်အနေနဲ့ ဒီလောက်ပြင်းထန်တဲ့ ဝေဒနာကို ခံနိုင်ရည်မရှိရှာဘူး။ ငါတို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ နှလုံးက လုံးဝ ပြန်အလုပ်မလုပ်တော့တာမို့..."

ကျော်ဇင်လတ်၏ စကားသံက တိမ်ဝင်သွားပြီး အဆုံးသတ်ကို ဆက်မပြောနိုင်တော့ဘဲ ဘေးသို့ မျက်နှာလွှဲလိုက်ရရှာသည်။

ထိုစကားလုံးများက ယမုံ့နားထဲတွင် မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားရသည်။ သွေးသားရင်းချာ တူလေးကို ဆုံးရှုံးလိုက်ရသည့် ယမုံ့ရင်တစ်ခုလုံး ပြိုလဲပျက်စီးသွားကာ ခြေထောက်များ အားကင်းမဲ့လျက် နောက်သို့ ယိုင်နဲ့သွားတော့သည်။

"မဖြစ်နိုင်တာ! သတိုး... သတိုးလေး!"

ယမုံ မျက်ရည်များ ဝေဆင်းလာကာ အသိစိတ်လွတ်မတတ် ဖြစ်လာရပြီး အရေးပေါ်အခန်းဘက်သို့ ကြည့်လိုက်ကာ ဝမ်းနည်းစွာ ငိုကြွေးမိတော့သည်၊

ခမ်းနားလည်း ကျောက်ရုပ်တစ်ရုပ်လို တောင့်ခဲသွားပြီး ရင်ဘတ်တစ်ခုလုံး ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။သွေးသားအရင်းအချာ မဟုတ်သော်ငြား ဒီကလေးကို သူသံယောဇဉ် အတော်ရှိပါသည်။ ကွယ်လွန်သွားပြီဆိုသည့် စကားကြောင့် ရင်ထဲ ထိခိုက်တုန်လှုပ်သွားရသလို ယမုံ့အနားသို့ တိုးသွားကာ သူမ ပခုံးလေးကို ကိုင်ကာ သူ့ရင်ခွင်ထဲ ခပ်ဖွဖွ ဆွဲသွင်းရင်း ယမုံ့ကို နှစ်သိမ့်နေမိသည်။

🌻🌻🌻🌻🌻

သတိုးလေး ရက်လည်ဆွမ်းကျွေးပြီးစီး၍ တစ်ပတ်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ခမ်းနား အလုပ်စားပွဲမှာထိုင်နေရင်း မနေ့က ကုမ္ပဏီမှာလက်မှတ်ထိုးရမည့် စာရွက်စာတမ်းတွေကို သေချာကြည့်နေရင်း လက်မှတ်ထိုးလိုက်သည်၊ထိုအချိန် ယမုံအခန်းထဲသို့ ဝင်လာရင်း ခမ်းနားနှင့် နှစ်ယောက်ထဲ ရှိနေသည့်အချိန်၌ ယမုံက စားပွဲပေါ်တွင် တင်ထားသော စာရွက်စာတမ်းအချို့ကို ယူကာ ခမ်းနားဆီသို့ ကမ်းပေးလိုက်သည်။ထိုစာရွက်မှာ တရားဝင် ကွာရှင်းစာချုပ် ဖြစ်ပြီး ယမုံ့ဘက်မှ လက်မှတ်ထိုးထားပြီးသား ဖြစ်သည်။

ထိုစာချုပ်ကို ယူကြည့်ပြီးနောက် ခမ်းနား ရင်ထဲ တင်းကြပ်စို့နစ်သွားရပြီ ဖြစ်သည်။ သူ ဘယ်လိုမှ မျှော်လင့်မထားခဲ့သည့်အရာမို့ ကွာရှင်းစာချုပ်ကို ဆုပ်ကိုင်ထားရင်း ယမုံ့ကို မော့ကြည့်လိုက်ကာ တုန်ယင်‌ေသာ‌ေလသံဖြင့် ပြောရှာသည်က..

"မောင်... မောင် ကွာရှင်းမပေးနိုင်ဘူး ယမုံ"

ယမုံ့မျက်နှာကမူ တည်ငြိမ်အေးစက်နေဆဲ။ ခမ်းနားကို စိုက်ကြည့်ကာ စကားလုံးအချို့ကိုအေးဆေးစွာပြော ဆိုလိုက်သည်။

"ကျွန်မ ရှင်နဲ့ လက်ထပ်ခဲ့တာ သတိုးလေးနဲ့ ပတ်သက်ခဲ့လို့ပဲ။ အခု သတိုးလေးလည်း မရှိတော့ပြီမို့ ကျွန်မတို့တွေ ထပ်ပြီး ပတ်သက်နေဖို့ မလိုတော့ဘူးထင်တယ် "

ပြောပြောဆိုဆိုဖြင့် ယမုံက အနားရှိ လက်‌ေဂ့ရှ်ကို ဆွဲယူကာ အခန်းအတွင်းမှ ထွက်ခွာရန် ပြင်ဆင်တော့သည်။ ထိုအခါ ခမ်းနား အသည်းအသန်း ပျာယာခတ်သွားပြီး ယမုံ့လက်ကို လှမ်းဆွဲကာ ရှေ့ကပိတ်ရပ်ပြီး တားဆီးမိသည်။

"မသွားပါနဲ့ ယမုံရယ်... မောင့်ကို ဒီလိုမျိုး ပစ်မထားခဲ့ပါနဲ့"

ခမ်းနား မည်မျှပင် အသည်းအသန်း ဆွဲလွဲတားဆီးနေပါစေ ယမုံကတော့ လုံးဝ လက်မခံဘဲ အေးစက်စွာ ငြင်းဆန်ပယ်ချသည်။ နောက်ဆုံးတွင် ခမ်းနား ဘာမှတွေးမရတော့ဘဲ ဆုံးရှုံးရမှာ‌ေကြာက်သည့်စိတ်က ရူးမတတ်မို့ ယမုံ့ခန္ဓာကိုယ်လေးကို အတင်းအကြပ် ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်မိတော့သည်။

"မသွားပါနဲ့ ယမုံရယ် မောင် ယမုံကို ထပ်ပြီးအဆုံးရှူံးမခံနိုင်လို့ပါ "

ယမုံက ခမ်းနား၏ ရင်ခွင်ထဲတွင် ရုန်းကန်ခြင်းမပြုဘဲ ငြိမ်သက်သွားကာ စကားသံအချို့ကို ခပ်တိုးတိုး ထပ်ဆိုလိုက်၏။

"ရှင် ကျွန်မကို တကယ်ချစ်ခဲ့တယ်ဆိုရင်... ကျွန်မ စိတ်ချမ်းသာနေတာကို တကယ်မြင်ချင်တယ်ဆိုရင်... ကျွန်မကို လွတ်လပ်ခွင့် ပေးပါ"

ထိုစကားကြောင့် ခမ်းနားတစ်ကိုယ်လုံး တောင့်ခနဲ ဖြစ်သွားကာ တုန်လှုပ်သွားရသည်။ ယမုံ့ကို သူ အသက်ထက်မက အရမ်းချစ်ခဲ့တာမို့... သူမ နှုတ်မှ ထွက်လာသည့် "စိတ်ချမ်းသာချင်တယ်" ဆိုသော စကားလုံးက ခမ်းနား၏ နှလုံးသားကို ရိုက်ခတ်သွားခဲ့ရပြီ။တကယ်ပဲ ယမုံက သူနဲ့ အတူမရှိ‌ချင်တော့တာ ထင်ရှားနေပြီမို့ ယမုံ တကယ် စိတ်ဆင်းရဲနေရသည်ကို ခမ်းနား ဆက်မမြင်ချင်တော့ပါ။

ခမ်းနား၏ မျက်ဝန်းမှ မျက်ရည်စက် အချို့စီးကျလာပြီးနောက် ယမုံ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည့် လက်အစုံကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်ကာ လွတ်လပ်ခွင့် ပေးဖို့သာ ဆုံးဖြတ်လိုက်ရတော့သည်။ ယမုံ ကို ဖြေးညှင်းစွာလွတ်ပေးလိုက်ရင်း...

"မောင် ယမုံကို အရမ်းချစ်ခဲ့တယ်ဆိုတာ သက်သေပြချင်လို့ ယမုံ့ကို စိတ်ချမ်းသာစေချင်လို့ လွတ်ပေးခဲ့တာ တစ်ခုပဲ ယမုံ သိထားပေးနော်

ယမုံ့ကို မောင်အရမ်းချစ်တယ် စချစ်ခဲ့ဖူးတဲ့ အချိန်ကနေစပြီး အခုအချိန်ထိရော နောက်ဆုံး ထွက်သက်အထိရော ယမုံ့ကိုပဲ မောင်ထာဝရ ချစ်နေတော့မယ်ဆိုတာ အသေအချာပါပဲ"

သူ့စကားဆုံးသည်နှင့် ယမုံ လှည့်မကြည့်တော့ဘဲ ကျောခိုင်းကာ ထွက်လာခဲ့လိုက်သည်!

"ယမုံ မောင့်ကို အရမ်းချစ်ခဲ့တာမို့ ယမုံနှလုံးသားက လွယ်လွယ်နဲ့ ပြန်လက်မခံနိုင်ဘူးဖြစ်နေတယ်မောင်ရယ် ဒီလောက်ပါပဲ"

စိတ်ထဲက စကားလုံးအချို့ကို ခမ်းနား ကြားသိခွင့် မရှိခဲ့လ်ုက်ပါချေ!

မိခင်ဖြစ်သူ ဒေါ်ခင်မာလာက ထိုအခြင်းအရာများအားလုံးကို သိရှိပြီးသား မို့ ယမုံ့ကို သတိုးလေးနှင့် ချည်နှောင်ထားခဲ့ရသော်လည်း၊ ယခုကဲ့သို့ ကလေးမရှိတော့သည့်အချိန်တွင် ချွေးမဖြစ်သူ ဤသို့ ထွက်သွားလိမ့်မည်ဆိုတာကို ဒေါ်ခင်မာလာ ကြိုတင်တွက်ဆပြီးသားလည်း ဖြစ်သည်။

​ဒါ့ကြောင့် ယမုံ ထွက်သွားပြီးသည့်နောက် သားဖြစ်သူ၏ အခန်းထဲသို့ ဒေါ်ခင်မာလာ ဝင်လာခဲ့သည်။ အခန်းအလယ်တွင် ဒူးထောက်လျက် ငူငူကြီး ထိုင်နေသည့် ခမ်းနား၏ အနားသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး၊ ခမ်းနား၏ ခေါင်းလေးကို လက်ဖြင့် ခပ်ဖွဖွ ပွတ်သပ်ပေးကာ သနားဂရုဏာသက်စွာဖြင့် ဆိုလိုက်သည်။

​"ငိုချင်ရင် တင်းမထားဘဲ ငိုချလိုက်ပါ သားရယ်..."

​မိခင်၏ အကြင်နာစကားကြောင့် မျက်ရည်များ ရစ်ဝိုင်းနေသည့် ခမ်းနားက ဒေါ်ခင်မာလာကို မော့ကြည့်လိုက်ပြီး ရင်နင့်စရာ တုန်ယင်‌ေသာ‌ေလသံဖြင့် ပြန်မေးရှာသည်။

​"ကျွန်တော့်မှာ ငိုခွင့်ရှိလို့လား မေမေ..."

ခမ်းနား၏ မေးခွန်းကြောင့် ဒေါ်ခင်မာလာ ရင်ထဲ ဆို့နင့်သွားရသည်။ သားဖြစ်သူသည် လွန်ခဲ့သော ခြောက်နှစ်လုံးလုံး ယမုံ့အပေါ် အမှားလုပ်ခဲ့မိသည်ဟူသော အသိဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ဝင်ကာ သိမ်ငယ်နေခဲ့ရသည်ကို မိခင်ဖြစ်သူမို့ ကောင်းကောင်းသိနေသည်။ ယခုလည်း ယမုံ့ကို ဆုံးရှုံးလိုက်ရသည့် နာကျင်မှုဒဏ်က သားဖြစ်သူ၏ ရင်ဘတ်တစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်လိုက်သကဲ့သို့ ရှိနေချေပြီ။

သို့သော်လည်း ဒေါ်ခင်မာလာသည် ယမုံ့ကို လုံးဝ အပြစ်မတင်ရက်ခဲ့ပါ။ ခြောက်နှစ်တာပတ်လုံး တစ်ယောက်တည်းနာကျင်မူတွေ ဒဏ်ရာတွေနှင့် ဖြတ်သန်းခဲ့ရသည့် ယမုံ့ဘဝကို စာနာမိသလို၊ ယခုလည်း မိမိသွေးသားရင်းချာ တူလေးကိုပါ ဆုံးရှုံးလိုက်ရရှာသဖြင့် ယမုံ့ရင်ထဲ မည်မျှထိ ကြေကွဲနေမည်ကို စာနာစိတ်ရှိသည့်လူသားတစ်ယောက်အနေဖြင့် အသိဆုံး ဖြစ်သည်။

ဒေါ်ခင်မာလာက ဒူးထောက်ငိုကြွေးနေသည့် သားဖြစ်သူ၏ ပခုံးလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ ဤလူငယ်နှစ်ယောက်၏ ကံကြမ္မာ အလှည့်အပြောင်းနှင့် ဒဏ်ရာကိုယ်စီကြားတွင် မည်သူ့ကိုမျှ အပြစ်မဆိုချင်တော့ဘဲ နာကျင်နေရသည့် သားဖြစ်သူအတွက်သာ စိတ်မကောင်းခြင်းကြီးစွာဖြင့် ရင်ထဲ တနင့်နင့် ခံစားနေရတော့သည်။

« ရှေ့အခန်း - အပိုင်း (၄၂) နောက်အခန်း - အပိုင်း(၄၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ