ယမုံ အခန်းထဲက ပြေးထွက်လာပြီးနောက် အခန်းလွတ်တစ်ခန်းထဲ ဝင်ပြီး အခန်းတံခါးကို ဂျက်ချပိတ်လိုက်ကာ နောက်ပြန်မှီလျက် ဖြည်းညင်းစွာ ထိုင်ချလိုက်မိရင်း မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ငိုချလိုက်မိသည်။
နာကျင်ခဲ့တဲ့ နှလုံးသားအစုံက ခွင့်လွှတ်ဖို့ရာ မတွေးမိသေးပေ။ ထိပ်တိုက်မေးချင်သေးသည်၊ ဘာ့ကြောင့် ယမုံကို မဆက်သွယ်ခဲ့သလဲ ဆိုတာ! ဒါပေမယ့် သူနဲ့ကို ယမုံ မျက်နှာချင်းဆိုင်ပြီး စကားတွေ အကြာကြီး ပြောချင်စိတ် မရှိသေးတာကြောင့် ဒီမေးခွန်းကို မေးဖို့အတွက် ရင်ဆိုင်ရန် သတ္တိတွေ တစ်စက်မှ ရှိမနေခဲ့ပါ။
ရှိုက်သံတွေ အပြင်ကို လျှံမထွက်သွားစေရန် နှုတ်ခမ်းကို ဖိကိုက်ထားမိသော်လည်း ရင်ဘတ်တစ်ခုလုံး တင်းကြပ်ကာ တုန်ရီနေရသည်။ ဘာ့ကြောင့်လဲ... ဘာ့ကြောင့် ယမုံ့ကို ဒီလောက်အထိနှစ်ေတွကြာေအာင် ပစ်ထားခဲ့ရတာလဲ။ သတိရခြင်းတွေ၊ နာကျင်ခြင်းတွေနဲ့ ရက်စက်စွာ လောင်မြိုက်ခံခဲ့ရသည့် နေ့ရက်များစွာအတွက် ယမုံ့မှာ သွန်ချစရာ မျက်ရည်ကလွဲပြီး ဘာမှ မရှိခဲ့။
တစ်ယောက်တည်း ကြိတ်ငိုနေရင်း ဆယ်မိနစ်ခန့်မျှ ကြာသွားသည့်တိုင်အောင် ရင်ထဲက ပူလောင်ခြင်းတွေက ငြိမ်းအေးမသွားခဲ့။
"ဒေါက်... ဒေါက်..."
ရုတ်တရက် ထွက်ပေါ်လာသည့် တံခါးခေါက်သံကြောင့် ယမုံ့တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ်သွားရသည်။ ရှိုက်သံကို အတင်းအောင့်ကာ မျက်ရည်တွေကို အလျင်အမြန် သုတ်လိုက်မိသော်လည်း နှလုံးသားကမူ တုန်လှုပ်သွားရပြီ။
"ယမုံ..."
တံခါးတစ်ချပ်ခြားက ထွက်ပေါ်လာသည့် ခမ်းနား၏ အသံ ယမုံ့တစ်ဘဝလုံးကို လှုပ်ခါနိုင်စွမ်းရှိသည့် လူ၏ ထိုအသံကြောင့် ယမုံ အသက်ရှူဖို့ပင် မေ့လျော့သွားရသည်။ တံခါးဂျက်ကို လှည့်သံ ကြားရသော်လည်း ဂျက်ချထားသဖြင့် ပွင့်မလာခဲ့ဘဲ ငြိမ်သက်သွားသည်။
"ယမုံ... မောင်တို့ စကားပြောကြရအောင်၊ တံခါးခဏ ဖွင့်ပေးနော်"
တံခါးကို အသာအယာ ထပ်ခေါက်ရင်း ထွက်ပေါ်လာသည့် ခမ်းနား၏ တောင်းဆိုသံ တိုးတိုးက ယမုံ့နှလုံးသားကို ပိုလို့ နာကျင်စေခဲ့သည်၊
တံခါးတစ်ဖက်မှ ခမ်းနား၏ တောင်းဆိုသံအဆုံးတွင် ယမုံ ဘာတုံ့ပြန်မှုမှ မလုပ်ဘဲ နှုတ်ဆိတ်နေမိသည်။ အခန်းတွင်း၌ ယမုံ့၏ အသက်ရှူသံ ခပ်ပြင်းပြင်းကလွဲ၍ တိတ်ဆိတ်ငြိမ်သက်ခြင်းတို့က စိုးမိုးသွားခဲ့သည်။
"ယမုံ... တံခါးဖွင့်ပေးပါဦး၊ မောင် ယမုံနဲ့ စကားတွေ အများကြီး ပြောချင်လို့ပါ။ ယမုံ ကျေနပ်တဲ့အထိ မောင် တောင်းပန်ပါ့မယ်"
အပြင်က ခမ်းနားကတော့ တတွတ်တွတ် တောင်းပန်ရင်း ခွင့်တောင်းနေဆဲ။ သို့သော် အခန်းထဲက ယမုံ့ထံမှ မည်သည့်အသံမျှ ပြန်မကြားရသဖြင့် ခမ်းနား၏ လေသံက စိုးရိမ်စိတ်တို့နှင့်အတူ အနည်းငယ် ပြတ်သားသွားသည်။
"ယမုံ မဖွင့်ပေးရင်... မောင် တံခါးကို ဖျက်ပြီး ဝင်လာရလိမ့်မယ်နော်"
ထိုစကားကြောင့် ငြိမ်သက်နေသည့် ယမုံ့စိတ်တို့ လှုပ်ခတ်သွားရသည်။ သူ ပြောရင် ဖြစ်အောင်လုပ်တတ်သည့် လူစားမျိုးမှန်း ယမုံ ကောင်းကောင်းသိသည်။
ယမုံ စိတ်ကို အေးအေးထားလိုက်ကာ အသက်ကို ဝဝရှူသွင်းလိုက်ရင်း အင်အားတို့ကို မနည်းမွေးမြူလိုက်ရသည်။ ထို့နောက် ကြမ်းပြင်ပေါ်က ထရပ်ကာ အခန်းတံခါးဆီသို့ ခြေလှမ်းအနည်းငယ် တိုးကပ်သွားပြီး တံခါးဂျက်ကို ဖြုတ်ကာ ဖွင့်ပေးလိုက်တော့သည်။
တံခါးပွင့်သွားသည်နှင့် ခမ်းနား အခန်းထဲသို့ ဝင်လာလိုက်သည်။
သူက တံခါးကို အနောက်ပြန် ခပ်ဖွဖွ ပိတ်လိုက်ပြီး ယမုံ့ထံ ခြေလှမ်းအနည်းငယ် တိုးကပ်ကာ စူးနစ်စွာ စိုက်ကြည့်သည်။
ငိုထား၍ ရဲနေသော ယမုံ့မျက်ဝန်းအစုံကို ကြည့်ပြီး ခမ်းနား ရင်ထဲ တင်းကျပ်သွားရသလို ယမုံကလည်း မျက်နှာလွှဲမပစ်ဘဲ သူ့ကို ပြန်စိုက်ကြည့်နေမိသည်။
ဘယ်သူ့ဆီကမှ စကားသံ ထွက်မလာသေးဘဲ အကြည့်ချင်းဆုံလျက် ရင်ထဲက နာကျင်မှုတွေကသာ အခန်းထဲမှာ စိုးမိုးနေတော့သည်။
🍀🍀
ဆယ်စက္ကန့်မျှတိတ်ဆိတ်နေတဲ့အခန်းထဲ ခမ်းနားဘက်က စကားသံက စတင်လို့ ထွက်လာခဲ့ရသည်၊
"မောင် ယမုံ့ကို ချစ်တယ်... အရာရာက မောင့်အမှားတွေမို့ လေးလေးနက်နက် တောင်းပန်ပါတယ်"
ခမ်းနားက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး စကားကို စတင်လိုက်သည်။ ယမုံ့ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသော်လည်း သူက ဆက်၍ ရှင်းပြဖို့ ကြိုးစားမိသည်။
"ပြီးတော့ အခုနကိစ္စက မောင် တမင်အခွင့်အရေးယူတာ မဟုတ်ပါဘူး။ တကယ်ကို မြတ်နိုးမူအပြည့်နဲ့ ယမုံ့ကို မောင် နမ်းခဲ့မိတာပါ"
ထိုစကားကို ကြားရသောအခါ ယမုံ့၏ အရယ်အပြုံးကင်းမဲ့နေသည့် မျက်နှာလှလှလေးထက်တွင် တစ်ချက်မျှ မဲ့ပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ခမ်းနားကို စိုက်ကြည့်ကာ ခပ်အေးအေးပင် ဆိုလိုက်သည်။
"ကျွန်မ ရှင့်ကို တစ်ခုမေးချင်တယ်"
"မေးပါ ယမုံ မောင်ဖြေပေးပါ့မယ်"
"ကျွန်မကို... ဒီခြောက်နှစ်လုံးလုံး ဘာလို့ တစ်ချက်ကလေးမှ မဆက်သွယ်ခဲ့တာလဲ"
ထိုအမေးကြောင့် ခမ်းနား၏ မျက်ဝန်းတို့ တုန်လှုပ်သွားရသည်။ သူယမုံ့ရှေ့တွင် သိမ်ငယ်စိတ်ဝင်လာခဲ့ပြီး ထိုအပြစ်အတွက် တောင်းပန်ချင်ခဲ့တာကြာပြီမို့ သူမရှေ့ ဒူးထောက်ချလိုက်ကာ ယမုံ့ကို မော့ကြည့်ရင်း ပွင့်လင်းစွာ ဖြေရှာသည်။
"မောင် ယမုံ့ကို တစ်ရက်မှ မမေ့ခဲ့ပါဘူး။ မောင့်ဘဝကို အရမ်းတိုးတက်ကောင်းမွန်ချင်ခဲ့တာ။ ယမုံ့ဆီ ဆက်သွယ်လို့ ယမုံ့အသံကို သာ ကြားလိုက်ရရင် မောင် အရာရာအားလုံးကို လွှတ်ချပြီး မြန်မာပြည်ကို ချက်ချင်း ပြန်လာမိမှာ စိုးလို့ပါ... အဲ့ဒါကြောင့် မောင် ကြိတ်မှိတ်ပြီး မဆက်သွယ် ခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း ကံကြမ္မာအပြောင်းအလဲတွေကြောင့်မောင် စနိုးကို လက်ထပ်ဖို့ ဖြစ်လာခဲ့ရတယ်"
ခမ်းနား၏ အဖြေကို ကြားပြီးနောက် ယမုံ လက်သီးလေးကို တင်းတင်းဆုပ်ထားလျက်ဖြင့် ခပ်မဲ့မဲ့ ပြန်ကြည့်လိုက်သည်။ ရင်ထဲတွင် ဆို့တက်လာသော်လည်း မျက်နှာကို တည်ငြိမ်အောင် ထိန်းထားရင်း ချက်ခနဲ တုံ့ပြန်လိုက်၏။
"လုံလောက်တဲ့ အဖြေပဲ..."
ဒူးထောက်လျက်သား ရှိနေသည့် ခမ်းနားက ယမုံ့မျက်နှာလေးကို မော့ကြည့်လိုက်ကာ ထပ်လောင်းအတည်ပြုသည်။
"မောင် တကယ်ပြောနေတာပါ ယမုံ"
"ဒေါက် ဒေါက်"
ထိုစဉ် အခန်းတံခါးခေါက်သံက ပြင်းထန်စွာ ထွက်ပေါ်လာပြီး အေးသူဇာ၏ ပျာယာခတ်နေသောအသံက ကျယ်လောင်စွာ ထွက်လာခဲ့လေသည်။
"အစ်ကိုလေး... မမယမုံ... သတိုးလေး အသက်ရှူကျပ်နေလို့! မြန်မြန်ထွက်လာခဲ့ကြပါဦး!"
"ဟင်"
အေးသူဇာ၏ အလန့်တကြား အော်ဟစ်သံကြောင့် နှစ်ယောက်သား ထိတ်လန့်တုန်လှုပ်သွားကြသည်။ ခမ်းနားလည်း ချက်ချင်း ထရပ်လိုက်ပြီး ယမုံကလည်း စိုးရိမ်စိတ်ဖြင့် အသိပြန်ဝင်လာကာ အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့သည်။
ထို့နောက် နှစ်ဦးသား ဘာစကားမျှ ဆက်မပြောနိုင်တော့ဘဲ တံခါးဝတွင် စောင့်နေသည့် အေးသူဇာနှင့်အတူ သတိုးလေးရှိရာ အခန်းဆီသို့ ခြေလှမ်းအမြန်ဆုံးဖြင့် ပြေးထွက်သွားကြတော့သည်။
သတိုးအခန်းထဲ ရောက်တော့ ဆရာမ နွယ်နွယ်အေးက ကလေးကို ပွေ့ချီထားသည်။ ပင့်သက်ရှိုက်ရှုနေရသည့် သတိုးလေး၏ ပုံစံက ပုံမှန်မဟုတ်တော့သဖြင့် ယမုံ ထိတ်လန့်သွားကာ ဆရာမ လက်ထဲမှ သတိုးလေးကို အလျင်အမြန် ပွေ့ယူပြောင်းချီလိုက်မိသည်။
"ဆေးရုံ သွားရမယ်... ဆေးရုံ အမြန်သွားမှ ဖြစ်မယ်"
ယမုံက ထိတ်လန့်တုန်ရင်နေသည့် စိတ်နှင့်အတူ သတိုးလေးကို ပွေ့ပိုက်ထားရင်း ခမ်းနားကို ကြည့်ကာ ပြောလိုက်သည်။ ခမ်းနားက ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး ကားသော့ကို ဆွဲကာ အောက်ထပ်သို့ အရင်ဆုံး ပြေးဆင်းသွားပြီး ကားစက်နှိုးထားလိုက်တော့သည်။
ဆရာမ နွယ်နွယ်အေးနှင့် ယမုံတို့ကလည်း ကလေးကို ပွေ့လျက် အနောက်မှ အတူတူ ပြေးဆင်းလာကြသည်။ ခြံထဲတွင် အသင့်စောင့်နေသည့် ကားနောက်ခန်းထဲသို့ ဝင်ထိုင်လိုက်သည်နှင့် ခမ်းနားက ကားကို ဆေးရုံရှိရာသို့ အမြန်ဆုံး မောင်းထွက်လာခဲ့ကြတော့သည်။
အခန်းမှတ်ချက်များ (0)