Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၃၁)

အရေးပေါ်အခန်းသို့ အချိန်မီ ပို့ဆောင်လိုက်နိုင်သဖြင့် ဦးစိုးထွဋ်၏ အသက်ကို ဆရာဝန်များက နည်းမျိုးစုံဖြင့် အသည်းအသန် လုယူကယ်တင်လိုက်ရသည်။ အောက်ဆီဂျင်ပိုက်များနှင့် ဆေးပုလင်းများ ရှုပ်ယှက်ခတ်နေသော ကုတင်ထက်တွင် ဦးစိုးထွဋ်၏ အသက်ရှူသံမှာ ပုံမှန် ပြန်ဖြစ်လုနီးပါး တည်ငြိမ်သွားခဲ့ရသည်။

သို့သော် ရင်ထဲက အပူမီးများကြောင့် ဦးစိုးထွဋ် ငြိမ်သက်မနေနိုင်ပါ။ ဦးစိုးထွဋ်သည် အားအင်ချည့်နဲ့နေသည့်ကြားမှပင် ကုတင်ဘေးတွင် ကျောက်ရုပ်ပမာ မတ်တတ်ရပ်နေဆဲဖြစ်သော ခမ်းနားကို မျက်ရည်ကြီးပေါက်ကြီးကျလျက် တုန်ရီစွာ လက်အုပ်ချီလိုက်မိသည်။

"ကျွန်...ကျွန်တော် တောင်းပန်ပါတယ် သူဌေးလေးရယ် ...ကျွန်တော့် အပြစ်ကြွေးတွေကို ဒီဘဝမှာ ပြန် မဆပ်နိုင်ခဲ့ပေမယ့် နောက်ဘဝ ဆိုတာ ရှိခဲ့ရင် ကျွန် ..ကျွန်တော် ကြေအောင်ပြန်‌ဆပ် ..ဆပ်ပါ့မယ်"

ပြီးခဲ့တဲ့အတိတ်က သူ့ရဲ့အမှားတွေက ခမ်းနားအတွက် ခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူးဆိုတာသိသော်ငြား သူအနူးအညွတ် တောင်းပန်နေခြင်း ဖြစ်သည်၊ယမုံ ဖခင်ဖြစ်သူကို ကြည့်ပြီး ရစ်ဝဲလာတဲ့ မျက်ရည်စတို့ကို မျက်တောင်ရှည်တို့ ဖြင့် ပုတ်ခတ်ထုတ်လိုက်ပြီး ခမ်းနားရဲ့ နှုတ်ဖျားက ထွက်ကြလာမယ့် စကားသံကို နားစွင့်နေမိသည်၊သို့သော်..

ခမ်းနားက လက်အုပ်ချီထားသော ဦးစိုးထွဋ်ကို အေးစက်တည်ငြိမ်စွာ တစ်ချက် စိုက်ကြည့်သည်။ ထို့နောက် မည်သည့်ခွင့်လွှတ်စကား၊ မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ဘဲ ခြေလှမ်းကျဲကြီးများဖြင့် ဆေးရုံအခန်းအပြင်သို့ ပြတ်သားစွာ လှည့်ထွက်သွားခဲ့တော့သည်။

ဆေးရုံအခန်းငယ်လေးအတွင်း ဖခင်ဖြစ်သူနှင့်အတူ ယမုံ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသည်။

ဦးစိုးထွဋ်က မျက်ရည်များကြားမှ ဘေးတွင်ထိုင်နေသော ယမုံ့လက်ကို အားကိုးတကြီး ဆွဲကိုင်လိုက်ပြီး ရှိုက်ကြီးတငင် တောင်းပန်ရှာသည်။

"ဖေဖေ မှားခဲ့တယ် သမီးရယ်... ဖေဖေ့ကြောင့် သမီးလည်း နာကျင်ရသလို၊ သူဌေးလေးလည်း နာကျင်ခဲ့ရတယ်...။ ဒါပေမယ့် သမီးရယ်... ဖေဖေ့မှာ နောက်ဆုံး တောင်းဆိုချင်တဲ့ ဆန္ဒတစ်ခုပဲ ရှိတော့တယ်...။ ဖေဖေ သမီးကို အနူးအညွတ် တောင်းပန်ပါတယ်..."

ယမုံက မျက်ရည်ဝဲလျက် ဖခင်ဖြစ်သူကို ကြည့်နေစဉ် ဦးစိုးထွဋ်က အသက်ကို ဝအောင်ရှူရင်း သူ၏ နောက်ဆုံးတောင်းဆိုချက်ကို ဖွင့်ဟလာတော့သည်။

"သမီး... သူဌေးလေးနဲ့ လက်ထပ်ပေးပါ...။ ပြီးတော့ လူမမယ်ကလေးလေး သမီးရဲ့တူလေး ကိုလည်း သမီးပဲ စောင့်ရှောက်ပေးပါ...။ အဲ့ဒီကလေးရဲ့ အဖေရင်းနာမည်က တေဇမိုး...။ သူ အခု မြန်မာပြည်ကို ပြန်ရောက်နေပြီ...။ သူက ဆေးသမား၊ ဒုစရိုက်သမား...။ အကယ်၍ သမီးသာ ခမ်းနားကို လက်မထပ်ရင် ကလေးအတွက် ဘဝက လုံခြုံမှာ မဟုတ်ဘူး...။ သူဌေးလေးရဲ့ အသိုင်းအဝိုင်းနဲ့ အရှိန်အဝါကပဲ ကလေးကို ကာကွယ်ပေးနိုင်မှာ... သမီး သူဌေးလေးကို လက်ထပ်ပေးပါနော်..."

ဖေဖေ့ စကားအဆုံးယမုံမျက်နှာပျက်ယွင်းသွားရပြီး..

"မဖြစ်ဘူး... မဖြစ်နိုင်ဘူး ဖေဖေ!"

ယမုံ ခေါင်းကို တွင်တွင်ခါရင်း ခါးခါးသီးသီး ငြင်းဆန်လိုက်မိသည်။

သူမ ရင်ထဲက ခမ်းနားနှင့် ပတ်သက်ခဲ့ရသော အနာတရများက ယနေ့ထက်တိုင် သွေးစိမ်းရှင်ရှင် ထွက်နေဆဲ မဟုတ်ပါလား။ သူ ပေးခဲ့သော နာကျင်မှု၊ ရက်စက်မှု ဒဏ်ရာများက မကျက်စသေးခင်... အခုတစ်ခါ ဖခင်ဖြစ်သူ၏ အပြစ်ကြွေးများအတွက် သူမကိုယ်တိုင် မီးပုံထဲသို့ တိုးဝင်ရဦးမည်တဲ့လား...။

သူမကိုယ်တိုင်ပဲ ရင်ထဲက ဒဏ်ရာတွေကို ကြိတ်မှိတ်လှောင်ကျွမ်းခံရင်း တိတ်တဆိတ် ငိုကြွေးနေရတာ အားမရသေးလို့... အခု လှောင်ချိုင့်အသစ်ထဲကို ထပ်ဝင်ရဦးမယ်ဆိုတဲ့ အသိက ယမုံ့ကို အသက်ရှူကြပ်စေသည်။

"မငြင်းပါနဲ့ သမီးရယ် ဖေဖေ့အတွက် အချိန်က သိပ်မကျန်တော့ပါဘူး ဒီဆန္ဒလေး တစ်ခုပဲ ဖြည့်ဆည်းပေးပါနော် ဖေဖေ့ရဲ့ အပြစ်ရှိတဲ့ စိတ်ကြောင့် ဖေဖေ ... ဖေဖေ အသေဖြောင့်မှာ မဟုတ်ပါဘူးကွယ်"

ဦးစိုးထွဋ် စိတ်လှုပ်ရှားမှု လွန်ကဲကာ ရင်ဘတ်ကို ဖိရင်း ထပ်မံ၍ အမောဖောက်လာပြန်သည်။ နှာခေါင်းထဲမှ အောက်ဆီဂျင်ပိုက်လိုင်းပင် ပြုတ်ထွက်လုမတတ် အသက်လု ရှိုက်ငိုရင်း သမီးဖြစ်သူ၏ လက်ကို အသည်းအသန် ဆွဲညှစ်ကာ တောင်းပန်နေရှာသည်။

ဆေးရုံခုတင်ဘေးက စက်ပစ္စည်းများ၏ မြည်ဟီးသံ၊ ဖခင်ဖြစ်သူ၏ အသက်လုနေရသော မြင်ကွင်းနှင့်အတူ လူမမယ်ကလေး၏ မျက်နှာကို ပြန်မြင်ပြီး ဖေဖေ ပြောပြသည့် သတိုးအ‌ေဖအရင်းဆိုသော စကားသံက နားထဲပြန်ကြားလာရင်း ယမုံ့ စိတ်တွေရှူပ်ထွေးလာရသည်၊

ရင်ထဲက ဒဏ်ရာဒဏ်ချက်တွေနဲ့အတူ ကလေးငယ်အပေါ် သနားစရာ ကရုဏာစိတ်က ယမုံ့နှလုံးသားထဲဝင်‌ေရာက်လာခဲ့ရသည်။

ယမုံ မျက်ရည်များကို ပွတ်သပ်ပစ်လိုက်ပြီး ဖြူဖတ်ဖြူလျော် ဖြစ်နေသော ဖခင်ဖြစ်သူ၏ လက်ကို တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်လိုက်ရင်း စိတ်ကို ဒုန်းဒုန်းချကာ ညည်းတွားသံဖြင့်ပင် လေသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။

"ယမုံ ပြန်စဉ်းစားလိုက်ပါဦးမယ် ဖေဖေ.."

🌷🌷🌷🌷🌷

ဦးစိုးထွဋ်၏ အခြေအနေ အနည်းငယ် ပြန်လည်ငြိမ်သက်သွားချိန်တွင် သားဖြစ်သူ ခမ်းနားထံမှတစ်ဆင့် သတင်းကြားသိရသဖြင့် ဒေါ်ခင်မာလာတစ်ယောက် ဆေးရုံသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

အခန်းဝသို့ ရောက်ရှိလာသော ဒေါ်ခင်မာလာကို မြင်လိုက်ရသည်နှင့် ခုတင်ထက်တွင် အားအင်ချည့်နဲ့စွာ လှဲလျော်နေရသော ဦးစိုးထွဋ်မှာ မျက်လုံးများ အဝိုင်းသားပွင့်သွားကာ ရင်ထဲက အပြစ်မကင်းမှုများက ဒလဟော တိုးဝှေ့တက်လာခဲ့ရပြန်သည်။ ဦးစိုးထွဋ် တုန်ရီနေသော လက်နှစ်ဖက်ကို အတင်းအကျပ် မြှောက်ကာ ဒေါ်ခင်မာလာ့ဘက်သို့ ဦးတိုက်မတတ် လက်အုပ်ချီလိုက်မိရှာသည်။

ဒေါ်ခင်မာလာ လက်ကိုင်အိတ်ကို စားပွဲပေါ်အသာတင်ပြီး ဦးစိုးထွဋ်ကို တင်းမာသော မျက်နှာထားဖြင့် ပြန်လည်လို့ စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ရုံမဲ့ပြုံးပြုံးလိုက်မိသည်၊

"မမကြီး... ကျွန်တော်... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ မိုက်မဲမှု အပြစ်တွေက မမကြီးတို့ မိသားစု အပေါ်မှာ ဒီတစ်သက် မပြောနဲ့ နောက် တစ်သက်တောင် ပေးဆပ်လို့ မကြေနိုင်တော့ပါဘူးကျွန်တော် တကယ့် မဟာအမှားကြီးကို ကျုးလွန်ခဲ့မိပါတယ်"

ဦးစိုးထွဋ်မှာ အောက်ဆီဂျင်ပိုက်တပ်ထားရသည့်ကြားမှပင် ရှိုက်ကြီးတငင် အတင်းအလဲ တောင်းပန်နေသဖြင့် ဒေါ်ခင်မာလာ သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိသည်။ အတိတ်က ပြီးခဲ့တဲ့အမှားတွေအတွက် စိတ်နာစရာ ရှိခဲ့သည်ဆိုဦးတော့... ယခုလို အသက်အန္တရာယ်နှင့် လုနေရရှာသော လူမမာတစ်ယောက်ကို ဆက်ပြီး အပြစ်တင်ဖို့ရာ ဒေါ်ခင်မာလာ၏ လူပီသသောသိစိတ်က ခွင့်မပြုပါ။

"တော်ပါတော့ ကိုစိုးထွဋ်ရယ်... စိတ်ကို လျှော့ထားစမ်းပါ။ ပြီးခဲ့တဲ့ကိစ္စတွေကို အစကပြန်ဖော်ပြီး အခုအချိန်မှာ အပြစ်တင်နေလို့လည်း ဘာမှ ထူးမလာတော့ပါဘူး။ အဓိကက က်ိုစိုးထွဋ် ကျန်းမာရေးကိုသာအတတ်နိုင်‌ဆုံး ဂရုစိုက်ပါရှင်တို့ကလေး ကျွန်မတို့ရဲ့ သွေးမတော်သားမစပ်ကလေးက ရှိနေသေးတယ်လေ"

ဒေါ်ခင်မာလာက အနည်းငယ်တည်သောမျက်နှာထားဖြင့်စကား ဆိုသည်။ ထို့နောက် ကုတင်ဘေးတွင် ဖခင်ဖြစ်သူကို စိုးရိမ်တကြီး ကြည့်ရင်း မျက်ရည်ဝိုင်းနေသော ယမုံ့ကို ဒေါ်ခင်မာလာ လှည့်ကြည့်လိုက်မိသည်။ တည်ငြိမ်ရင့်ကျက်ပြီး သိမ်မွေ့လှပသော ယမုံ့ကိုဟိုးငယ်ငယ်စ မြင်ဖူးကတည်းက ဒေါ်ခင်မာလာ့ရင်ထဲတွင် သမီးအရင်းတစ်ယောက်လို၊သားခမ်းနားနဲ့ပက်သက်ပြီးေချွးမတစ်‌ေယာက်လိုသဘောကျမိခဲ့သည် မဟုတ်ပါလား။

အခုလည်း ယမုံ့မျက်နှာလေး ညှိုးငယ်နေသည်ကို မြင်ရသည်မှာ ဒေါ်ခင်မာလာ့အတွက် ရင်ထဲ မကောင်းလှပေ။ သားဖြစ်သူ ခမ်းနား၏ ခတ်ထန်အေးစက်လှသော အမူအရာနောက်ကွယ်က နာကျင်မှုတွေကိုလည်း မိခင်ဖြစ်သူမို့ အသိဆုံးပင်... ဒီကလေးနှစ်ယောက်ကို ပေါင်းစည်းပေးနိုင်မှသာ အားလုံးရဲ့ နာကျင်မူတွေ ဒဏ်ရာအနာတရတွေ ကျက်သွားနိုင်မည်ဟု ဒေါ်ခင်မာလာ တွေးတောမိလိုက်သည်။

ဒေါ်ခင်မာလာသည် ယမုံ့အနားသို့ ဖြည်းညှင်းစွာ တိုးသွားပြီး ယမုံ့၏ လက်ကလေးနှစ်ဖက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။

"သမီး ယမုံ..."

"....."

"ဟုတ်ကဲ့ အန်တီ"

ယမုံက မျက်ရည်စတွေကို သုတ်ရင်း ဒေါ်ခင်မာလာကို ကြည့်လိုက်သည်။ ဒေါ်ခင်မာလာ၏ မျက်ဝန်းများက အမြဲတမ်း ယမုံကို နွေးထွေးစွာပင် ကြည့်တတ်တာကို ယမုံအစကတည်းက သတိထားမိပါသည်၊ပက်သက်ခဲ့ဖူးတာကို ဘေးချိတ်ထားရင် ယမုံအဖေက အန်တီမာလာခင်ရဲ့ ဖခင်ဖြစ်သူ ခမ်းနားရဲ့ အဘိုးအရင်းခေါက်ခေါက်ကို သတ်ခဲ့သူမဟုတ်လား၊နောက်ပြီး ကိုယ့်ညီမရဲ့ ခလေးကို ဖခင်အမည်ခံပြီး တာဝန်ယူ လူသိရှင်ကြားမဂ်လာဆောင်ပေးခဲ့တာပင်ပဲ တစ်ဖက်က ပြန်တွေးရင် ကျေးဇူးတင်ထိုက်နေပြီ မဟုတ်လား!

တစ်နည်းအားဖြင့် ယမုံ့ခံစားချက်တွေကို ဘေးချိတ်ထားရင်ပေါ့လေ!

ထိုပြစ်ချက်တွေက ယမုံကိုပါ ရောပြီးသိမ်ငယ်သလိုခံစားစေရတာအအမှန်ပါ

« ရှေ့အခန်း - ​အပိုင်း(၃၀) နောက်အခန်း - အပိုင်း(၃၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ