တဖြေးဖြေးအငိုတိတ်သွားတဲ့ ကလေးကြောင့် ဆရာမ နွယ်နွယ်အေးက အဆင်သင့်ဖျော်ထားတဲ့ နို့ဘူးလေးကို ယူလာလိုက်ပြီး
"အစ်မ ကလေးက ညနေလေးနာရီလောက်ကတည်းက နို့ဘူးမသောက်တော့တာ အစ်မလက်ထဲညိမ်နေတုန်း နို့ဘူးလေးတိုက်ကြည့်ဦးမယ် နော်"
ယမုံ ကလေးကို ငုံ့ကြည့်ရင်း ခေါင်းညိတ်လိုက်ကာ
"ရတယ်လေ ကျွန်မပွေ့ထားလိုက်မယ် ဆရာမ နို့ဘူးလာတိုက်ကြည့်ပါ "
ဆရာမနွယ်နွယ်အေး နို့ဘူးလေးကိုယူပြီး ကလေးပါးစပ်နားတေ့ပေးလိုက်တော့ ကလေးက အခုမှ နို့ဘူးကိုသောက်ရင်း မှိန်းနေလေသည်၊
ရုတ်တရပ်ရောက်ရှိလာတဲ့ ယမုံ့ကြောင့် ခမ်းနား မေးခွန်းတွေ မေးချင်မိလို့ မေမေ့ကို ကြည့်လိုက်တော့ မေမေက ခေါင်းခါပြလိုက်သည်မို့ ခမ်းနား တိတ်ဆိတ်ကာ နံရံမှာ ကပ်ပြီးရပ်နေမိနေရင်း ယမုံ့ကို ကြည့်ရင်း နာနာကျင်ကျင် ပြုံးလိုက်မိသည်၊
နို့ဘူးလေးကို အငမ်းမရစို့ရင်း ယမုံ့ရင်ခွင်ထဲမှာ မှိန်းကျသွားတဲ့ သားလေးကို ကြည့်ပြီး ခမ်းနား ရင်ထဲ ဆို့တက်လာရသည်။ ညနေကတည်းက နို့ဘူးမသောက်ပဲ ငြင်းဆန်ပြီး ငိုနေခဲ့တဲ့ သားက အခုတော့ အစိမ်းသက်သက်ဖြစ်နေမယ့် ယမုံ့ရင်ခွင်ထဲမှာ သိမ်မွေ့စွာ ငြိမ်သက်လို့နေပြီ။
တံခါးဝနံရံကို ကျောမှီရပ်ရင်း ထိုမြင်ကွင်းကို ငေးကြည့်နေမိတဲ့ ခမ်းနားရဲ့ နှုတ်ခမ်းဖျားမှာ နာကျင်ခြင်းအတိပြီးသော အပြုံးတစ်ခုက ဖျတ်ကနဲ ဖြတ်ပြေးသွားခဲ့သည်။
'မောင့်အမှားတွေက မင်းကိုဒူးထောက်တောင်းပန်ရင်တောင် မင်းအမုန်းတွေ မပြေနိုင်တာ သိပါတယ် ယမုံရယ်... တကယ်ကို မင်းက မောင်နဲ့မထိုက်တန်ခဲ့တဲ့ အဖိုးတန်ပန်းကလေးပါ'
ရင်ထဲက ကြိတ်ဖောက်ထွက်လာတဲ့ စကားလုံးတွေက လည်ချောင်းဝမှာတင် တစ်ဆို့ပြီး ပျောက်ကွယ်သွားရသည်။ မျက်ဝန်းအိမ်ထဲ ပူနွေးလာတဲ့ အရည်ကြည်တွေကို မနည်းထိန်းချုပ်ရင်း ခမ်းနား မျက်တောင်တို့ကို ခပ်ပြင်းပြင်း ခတ်ပစ်လိုက်ရသည်။
သူ့ဘဝမှာ ဖြစ်ချင်တဲ့ လောဘတွေ၊ အောင်မြင်မှုတွေနဲ့ ဂုဏ်ဒြပ်တွေနောက်ကိုပဲ အရူးအမူး လိုက်ခဲ့မိသည်။ "ငါ အောင်မြင်မှဖြစ်မယ်၊ လက်ရှိဘဝထက်မြင့်မားမှဖြစ်မယ်" ဆိုတဲ့ အတ္တစိတ်တစ်ခုထဲနဲ့ ရှေ့ကိုပဲ ဇွတ်တိုးခဲ့တာ။ အဲ့ဒီလို လောဘဇောတွေကြားထဲမှာ သူအသက်ရှူဖို့ မေ့လျော့နေခဲ့သလို... သူ့ကို မျှော်လင့်တကြီး စောင့်စားနေတတ်တဲ့ ယမုံ့ကိုလည်း ဘေးဖယ်ပြီး ဂျောင်ထိုးထားခဲ့မိသည်။
"ဘာလို့များလဲ..."
ခမ်းနား စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် နာနာကျင်ကျင် မေးခွန်းထုတ်မိသည်။
ယမုံ့ကို သူ အသက်ထက်မက ချစ်နေခဲ့ပါရဲ့သားနဲ့... ဘာဖြစ်လို့ အဲ့ဒီတုန်းက တစ်ချက်ကလေးတောင် မဆက်သွယ်ဘဲ ပစ်ထားရက်ခဲ့မိတာလဲ။ ဖုန်းလေးတစ်ခေါက်ဆက်ဖို့၊ စာလေးတစ်ကြောင်းပို့ဖို့ သတိမရလောက်အောင်အထိ သူ ဘာတွေများ အလုပ်ရှုပ်နေခဲ့လို့လဲ။ အောင်မြင်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယမုံ့ကို မေ့လျော့ထားခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိတိုင်း အဆိပ်အတောက်တွေ ကိုယ်တိုင်သောက်သုံးနေရသလို ရင်ဝကို မီးစနဲ့ ထိုးခံနေရသလိုပင်!
သူ့ဘက်က အချိန်မရွေး ပြန်လှည့်ကြည့်ရင် ရှိနေမယ့် ပန်းလေးတစ်ပွင့်လို ယမုံ့ကို တန်ဖိုးမထားဘဲ အမှတ်မထင် သဘောထားခဲ့မိတဲ့ နောင်တတွေက အခုတော့ အချိန်လွန်မှ ကမ်းဆွဲမရတဲ့ ဒီရေတွေလို သူ့ကို လွှမ်းမိုးဝါးမြိုလို့နေပြီ။
အဆိုးဆုံးကတော့... လက်ရှိပစ္စုပ္ပန် အခြေအနေပင် ဖြစ်သည်။
အပြစ်ရှိသူတစ်ယောက်လို ခေါင်းငိုက်စိုက်ချရင်း ယမုံ့မျက်နှာကို ခမ်းနား ခိုးကြည့်မိသည်။ အရင်ကလို ပျိုမြစ်နုငယ်ပြီး အပြစ်ကင်းစင်နေဆဲဖြစ်တဲ့ ယမုံ့ရှေ့မှာ အခု သူက ဘာလဲ...။ ဇနီးသည် ဆုံးပါးသွားခဲ့ပြီး ကလေးတစ်ဖက်နဲ့ ကျန်ရစ်ခဲ့တဲ့ မုဆိုးဖို ကလေးအဖေတစ်ယောက်။
အတိတ်က သူ့အမှားတွေကြောင့် ယမုံ့ဘဝထဲကနေ သူ အလိုလို ဝေးကွာသွားခဲ့ရုံတင်မကဘူး၊ အခုချိန်မှာတော့ သူတို့နှစ်ယောက်ကြားထဲမှာ ဘယ်လိုမှ ကျော်ဖြတ်လို့မရတော့မယ့် စည်းတွေက အလိုအလျောက် ခြားနားသွားခဲ့ပြီ။ ညစ်နွမ်းသွားခဲ့တဲ့ သူ့ဘဝနဲ့ ဖြူစင်တဲ့ ယမုံနဲ့က ဘယ်လိုနည်းနဲ့မှ ပြန်ပြီး မဆုံဆည်းနိုင်တော့မှန်း သူ အသိဆုံးဖြစ်နေသည်။
ယမုံ့ကို ငေးကြည့်နေတဲ့ ခမ်းနားရဲ့ မျက်ဝန်းတွေထဲမှာ အပြစ်ရှိစိတ်၊ နောင်တရစိတ်နဲ့ သိမ်ငယ်စိတ်တွေက ရောပြွမ်းလျက်။ ရင်ခွင်ထဲက ကလေးငယ်ကို ကရုဏာသက်စွာ ငုံ့ကြည့်နေတဲ့ ယမုံ့ကို ကြည့်ပြီး ခမ်းနား ရင်ထဲကနေပဲ တိုးတိုးလေး ကွဲအက်စွာ ရေရွတ်မိတော့သည်။
'မောင်... တို့ထာဝရ ဝေးကြရပြီထင်ပါရဲ့ ယမုံရယ်'
🍀🍀🍀🍀
နို့ဘူးဝဝလင်လင်သောက်ပြီး ယမုံ့ရင်ခွင်ထဲမှာတင် ကလေးငယ်လေး အိပ်ပျော်သွားခဲ့သည်။ ဒေါ်မာလာခင်က ကလေးကို အသာအယာပွေ့ယူကာ အိပ်ရာထဲသိပ်ပြီးနောက် ဧည့်ခန်းထဲသို့ ပြန်ဆင်းလာခဲ့သည်။ ညဉ့်နက်နေပြီဖြစ်၍ ယမုံ့ကို အိမ်ပြန်ပို့ရန် အိမ်အကူ အေးသူဇာကိုပါ အဖော်ထည့်ပေးပြီး ဒရိုင်ဘာ ဦးကျော်စိုးကို ကားထုတ်ခိုင်းထားလိုက်၏။
ခြံဝင်းထဲတွင် ကားစက်နှိုးသံ တိုးတိုးလေး ထွက်ပေါ်လာချိန်၌ ဧည့်ခန်းထဲတွင် ဒေါ်မာလာခင်နှင့် ယမုံ နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
ဒေါ်မာလာခင်က ယမုံ့လက်ကလေးနှစ်ဖက်ကို အုပ်မိုးဆုပ်ကိုင်လိုက်ရင်း မျက်ရည်ဝဲလျက် အနူးအညွတ် ပြောရှာသည်။
"သမီးရယ်... အန်တီ တကယ်ပဲ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိပါဘူးကွယ်၊ သမီးသာ အချိန်မှီလိုက်မလာရင် ဒီည အန်တီတို့မြေးလေးဘာဖြစ်မလဲဆိုတာ မတွေးဝံ့စရာပဲ၊ သမီးကို အန်တီ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အကြိမ်ကြိမ် ကျေးဇူးတင်ပါတယ် သမီးရယ်..."
ယမုံ ဒေါ်မာလာခင်ရဲ့ မျက်နှာကို ကြည့်ရင်း နူးညံ့စွာ ပြုံးလိုက်မိသည်။ တကယ်တော့ သူမ နှလုံးသားထဲမှာ ခံစားချက်တွေက ရှုပ်ထွေးလို့နေ၏။
"မလိုပါဘူး အန်တီ၊ ယမုံလည်း ကလေးအကြောင်းကြားသိရတော့ စိတ်မကောင်းဖြစ်မိပါတယ်"
ယမုံ ထိုသို့ပြောလိုက်ပြီးမျက်ဝန်းအိမ်ထဲတွင်မူ အိပ်ပျော်သွားခဲ့သည့် ကလေးငယ်၏ ပုံရိပ်က ဖျတ်ကနဲ ထင်ဟပ်လာသည်။ ထူးဆန်းလိုက်လေခြင်း...။ ဒီကလေးကို မြင်မြင်ချင်းကတည်းက သူမ နှလုံးသားတစ်ခုလုံး လှုပ်ခတ်သွားခဲ့ရုံမက ယခုထက်ထိတိုင် ထိုအပြစ်ကင်းစင်သော ကလေးငယ်အပေါ် သံယောဇဉ်အရိပ်အယောင်တွေက ရင်ထဲမှာ အတိုင်းအဆမရှိ မြစ်ဖျားခံ စီးဆင်းနေဆဲ။ ကလေးကို မြင်ရုံ၊ ပွေ့ဖက်ရုံမျှဖြင့် သူမ ရင်ထဲက ဒဏ်ရာတွေ သက်သာရာရသလို ခံစားရသည်အထိ ထိုကလေးငယ်အပေါ် ထားရှိသည့် နူးညံ့သော မေတ္တာတရားက အားကောင်းလွန်းနေခဲ့သည်။
ယမုံပြန်ဖို့ အတွက် ဖုန်းကိုယူလိုက်ရင်းဆိုဖာမှထလိုက်စဉ် ..
အပေါ်ထပ် လှေကားထိပ်ဆီမှ အရိပ်တစ်ခုကြောင့် ယမုံ့မျက်ဝန်းတို့ အလိုအလျောက် မော့ကြည့်မိသွားသည်။
လှေကားထိပ်တွင် ရပ်နေသူက... ခမ်းနား!
ယမုံ့ကို ငေးစိုက်ကြည့်နေသည့် ခမ်းနား၏ မျက်ဝန်းများနှင့် ယမုံ့မျက်လုံးချင်း ဆုံမိသွားကြသည်။ သို့သော်... ယမုံ့မျက်နှာ ချက်ချင်းပြန်တည်သွားရပြီးရင်ထဲက အေးစက်ကျဉ်ခဲနေသော ခံစားချက်တို့က အုံကြွလာခဲ့ပြီး
"ယမုံ ပြန်တော့မယ် အန်တီ"
ပြောရင်းထရပ်လိုက်သည်မို့ ဒေါ်မာလာခင်ပါ ထရပ်လိုက်ပြီး
"ကောင်းပါပြီး သမီးရယ် တကယ်ကျေးဇူးတင်ပါတယ်ကွယ်"
ယမုံခေါင်းညိတ်ပြလိုက်ပြီး ထွက်လာခဲ့လိုက်သည်၊
ယမုံရဲ့အမုန်းမျက်လုံးများကို တည့်တည့်ရင်ဆိုင်လိုက်ရသည့် ခမ်းနားမှာ ရင်ဘတ်တစ်ခုလုံး ဓားနဲ့ အမွှန်းခံလိုက်ရသလို ပြင်းထန်စွာ နာကျင်သွားရသည်။ ယမုံ့ရဲ့ အေးစက်လှတဲ့ အကြည့်တစ်ချက်က သူ့နှလုံးသားကို အစိမ်းလိုက် ခွဲစိတ်နေသကဲ့သို့ပင်။ ညှာတာမှုကင်းမဲ့လှတဲ့ ထိုအမုန်းအကြည့်တွေကြောင့် ခမ်းနား ခြေလှမ်းတွေယိုင်နဲ့ကာ ဝင်သက်ထွက်သက်တိုင်းက နာကျင်ခြင်းအတိ ဖြင့် အိမ်ထဲက ထွက်ခွါသွားတဲ့ ယမုံ့ ကျောပြင်ကို ငေးကြည့်ရင်း အောက်ထပ်သို့ ဆင်းလာခဲ့လေသည်၊
ခြံထဲက ကားလေး မောင်းထွက်သွားတဲ့ အသံ တဖြည်းဖြည်း တိုးတိတ်ပျောက်ကွယ်သွားတော့မှ ခမ်းနား လှေကားထိပ်ကနေ အောက်ထပ်ကို လေးလံတဲ့ ခြေလှမ်းတွေနဲ့ ဆင်းလာခဲ့သည်။ ဧည့်ခန်းထဲမှာ သက်ပြင်းတချချနဲ့ ကျန်ရစ်ခဲ့တဲ့ မေမေ့အနားကို သူ တိုးကပ်သွားရင်း ရင်ထဲက တနုံ့နုံ့သိချင်နေတဲ့ မေးခွန်းကို တိုးညင်းစွာ မေးမိလိုက်သည်။
"မေမေ... ယမုံ့ကို... မေမေပဲ သွားခေါ်ခဲ့တာလားဟင်"
သားဖြစ်သူရဲ့ မေးခွန်းကြောင့် ဒေါ်မာလာခင်က ခမ်းနားကို မော့ကြည့်ပြီး စိတ်မကောင်းစွာနဲ့ နောက်ထပ် သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်ပြန်သည်။
"ဟုတ်တယ် သားရယ်... မေမေ ကိုယ်တိုင် သွားခေါ်ခဲ့တာ၊ သားရဲ့လုပ်ရပ်တွေကြောင့် ယမုံကိုမျက်နှာမပြဝံေပမယ့် .. အိမ်မှာ အငိုမတိတ်တဲ့ သားရဲ့ သားလေးကို ကြည့်ပြီး မေမေ ဘာမာနမှ မထားနိုင်တော့ဘူး၊ အဲ့ဒါကြောင့် ယမုံ့ဆီ အတင်းသွား၊ သူ့ခြေထောက်ကိုပဲ ဖက်ရမလိုလို အနူးအညွတ် တောင်းပန်ပြီး ခေါ်ခဲ့ရတာပါ"
မေမေ့စကားလုံးတွေက ခမ်းနားရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းလိုက်သလိုပင်။
'မေမေက အတင်းတောင်းပန်ပြီး ခေါ်ခဲ့ရတာ...'
ထိုစကားကို ကြားလိုက်ရချိန်မှာ ခမ်းနားရဲ့ ရင်ထဲ အတိုင်းအဆမရှိ ပြင်းထန်စွာ လှုပ်ခတ်သွားရသည်။ သူ မျှော်လင့်မထားခဲ့တဲ့ အသိတစ်ခုက နှလုံးသားထဲ ဝင်ရောက်နေရာယူလာလို့ ဖြစ်သည်။
ယမုံက သူ့ကို သေလောက်အောင် မုန်းနေတာ...။ သူ့ရဲ့ အရိပ်အယောင်ကိုတောင် မမြင်ချင်လောက်အောင် မုန်းတီးနေခဲ့တာ။ အဲ့ဒီလို အမုန်းတွေ ပြည့်နှက်နေတဲ့ ကြားကပဲ... မေမေက သွားရောက်တောင်းပန်တဲ့အခါ ယမုံ ငြင်းပယ်မပစ်ခဲ့ဘူး။ တကယ်လို့ ယမုံ့ရင်ထဲမှာ သူ့အပေါ်၊ သူ့မိသားစုအပေါ် အမုန်းတရား သက်သက်ပဲ ရှိနေခဲ့ရင် ဘယ်လိုနည်းနဲ့မှ လိုက်လာမှာ မဟုတ်သလို၊ သူ့ရဲ့ သွေးသားဖြစ်တဲ့ ကလေးငယ်ကိုလည်း ဒီလောက်အထိ ကရုဏာသက်သက်နဲ့ ရင်ခွင်ထဲ ထည့်ပြီး သိပ်ပေးခဲ့မှာ မဟုတ်ချေ။
ယမုံ့ရဲ့ မျက်ဝန်းတွေက အေးစက်စက် အမုန်းတွေကို ပြသနေပေမယ့်... သူမရဲ့ ချစ်ခြင်းမေတ္တာအကြွင်းအကျန်လေးတွေကို ခမ်းနားမြူတစ်မှုံမျှလောက် ခံစားမိရသလိုပင်!
ဒါပေမယ့်လည်း ဒါက ခမ်းနားရဲ့ စိတ်အထင်ပဲ ဖြစ်နေလေရော့လား ဆိုတာကတော့!
အခန်းမှတ်ချက်များ (0)