Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၂၀)

ညဆယ့်တစ်နာရီတိုင်သည်အထိအိပ်မရဘဲအတွေးတွေက ဖြန့်ကျက်စိုးမိုးနေရင်း စနိုး၏ အိပ်ခန်းလေးအတွင်း၌မူ မီးရောင်မှိန်မှိန်အောက်တွင် ထိုမျက်နှာချောချောက စနိုးရဲ့အာရုံထဲကပ်ညှိနေဆဲ ဖြစ်သည်။

စနိုးတစ်ယောက် ကုတင်ပေါ်တွင် ပက်လက်လှန်လျက် မျက်နှာကျက်ကို စိုက်ကြည့်ရင်း ဖျောက်ဖျက်မရသည့် ခမ်းနားသွင်ပြင်ဆိုသည့် ထိုလူ၏ သူမအပေါ် ဂရုမမူဆက်ဆံပုံကြောင့် ရင်ထဲတနုံ့နုံ့ဖြစ်နေရကာ ငယ်ငယ်ကတည်းက လိုချင်တာကို မရရအောင်ယူတတ်သည့် သူမဉာဉ်ဆိုးလေးကြောင့် ဝဲဘက်ရင်အုံက အောင့်တက်လာရပြန်သည်၊

ကျောင်းမှာရော၊ ပတ်ဝန်းကျင်မှာပါ အမြဲတမ်း ငေးမောခြင်း ခံခဲ့ရဖူးသော်လည်း ခမ်းနားသွင်ပြင်ဆိုသူကတော့ ယနေ့ရုံးခန်းထဲ၌ သူမကို စကားတစ်လုံးမှပင် မဆိုဘဲ ခေါင်းညိတ်ရုံမျှဖြင့် လျစ်လျူရှုသွားခဲ့သည်။

ထိုအေးစက်စက် အကြည့်နှင့် တည်ငြိမ်လွန်းသည့် ပုံစံက စနိုးအတွက်တော့ စိတ်ပျက်စရာ မဟုတ်ဘဲ၊ ပို၍ ရစိတ်ဝင်စားးရာ‌ေကာင်းသလို ထိုလူ့ကိုအပိုင်လိုချင်မိသည့် ခေါင်းမာစိတ်ကို မီးမွှေးပေးလိုက်သလို ဖြစ်သွားရသည်။

မနက်ဖြန်ညက ဘာမင်ဂမ်တက္ကသိုလ်၏ ကျောင်းကပွဲကြီး ကျင်းပမည့် ညဖြစ်သည်။ ထိုပွဲသည် စနိုးအတွက်တော့ ခမ်းနား၏ အနားကို ချဉ်းကပ်ခွင့်ရမည့် အခွင့်အရေးတစ်ခုပင်။

သူမက ကုတင်ပေါ်မှ ထကာ မှန်တင်ခုံရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး မှန်ထဲက မိမိကိုယ်ကိုယ် စိုက်ကြည့်မိသည်။ မနက်ဖြန်ညအတွက် သူမ အထူးတလည် ရွေးချယ်ထားသည့် ပွဲတက်ဂါဝန်ကို မြင်ယောင်ရင်း စနိုး ပြုံးလိုက်မိသည်။ ပွဲတက်လာမည့် မည်သည့်မိန်းကလေးထက်မဆို ပို၍ ထင်သာမြင်သာရှိပြီး ဆွဲဆောင်မှုရှိအောင် ပြင်ဆင်သွားရန် ဆုံးဖြတ်ထားသည်။

ဖေဖေ့ရဲ့စကားပြောပါးနပ်မှုကြောင့်ဥက္ကဌကြီးက စနိုးတို့သားအဖကို မျက်နှာသာပေးကာ မနက်ဖြန်ည ကျောင်းကပွဲကို စနိူးအားအတူခေါ်သွားရန် ဥက္ကဌကြီးက ခမ်းနားကို အမိန့်ပေးထားလေသည်မို့ သူနဲ့အတူနီးစပ်ခွင့်ရဖို့ အခွင့်အရေး တစ်ခု စနိုးအတွက် ဖြစ်လာခဲ့သည်၊

ညနေစောင်းအလင်းဖျော့ဖျော့အောက်တွင် ဥက္ကဋ္ဌကြီး၏ ခမ်းနားလှသော ခြံဝန်းကျယ်ကြီးထဲသို့ ဦးစိုးထွဋ်နှင့်အတူ စနိုး ဝင်လာခဲ့သည်။

ဒီညအတွက် စနိုး၏ ပြင်ဆင်မှုက အပြစ်ပြောစရာမရှိအောင် လှပလွန်းနေသည်။ ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေမည့် ပခုံးလွတ် ညနေခင်းဝတ်စုံအနက်ရောင်က သူမ၏ အသားအရေကို ပိုမိုဝင်းပနေစေပြီး၊ လည်တိုင်ကျော့ကျော့ပေါ်က ပုလဲဆွဲကြိုးလေးက ဆွဲဆောင်မှုကို ပိုတိုးစေသည်။

မိတ်ကပ် အသားပေးခြယ်သထားသည့် မျက်ဝန်းတောက်တောက်များထဲတွင် "ဒီညတော့ ဖြစ်အောင်လုပ်မည်" ဟူသော ယုံကြည်ချက်များက အထိုင်းအလျောက် စိုးမိုးနေခဲ့သည်။

သူမတို့ ရောက်ရှိလာချိန်တွင် ဥက္ကဋ္ဌကြီးက လှိုက်လှိုက်လှဲလှဲ ဆီးကြိုသော်လည်း၊ စနိုး၏ မျက်လုံးများက အိမ်တော်ဆင်ဝင်အောက်တွင် မတ်တပ်ရပ်နေသည့် ခမ်းနားဆီသို့သာ တန်းခနဲ ရောက်သွားသည်။

မီးခိုးရောင် Suit ဝတ်စုံကို အပြည့်အစုံဝတ်ဆင်ထားသည့် ခမ်းနား၏ တည်ငြိမ်ထည်ဝါမှုက စနိုးကို ရင်ဘတ်ထဲအထိ လှုပ်ခတ်သွားစေပြန်သည်။

"ခမ်းနား... သမီးလေး စနိုးကို ပွဲပြီးတဲ့အထိ သေသေချာချာ စောင့်ရှောက်ပေးလိုက်ဦး။ ကျောင်းမှာလည်း အချင်းချင်း ပိုရင်းနှီးသွားအောင်ပေါ့"

အဘိုးဖြစ်သူ၏ အမိန့်ဆန်ဆန် စကားကြောင့် ခမ်းနားက စနိုးဘက်သို့ မျက်နှာလွှဲကြည့်လာသည်။ ထိုအကြည့်က ရိုးစင်းလွန်းသည်။

မည်သည့် အံ့ဩတုန်လှုပ်မှု၊ စိတ်ဝင်စားမှု အရိပ်အယောင်မျှ မပါဘဲ လူကြီးခိုင်း၍ လုပ်ရသည့် ဝတ္တရားတစ်ခုလိုသာ အေးစက်နေခဲ့သည်မို့ စနိုးမျက်နှာလေးအနည်းငယ်ပျက်စပြုသွားရသည်

"ဟုတ်ကဲ့ ဘိုးဘိုး... "

ခမ်းနားက ကားဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ဦးဆောင်ထွက်သွားသည်။ အမျိုးသမီးတစ်ဦးကို ကားတံခါးဖွင့်ပေးရမည်ဆိုသည့် အတွေးမျိုး သူ့ခေါင်းထဲရှိပုံမရ။

စနိုးမှာ သူ့အနောက်ကနေ အပြေးအလွှား လိုက်ပါရင်း ကိုယ့်ဘာသာ ကားတံခါးဖွင့်ကာ ဘေးခုံတွင် ဝင်ထိုင်လိုက်ရသည်။

ကားအတွင်းခန်းတစ်ခုလုံးမှာ တိတ်ဆိတ်အေးစက်နေသည်။ ခမ်းနားက စတီယာရင်ကို အာရုံစိုက်ကိုင်ထားပြီး ရှေ့တည့်တည့်ကိုသာ ကြည့်နေခဲ့သည်။

စနိုးကတော့ ကားမှန်ပြတင်းပေါက်မှတစ်ဆင့် ပြတ်သားလွန်းသည့် သူ၏ ဘေးဘက်မျက်နှာအချိုးအစားကို မသိမသာ ငေးမောရင်း စကားစရန် ကြိုးစားလိုက်သည်။

"အစ်ကိုခမ်းနား... ဒီညပွဲက လူစုံမှာဆိုတော့ ပျော်စရာကောင်းမှာနော်"

သို့သော် ခမ်းနားထံမှ စကားလုံးတစ်လုံးမျှ ထွက်မလာခဲ့။ စိတ်မပါလက်မပါဖြင့် ခေါင်းကို တစ်ချက်မျှသာ ငြိမ့်ပြပြီး အကြည့်လွှဲထားဆဲ ဖြစ်သည်။

သူမကို ရှိသည်ဟုပင် မမှတ်ယူသည့် ဤအေးစက်စက် အပြုအမူကြောင့် စနိုး ရင်ထဲ တနုံ့နုံ့နှင့် ဆူးအောင့်သွားရသော်လည်း၊ လက်လျှော့ရန် အတွေးမရှိ။ ဤမျှအထိ ခက်ခဲလွန်းသည့် ယောက်ျားမျိုးကိုမှ အပိုင်ရယူချင်သည့် စနိုး၏ ခေါင်းမာစိတ်က ပို၍ပင် ပြင်းထန်တောက်လောင်လာမိတော့သည်။

"ဟိုလေ အစ်ကိုက စနိုးထက် အသက်ကြီးတော့ အသက်ကြီးတော့ ကိုကို လို့ပဲခေါ်တော့မယ်နော် "

"ကျစ် !

ဟင်

"ခဏလောက် တိတ်တိတ်နေပေးလို့ ရမလား ကျွန်တော် ကားမောင်းနေရင် စိတ်အနှောက်အယှက်ဖြစ်လို့ မရလို့ပါ"

ခမ်းနားရဲ့ စကားကြောင့် စနိုးတိတ်ဆိတ်သွားရပြီး တစ်ဖက်ကို မျက်နှာလွဲကာ နှုတ်ခမ်းကို ဖိကိုက်ထားမိသည်၊

🌻🌻🌻🌻🌻

မီးရောင်စုံများနှင့် သီချင်းသံစဉ်များ လွှမ်းမိုးထားသည့် ဘာမင်ဂမ်တက္ကသိုလ်၏ ခန်းမကျယ်ကြီးအတွင်းသို့ ဝတ်စားဆင်ယင်မှုကိုယ်စီဖြင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်လာကြသည်။

ကားရပ်သည်နှင့် ခမ်းနားက ရှေ့ကနေ အရင်ဆင်းကာ ခန်းမထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားခဲ့သည်။ စနိုးမှာ ကားတံခါးကို ကိုယ်တိုင်ဖွင့်၍ အနောက်ကနေ အပြေးအလွှား လိုက်ရသည်။ လူအုပ်ကြားထဲတွင် ထင်ရှားလှသည့် သူ၏ ကျောပြင်ကျယ်ကို ကြည့်ရင်း စနိုး ရင်ထဲ၌ နာကျင်စိတ်နှင့်အတူ မကျေနပ်မှုများ ရောထွေးလာရသည်။ ပွဲတက်လာသမျှ မိန်းကလေးတွေထက် သာလွန်အောင် ပြင်ဆင်လာခဲ့ရက်နှင့် သူ့ထံမှ အကြည့်တစ်ချက်ပင် မရရှိခဲ့သည့်အတွက် စနိုး၏ အတ္တနှင့် မာနတို့သည်လည်း ပြတ်ပြတ်လုမတတ် နာကျင်ရသည်။

ခန်းမထဲအရောက်တွင်တော့ ခမ်းနားသည် တစ်ချက်မျှပင် ဝေဝဲမကြည့်ဘဲ သူ၏သူငယ်ချင်းဖြစ်သူ အဲလက်စ် ရှိရာ ဝိုင်းဆီသို့ တန်းတန်းမတ်မတ် လှည့်ထွက်သွားတော့သည်။ စနိုးလည်း နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားရင်း ခန်းမထောင့် စားပွဲဝိုင်းတစ်ခုတွင် တစ်ယောက်တည်း ဝင်ထိုင်လိုက်မိသည်။

ထိုစဉ် လူအုပ်ကြားထဲမှ စနိုးကို မခွာတမ်း စိုက်ကြည့်နေသည့် ရည်းစားဟောင်းဖြစ်သူ တေဇမိုးက စားပွဲပေါ်က ဖျော်ရည်ခွက်တစ်ခုကို လှမ်းယူလိုက်သည်။ အိတ်ကပ်ထဲမှ ဆေးအချို့ကို ဖျော်ရည်ခွက်ထဲသို့ သေသေချာချာ ထည့်၍ မွှေလိုက်ပြီးနောက် အနားက ဖြတ်လျှောက်သွားသည့် လူငယ်တစ်ယောက်ကို ကမ်းပေးလိုက်သည်။

"ဟိုဘက်ဝိုင်းက အနက်ရောင်ဂါဝန်နဲ့ မိန်းကလေးကို ဒီဖျော်ရည်ခွက် သွားပေးပေးပါလား။ ပွဲက ဧည့်ခံတာလို့ပဲ ပြောလိုက်"

ထိုလူငယ်က ခေါင်းညိတ်ကာ ဖျော်ရည်ခွက်ကို လှမ်းယူပြီး စနိုးရှိရာဝိုင်းဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

🌻

🌻

အတိတ်တွေထဲက ပြန်နိုးထလာသူလို မျက်နှာကိုလက်နှစ်ဖက်ဖြင့် ဖိပွတ်ရင်း

ယမုံ ချပစ်လိုက်သည့် ဖုန်းစခရင်ကို ကြည့်ရင်း ခမ်းနားတစ်ယောက် ကုတင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲပြိုကျသွားသည်။ လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိသော်လည်း မျက်ဝန်းမှ စီးကျလာသည့် မျက်ရည်ပူများကိုမူ သူ မတားဆီးနိုင်ခဲ့ပါ။

ရင်ဘတ်တစ်ခုလုံး ဓားနှင့် မွှန်းနေသလို ခံစားချက်ကို အရက်ရှိန်ကပါ ပို၍ လှုံ့ဆော်ပေးနေသည်။

ထိုစဉ် အခန်းတံခါးကို အလောတကြီး လာရောက်ထုရိုက်သည့် အသံကြောင့် ခမ်းနား အသိစိတ် ပြန်ဝင်လာခဲ့ရသည်။

ဒေါက်... ဒေါက်... ဒေါက်...

"အစ်ကိုလေး... အစ်ကိုလေး! အမြန်လာခဲ့ပါဦး၊ ကလေး အရမ်းငိုနေလို့... အငိုလည်း မတိတ်ဘူးဖြစ်နေလို့ပါ!"

အေးသူဇာ၏ တုန်လှုပ်ချောက်ချားနေသည့် အော်ဟစ်သံကြောင့် ခမ်းနား ကုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်မိသည်။ အရက်ရှိန်ကြောင့် ခေါင်းထဲ တစ်ချက် မူးခနဲ ဖြစ်သွားသော်လည်း သားဖြစ်သူအတွက် စိုးရိမ်စိတ်က အကုန်လုံးကို အသာစီးရသွားကာ အခန်းတံခါးကို ဝုန်းခနဲ ဆွဲဖွင့်၍ အပြင်သို့ အမြန်ပြေးထွက်လာခဲ့တော့သည်။

သားလေး၏ အခန်းအတွင်းသို့ ရောက်ရှိသွားချိန်တွင် ကြားလိုက်ရသည့် အသံကြောင့် ခမ်းနား ရင်ဘတ်တစ်ခုလုံး ဆတ်ခနဲ တုန်သွားရသည်။

သားငယ်လေးမှာ မျက်နှာလေးတစ်ခုလုံး ရဲတွတ်နေပြီး အသက်ရှူရခက်ခဲလောက်သည်အထိ အာခေါင်ခြစ်ကာ ငိုယိုနေခြင်းပင်။ ကလေးထိန်း ဆရာမနှစ်ယောက်ဖြစ်သည့် နွယ်နွယ်အေးနှင့် မူမူအေးတို့မှာလည်း ကလေးကို ပွေ့ချီကာ တစ်ယောက်တစ်လှည့် ချော့မြှူနေကြသော်လည်း ဘယ်လိုမှ အဆင်မပြေဘဲ မျက်စိမျက်နှာပျက်နေကြသည်။

"ဘာဖြစ်တာလဲ... သားလေးက ဘာလို့ ဒီလောက်တောင် ငိုနေရတာလဲ!"

ခမ်းနား အသံက စိုးရိမ်စိတ်ကြောင့် တုန်ရီနေသည်။

"မသိဘူး သူဌေး... စောစောက အိပ်ပျော်သွားတာကို အခု ရုတ်တရက်ကြီး လန့်နိုးလာပြီး အာခေါင်ခြစ်ငိုတော့တာပဲ။ နို့တိုက်လည်း မသောက်ဘူး၊ ချီပြီး ပတ်လျှောက်လည်း မရဘူးဖြစ်နေလို့..."

နွယ်နွယ်အေးက ကလေးကို ပွေ့ထားရင်း ပျာပျာသလဲ ရှင်းပြသည်။ ဘေးနားက မူမူအေးမှာလည်း ကလေး ငိုလွန်း၍ အသက်ပါ အောင့်သွားမည်ကို စိုးရိမ်သဖြင့် မျက်ရည်ဝဲလျက် မျက်နှာလေး ပျက်နေရှာသည်။

ခမ်းနားသည် ဘာမှ ဆက်မပြောတော့ဘဲ နွယ်နွယ်အေး လက်ထဲမှ သားငယ်လေးကို အတင်းဆွဲယူကာ မိမိရင်ခွင်ထဲသို့ ပွေ့ဖက်ပိုက်ချီထားလိုက်တော့သည်။

မိနစ်နှစ်ဆယ်ခန့် ကြာမြင့်သွားသည့်တိုင် သားလေး၏ အငိုက တိတ်မသွားဘဲ တစ်အိမ်လုံး ခြောက်ခြားဖွယ်ရာ ဆူညံနေဆဲ ဖြစ်သည်။ ခမ်းနားတစ်ယောက် ကလေးကို ရင်ခွင်ထဲထည့်ကာ ဘယ်လိုပင် ချော့မြှူနေပါသော်လည်း ကလေးငယ်မှာ အာခေါင်ခြစ်ကာ ငိုမြဲငိုနေဆဲ။

ထိုစဉ် အောက်ထပ်မှ ကားဘရိတ်အုပ်သံနှင့်အတူ လူနှစ်ဦး ကမန်းကတန်း အိမ်ထဲ ဝင်လာကြသည်။ မကြာခင်မှာပင် ကလေးရှိရာ အခန်းတံခါး ပွင့်သွားပြီး မိခင်ဖြစ်သူ ဒေါ်မာလာခင်နှင့်အတူ အနောက်က ကပ်ပါလာသည့် မိန်းကလေးတစ်ဦးကြောင့် ခမ်းနား တစ်ကိုယ်လုံး အေးခဲသွားရသည်။

သူမ... ယမုံ...။

ဖုန်းချသွားပြီးနောက် တစ်နာရီကျော်အတွင်းယခုလို မိခင်ဖြစ်သူနှင့်အတူ မိမိအိမ်သို့ ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု ခမ်းနား အိမ်မက်ပင် မမက်ဖူးခဲ့ပါ။ အံ့ဩမှင်သက်ခြင်းများစွာဖြင့် စိုက်ကြည့်နေမိသည့် ခမ်းနား၏ အကြည့်တို့ကို ယမုံကတော့ လုံးဝ အာရုံမစိုက်ဘဲ အာခေါင်ခြစ်ငိုနေသည့် ကလေးငယ်ထံသို့သာ စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

ဒေါ်မာလာခင်က အချိန်ဆွဲမနေတော့ဘဲ ခမ်းနားလက်ထဲမှ တုန်ရီနေသည့် မြေးငယ်လေးကို အတင်းဆွဲယူလိုက်ပြီး ယမုံ့ထံသို့ မျက်ရည်ဝဲလျက် ကမ်းပေးလိုက်သည်။

"ခဏလောက် ချီကြည့်ပါ သမီးရယ်... လူ့အသက်တစ်ချောင်း ကယ်ကောင်းပါတယ်ကွယ်"

အန်တီမာလာခင်၏ တောင်းပန်တိုးလျှိုးသံကြောင့် ယမုံ့ရင်ထဲ ဟာခနဲ ဖြစ်သွားရသည်။ မိမိကို နာကျင်အောင် လုပ်ခဲ့သည့် လူ၏ သွေးသားဖြစ်သော်လည်း ယခုလို တစ်ကိုယ်လုံး ပြာနှမ်းနေအောင် အသက်ရှူရကျပ်မတတ် ငိုယိုနေသည့် မပြစ်မရှိသော ကလေးငယ်ကို ကြည့်ပြီး ယမုံ့ရင်ထဲ သနားစိတ်က အတားအဆီးမရှိ တိုးဝင်လာခဲ့သည်။

ယမုံ တွေဝေမနေတော့ဘဲ ဒေါ်မာလာခင် လက်ထဲမှ ကလေးငယ်ကို ညင်သာစွာ လွှဲပြောင်းချီယူလိုက်သည်။

ထိုအချိန်တွင် အခန်းထဲရှိ လူအားလုံး ယမုံလက်ထဲက က‌ေလးအငိုတိတ် မတိတ်ကိုသာစောင့်ကြည့်နေမိကြသည်။ ယမုံက ကလေးငယ်ကို ရင်ခွင်ထဲ သေသေချာချာ ထိန်းပွေ့လိုက်ပြီးနောက် ကျောပြင်လေးကို အသာအယာ ပုတ်ပေးကာ တိုးညင်းစွာ ချော့မြှူလိုက်သည်။

ဆန်းကြယ်လှသည်မှာ... ယမုံ့ရင်ခွင်ထဲ ရောက်သည်နှင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ အော်ငိုနေသည့် ကလေးငယ်၏ ငိုသံက ရုတ်တရက် အရှိန်ကျသွားခြင်းပင်။ ရှိုက်သံတဟင့်ဟင့်ဖြင့် ယမုံ့အကျီစကို လက်သီးဆုပ်လေးဖြင့် ဆွဲကိုင်ရင်း ကလေးငယ်မှာ တဖြည်းဖြည်းချင်း အငိုတိတ်သွားတော့သည်။

"ဟယ်...အငို တိတ်သွားပြီ..."

ဘေးက ကလေးထိန်း ဆရာမနှစ်ယောက်နှင့် အေးသူဇာတို့မှာ မယုံနိုင်လောက်အောင် မျက်လုံးအဝိုင်းသားဖြင့် ရေရွတ်မိကြသည်။ ဒေါ်မာလာခင်လည်း ဝမ်းသာအားရဖြင့် ရင်ဘတ်ကို လက်ဖြင့်ဖိကာ သက်ပြင်းချနိုင်သွားသလို၊ ခမ်းနားကတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် စကားလုံးဖြင့် ဖော်ပြရခက်ခဲသည့် လှုပ်ခတ်မှုများနှင့်အတူ အံ့ဩမှင်သက်လျက်သာ စိုက်ကြည့်နေမိတော့သည်။

« ရှေ့အခန်း - အပိုင်း(၁၉) နောက်အခန်း - အပိုင်း(၂၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ