အူဝဲ အူဝဲ အူဝဲ....
တစ်ညလုံးချော့မရအောင် ငိုနေတဲ့ သားလေးကြောင့် ခမ်းနားလည်း မအိပ်ရတဲ့အပြင် ဆရာမ နှစ်ယောက်ရော ဒုက္ခများနေကြသည်၊
ဒေါ်ခင်မာလာကိုတော့ အသက်ကြီးသူမို့ ခမ်းနားက ကျန်းမာရေးထိခိုက်မည် ဆိုတာ ဝင်အိပ်ခိုင်းထားလေသည်၊
အရမ်းငိုနေတဲ့ သားလေးကြောင့် ခမ်းနား စိတ်ထဲပူပန်လာရကာ သူ့အသိကလေးဆရာဝန်ဆီ ညတွင်းချင်း ဖုန်းဆက်ခေါ်ဖို့ ပြင်လိုက်ရသည်
တူ....တူ...တူ...
"ဟလို"
"ကျော်ဇင်လတ် ငါပါ ခမ်းနား "
"အေး ခမ်းနား ပြောလေ "
"မင်းငါ့ဆီ ခဏလာခဲ့ပေးကွာ ငါ့သား ဘယ်လိုမှချော့မရအောင် ငိုနေလို့ တစ်ခုခု ဖြစ်မှာစိတ်ပူလို့ ငါ့ကို အဲ့တစ်ခုတော့ မင်းကူညီပေးဦး"
ကျော်ဇင်လတ် က ကလေးအထူးကု ဆရာဝန် ဖြစ်ပြီး ခမ်းနားနဲ့ ဆယ်တန်းအထိ အတူ တတ်ခဲ့တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့တာမို့ ရင်းနှီးလွန်းသည် ၊ဒီကြားထဲ ခမ်းနားနိုင်ငံခြားထွက်သွားတော့ အဆက်သွယ် ပျက်သွားခဲ့ကြပေမယ့် ခမ်းနား မြန်မာပြည် ပြန်ရောက်တဲ့ အခါ သူတို့ ပြန်တွေ့ကြပြီး ဆက်သွယ် ဖြစ်ကြလေသည်၊
"အိုခေ ခဏစောင့် ငါအခုမှ ဆေးခန်းက ပြန်ရောက်တာ ရေချိုးပြီး ချက်ချင်းလာခဲ့မယ် နို့ဆာလို့များလား ကလေးက "
"မဟုတ်ဘူး နို့ဘူး ပါးစပ်မှာတပ်ပေးတယ် မသောက်ဘူး အဲ့အတိုင်းငိုနေတာ ငှားထားတဲ့ ဆရာမ နှစ်ယောက်လည်း ဘယ်လိုမှ ချော့မရဘူး ဖြစ်နေတယ် "
"အိုခေ ငါလာခဲ့မယ် ခဏစောင့်"
"အေး မြန်မြန်တော့ လာကွာ"
"အိုခေ"
ကျော်ဇင်လတ် ဖုန်းချသွားသည်နှင့် ခမ်းနား သားလေး ရှိရာ အခန်းထဲ ပြန်ဝင်လာခဲ့လိုက်သည်၊
ဆရာမ လေးနှစ်ယောက်က တစ်ယောက်တစ်လှည့် ချီရင်း သားကို ချော့နေကြပါရဲ့၊ခမ်းနား အနားလျှောက်သွားလိုက်ပြီး အော်ဟစ်ငိုနေတဲ့ သားလေး ကို ငုံ့ကြည့်လိုက်ကာ စိတ်ထဲ မသက်သာ ဖြစ်နေရသည်၊
"ဆရာမ ကလေးက နို့ဘူးလဲ မသောက်ဘူးလားဟင်
ပြီးတော့ ငိုနေတာ အတော်ကြာပြီ နော် "
ဆရာမလေး နွယ်နွယ်အေး က သားလေးကို အခြားဆရာမ မူမူအေးလက်သို့ လွဲပြောင်းပေးလိုက်ပြီး
"ဟုတ်တယ် သူဌေးရယ် နို့ဘူး ကောင်းကောင်းသောက် တာဆိုလို့ ဟို့နေက မမ တစ်ယောက် ချီထားတဲ့ အချိန်လေးပဲ ရှိတယ် "
ခမ်းနား သက်ပြင်းချလိုက်ပြီး
"ခလေးက မွေးရာပါ နှလုံးရောဂါ ပါရှိနေတော့ အဲ့ဒါ နဲ့များ သက်ဆိုင်နေမလား မသိဘူး နော်"
ဆရာမ နွယ်နွယ်အေး က ငိုနေတဲ့ သားလေးကို လှမ်းကြည့်ပြီး
"သူဌေးရယ် ကလေးအထူးကုနဲ့ ထပ်ပြလိုက်ဖို့တော့ ကျွန်မ အကြံပေးချင်တယ် "
"အင်း ခဏနေရင် ကျွန်တော့ အသိ ဆရာဝန် လာမယ်ပြောတယ် သူလည်း ကလေးအထူးကုတစ်ယောက်ပဲ "
"ဟုတ်ကဲ့ ဒါဆိုရင်ပိုကောင်းပါတယ် သူဌေး"
ခမ်းနားခေါင်းညိတ်ပြရင်း သားလေးကို ကြည့်နေမိလိုက်သည်၊
နာရီဝက်ခန့်အကြာတွင်တော့ ခမ်းနား၏ ခြံဝင်းထဲသို့ ကားတစ်စီး ဝင်ရောက်လာသံ ကြားလိုက်ရသည်။ ညဉ့်နက်ချ်ိန်မို့ ကားစက်သံမှာ အတိုင်းသား။
"သူဌေး... ဆရာဝန် ရောက်လာပြီ ထင်တယ်"
နွယ်နွယ်အေး စကားကြောင့် ခမ်းနား အောက်ထပ်သို့ အပြေး ဆင်းလာခဲ့သည်။ အိမ်ရှေ့တံခါးဝတွင် အသင့်စောင့်နေစဉ် ကားပေါ်မှ ဆေးအိတ်ဆွဲကာ ဆင်းလာသည့် သူငယ်ချင်းဖြစ်သူ ကျော်ဇင်လတ်ကို လှမ်းမြင်လိုက်ရသဖြင့် ခမ်းနား စိတ်သက်သာရာ အနည်းငယ် ရသွားမိသည်။
"ကျော်ဇင်လတ်... မင်း ရောက်လာတာ တော်သေးတာပေါ့ကွာ၊ လာ... အပေါ်တက်ရအောင်၊ ငါ့သားလေး အခုထိ မတိတ်သေးဘူး"
"အေးအေး ခမ်းနား၊ စိတ်အေးအေးထားပါ၊ ငါ သေချာ ကြည့်ပေးပါ့မယ်"
ကျော်ဇင်လတ်က ခမ်းနား၏ ပခုံးကို အားပေးသည့်သဘောဖြင့် ပုတ်ကာ နှစ်သိမ့်ရင်း နှစ်ယောက်သား ကလေးရှိရာ အပေါ်ထပ်အခန်းဆီသို့ အမြန် တက်လာခဲ့ကြသည်။
အခန်းထဲသို့ ရောက်သည်နှင့် နားကြပ်ကို ထုတ်ကာ အငိုမတိတ်ဘဲ မျက်နှာလေးပါ နီရဲနေသည့် အကောင်ပေါက်လေးကို ကျော်ဇင်လတ် သေချာ စမ်းသပ်စစ်ဆေးတော့သည်။ ဆရာမ နှစ်ယောက်နှင့် ခမ်းနားမှာမူ ဘေးမှနေ၍ ရင်တမမဖြင့် ကြည့်နေမိကြသည်။ ကျော်ဇင်လတ်က ကလေး၏ ရင်ဘတ်လေးကို နားကြပ်ဖြင့် သေချာ နားထောင်နေရင်း မျက်မှောင်ကြီး ကြုတ်သွားရာ ခမ်းနား၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။
"ဘယ်လိုလဲ ကျော်ဇင်လတ်... ငါ့သားလေး ဘာဖြစ်လို့ဟင်"
ကျော်ဇင်လတ်က နားကြပ်ကို ပြန်ဖြုတ်ကာ ကလေးကို ရင်ဘက်ကို သေချာ ပြန်ဖုံးပေးလိုက်ပြီးနောက် ခမ်းနားဘက်သို့ လှည့်လာသည်။
"ကလေးက လောလောဆယ် လေထိုးတာလည်း ပါတယ် ခမ်းနား၊ အဲ့ဒါကြောင့် ဗိုက်အောင့်ပြီး ငိုနေတာ၊ ဒါပေမဲ့..."
ကျော်ဇင်လတ်က စကားကို ခဏဖြတ်ကာ ဆရာမ နှစ်ယောက်ဘက်သို့ လှည့်၍...
"ဆရာမတို့... ကလေးကို လေထိုးပျောက်ဆေး တိုက်ပြီး အသာလေး ချော့သိပ်ပေးထားလိုက်ပါဦး၊ ကျွန်တော် ခမ်းနားနဲ့ အပြင်မှာ ခဏ စကားပြောချင်လို့"
"ဟုတ်ကဲ့ ဆရာ"
မူမူအေးက ကလေးကို ပွေ့ချီကာ ဆေးတိုက်ရန် ပြင်ဆင်နေစဉ် ခမ်းနားနှင့် ကျော်ဇင်လတ်တို့ အခန်းအပြင်ဘက် ဝရန်တာဘက်သို့ ထွက်လာခဲ့ကြသည်။ ညလေအေးအေးက ဖြတ်တိုက်နေသော်လည်း ခမ်းနား၏ လက်ဖဝါးများမှာမူ ချွေးစေးများဖြင့် အေးစက်နေလေပြီ။
"ပြောပါဦး . ငါ့သားလေး ဘာဖြစ်လို့လဲ၊ မွေးရာပါ နှလုံးရောဂါ ရှိတယ်ဆိုတာ ငါ သိပြီးသားပါ၊ အဲ့ဒါနဲ့ သက်ဆိုင်နေတာလား"
ကျော်ဇင်လတ်က သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်ပြီး ခမ်းနားကို စာနာစိတ်အပြည့်ဖြင့် ကြည့်ကာ ရှင်းပြတော့သည်။
"ဟုတ်တယ် ခမ်းနား... မင်းသိထားတဲ့အတိုင်းပဲ၊ ကလေးရဲ့ နှလုံးခုန်သံက ပုံမှန်မဟုတ်ဘူး၊ အခု ငိုတာက လေအောင့်လို့ ဆိုပေမဲ့ ကလေးက အရမ်းအော်ငိုတဲ့အခါ နှလုံးကို ဝန်ပိစေတယ်၊ အဲ့ဒါကြောင့် နှုတ်ခမ်းလေးတွေပါ ညိုတက်လာတာ၊ ကလေးရဲ့ နှလုံးအခန်း အကန့်မှာ အပေါက်ပါနေတာ ဖြစ်တဲ့အတွက် သွေးလှည့်ပတ်မှုက ပုံမှန်မဟုတ်ဘူး"
"ဒါ... ဒါဆို ဘယ်လိုလုပ်ရမလဲ၊ ခွဲစိတ်လို့ မရဘူးလား၊ ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ငါ အကုန်အကျခံနိုင်တယ် ကျော်ဇင်လတ်ရာ... ငါ့သားလေးကိုပဲ ပျောက်ကင်းအောင် လုပ်ပေးပါ"
ခမ်းနား၏ အသံများ တုန်ရီနေကာ သူငယ်ချင်းဖြစ်သူ၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်မိလိုက်သည်။ ကျော်ဇင်လတ်က ခမ်းနား၏ လက်ကို ပြန်လည်အုပ်ကိုင်ကာ စိတ်အေးစေရန် တည်ငြိမ်သောအသံဖြင့်...
"စိတ်အေးအေးထားပါ ခမ်းနား၊ ခွဲစိတ်လို့ ရပါတယ်၊ ဒါပေမဲ့... အခု ချက်ချင်းတော့ ခွဲလို့မရဘူး"
"ဘာလို့လဲ..."
"ဘာလို့လဲဆိုတော့ ကလေးက အခုမှ မွေးကင်းစ အရွယ်ပဲ ရှိသေးတယ်၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုက နှလုံးခွဲစိတ်မှုဒဏ်ကို ခံနိုင်ရည် မရှိသေးဘူး၊ သွေးကြောတွေကလည်း သေးလွန်းတယ်၊ ဒါကြောင့် ဆေးပညာအရ ဆိုရင် ဒီလို မွေးရာပါ နှလုံးရောဂါမျိုးကို ကလေးအသက် (၁၀) နှစ်ဝန်းကျင်လောက် ရောက်မှသာ ခွဲစိတ်ကုသမှုကို လုပ်နိုင်မှာ ဖြစ်တယ်၊ အဲ့ဒီအရွယ်ကျမှ ခန္ဓာကိုယ်ကော နှလုံးကပါ အကြမ်းဒဏ်ခံနိုင်ပြီး အောင်မြင်မှု ရာခိုင်နှုန်း ပိုများမှာ"
"ဆယ်နှစ်... ဆယ်နှစ်တောင် စောင့်ရမယ်
ဟုတ်လား"
ခမ်းနား အားလျော့စွာ ရေရွတ်မိသည်။ ဆယ်နှစ်ဆိုသည့် အချိန်ကာလအတွင်း သားလေးကို ရင်တထိတ်ထိတ်ဖြင့် မည်သို့ စောင့်ရှောက်ရမည်နည်း။
"ဟုတ်တယ် ခမ်းနား၊ အဲ့ဒီ ဆယ်နှစ်အတွင်းမှာ မင်းဘက်က အဓိက ဂရုစိုက်ရမှာက ကလေးကို အဖျားအနာ မဝင်စေဖို့နဲ့ အခုလို အကြာကြီး အော်ဟစ်ငိုယိုတာမျိုး မဖြစ်အောင် အလိုလိုက်ပြီး ချော့ထားရမယ်၊ ကလေး မောမလာစေဖို့ပေါ့ကွာ၊တစ်လတစ်ခါ ကလေးအထူးကုနဲ့ပြပြီးလိုအပ်တဲ့ ဆေးဝါးကိုလည်း ပုံမှန်လေး သောက်ပေးရမယ်၊ အသက် (၁၀) နှစ်ပြည့်လို့ ခန္ဓာကိုယ် ကြံ့ခိုင်လာပြီဆိုတာနဲ့ ငါကိုယ်တိုင် သေချာ အကောင်းဆုံး ခွဲစိတ်ဆရာဝန်ကြီးတွေနဲ့ စီစဉ်ပြီး ခွဲစိတ်ပေးပါ့မယ်၊ ငါ့ကို ယုံကြည်စမ်းပါ သူငယ်ချင်း"
ကျော်ဇင်လတ်၏ စကားကြောင့် ခမ်းနား ငိုင်သွားရပြီးဝရန်တာလက်ရန်းကို တင်းတင်းဆုပ်ကိုင်ရင်း အခန်းထဲမှ ထွက်ပေါ်လာသည့် သားလေး၏ အငိုတိတ်စပြုသံကို နားစွင့်ကာ သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်မိပါတော့သည်။
🌷🌷🌷🌷🌷
"ကိုစိုးထွဋ် ကျွန်မ ပြောတာ ဘယ်လိုသဘောရလဲဟင် ကလေးက ကျွန်မမြေးလည်း ဟုတ်သလို ရှင့်မြေးလည်း ဟုတ်တယ် သွားလေသူ ရှင့်သမီး အတွက် ရှင် စိတ်မကောင်း ဖြစ်နေတာကို ကျွန်မ နားလည် ပါတယ်
ကလေးက မိခင်မေတ္တာ ငတ်မွတ်နေတယ် မိခင်ရင်ငွေ့ခိုလုံရမယ့် အရွယ်လေးမို့ ပြီးတော့ သူ့အမေရဲ့ ရောဂါကို လည်း ဆက်ခံပြီး ပါလာသေးတယ် အဲ့ဒီတော့ ကျွန်မတို့ လူကြီးတွေက အကောင်းဆုံး စီစဉ် ပေးကြရအောင်လား"
ဦးစိုးထွဋ် ဒေါ်ခင်မာလာရဲ့ စကားကြောင့် မျက်ရည်တွေ ရစ်ဝိုင်းပြီး သမီးငယ်ရဲ့ မျက်နှာကို ပြန်မြင်ယောင် လိုက်မိသည်၊ ခမ်းနားသွင်ပြင် ဆိုတဲ့ လူငယ်ကို စတွေ့တွေ့ချင်းကတည်းက ရူးသွပ်ခဲ့တဲ့ ကလေး
လိုချင်တာကို မရမက ကို ရအောင်ယူခဲ့ပြီး အခုလို အသက်အန္တာရာယ်ရှိနေတဲ့ ကြားက ကလေးဆိုတဲ့ အရာနဲ့ ချည်နှောင် ဖို့ မိုက်ရူးရဲ ခဲ့တဲ့ မိန်းကလေး.
"ကိုစိုးထွဋ် "
ဒေါ်ခင်မာလာ့ ခေါ်သံကြောင့် ဦးစိုးထွဋ် မျက်ရည် သုတ်လိုက်ရင်း
"ဟုတ်ကဲ့ မမကြီးပြောတဲ့ စကားကို ကျွန်တော်သဘောပေါက်ပါတယ် ဒါပေမယ့် သမီးကြီးက စနိုးလို မဟုတ်ဘူး နည်းနည်းခေါင်းမာတယ် ပြီးတော့ သူ့ညီမ ဆုံးတာလည်း မကြာသေးဘူး ဆိုတော့ ဒီကိစ္စဆို လက်ခံပါ့မလားဆိုတာကိုတော့ ကျွန်တော်လည်း မပြောတတ်ဘူး "
ဒေါ်ခင်မာလာ သက်ပြင်းချလိုက်ပြီး
"ရှင့်ဘက်က အတတ်နိုင်ဆုံးကြိုးစားပြောကြည့်ပါ ကျွန်မတို့မှာ ကလေးငယ်ကို မိခင်ရင်ငွေ့ အစစ်အမှန် မဟုတ်ရင်တောင် အလားတူ ပေးနိုင်ပုံက မြတ်လေးယမုံ တစ်ယောက်ပဲ သင့်တော်တယ်
ဘာလို့လဲ ဆိုရင် စနိုး ရက်လည်တဲ့ နေ့က ဆရာမတွေ ပြန်ပြောပြချက်အရ ကော့လန့်ထိုး ငိုနေတဲ့ ကလေးလေးက ယမုံလက်ထဲရောက်တော့ ငြိမ်သက်သွားတယ်တဲ့လေ ရှင်ပဲ စဉ်းစားကြည့်ပါ
ကိုစိုးထွဋ် ကလေးရဲ့ ရေစက်က ယမုံနဲ့ သက်ဆိုင်နေပုံပဲ "
ဦးစိုးထွဋ် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ
"ဟုတ်ကဲ့ ကျွန်တော် ကြိုးစားကြည့်ပါမယ် မမကြီး"
ဒေါ်ခင်မာလာ ခေါင်းညိတ်လိုက်ရင်း
"ဒါဆိုလည်း ကျွန်မ သွားစရာ ရှိလို့ ခွင့်ပြုပါဦး"
"ဟုတ်ကဲ့ မမကြီး"
🌷🌷🌷🌷🌷
ဒေါ်ခင်မာလာ ပြန်သွားပြီးနောက် ဧည့်ခန်းထဲတွင် ဦးစိုးထွဋ် တစ်ယောက်တည်း လေးလံသော သက်ပြင်းကို ချရင်း ကျန်ရစ်ခဲ့သည်။ စားပွဲပေါ်တွင် တင်ထားသည့် သမီးအငယ်မလေး စနိုး၏ ဓာတ်ပုံကို ကြည့်ကာ ရင်ထဲတွင် တဆစ်ဆစ် နာကျင်ရပြန်သည်။ တစ်ဖက်ကလည်း ကလေးတွင် မွေးရာပါ နှလုံးရောဂါ ရှိနေပြီး အသက်ရှင်သန်နိုင်ရန် မိခင်ရင်ငွေ့ လိုအပ်နေသည်ဟူသော စကားက ရင်ဝကို အကန်ခံလိုက်ရသလို မချိတင်ကဲ ဖြစ်ရသည်။
ဦးစိုးထွဋ် တွေးတောရင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ သမီးကြီး ယမုံ၏ နေအိမ်ဆီသို့ သွားရန်ခြေလှမ်းများကို လေးလံစွာ ရွှေ့လိုက်တော့သည်။ရပ်ကွက်ပဲ ခြားသဖြင့် မိနစ်နှစ်ဆယ်ခန့်မျှ ကားမောင်းလာပြီးနောက် ယမုံ အိမ်သို့ ရောက်လေသည်၊
အိမ်သို့ ရောက်တော့ ယမုံကို မတွေ့ရသဖြင့် ကလေးမလေးနှစ်ယောက်ကို မေးလေသော် အခန်းထဲရှိသည်တဲ့ ထို့ကြောင့် သူမ ကို ထိုကလေးမ နှစ်ယောက်အား သွားခေါ်စေခဲ့ရင်း သူဧည့်ခန်းထဲမှာ ထိုင်စောင့် နေခဲ့လိုက်သည်၊
ခဏကြာတော့ ယမုံထွက်လာပြီးဖေဖေ့ကို မြင်ေတာ့ ဆိုဖာမှာ ဝင်ထိုင်လိုက်ပြီး
"ဖေဖေ ဘယ်လိုလုပ် ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာတာလဲဟင်?
ဦးစိုးထွဋ်ယမုံကို ကြည့်ပြီးခပ်ယဲ့ယဲ့ပြုံးလိုက်ပြီးနောက် စကားကို မည်သို့ စတင်ရမည်မှန်း မသိဘဲ ဝေခွဲမရ ဖြစ်နေမိသည်။ သမီးကြီး ယမုံ၏ စရိုက်က ညီမဖြစ်သူ စနိုးနှင့် မတူ။ ပြတ်သားသည်၊ ခေါင်းမာသည်၊ မဟုတ်မခံ စိတ်ရှိသည်။
"သမီးကို ဖေဖေ တိုင်ပင်စရာ ကိစ္စတစ်ခု ရှိလို့ပါ"
ယမုံက ခေါင်းငြိမ့်ပြလိုက်ပြီး ဖေဖေ့ မျက်နှာကို သေချာ စိုက်ကြည့်သည်။ ဖေဖေ့မျက်နှာတွင် ပူပန်မှုနှင့် အားနာမှုတို့ အထိုင်းအမှိုင်း ရောယှက်နေသည်ကို သူမ သတိပြုမိလိုက်သည်။
"ပြောပါ ဖေဖေ၊ ဘာကိစ္စမို့လို့လဲဟင်"
ဦးစိုးထွဋ် သက်ပြင်းချလိုက်ရင်း ယမုံကို ကြည့်လိုက်ကာ..
"နေ့လည်က ခမ်းနားရဲ့ အမေ ဒေါ်ခင်မာလာ လာသွားတယ်၊ သူက... သမီးရဲ့ တူလေးအကြောင်း ပြောသွားလို့လေ"
"တူလေး... စနိုးရဲ့ သားလေးလား၊ သူ ဘာဖြစ်လို့လဲ ဖေဖေ"
"ကလေးက မွေးရာပါ နှလုံးရောဂါ ပါလာတယ်တဲ့ သမီးရယ်၊ နှလုံးအခန်း အကန့်မှာ အပေါက်ပါနေတာမို့ အသက် (၁၀) နှစ်လောက်အထိ အဖျားအနာ မရှိအောင်၊ ရင်ကျပ်မောပြီး အော်မငိုအောင် အရမ်း ဂရုစိုက်ရမယ်တဲ့၊ ကလေးက မိခင်ရင်ငွေ့ကို ငတ်မွတ်နေတယ်၊ ပြီးတော့... စနိုး ရက်လည်တုန်းကလည်း သမီး ချီလိုက်တော့မှ ကလေးက ငိုရာကနေ တိတ်သွားတယ် မဟုတ်လား"
ဦးစိုးထွဋ်က စကားကို ခေတ္တရပ်ကာ ယမုံ၏ အမူအရာကို အကဲခတ်သည်။ ယမုံက ဘာမှ ဝင်မပြောဘဲ နားထောင်နေဆဲမို့ သက်ပြင်းတစ်ချက်ချကာ အဓိက ပြောလိုသည့် စကားကို ဖွင့်ဟလိုက်ရတော့သည်။
"ဒါကြောင့်... သူစိမ်းတစ်ယောက်ယောက်က ကလေးကို လာပြုစုတာထက်စာရင် သွေးသားတော်စပ်တဲ့ သမီးက မိခင်သဖွယ် စောင့်ရှောက်ပေးတာ ပိုသင့်တော်မယ်လို့ ဒေါ်ခင်မာလာကော ဖေဖေကော ထင်တယ်၊ အဲ့ဒါ... သမီးကို ခမ်းနားနဲ့..."
"တော်ပါတော့ ဖေဖေ!"
ဦးစိုးထွဋ် စကားပင် မဆုံးသေး၊ ယမုံ၏ ဒေါသသံ စွက်နေသည့် ပြတ်သားသော အသံက အခန်းတွင်း ဖြတ်ခနဲ ထွက်ပေါ်လာသည်။ ယမုံ မျက်နှာတစ်ခုလုံး နီမြန်းကာ အဖေဖြစ်သူကို မယုံကြည်နိုင်သလို စိုက်ကြည့်နေမိသည်။
"ဖေဖေ အခု ဘာကို ဆိုလိုတာလဲ၊ စနိုး ဆုံးတာ ဘယ်လောက်မှ တောင် မရှိသေးဘူး၊ ညီမဖြစ်သူရဲ့ ယောက်ျားနဲ့ အမဖြစ်သူကို လက်ထပ်ခိုင်းဖို့ ဖေဖေက တိုက်တွန်းနေတာလား"
"သမီး... ဖေဖေ ပြောတာကို အေးအေးဆေးဆေး နားထောင်ပါဦး၊ ကလေးရဲ့ ကျန်းမာရေးအတွက်..."
"ကလေး ကျန်းမာရေးအတွက်ဆို ကလေးအထူးကု ဆရာဝန်တွေ ငှားပါ၊သူ နာပြုဆရာမတွေ တစ်ဒါဇင်လောက် ငှားထားလိုက်ပါ ဖေဖေ! ယမုံက ဘာလို့စနိုးရဲ့ နေရာကို ဝင်ပြီး အဲ့ဒီလူနဲ့ လက်ထပ်ရမှာလဲ၊ ယမုံ ဘယ်တော့မှ လက်မခံနိုင်ဘူး!"
ယမုံ၏ ခါးခါးသီးသီး ငြင်းဆန်သံကြောင့် ဦးစိုးထွဋ် မျက်နှာ ပျက်သွားရသည်။
"သမီးရယ်... ဖေဖေလည်း သိပါတယ်၊ ဒါပေမဲ့ ကလေးက သမီးရဲ့ သွေးသားလေ၊ သူစိမ်းလက်ထဲ ရောက်သွားရင်..."
"သူစိမ်းလက်ထဲ မရောက်ပါဘူး၊ အဲ့ဒီကလေးမှာ ဖခင် ရှိနေတာပဲ၊ သူ့အဖေ ကောင်းကောင်း စောင့်ရှောက်နိုင်ပါတယ်၊ ယမုံကိုတော့ ဒီလို မတရားတဲ့ ကိစ္စမျိုးနဲ့ လာပြီး မပတ်သက်ပါနဲ့"
ယမုံက မျက်ရည်များ ဝဲတက်လာသည်အထိ ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြင့် ဒေါသတကြီး ပြောချလိုက်သည်။ သူမက ပထမလူ ဖြစ်ခဲ့ပါလျက်နဲ့ ဒုတိယနေရာကို စနိုးမရှိမှ ပြန်ဝင်ရမည်တဲ့လား လုံးဝကို အိမ်မက်တောင် မမက်ခဲ့ဖူးတဲ့ ကိစ္စပဲ
သူမ နှလုံးသားထဲက ခမ်းနားကို လုံးလုံး မမေ့နိုင်သေးဘူး ဆိုပေမယ့် ပြန် ပက်သက်ဖို့ စိတ်ကူးလုံးဝ မရှိတာမို့..
"ယမုံကို ဒီကိစ္စ ထပ်မပြောပါနဲ့တော့ ဖေဖေ၊ ဖေဖေ့ကို လေးစားတဲ့အနေနဲ့ သမီးဒီလောက်ပဲ ငြင်းမယ်၊ နောက်တစ်ခါ အဲ့ဒီ ခမ်းနားသွင်ပြင် ဆိုတဲ့ လူနဲ့ လက်ထပ်ဖို့ စကားစလာရင် ယမုံ ဖေဖေနဲ့ ဘယ်တော့မှ မဆက်သွယ်တော့သလို လာလည်း မတွေ့တော့ဘူး ဖေဖေ"
ယမုံက ပြောပြောဆိုဆိုဖြင့် အခန်းတံခါးဆီသို့ လျှောက်သွားကာ တံခါးကို ဆွဲဖွင့်၍ အပြင်သို့ ထွက်ရန် အဖေ့ကို အရိပ်အယောင် ပြလိုက်လေသည်။ သမီးဖြစ်သူ၏ ခေါင်းမာပြီး ခါးခါးသီးသီး ငြင်းဆန်နေသည့် ပုံစံကြောင့် ဦးစိုးထွဋ် ဘာတစ်ခွန်းမှ ထပ်မပြောရဲတော့ဘဲ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချရင်း အခန်းပြင်သို့ ငိုက်စိုက်ကာ ထွက်လာခဲ့ရပါတော့သည်။
🌷🌷🌷🌷
နောက်ကျသွားလို့ တောင်းပန်ပါတယ်ရှင့်🙏🙏🙏
အခန်းမှတ်ချက်များ (0)