Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၁၂)

ယမုံလက်ထဲ နို့ဘူးလေးသောက်ရင်း မှိန်းနေတဲ့ကလေး လေးကြောင့် ဘေးနားရပ်နေတဲ့ ဆရာမလေးက သက်ပြင်းချလိုက်ပြီး

"တော်ပါသေးတယ် မမရယ် နွယ်တို့နှစ်ယောက်တစ်မနက်လုံးချော့ နေတာ ဘယ်လိုမှ ချော့မရဘူး အရမ်းငိုနေတာ ငိုလွန်းတော့ တတ်သွားမှာလဲ စိတ်ပူရသေးတယ် "

ဆရာမလေး ပြောစကားကြောင့် ယမုံ ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲ အိပ်ပျော်သွားပြီး ဖြစ်တဲ့ ကလေးလေးကို ကြည့်ကာ

"ဆရာမ ချသိပ်လို့ ဖြစ်လားဟင် ယမုံ ဒီနေ့ အလုပ်ကိစ္စ တစ်ခု ချိန်းထားတာ ရှိလို့ နောက်ကျမှာစိုးလို့ ပါ "

ဆရာမလေးက ခေါင်းညိတ်ပြလိုက်ပြီးမှ

"ခဏလေးနော် မမ နွယ်တို့ ကလေးအိပ်ယာအသစ် ပိုးသတ်ထားလို့ အောက်ထပ်မှာ သွားယူလိုက်ဦးမယ် ခဏလေး စောင့်ပေးပါနော်'

ယမုံခေါင်းညိတ်ပြလိုက်ပြီး

"အင်း ရပါတယ် ယမုံစောင့်နေလိုက်မယ်နော် "

"ဟုတ်ကဲ့ ကျေးဇူးပါနော် မမ "

ဆရာမလေးက အခန်းထဲက ထွက်ပြီး အောက်ထပ်ကို မြန်မြန် ဆင်းသွားခဲ့လေသည်၊သို့ပေမယ့် လှေကားတစ်ဝက်ရောက်တော့ တက်လာတဲ့ သူဌေးနဲ့ တိုးလေသည်မို့ ဆရာမလေးကို တွေ့တော့

"ဆရာမ ကျွန်တော် သားရော "

"ဟို အခန်းထဲမှာ မမ တစ်ယောက်ချီထားတာ အခုအိပ်နေလို့ ကျွန်မ ပိုးသတ်ထားတဲ့ အိပ်ယာခင်း လာယူတာပါရှင့်"

ဆရာမ စကားကြောင့်ခမ်းနားမျက်ခုံးတွေ စုကျုံ့သွားပြီး အပေါ်ထပ်ကို အမြန်တက်လာခဲ့လိုက်သည်။အပေါ်ထပ်ရောက်တော့ သားလေးကို သီးသန့်ထားသည့် အခန်းတံခါးက ဖွင့်ထားသည်မို့ ခမ်းနား မြန်မြန်လျှောက်လာပြီး အခန်းထဲ ဝင်လာလိုက်တော့ သားလေးကို ပွေ့ချီထားပြီး သူ့ကိုကျောခိုင်ထားတဲ့ ယမုံကို မြင်လိုက်ရတော့ ခမ်းနားခြေလှမ်းတို့ ရပ်တန့်သွားရပြီး ရင်ထဲ ထိတ်ကနဲ ဖြစ်ပေါ်လာခဲ့ရသည်၊

ပြီးနောက် အခန်းထဲတစ်လှမ်းခြင်း ဝင်လာခဲ့ပြီး

"ယမုံ"

"........"

ပကတိ ငြိမ်သက်နေတဲ့ သူမက သူ့ခေါ်သံကြားတော့ ထူးလည်းမထူးသလို နောက်လည်း လှည့်မကြည့်ပဲ ကလေးကို ငုံ့ကြည့်နေရင်း ခေါင်းပြန်ထောင်သွားတာကို တော့ ခမ်းနား မြင်လိုက်ရသည်၊

"ကိုယ့်သားလေး အရမ်းငိုနေတယ် လို့ ဆရာမတစ်ယောက် လာပြောလို့ ကိုယ် အပေါ်ထပ်ကို တက်လာခဲ့လိုက်တာ ..."

"......."

တုန့်ပြန်မှု မရှိသည့် သူမပုံစံကြောင့် ခမ်းနားရင်ဘက်ထဲက လေလံလာရသည်၊ပြီးနောက် ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း

"ကျေးဇူးပါနော် အရာရာအတွက် "

"ဘာအတွက်လဲ"

ဟမ်..

ပထမဦးဆုံး သူမနှုတ်ဖျားက ထွက်လာတဲ့စကားမို့ ခမ်းနား ယမုံကို ကြည့်လိုက်မိရင်းစကားတွေ ပြောမထွက်ဘဲ စွံ့အသွားခဲ့ရသည်၊

"အရာအားလုံး အတွက်ပါ ပြီးတော့ ကိုယ်ယမုံကိုတောင်းပန်ချင်..."

"မလိုဘူး ထင်တယ် ရှင်ဘာအတွက်နဲ့မှ ကျွန်မကို တောင်းပန်ဖို့ မလိုတဲ့ အတွက် မလိုအပ်ဘဲ ကျွန်မကို စကားလာပြောခြင်း ဆင်ခြင်ပေးပါ ဒီနေ့ ဒီ အချိန်က ကျွန်မ ညီမ ရှင့်ရဲ့ ဇနီး နှင်းပွင့်ဖြူရဲ့ ရက်လည် နေ့ မဖြစ်မနေမို့ ကျွန်မ ဒီအိမ်လာခဲ့တာ ကျန်တာ ဘာအကန့်မှ မရှိဘူး "

ယမုံစကားအ‌ဆုံး ခမ်းနား သက်ပြင်းထပ်ချလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်

"ကိုယ်တို့က အဲ့လောက်အထိ စိမ်းဖို့ လိုလို့လား ယမုံ"

"လိုတောင်လိုသေးတယ် "

"အိပ်ယာခင်း ရပါပြီရှင့်"

ဆရာမလေး နွယ်နွယ်အေး အခန်းထဲ ပြန်ဝင်လာတော့ ခမ်းနား စကားဆက်မပြောဖြစ်တော့ဘဲ အသာရှောင်ပေးလိုက်တော့ ယမုံလက်ထဲက သားလေးက်ု ဆရာမက ပြောင်းချီလိုက်ပြီး အသင့်ပြင်ထားသော အိပ်ယာထဲ ထည့်သိပ်လိုက်သည်။

ပြီးနောက် ယမုံ ကလေးကို တစ်ချက်ကြည့်လိုက်ပြီးပိုက်ဆံ အိတ်နဲ့ ကားသော့ကို ယူပြီး ပြန်ထွက်လာခဲ့လိုက်သည်၊ သူ့အနားက ထွက်ခွါသွားသည့် ယမုံနဲ့ သူက သူစိမ်းတွေ ထက်တောင် ပိုလို့ စိမ်းနေပါရောလား!

🍂🍂🍂🍂🍂

"မမ သူတို့က ပန်းကို အဖြူနဲ့အဝါပဲ အများဆုံးသုံးပေးပါတဲ့ သူဌေးက မှာလို့တဲ့ "

ကေသာက အဖြူရောင် လီလီပန်းစည်းကြီးကို ပိုက်ပြီး ယမုံ့ဆီလာပြော‌သည်မို့ ယမုံလှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်ကာ

"အင်း တို့က ပိုက်ဆံ ယူထားတာပဲ သူတို့ စိတ်ကြိုက် ပြင်ဆင်ပေးရမှာပေါ့ "

"ဟုတ်ကဲ့ မမ"

ကေသာ ပြန်လှည့်ထွက်သွားသည်နှင့် ယမုံ သူ့အဖွဲ့သားတွေ ပန်းအလှဆင်တာကို လိုအပ်တာ လှည့်လည် ကြည့်ရှုနေလိုက်သည်

မိန်းမဝတ်ရှပ် အဖြူပွပွ လေးနှင့် ဂျင်းစကပ် ခြေသလုံးတစ်ဝက် အတိဝတ်ဆင်ထားသည့် သူမက ကျောလည်လောက် ဆံပင်တွေကို နောက်မှာစုစည်းထားတော့ ရှင်းလင်းနေသည့် မျက်နှာလေးက ပိုလို့ ပေါ်လွင်နေလေသည်၊

ဒီနေ့ ညနေတော့ Tea House ကို ပြန်မဝင်ဖြစ်လောက်တော့ဘူးမို့ ဆိုင်မန်နေဂျာနဲ့ပဲ လွဲထားဖြစ်ခဲ့သည်၊

"မြတ်လေးယမုံနော်"

လက်ပိုက်လျက် ပြင်ဆင်ထားသည့် ပန်းတွေကို ရပ်ကြည့်နေစဉ် နောက် ကပ်ခေါ်သည့် အသံကြောင့် ယမုံ အနည်းငယ် ထိတ်လန့်သွားပေမယ့် အမူအရာ မပျက် ထိန်းထားလိုက်ရင်း လှည့်ကြည့်လိုက်သည်

အံ့ဩသွားမိသည့် သူမပုံစံက နည်းနည်းလေးမှ အပြောင်းအလဲ မရှိဘဲ လွင်ပြင်မုန်းကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ် နှုတ်ဆက်လိုက်သည်၊

"ဟုတ်ကဲ့ ဘာများလိုအပ်တာ ရှိပါသေးလဲရှင့် "

လွင်ပြင် သူ့ရှေ့က ရပ်နေသည့် ယမုံကို စူးစိုက်ကြည့်လိုက်ပြီး

"ဘာမှ လိုအပ်တာ မရှိပါဘူး ယမုံစီစဉ်တာပဲလေ အကုန်ပြည့်စုံနေပြီ "

သူ့စကားတွေကို ယမုံသဘောမကျပေမယ့် ဒါက

ယမုံ့အလုပ်မို့ ခေါင်းညိတ်ပြလိုက်ရင်း နှင်းဆီ အဖြူတွေနားလျှောက်သွားဖို့ ပြင်လိုက်တော့

"ယမုံ အားလား နေ့လည်စာ လိုက်ကျွေးချင်လို့ပါ "

ယမုံခြေလှမ်းတွေ ရပ်တန့်သွားရပြီးမှ..

"စိတ်မရှိပါနဲ့ သူဌေးရှင့် ကျွန်မ အလုပ်ချိန်မို့ မအားလို့ပါ "

"အလုပ်ချိန် ပြီးရင်ရော အချိန်ရမလား"

ယမုံ လေပူအချို့ မှုတ်ထုတ်လိုက်ရင်း

"မအားပါဘူး ရှင့် "

ပြောရင်း လှည့်ထွက်သွားသည့် ယမုံ ကျော ပြင်ကို လွင်ပြင် ကြည့်နေရင်း ပြုံးလိုက်မိသည်၊

တကယ့် မာနခဲလေး Green rose ဆိုတဲ့ ဆိုင်နာမည်နဲ့ ပိုင်ရှင်သူမပုံစံကလိုက်ကို လိုက်တယ် ဒါ့ကြောင့် သူ အသစ် ဖွင့်မယ် ဟိုတယ်ကို Green leaf လို့

နာမည် ပေးခဲ့ခြင်း ဖြစ်သည်၊

Ring Ring Ring ...

ရုတ်တရပ် မြည်လာတဲ့ ဖုန်းသံကြောင့် လွင်ပြင် ‌အိတ်ကပ်ထဲက ဖုန်းကို ထုတ်ယူလိုက်တော့

သူ့တပည့် နိုင်မျိုး ဆက်တာမို့ ကိုင်လိုက်သည်၊

" နိုင်မျိုး ပြော "

"ဟုတ်ကဲ့ သူဌေး ကိုခမ်းနားသွင်ပြင်က စာချုပ် ချုပ် မယ့် ရက်ကို အဲ့ဒီဘက်က ပြောပါတဲ့ သူတို့ဘက်က အကုန် အဆင်သင့်ပဲလို့ သူ့လက်ထောက်က တစ်ဆင့်ပြောတယ် သူဌေး"

သူနားထောင် နေရင်း

"အင်း ဒါဆို ဟိုတယ် ဖွင့်ပွဲက သဘက်ခါ ဆိုတော့

ဖွင့်ပွဲပြီးမယ့် ရက်ကို မင်းအချိန်ဇယားနဲ့ ချိန်ကိုက်ပြီးစာချုပ် ချုပ်ဖို့ ပြင်ဆင်ထားလိုက်ပါ "

"ဟုတ်ကဲ့ သူဌေး"

လွင်ပြင်မုန်း ဖုန်းကို ချလိုက်ပြီး မျက်လုံးထဲက ပျောက်ကွယ်သွားတဲ့ ပုံရိပ်ကလေးကို လိုက်ရှာနေမိသည်၊

« ရှေ့အခန်း - အပိုင်း(၁၁) နောက်အခန်း - အပိုင်း(၁၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ