Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၇)

ယမုံ အခန်းထဲ ဝင်သွားပြီးမကြာမှီစနိုးပါ အတူအပြင်ပြန်ထွက်လာတာကို တွေ့လိုက်ရသည်၊ခမ်းနား မတ်တပ်ရပ်လျက်စောင့်နေရင်း စနိုးနောက်က ပါလာသည့် ယမုံ့မျက်နှာကို ခဏလေး ကြည့်လိုက်တော့ ယမုံ့အကြည့်နဲ့ ခဏမျှဆုံပြီး သူမျက်နှာလွဲလိုက်မိသည်၊

သူမမျက်လုံးတွေနဲ့ ဆုံတိုင်း သူဘယ်လောက်အထိ ချောက်နက်ထဲ ပြုတ်ကျခဲ့ရသလဲ ဆိုတာ သူကိုယ်တိုင်ပဲ သိသည်၊

"ကိုကို.."

စနိုးက သူ့ကိုခေါ်ရင်း ပြုံးရွှင်သော မျက်နှာလေးဖြင့် သူ့ရှေ့လျှောက်လှမ်းလာသည်မို့ သူမျက်နှာကို ပြန်ပြင်လိုက်ရင်း..

"ဪ အင်း စနိုးပြန်ကြရအောင်လေ မင်းကိုလာခေါ်တာ"

စနိုးက ခမ်းနား အနားသို့ မပြေးရုံတမယ်လျှောက်သွားပြီးသူ့လက်မောင်းကို ဖက်တွယ်လိုက်ကာ

"ဟုတ်ကဲ့ ကိုကို ပြန်မယ်လေ "

ပြီးနောက် မမဘက်ကိုလှည့်ကြည့်လိုက်ရင်း

"မမ စနိုးတို့ပြန်တော့မယ် နော် '

ယမုံအနည်းငယ်မျှညီမလေးကို ပြုံးပြလိုက်ရင်း

"ဪ အင်းအင်း ညီမလေး သေချာဂရုစိုက်ပြန်နော်"

စနိုးက ခေါင်းညိတ်ပြလိုက်ပြီး ကိုကို့ လက်မောင်းကို ဆွဲကာပြန်လှည့်ဖို့ ပြင်လိုက်သည်၊

နှစ်ယောက်ကြား တိတ်ဆိတ်မှုက အသံတိတ်နှုတ်ဆက်နေတဲ့ ခမ်းနားရဲ့မျက်ဝန်းတွေကို ယမုံ ဥပေက္ခာပြုလိုက်ပြီး သူမရဲ့ အလုပ်စားပွဲ ဆီလျှောက်လာခဲ့လိုက်သည်၊ ခမ်းနား သက်ပြင်းချလိုက်ရင်း နောက်ပြန်လှည့်ထွက်လာခဲ့လိုက်သည်

သူမက သူနဲ့ မသက်‌ဆိုင်တော့ဘူးမဟုတ်လား၊တကယ်က သူမက သူနဲ့ မထိုက်တန်ခဲ့တဲ့ မိန်းမကောင်းလေးမို့။

ကားပေါ်ရောက်သည်နှင့် ခမ်းနားက စကားမပြောဘဲကားစက်နိူးလိုက်သည်မို့ စနိုးစိတ်ထဲ မတင်မကျဖြစ်လာခဲ့ရသည်၊

"ကိုကို "

"အင်း"

"စနိုးကို ဘာလို့ အခုလိုဆက်ဆံနေတာလဲ"

ကားလေးက စတင်မောင်းထွက်လာခဲ့သည်၊

"ဘာကိုလဲ "

"ကိုကို မသိချင်ယောင် ဆောင်နေတာလား ၊စနိုး..စနိုးက ကိုကို မကြိုက်တာ ဘာတွေလုပ်ထားလို့ အခုလို အေးစက်စက် ဆက်ဆံနေရတာလဲ "

သူ့မျက်မှောင်ကြုတ်လိုက်ရင်း သက်ပြင်းချလိုက်ကာ

"ငါက ဒီလိုပဲ နေတတ်တာ မင်းသိတာပဲ စနိုး၊ပြီးတော့ မင်းဖြစ်စေချင်သလို အားလုံးလိုက်လျော ပေးခဲ့တာပဲ၊အခုအချိန်မှာ မင်း ကျန်းမာရေးကိုပဲ ဂရုစိုက်သင့်တယ် ကျန်တာကို ပြဿနာ မရှာပါနဲ့ ကိုယ့်စိတ်တွေပင်ပန်းနေလို့ "

ကိုကို့ စကားအ‌ဆုံး စနိုးနှုတ်ခမ်းလေးကိုဖိကိုက်ကာတစ်ဖက်လှည့်လိုက်ပြီး ပါးပြင်ထက် မျက်ရည်ကစီးကျလာရသည်၊

"သိတယ် စနိုးသိပြီးသား ကိုကို စနိုးကို မချစ်ခဲ့ဘူး ဆိုတာ ၊စနိူးလိုချင်ခဲ့တာက ကိုကို့ရဲ့ စည်းစိမ်တွေ ကို မဟုတ်ဘူး ကိုကို့ အချစ်ကိုလိုချင်ခဲ့တာ အဲ့တစ်ခုပဲ ကိုကို မပေးနိူင်ဘူးလား"

အချစ်ဆိုတာက ဖန်တီးလုပ်ယူလို့ရတဲ့အရာလားစနိုး.!

ဒီစကားကိုတော့ ခမ်းနားစိတ်ထဲ၌သာ ရေရွတ်လိုက်မိသည်၊

ပြန်မဖြေဘဲ မသိသလိုနေပြီ ကားကိုသာအာရုံစိုက်မောင်းနေသည်မို့ စနိုးနှုတ်ခမ်းလေးကို ဖိကိုက်ရင်းအောင့်တက်လာတဲ့ ဝဲဘက်ရင်အုံကို လက်ကလေးဖြင့်အသာဖိထားလိုက်ရင်း အသက်ကိုဖြေးဖြေးရှုနေရသည်၊

🍂🍂🍂🍂

"မမ ဒီနေ့ အသစ်ဖွင့်မယ့် ဟိုတယ် အတွက် ပန်းအလှဆင်ဖို့ အော်ဒါတွေလာတာ မနည်းဘူး ပြီးတော့ အဲ့ဒီဟိုတယ် သူဌေးက မမနဲ့ပန်းအလှဆင်မယ့် ကိစ္စ ဆွေးနွေးချင်လို့ သူ့မန်နေဂျာက တဆင့် ပြောခိုင်းထားတယ်"

ယမုံ ရှေ့က နှင်းဆီ ပန်းအဝါတွေကို အစည်းလိုက်ချလိုက်ရင်း ကေသာ့ဘက်ကို ပြန်လှည့်ကာ

"ဒီနေ့ ပန်းမျိုးစိတ်အသစ်တွေ ရောက်တယ် ကေသာစာရင်းအသေအချာ မှတ်ပေးဦးနော် ပြီးတော့ တို့တွေပန်းအလှဆင်ပေးရမှာက ပန်းအစစ်တွေကို သုံးမှာလား သူတို့ဘက်ကို တစ်ချက်မေးပေးပါ ပြီးတော့ သူတို့သုံးချင်တဲ့ ပန်းအမျိုးအစားကိုပါ မေးလိုက်ပါ သူတို့သူဌေးနဲ့ ဆွေးနွေးဖို့ကိုတော့ မနက်ဖြန်လောက် အဆင်ပြေမလား မေးလိုက်ပါနော်"

"ဟုတ်ကဲ့ မမ"

ကေသာပန်းစည်းတွေနေရာချနေပြီးတာနဲ့ မမပြောတဲ့ကိစ္စအတွက် စွဲလန်းရာ ဟိုတယ် မန်နေဂျာ ‌ကိုကျော်မျိုးလွင် ဆီ ဖုန်းဆက်ဖို့ ပြင်လိုက်သည်၊

ယမုံဖုန်းလေးကို ဖွင့်ကြည့်ရင်း ဂယ်လာရီထဲက ပုံအဟောင်းလေးတွေကို တစ်ပုံခြင်းရွေ့ကြည့်နေမိသည်၊စနိုး မဂ်လာဆောင်နေ့က ပုံတွေကို စနိုးက viber ကနေတဆင့်ပို့ပေးလာသည်မို့ မကြည့်တော့ဘူးဆုံးဖြတ်ထားပေမယ့် သူမြင်ချင်သေးသည်၊

ဖြူလွှလွှမဂ်လာဝတ်စုံလေးနဲ့ စနိုးက ခမ်းနားလက်ကိုချိတ်ပြီး ပြုံးနေလေသည်၊မကြည့်ရက်ခဲ့တဲ့ ခမ်းနားရဲ့ မျက်နှာကို ယမုံကြည့်ရင်း နာနာကျင်ကျင် ပြုံးလိုက်မိသည်၊မတည်မပြုံးမျက်နှာထက်က ယောက်ျားဆန်တဲ့ချောမောမှုက လွန်ခဲ့တဲ့ ခြောက်နှစ်ကထက် ပိုလို့ကြည့်ကောင်းနေတာတော့ အမှန်ပင်၊

မကြည့်သင့်တော့ဘူးမို့ ယမုံခေါင်းခါထုတ်လိုက်ရင်းသူပါသမျှပုံတွေကို အကုန် ဖျက်ပစ်လိုက်သည်၊အခုအချိန်သူနဲ့ ပက်သက်ပြီးကျန်ရှိနေတာက ယမုံအတွက် နာကျင်ခြင်းတွေပဲမို့ တဖြေးဖြေးတော့ မေ့လို့ရမှာပါလေ..

Ring Ring Ring...

ရုတ်တရပ်ဝင်လာတဲ့ ဖေဖေ့ ဆီက ဖုန်းကြောင့်ယမုံကိုင်လိုက်ရင်း

"ဟလို ဖေဖေ"

"အေး သမီးရေ သမီးညီမဆေးရုံ ရောက်နေလို့ သမီးအမြန်လိုက်လာခဲ့ပါဦးကွယ်"

"ရှင်"

ကြားလိုက်ရတဲ့ ဖေဖေ့စကားကြောင့် ယမုံမျက်လုံးတွေဝိုင်းသွားရပြီး

"ဘယ်လိုဖြစ်ရတာလဲ ဖေဖေ အခုနကမှ ယမုံဆိုင်ကပြန်သွားတာ"

"အေး ဟုတ်တယ် သမီးရေ မောင်ခမ်းနား ပြောတာက အိမ်လဲရောက်ရော အသက်ရူမဝဘူးဆိုပြီး သတိလစ်သွားတာတဲ့"

"ဟုတ်ကဲ့ ဖေဖေ သမီးလာခဲ့လိုကိပါမယ်"

‌ယမုံဖုန်းချလိုက်ပြီး ပိုက်ဆံအိတ်ကိုယူကာ ကားသော့ယူပြီးထွက်လာခဲ့လိုက်သည်၊

🍂🍂🍂

"လူနာက နှလုံးရောဂါရှိနေတာကို ဘာလို့ကိုယ်ဝန်ဆောင်စေတာလဲ ဗျာ"

ဆရာဝန်ခေါ်ဆိုမှုကြောင့် မဖြစ်မနေ ခမ်းနားနဲ့ ယမုံ သူ့နားနေခန်းကို လိုက်သွားခဲ့ကြရသည်၊ဆရာဝန်က စနိုးရဲ့ ဆေးမှတ်တမ်းတွေကို ကြည့်ပြီး သက်ပြင်းချလျက် သူနဲ့ ယမုံကို ကြည့်ပြီးပြောလေသည်၊

ယမုံကတော့ နှုတ်ဆိတ်နေလျက်ဖြင့်ညိမ်သက်နေလေသည်၊ဒါတွေက သူနဲ့သာသက်ဆိုင်ခဲ့တာမို့ ခမ်းနား ခေါင်းညိတ်လိုက်ကာ

"ဟုတ်ပါတယ် ဒေါက်တာ မတော်တဆရခဲ့တဲ့ကိုယ်ဝန်မို့ ကျွန်တော်တို့ အစက မသိခဲ့ဘူးဒေါက်တာ နောက်ပိုင်းမှ စနိူးမှာ အဲ့ဒီမွေးရာပါ နှလုံးရောဂါ ရှိနေတာကို သိခဲ့ရတာပါ"

မတော်တဆတဲ့လား?

ယမုံနားထဲ သူ့စကားက ပဲ့တင်ထပ်နေသလိုပင်!

"ဒါဆိုရင်တော့လူနာက ကိုယ်ဝန်ဆောင်သည်လည်းဖြစ်နေရသလို စိတ်ခံစားချက်များရင် များသလိုသလိုအန္တာရာယ်ရှိနေတာမို့ ကျွန်တော်တို့ရော ခင်ဗျားတို့ လူနာရှင်တွေက ပါ သေချာဂရုစိုက်မှ ရပါမယ်"

ခမ်းနားခေါင်းငိုက်စိုက်ချလိုက်ပြီးမှ

"ဟုတ်ကဲ့ ဒေါက်တာ "

"ဒါနဲ့ ခင်ဗျားတို့ နှစ်ယောက်က လူနာနဲ့ ဘယ်လိုတော်စပ်တာလဲ ခင်ဗျ"

ဒေါက်တာ စကားကြောင့် ခမ်းနားရင်ထဲ နင့်ကနဲ တသ်ချက်ဖြစ်သွားရပြီးမှ သူ့ဘေးမှာ ညိမ်သက်စွာ ရပ်နေတဲ့ ယမုံကို ငှဲ့ကြည့်လိုက်တော့ သူမက ပကတိတည်ညိမ်စွာဖြင့်

"ကျွန်မက လူနာရဲ့ အစ်မ ပါ "

သူမက တည်ညိမ်စွာ ဖြေလိုက်နိုင်ပေမယ့် ၊ခမ်းနားနှုတ်ဖျားက ယမုံရှေ့မှာ သူက စနိူးရဲ့ အမျိုးသားပါလို့တော်တော်ဖြင့်ပြောမထွက်နိုင်ခဲ့တဲ့ သူ့ကိုသူလည်း စိတ်တိုမိသည်၊သူက ယမုံကို အရူးလိုမျှော်လင့်နေသေးမိတယ်တဲ့လား သူ့လိုကောင်က ယမုံနဲ့ ထိုက်တန်လို့လား?

"ခင်ဗျားက လူနာရဲ့ အမျိုးသားဖြစ်မယ် ထင်တယ်"

ဒေါက်တာ ပြောတော့မှ သူလေးဖင့်စွာ ခေါင်းညိတ်လိုက်ပြီး

"ဟုတ်ပါတယ် ဒေါက်တာ"

« ရှေ့အခန်း - အပိုင်း (၆) နောက်အခန်း - အပိုင်း(၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ