Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း (၆)

"စနိုး... ဘာတွေလျှောက်ပြောနေတာလဲကွယ်၊ ကိုယ်ဝန်ဆောင် စိတ်မို့ လျှောက်တွေးမနေစမ်နဲ့"

ယမုံ့ရဲ့ လေသံက ပုံမှန်အတိုင်းပင် အေးဆေးတည်ငြိမ်နေသည်။ သို့သော် စနိုးကတော့ အားကိုးတကြီးဖြင့် ယမုံ့ရင်ခွင်ထဲသို့ တိုးဝင်လာကာ ဖက်တွယ်ထားလေတော့သည်။ စနိုးရဲ့ ကိုယ်လေး တုန်ရီနေပြီး ရှိုက်သံသဲ့သဲ့လေးက အခန်းငယ်လေးထဲ ပျံ့လွင့်လာသည်။

"စနိုး တကယ်ပြောတာပါ မမရယ်... စနိုး သိနေတယ်၊ ကိုကို့စိတ်က စနိုးဆီမှာ မရှိဘူး။ စနိုးကို ဝတ္ထရားအရပဲ ဆက်ဆံနေတာ။ ဒါပေမဲ့... ဒါပေမဲ့လည်း စနိုး ကိုကို့ကို အသက်ထက်မက ချစ်တာ စနိူး ကိုကို့ ကိုအရမ်းချစ်ခဲ့ရတာ မမရဲ့"

စနိုးက ယမုံ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး သူမရဲ့အချစ်တွေကို ပြောပြနေရှာသည်။

"ကိုကို့ရဲ့‌ေအးစက်စက်ပုံစံကို မြင်ရရင် စနိုး ရင်ကွဲမတတ် ခံစားရတယ်၊ ဒါပေမဲ့ စနိုး ကိုကို့ကို မုန်းလို့မရဘူး။ ကိုကို့အနားမှာပဲ နေချင်တယ်... ကိုကို့အချစ်ကိုပဲ ရချင်တာ... အဟင့်..."

ညီမဖြစ်သူရဲ့ တတွတ်တွတ် ဖွင့်ဟနေတဲ့ စကားသံတွေကြောင့် ယမုံ့မျက်ဝန်းအစုံက ပို၍ပင် အေးစက်သွားရသည်။ သူမရင်ခွင်ထဲက စနိုးကတော့ ခမ်းနားကို ဘယ်လောက်ချစ်ကြောင်း၊ ခမ်းနားမရှိရင် မပြည့်စုံနိုင်ကြောင်း တမ်းတမ်းတတ ပြောနေဆဲ။

ယမုံ ဘာစကားမှ ပြန်မပြောမိဘဲ လေဟာနယ်တစ်ခုကိုသာ ငေးကြည့်နေမိသည်။ ခမ်းနား... သူကသူမရဲ့ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟု သတ်မှတ်ထားခဲ့သည့် ယောက်ျား၊သူမကိုယ်တိုင်ပဲ နှလုံးသားထဲက စွန့်လွှတ် မြေမြှပ်လိုက်ပြီမို့ ယမုံ ခေါင်းခါယမ်းလိုက်မိသည်၊

ခြောက်နှစ်တာမျှသူ့ကတိတစ်လုံးထဲကိုမျှော်လင့်ချက်ကြီးစွာ စောင့်နေခဲ့မိတဲ့ သူမရဲ့ အချစ်တံခါးကို ပစ်ပစ်ခါခါ ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ယောက်ျား။

သူမ စွန့်လွှတ်ခဲ့တဲ့ အတိတ်ဆိုးက အခုတော့ ညီမဖြစ်သူကိုပါ လာရောက်လောင်မြိုက်နေပြီ။

ရင်ထဲမှာ ခမ်းနားအပေါ် နာကျည်းမှုတွေနဲ့အတူ မွန်းကြပ်မှုတွေ တောက်လောင်နေသော်လည်း ယမုံ့မျက်နှာထက်မှာတော့ ဘာအရိပ်အယောင်မျှ ထင်ဟပ်မလာခဲ့ချေ။ သူမ ခံစားချက်တွေကို ထုံးစံအတိုင်း အမှောင်ထဲမှာပဲ သော့ခတ်ပိတ်လှောင်ထားလိုက်သည်။ အပြင်ပန်းမှာ ဘာမှမဖြစ်သလို တည်ငြိမ်နေရသော်လည်း အတွင်းသန္တာန်မှာတော့ နာကျည်းဆို့နင့်မှုတို့က အသက်ရှူရခက်လောက်အောင် ဖိစီးနှိပ်စက်နေသည်။ မျက်ရည်ဆိုသည်မှာလည်း မျက်ဝန်းဆီသို့ပင် တက်လာခွင့်မရှိဘဲ ရင်ဘတ်ထဲမှာတင် အသံတိတ် စီးဆင်းငိုကြွေးနေရုံသာ။

"မမ... ကိုကို့ကို စနိုး သိပ်ချစ်တာပဲ... တကယ်လို့ စနိုးသာ..."

"တော်ပြီ စနိုး... ဆက်မပြောနဲ့တော့၊ စိတ်အေးအေးထားပါ"

ယမုံ့အသံက အေးစက်ငြိမ်သက်လွန်းလှသည်။ သူမ စနိုးကို ရင်ခွင်ထဲကနေ အသာအယာ တွန်းဖယ်လိုက်ပြီး စနိုးရဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကို အမူအရာပျက်ကွက်ခြင်းမရှိဘဲ ညင်သာစွာ သုတ်ပေးလိုက်သည်။

"မမ... စနိုးကို စိတ်ဆိုးသွားတာလားဟင်"

မျက်ရည်စက်လက်နဲ့ မော့ကြည့်လာတဲ့ ညီမငယ်ရဲ့ မျက်နှာလေးကို ကြည့်ရင်း ယမုံ့နှုတ်ခမ်းထက်မှာ သွေးအေးလွန်းသော မချိပြုံးလေးတစ်ခု ခပ်ဖျော့ဖျော့ ထွက်ပေါ်လာသည်။

"စိတ်မဆိုးပါဘူး ညီမလေးရယ်... စနိုး ကလေးမွေးပြီးရင် အကောင်းအတိုင်း ပြန်ကျန်းမာလာမှာပါ။ အဆိုးတွေ လျှောက်မတွေးပါနဲ့တော့နော်...ကိုယ့်ကျန်းမာရေးကိုပဲ ဂရုစိုက်နော် "

မမစကားကြောင့် စနိုး မျက်ရည်တွေသုတ်ပစ်လိုက်ပြီး အားတင်းပြုံးလိုက်ကာ

"အင်း စနိုးမတွေးသင့်ဘူးနော် အခုနက စနိုးစိတ်တွေ လွတ်ထွက်သွားလို့ပါ မမရယ် အခု ပြန်တွေးကြည့်တော့ ကိုကိုက စနိုးကို ချစ်ခဲ့မှာပါ သူ စနိုးကို ချစ်လို့သာပဲ ဒီကိုယ်ဝန်ကို သူတာဝန်ယူလက်ထပ်တာပေါ့နော် မမ"

စနိုးစကားတွေက သူမ နှလုံးသားကို သံချွန်နဲ့ထိုးစိုက်နေသလို ခံစားရသည်မို့ အားတင်းထားရင်းကြားက လိုက်ကနဲ့ စို့နစ်လာရကာ စနိုးမြင်မှာစိုးလို့ ခေါင်းငုံ့လိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ

"အင်း စနိုးကို ချစ်လို့သာ သူရွေးချယ်ခဲ့တာပေါ့ အများကြီး လျှောက် မတွေးနဲ့ နော် ပင်ပန်းတယ် နားလိုက်ဦး"

စနိုး မျက်နှာလေး ပြုံးသွားရပြီး

"ဟုတ်ကဲ့ မမ စနိုးမမဆီ လာလိုက်မှပဲ အဖြေက ရှင်းသွားတော့တယ် ကိုကိုက စနိုးကို ချစ်လို့သာ လက်ထပ်ခဲ့တာ ဟုတ်သားပဲနော်"

ယမုံ ပြုံးလျက် ခေါင်းလေးညိတ်ပြလိုက်သည်၊

🍂🍂🍂🍂

ခမ်းနား ကုမ္ပဏီကနေ အိမ်ကို ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ဒေါ်မာလာခင်က စိတ်ပျက်နေသလိုမျက်နှာအမူအရာမျိုးဖြင့်

"သား..မင်းမိန်းမတော့ ကိုယ်ဝန်ကြီးနဲ့ ညိမ်ညိမ်နေပါဆိုကာမှ အခု သူ့အစ်မ ယမုံ့ရဲ့ ပန်းဆိုင်ကို သွားတယ်တဲ့‌ေလ၊မင်းဆီဖုန်းဆက်ခေါ်လို့ မရတာနဲ့ သူအဖေ ကိုစိုးထွဋ်ကပဲ လာခေါ်သွားတာ။ အခုထိ ပြန်မရောက်သေးဘူး။မင်းပဲ ကားမောင်းပြီး လိုက်ခေါ်လိုက်ဦး"

မေမေ့ စကားကြောင့် ခမ်းနား တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ ရင်ထဲမှာ ချက်ချင်းဆိုသလို အလုံးစုံ ပူလောင်မွန်းကြပ်မှုတို့က အလုံးအရင်းနဲ့ တိုးဝင်လာခဲ့ပြီ။

'ယမုံ့ဆီကို စနိုး သွားတယ် ဟုတ်လား...'

ယမုံ... ထိုနာမည်ကို ကြားလိုက်ရုံရုံမျှဖြင့် ခမ်းနား့ နှလုံးသားတစ်ခုလုံး လှုပ်ခတ်သွားရသည်။ သို့သော် ထိုလှုပ်ခတ်မှုသည် လွမ်းဆွတ်ခြင်းထက် ရင်ဆိုင်ရမှာကို ကြောက်ရွံ့ခြင်းက ပိုများသည်။ ကားသော့ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိရင်း ခမ်းနား့ စိတ်အစဉ်က ယမုံ့ရဲ့ ပုံရိပ်တွေဆီသို့ အလိုလို ရောက်ရှိသွားရပြန်သည်။

လက်ထပ်ပွဲနေ့က ဧည့်ခံပွဲအလယ်မှာ သူ့ကို လုံးဝဥပေက္ခာပြုပြီး စိမ်းကားလွန်းသော အကြည့်များဖြင့် ကြည့်ခဲ့သည့် ယမုံ့ရဲ့ အေးစက်နေတဲ့ မျက်ဝန်းအစုံ...။ ဘာခံစားချက်မျှ မရှိသလို သွေးအေးလွန်းလှတဲ့ ထိုမျက်လုံးတွေက ခမ်းနား့ကို ရူးသွပ်လုမတတ် ပူလောင်မွန်းကြပ်စေခဲ့တာ။

သူမမမှားပါဘူး ဒါတွေအားလုံး သူ့အမှားတွေမို့ ယမုံပေးသမျှ ခါးသီးမှု ၊ချိုမြိန်မှုအရာအားလုံးကို သူလက်ခံဖို့ အသင့်ပါ"

"ခမ်းနား...သား ဘာရပ်လုပ်နေတာလဲ၊ လိုက်သွားလေကွယ်"

မေမေက ထပ်မံသတိပေးပြီး လိုက်ခေါ်ခိုင်းသည့်အခါတွင်မူ ခမ်းနား့ ရင်ထဲက ပူလောင်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားရသည်။

ယမုံ့ကို သူ မရင်ဆိုင်ရဲပါ။ အမှန်တော့... သူ ယမုံ့ကိုသေလောက်အောင်တွေ့ချင်နေပါသော်လည်း ထိတ်တိုက်ရင်‌‌ဆိုင်ဖို့ ကြောက်ရွံ့မိခြင်း ဖြစ်သည်။ သူ့အပေါ် ထားရှိသည့် ယမုံ့ရဲ့ အမုန်းမျက်လုံးတွေအောက်မှာ ခမ်းနား့ရဲ့ နှလုံးသား တစ်ခုလုံစ အရည်ပျော်ကျလု မတတ်ဖြစ်နေခဲ့ရပြီလေ!

သူမရဲ့ တည်ငြိမ်လွန်းပြီး စက်ဆုပ်ရွံရှာမှုတို့ အတိပြီးသော အကြည့်များအောက်တွင် ခမ်းနား့ရင်ထဲ၌ ကြီးမားလှသော သိမ်ငယ်မှုတို့က အရိုးထဲအထိ စိမ့်ဝင်လာရသည်။

အောင်မြင်မှုဆိုတဲ့ အရာနောက်ကိုလိုက်ရင်း သူယမုံကို မေ့လျော့စွာ ပြစ်ထားခဲ့မိတယ်! ထိုသို့ ပြစ်ထားခဲရုံမျှ မကသေး ကံတရားကသူ့ကို ဘယ်လောက်ဒဏ်ခတ်သလဲ ဆိုရင် မှားယွင်းမှု တစ်ခုကြောင့် လာဆုံတွေ့ပြီး လက်ထပ်ဖို့ ဖြစ်လာရတဲ့ နှင်းပွင့်ဖြူက ယမုံရဲ့ ညီမတဲ့လေ..

ယမုံ့ကို ရင်မဆိုင်ရဲတဲ့ စိတ်၊ သိမ်ငယ်စိတ်တို့ဖြင့် မွန်းကြပ်နေသော်လည်း အခြေအနေအရ မသွားဘဲ မနေရသည်မို့ ခမ်းနား သက်ပြင်းကို လေးလံစွာ ချလိုက်မိသည်။ ထို့နောက် လေးဖင့်နေသော ခြေလှမ်းများဖြင့် ခြံပြင်သို့ ထွက်လာကာ ကားစက်ကို နှိုးလိုက်ပြီး ယမုံ့ရဲ့ ပန်းဆိုင်ရှိရာဆီသို့ စိတ်ပျက်လက်ပျက်ဖြင့်သာ မောင်းထွက်လာခဲ့ပါတော့သည်။

🍀🍀🍀🍀

ခမ်းနား့ရဲ့ကားလေး ဆိုင်ရှေ့မှာ ထိုးရပ်လိုက်ချိန်မှာပဲ ပန်းဆိုင်အတွင်းကနေ ပန်းစည်းတွေကို အေးအေးလူလူ စီစဉ်နေတဲ့ ယမုံကို လှမ်းမြင်လိုက်ရသည်။

ယမုံက ဆိုင်ရှေ့ကို ရောက်လာတဲ့ ခမ်းနားကို တစ်ချက်မျှသာ မော့ကြည့်လိုက်သည်။ သို့သော် သူမရဲ့ အကြည့်က တစ်စက္ကန့်မျှတောင် မရပ်နားဘဲ ပန်းပွင့်လေးတွေဆီကိုသာ ပြန်လည်အာရုံစိုက်သွားသည်။ လုံးဝ မမြင်လိုက်သလို၊ မသိလိုက်သလိုနှင့် အစစအရာရာကို ဥပေက္ခာပြုထားတဲ့ သူမရဲ့ လုပ်ရပ်က ခမ်းနား့ရင်ထဲကို တူနဲ့ ထုလိုက်သလိုမျိုး နာကျင်သွားစေသည်။

သူမရဲ့ မျက်ဝန်းတွေထဲမှာ အမုန်းတရားထက် ပိုဆိုးရွားတဲ့ 'ဂရုစိုက်စရာအကြောင်းမရှိသော လူစိမ်းတစ်ယောက်' အဖြစ် သတ်မှတ်ထားသည့် အရိပ်အယောင်က လွှမ်းမိုးနေသည်။

ခမ်းနား ကားပေါ်ကနေ ခြေလှမ်းတွေ မတည်မငြိမ်နဲ့ ဆင်းလာခဲ့သည်။ ဆိုင်တံခါးကို တွန်းဖွင့်လိုက်ချိန်မှာတော့ ပန်းရနံ့တွေကြားထဲမှာ စွဲမြဲနေတဲ့ ယမုံ့ရဲ့ ရနံ့သင်းသင်းလေးက သူ့ကို ဆီးကြိုနေသည်။ ယမုံက သူ့ကို တစ်ချက်မျှပင် အဖက်မလုပ်တော့ဘဲ ပန်းစည်းကိုသာ စိတ်ပါဝင်စားစွာ ဆက်လုပ်နေတာမို့ ခမ်းနား ဆက်မရပ်နိုင်တော့ဘဲ ဆိုင်က ကောင်မလေးဆီကိုသာ ခြေလှမ်းလှည့်လိုက်ရသည်။

"ညီမလေး... စနိုး... စနိုးရော ဒီမှာ ရှိနေတာ ဟုတ်လား"

ခမ်းနား့အသံက အနည်းငယ် တုန်ယင်နေသည်။ ကောင်မလေးက ခေါင်းညိတ်ပြပြီး နောက်ခန်းဆီကို လက်ညှိုးညွှန်လိုက်သည်။

"ဟုတ်ကဲ့... အထဲမှာ ရှိပါတယ်ရှင်။ မမယမုံ့ အခန်းထဲမှာပါ"

ခမ်းနား သက်ပြင်းတစ်ချက်ချလိုက်ပြီး ယမုံရှိရာဘက်ကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်သည်။ ယမုံကတော့ သူ့ကို လုံးဝတည်ရှိနေမှန်းတောင် သိပုံမရ။ ပန်းညှပ်ကို ကိုင်ပြီး ပန်းစည်းကို စည်းနေတဲ့ သူမရဲ့ လက်ချောင်းသွယ်သွယ်လေးတွေဟာ ခမ်းနား့ဆီမှာ ဘာအာရုံမှ မရှိဘူးဆိုတာကို သက်သေပြနေသလိုပင်။

'သူ့အပေါ် ဥပေက္ခာပြုထားတဲ့ ဒီခံစားချက်က... ဘာနဲ့မှ မလဲနိုင်အောင် ရက်စက်လွန်းတယ်'

ခမ်းနား့နှလုံးသားဟာ ယမုံ့ရဲ့ ဒီလိုအေးစက်တဲ့ ဥပေက္ခာတွေအောက်မှာပဲ အကြိမ်ကြိမ် အပိုင်းပိုင်း ဖြစ်ခဲ့ရတာ။ သူမရဲ့ စိမ်းကားမှုက သူ့ကို ထိုးနှက်နေတဲ့ အကြီးမားဆုံးသော ဒဏ်ချက်ပါပဲ။ ယမုံ့ဆီကနေ စကားတစ်ခွန်းမဆိုထားနဲ့၊ အကြည့်တစ်ချက်ကိုတောင် မရနိုင်တော့တဲ့အထိ ဝေးကွာသွားခဲ့ပြီဆိုတဲ့ အသိက သူ့ကို အရင်ကထက် ပိုပြီး သိမ်ငယ်သွားစေသည်။

"စနိုးကို... ခေါ်ပေးလို့ ရမလား။ ကျွန်တော်သူ့ကို ပြန်ခေါ်သွားချင်လို့"

ခမ်းနားက တိုးညှင်းစွာ ပြောလိုက်သည်။ ယမုံက နောက်ဆုံးတော့ သူ့ကို ဆိုင်ကနေ ထွက်သွားစေချင်သည့်အလား ခပ်ဖျော့ဖျော့လေး တစ်ချက်မော့ကြည့်လာသည်။ သူမရဲ့ မျက်ဝန်းတွေက ကြည်လင်နေပေမယ့် အေးစက်စက်နဲ့ မည်သည့်ခံစားချက်မျှ မရှိသော ရေခဲတောင်ကြီးလိုပင်။

သူမဆီက ဘာစကားမှ ထွက်မလာခဲ့‌ေချ။ ယမုံက နောက်ခန်းဆီကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွားလိုက်သည်။ သူမရဲ့ ကျောပြင်ကို ကြည့်ရင်း ခမ်းနား့ရင်ထဲမှာတော့ မွန်းကြပ်မှုတွေက တောင်လိုပုံလို့နေပါတော့သည်။ သူမရဲ့ ဥပေက္ခာတွေကပဲ သူ့ရဲ့ တစ်ခုတည်းသော အပြစ်ဒဏ်ဖြစ်နေသလိုပါပဲ။

"

« ရှေ့အခန်း - အပိုင်း(၅) နောက်အခန်း - အပိုင်း(၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ