'ရာသီတွေအလီလီပြောင်းခဲ့တာ ကြာခဲ့ပြီ မောင်ရဲ့..ယမုံကို မောင်မဆက်သွယ်ပေမယ့် ယမုံ လေ မောင့်ကို ချစ်နေဆဲ စောင့်နေဆဲပဲ သိလား
ယမုံတို့နှစ်ယောက်ကို ကံကြမ္မာက မျက်နှာသာမပေးသေးဘူး မောင် ဒုတိယနှစ်တတ်ပြီး ကတည်းက မောင် နိုင်ငံခြားကို ထွက်သွားခဲ့တာ ဒီနေ့ဆို ခြောက်နှစ်ပြည့်ခဲ့ပြီမောင်
ဘာအကြောင်းကြောင့် များ မောင်ယမုံကို မဆက်သွယ်သလဲ ယမုံ မသိရပေမယ့် မောင်ယမုံဆီကို ပြန်လာဦးမယ်လို့ ယုံကြည်နေဆဲပဲ'
ဘော့ပင်လေးကို ကိုင်ရင်း ယမုံအဓိပ္ပါယ်မဲ့ပြတင်းပေါက်ကို ကြည့်နေမိသည်၊
ဒါက မောင်ထွက်သွားတဲ့ အချိန်ကစပြီး ယမုံနေတိုင်းရေးနေခဲ့တဲ့ ဒိုင်ယာရီ စာအုပ်ကလေးပဲ..ဘဝမှာ ပထမဦးဆုံးရင်ခုန်တတ်စအရွယ်ကတည်းက ချစ်ဖူးသူ ချစ်ဦးသူ ဆိုလို့ ယမုံဘဝမှာ ခမ်းနားသွင်ပြင် ဆိုတဲ့ လူတစ်ယောက်သာရှိခဲ့ဖူးသည်၊
စာအုပ်လေး ပိတ်လိုက်ရင်း အိပ်ယာထက် အသာလှဲချလိုက်ကာ မောင်နဲ့ ယမုံ နောက်ဆုံးမခွဲခင် နှုတ်ချိန်တုန်းက မောင်ပေးခဲ့တဲ့ ပလက်တီနမ် ကြိုးလေးကို ယမုံ အမြဲဝတ်ဆင်ထားဆဲမို့ အသာယာ ပြန်တို့ထိရင် မျက်ဝန်းက အတိတ်နေ့ ရက်ဆီ ပြန်မြင်ယောင်ခဲ့ရသည်၊
"မောင် ဘယ်လောက် ကြာမှာလဲ ဟင် ဟိုမှာ"
အသံတို့ တုန်ယင်နေရင်း မျက်ရည်တွေရစ်ဝိုင်းနေတဲ့ ယမုံ မျက်နှာလေးကို မောင့် ရဲ့ အေးစက်စက် လက်ချောင်းတွေက လာရောက်ထိတွေ့ရင်း...
"မကြာပါဘူး ယမုံ မောင်လည်း ဖေဖေ့ကြောင့်သာ မဖြစ်မနေမို့ သွားရမှာ ယမုံကို မခွဲနိုင်ဘူး"
ပြောရင်း ယမုံ့ကိုယ်လေးကို ဆွဲဖက်တော့ အလိုက်သင့် ပါလာတဲ့ ခန္ဓာကိုယ် သွယ်သွယ်လေးက မောင့်ရင်ခွင်ထဲ ခေါင်းမှီထားရင်ရှိုက်ငိုမိသည်၊ခမ်းနား သူမကိုယ်လေးကို ခပ်တင်းပွေ့ဖက်ထားရင်း နဖူးပြေပြေလေးက်ု နမ်းလိုက်ကာ
"မငိုပါနဲ့ ယမုံရယ် ဟ်ုရောက်တာနဲ့ မောင်ယမုံဆီကို ဖုန်းဆက်မှာပေါ့ အမြဲ ဆက်သွယ်မှာပဲမောင် ကျောင်းဆက်တတ်ပြီးလို့ ဘွဲ့ယူပြီးတာ နဲ့ ယမုံဆီ ပြန်လာခဲ့မယ် မောင်တို့အနာဂတ် အတွက် တည်ဆောက်ရဦးမယ်လေ မောင့်ရည်ရွယ်ချက်ကဘာလဲ သိလား?
ယမုံ့ မေးဖျားလေးကို ပင့်ကိုင်ရင်းမေးတော့ ယမုံ ခေါင်းခါပြလိုက်သည်၊မောင်က ပြုံးလျက်ဖြင့် သူနှာတံ ထိပ်ဖျားနှင့် ယမုံ့ နှာခေါင်းထိပ်ကလေးကို ပွတ်တိုက်ပြီး
"ယမုံကို ပြည့်စုံအောင် ထားချင်တာ ယမုံကိုအရာရာ လိုလေသေးမရှိတဲ့ ဘဝမှာ ထားချင်တာ ဒါ့ကြောင့် မောင့် ဘဝကိုတိုးတက်အောင် ကြိုးစားချင်တာ "
ခပ်ယဲ့ယဲ့ အပြုံးလေးကို ယမုံအားယူပြုံးလိုက်ရင်း မောင့် မေးဖျားလေးကို မော့နမ်းလိုက်ကာ
"မောင် ယမုံကို ကတိပေးနိုင်မလား"
ခမ်းနား သူမ မျက်ဝန်းတွေကို စိုက်ကြည့်ပြီးခေါင်းညိတ်ပြလိုက်သည်၊
"ဘာကတိလဲ ယမုံ မောင့်ကို ပြောလေ "
မောင့်ပါးပြင်ကို သူမလက်ဖဝါးလေးဖြင့် တို့ထိပြီး
"ဘယ်နေရာရောက်ရောက်၊ ဘယ်လောက်နှစ်တွေကြာကြာ ယမုံ့ကို အဆက်သွယ် မဖြတ်ပါဘူး ယမုံ့ကို ဘယ်တော့မှ မထားခဲ့ပါဘူး ဆိုတဲ့ ကတိလေး ပေးနိုင်မလား မောင်"
ခမ်းနား သူ့ပါးပြင်ကို ထိတွေ့နေတဲ့ ချစ်ရသူရဲ့ လက်ကလေးကို ပြန်လည် အုပ်ကိုင်လိုက်ပြီး
"ပေးနိုင်တာပေါ့ ယမုံရယ် မောင် ယမုံကို အမြဲဆက်သွယ် နေမှာ ဟိုးမှာ မောင် ကျောင်းပြီးတာနဲ့ ယမုံဆီကို ပြန်လာပြီး လက်ထပ်ခွင့်တောင်းမှာ
ယမုံကို မောင်က ဘာလို့ထားခဲ့ရမှာလဲ မောင်ကတိပေးတယ် နော်"
Ring Ring Ring...
ရုတ်တရပ်ထမြည်လာတဲ့ဖုန်းကြောင့် ယမုံလန့်သွားရကာ အတိတ်တွေထဲက ပြန်လည် နိုးထလာခဲ့ရပြီး ဖုန်းကို ကြည့်လိုက်တော့ ညီမလေးဆီကမို့ ပါးပြင်ထက်က မျက်ရည်တွေသုတ်လိုက်ပြီး ဖုန်းလေးက်ုယူကိုင်လိုက်ကာ
"ဟလို"
"မမ စနိုးတို့ မနက်ဖြန် မြန်မာပြည်ပြန်လာမှာအဲ့ဒါ မမဝမ်းသာအောင် လှမ်းအကြောင်းကြားတာသိလား"
ဖအေတူ မအေကွဲ ညီမလေးပေမယ့် ယမုံ စနိုးကို တကယ်ချစ်ပါသည်၊ညီမလေးက ဖေဖေ့နောက်လိုက်သွားခဲ့ပြီး ယမုံကတော့ မေမေ ခေါင်းချခဲ့တဲ့ အိမ်လေးမှာပဲ ကျန်နေခဲ့ရင်း ပန်းဆိုင်နဲ့ကော်ဖီဆိုင်လေး တွဲလျက် ဖွင့်ထားလေသည်၊
မေမေနဲ့ ဖေဖေ ကွာရှင်းတဲ့ အချိန်တုန်းက ယမုံက ရှစ်တန်းနှစ်ပဲ ရှိသေးသည်၊ ဖေဖေ့မှာ နောက် အိမ်ထောင်နဲ့ ရတဲ့ ကလေးက ငါးတန်းတက်နေပြီတဲ့ မေမေ ပြန်သိခဲ့ရအချိန် မေမေနဲ့ဖေဖေ အကြီးအကျယ် စကားများခဲ့ရပြီး အဲ့ဒီ အချိန်ကတည်းက ဖေဖေက သူ့နောက်အိမ်ထောင် မိသားစုနဲ့ အတူသွားနေခဲ့တာ မေမေ ဆုံးတဲ့ အချိန် ရောက်မှ ပဲ ယမုံဆီကို ဖေဖေ လာတွေ့ ဖြစ်တော့သည်၊မေမေ ဆုံးတဲ့ နှစ်က ယမုံ တက္ကသိုလ် နောက်ဆုံးနှစ် တတ်နေတဲ့ အချိန် ဖြစ်သည်၊
ဖေဖေက မေမေ့နာရေးချပြီးတဲ့ နေ့ ယမုံကို လာရောက် နှစ်သိမ့်ပြီးတာ နဲ့ သူ့မိသားစုနဲ့ အတူ နိုင်ငံခြားကို ထွက်သွားကြသည်တဲ့၊
အဲ့ဒီ အချိန်တွေက ယမုံအတွက် အခက်အခဲဆုံးအချိန်တွေပဲ ၊ခမ်းနားသွင်ပြင် ဆိုတဲ့ ယမုံ့ရဲ့ ချစ်ဦးသူကတော့ စထွက်သွားတဲ့ နေ့ကတည်းက နေ ဒီနေ့ အထိ ယမုံကို မဆက်သွယ် ခဲ့ချေ!
"မမ"
ဖုန်းထဲက စနိုးအသံကြားတော့မှ ယမုံ သတိပြန်ဝင်လာပြီး
"ဪ အင်း စနိုးပြော လေ မမနားထောင်နေတယ် "
"စနိုးတို့ ပြန်လာမှာ မမက ဝမ်းမသာဘူးလား"
"ဝမ်းသာတာ ပေါ့ စနိုးရယ် ဝမ်းမသာပဲ နေပါ့မလား "
"ဟီး စနိုးချစ်သူလည်း ပြန်ပါမှာ သိလား မြန်မာပြည် ပြန်ရောက်ရင် စနိုးတို့ လက်ထပ်ပွဲ လုပ်ကြတော့မှာ မမရဲ့ "
စနိုးစကားကြောင့် ယမုံ့ မျက်လုံးလေး ဝိုင်းသွားရပြီ
"ဘယ်လို စနိုး လက်ထပ် တော့မယ် ဟုတ်လား"
"ဟုတ်တယ် မမရဲ့ စနိုးမှာ သူနဲ့ ရတဲ့ ကိုယ်ဝန် ရှိနေပြီလေအဲ့ဒါ့ကြောင့် မြန်မာပြည်မှာ လုပ်ငန်းအခြေပြန်ချရင်း ပြန်လာကြမှာပါ "
စနိုးစကားကြောင့် ယမုံ ပြုံးမိသွားလျက်
"မမ ညီမလေးတောင် အိမ်ထောင်ပြုတော့မယ် ပေါ့လေ "
"ဟီး ဟုတ်ပ့ မမရယ် စနိုးရဲ့ ကိုကိုက အရမ်းချောတာ သိလား မမနဲ့ မိတ်ဆက်ပေးမယ်နော်"
"အင်းပါ စနိုးရယ်"
"ဒါပဲနော် မမ စနိုးမနက်ဖြန် အတွက် အဝတ်စားတွေ ထည့်လိုက်ဦးမယ်နော်"
"အင်း အင်း ဒါပဲနော်"
ဖုန်းချလိုက်ရင်း ယမုံ ပြုံးလိုက်မိသည်၊ညီမလေးက အိမ်ထောင်ပြုတော့မယ်တဲ့ ကိုယ်ဝန်တောင်ရှိနေပြီတဲ့လေ ..အသက်နှစ်ဆယ်သာသာလေးမို့ ယမုံ ညီမလေးကို နှမျောမိပါသေးသည်၊
🍀🍀🍀🍀🍀🍀
"Green Rose " ဆိုတဲ့ ယမုံရဲ့ ပန်းစို ပန်းခြောက် ဆိုင်လေးက ဒီနေ့ဆို ယမုံဖွင့်ဖြစ်ခဲ့တာ လေးနှစ်ရှိပြီလေ၊
တဖက်က တွဲလျက် ဖွင့်ထားတဲ့ Tea House ဆိုင်လေးနဲ့ သက်တမ်းအတူတူ ပေါ့ .
လေးနှစ်ဆိုတဲ့ သက်တမ်းအတွင်းမှာယမုံ့ ပန်းဆိုင်လေး ဖောက်သည် အတော် ရရှိနေပြီး ပန်းစည်းတော်တော် များကို ယမုံ ရဲ့ ပန်းဆိုင်လေးကိုပဲ လာအပ်ပြီး ဝယ်ကြတာ များသည်၊
"မမ ဒီနေ့ ကျုလစ်အဝါတွေကြီး ပန်းစည်းဆယ်စီးစာ ပိုက်ဆံ ရှင်းထား တယ် မနက်ဖြန် မနက် ဆယ်နာရီ လာယူမယ်တဲ့ "
ကေသာ စကားကြောင့် ယမုံ ပြုံးလိုက်ရင်း
"အင်း ကျုလစ်အဝါတွေကို အလုံအလောက် မှာထားနော် ကေသာ လှလှလေးပန်းစည်းလုပ်ပေးလိုက်နော်"
"ဟုတ်ကဲ့ မမ "
ကေသာ ပြန်ထွက်သွားတော့မှ ယမုံနာရီကို ကြည့်လိုက်မိသည်၊ အင်း... လေယာဉ်ဆိုက်တော့မှာ ပဲ လာကြိုရမလား မေးတော့ စနိုးက လာမကြိုနဲ့ မမ ပန်းဆိုင်ကို ပဲ တစ်ခါထဲ လာမှာမို့ စောင့်နေရန်သာ ပြောထားလေသည်မို့ ယမုံစောင့်နေလိုက်သည်၊
ဒီနေ့ ဆိုင်ကို ရောက်လာတဲ့ ပန်းအစိုတွေက တော်တော်လေးကို လှပါသည်၊ဝယ်သူတွေ လည်းဒီနေ့ အတော်ကို များသည်မို့ ယမုံတို့ ဆိုင်ဝန်ထမ်းတွေ ထိုင်မနေရအောင် ရောင်းနေရသည်
"ကေသာ နှင်းဆီအဖြူတွေ ကုန်ပြီလား"
"ကုန်ပြီ မမ ဒီနေ့ တော်တော် ရောင်းရတယ်နော် ဟီးပျော်လိုက်တာ "
ကေသာက ဆယ့်ရှစ်နှစ်သာသာ ကလေးမလေးမို့ ယမုံထက် ခြောက်နှစ်ငယ်လေသည်၊ဆိုင်က ကလေးမတွေက ဒီနေ့ အရမ်းရောင်းရလို့ ပျော်ရွှင်နေကြသဖြင့်
ယမုံ လက်ပိုက်လျက်ဖြင့် ပြုံးလိုက်ပြီး
"ဒီလ ရောင်အား အတော် တတ်တယ်နော် လကုန်ရင်ဘောနပ် အကုန်ပေးမယ် "
"ရေး ပျော်လိုက်တာ မမယမုံ ပန်းဆိုင်ရော ကော်ဖီ ဆိုင်ရော ဒီထက် မက ရောင်းရပါစေနော်"
တစ်ယောက် တစ်ပေါက် ဆုတောင်းမေတ္တာပို့သကြရင်းဆိုင်လေးထဲ ရယ်မောပျော်ရွှင်သံ တို့ ဝေဆာ နေကြသည်၊
"မမယမုံ စိတ်မဆိုးရင် သမီးတို့ တစ်ခုလောက် မေးလို့ ရမလားဟင်"
ငုဝါ ဆိုတဲ့ ကောင်မလေးက ထိုစကားဆိုလေတော့အားလုံးငြိမ်သက်သွားကြပြီး ယမုံ့ကို ကြည့်နေကြသည်၊ယမုံခေါင်းညိတ်လျက်ဖြင့် "
"ဟိုလေ ဒီလိုပါ မမက ဒီလောက် လှတာအဲ့ဒါချစ်သူမရှိဘူးလား ဟင် သမီးတို့မမဆိုင်စဖွင့်ကတည်းက အလုပ်လုပ်လာတာ မမ ချစ်သူထားတာ မတွေ့ဖူးလို့ လေ"
ငုဝါ စကားကြောင့် ယမုံ အပြုံးမပျက်ပေမယ့် ရင်ထဲမှာတော့ အတော်လေးနာကျင်သွားရသည်၊သူ မြန်မာပြည်က ထွက်သွားကတည်းက ယမုံကို မဆက်သွယ်ခဲ့တာပဲလေ၊ ကတိတွေပေးခဲ့ပြီး သူ့ဘက်က တည်အောင် မကြိုးစားပေမယ့် ယမုံအခုထိ သူ့ကို စောင့်နေဆဲပဲလေ!
တီ တီ...
ဆိုင်ရှေ့က ကားဟွန်းတီးသံကြောင့် ယမုံအတွေးစတို့ဖြတ်လိုက်ရင်း လှမ်းကြည့်လိုက်တော့ ကားပေါ်က ဆင်းလာတဲ့ စနိုးကို တွေ့လိုက်ရသည်မို့ ယမုံပြုံးလိုက်ရင်း ဆိုင်ရှေ့ ထွက်ဖို့ ပြင်လိုက်တော့ ကားတစ်ဖက်ခြမ်းက ဆင်းလာတဲ့ ပုံရိပ်တစ်ခုကြောင့်
ရင်ထဲ ဒိန်းကနဲ မြည်ဟီးသွားရသည်၊ဘေးတစ်ဖက်ဆီ ချထားတဲ့လက်တွေက လက်သီးဆုပ်ကလေးအဖြစ် ပြောင်းသွားရပြီး စနိုးနဲ့အတူတွဲလျှောက်လာတဲ့ ပုံရိပ်ကြောင့် ရင်ဘက်တစ်ခုလုံးမွန်းကြပ်ကာ အသက်ရှုဖို့တောင် မေ့လျော့နေခဲ့ရသည်၊
သူ ...သူ ဒီနှစ်တွေမှာ ယမုံကို မဆက်သွယ်ခဲ့တာအချစ်သစ်တွေ့နေခဲ့လို့ေပါ့.ရက်စက်လိုက်တဲ့ ကံကြမ္မာ ကတိတွေ အကြိမ်ကြိမ် ပေးပြီး ကိုယ့်ရှေ့ ပြန်ရောက်လာခဲ့သူက တစ်ချိန်က အများသူငှာ အားကျခဲ့ရတဲ့ ယမုံတို့ အတွဲလေးကို ကံကြမ္မာက ကျီစယ်ခဲ့လေသလား၊
စနိုးပြောတဲ့ သူ့ချစ်သူ ၊စနိုးမှာကိုယ်ဝန်ရှိနေပြီတဲ့၊
အိုး..မကြားပါရစေနဲ့. ယိုင်နဲ့ခြင်လာတဲ့ ခြေထောက်တွေကို မနည်းအားပြုထိန်းရင်း ယမုံ ဆိုင်ရှေ့ကို လျှောက်လာ တဲ့ ထိုပုံရိပ်ကို မျက်တောင် မခတ် စိုက်ကြည့် နေမိသည်၊
အဲ့ဒီ မျက်ရည်တွေကို သူ့အတွက် ယမုံလုံးဝ ကျခွင့်မပေးဘဲ ထိန်းထားလေသည်၊ မြတ်လေးယမုံ နင်လုံးဝ မငိုနဲ့ ၊ဟင့်အင်း ဒီအတိုင်းပုံမှန်ပဲ နေ လုံးဝ မပြိုလဲနဲ့
တစ်ယောက်ထဲ အကြိမ်ကြိမ် သတိပေးရင်း သူ့ရှေ့ ရေရောက်လာမဲ့ ခြေလှမ်းတွေကို ယမုံရေတွက်နေမိသည်၊
"မမ စနိုးတို့ရောက်ပြီ"
စနိုးက သူမကိုတွေ့တော့ အပြေးလာရင်းပွေ့ဖက်နှုတ်ဆက်လိုက်သည် ၊ဘေးကို ချထားတဲ့ လက်တွေက စနိုးကို ခပ်ဖွဖွပြန်လည် ပွေ့ဖက်ရင်း ရှေ့က ရပ်နေနဲ့ ပုံရိပ်တစ်ခုကို နားကျည်စွာ စိုက်ကြည့်နေလိုက်သည်၊
ဒါဆို ယမုံအတွက် အဖြေကလုံလောက်ပြီမဟုတ်လား၊နာကျည်းဖို့ မုန်းမေ့ပစ်ဖို့ ထိုက်တန်နေပြီမဟုတ်လား..
ခမ်းနားရှေသို့လျှောက်မရတော့တဲ့ ခြေလှမ်းတွေက သူမရဲ့ အမုန်းမျက်လုံးတွေအောက် ရပ်တန့်သွားခဲ့ရပြီး ရင်ဘက်တစ်ခုလုံး တင်းကြပ်သွားခဲ့ရသည်၊
လှလာလိုက်တာ ယမုံရယ် မောင်.. ယမုံကိုဘယ်လိုဖြေရှင်းချက်တွေ ပြောပြရမလဲ ယမုံ စနိုးရဲ့ အမက မြတ်လေးယမုံတဲ့လား.
ဒါဘယ်လို ကံတရားလဲ၊ဒီမျက်ဝန်းတွေရဲ့ အကြည့်ကိုခမ်းနား ရင်ဆိုင်ဖို့ဘယ်လိုမှကိုသတ္တိမရှိရဲခဲ့ပေ..
မျက်ဝန်းနှစ်စုံရဲ့ ဆွဲအားမှာ မုန်းတီးနာကျည်းမှုအပြည့်မီးတောက်မီးလျှံတွေလိုဖြစ်ပေါ်နေတဲ့ယမုံရဲ့အမုန်းတရားတွေက သူ့ကိုအရှင်လတ်လတ်မီးရှို နေသလိုခံစားရသည်မို့ ခမ်းနားမျက်လွှာချရင်းငြိမ်သက်နေမိသည်၊
"မမ မိတ်ပေးရဦးမယ် သိလား"
ယမုံကို ဖက်ထားသည့် စနိုးက ခန္ဓာကိုယ်ချင်းပြန်လည်ခွာလိုက်ပြီး နောက်မှာ ရပ်နေတဲ့ပုံရိပ်တစ်ခုခပ်မြန် မြန်လျှောက်သွားရင်း ခမ်းနား လက်မောင်းက်ု ပြေးတွဲကာ သူမရှေ့ ခေါ်လာခဲ့ပြီး
"မမ ဒါစနိုးပြောတဲ့ စနိုးချစ်သူဆိုတာလေ ဟီးဗိုက်ထဲက ကလေးလေးရဲ့ အဖေပေါ့ ခမ်းနားသွင်ပြင်တဲ့"
ယမုံဘာမှ မဖြစ်သလို မျက်နှာပေးဖြင့်သူ့ကိုမကြည့်ဘဲ စနိုးပျော်နေတာကို ကြည့်ပြီးခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်၊
နင်လုံးဝ မပြိုလဲနဲ့ မြတ်လေးယမုံ..နင့်ဘဝထဲကနေသူ့ကို ဒီနေ့ဒီအချိန်ကစပြီးမြေမြှုပ်ပစ်လိုက်စမ်း..ကိုယ့်ကိုယ်ကို သတိပေးရင်းငြိမ်သက်နေမိသည်၊
"ကိုကို သူက စနိုးပြောပြောနေတဲ့ စနိုးရဲ့မမ မြတ်လေးယမုံ ဆိုတာလေ မမကအရမ်းလှတယ် မဟုတ်လား"
စနိုးက ခမ်းနားလက်မောင်းကို ဖက်တွယ်ပြီးပါးလေးကပ်ကာ ပြောလေသည်၊ခမ်းနားခေါင်းညိတ်လိုက်ရင်း
"အင်း အရမ်းလှပါတယ် စနိုးရဲ့မမက '
ဆက်မထွက်လာတော့သည့် စကားတွေက သူမရဲ့ မဲ့ကျသွားတဲ့ နှုတ်ခမ်းပြည့်ပြည့်တွေအောက် သေမိန့်ချခံရတော့မဲ့ အပြစ်သားတစ်ယောက်လို သူခံစားလိုက်ရသည်၊
တစ်ဆိုင်လုံးက တိတ်ဆိတ်နေရင်း တြိဂံပုံ မျက်နှာချင်းဆိုင်နေတဲ့ သူတို့ သုံးယောက်ဆီမှာသာ အကြည့်တွေ ပုံနေကြလေရဲ့..
အခန်းမှတ်ချက်များ (0)