သံစဉ် ကင်မရာကို ကိုင်တွယ်ရင်း ပတ်ဝန်းကျင်က ရှုခင်းတွေကို ဓာတ်ပုံရိုက်ရန် ပြင်ဆင်နေသည်။
သူမ အလင်းရောင်ကျရောက်သည့် ထောင့်ကို တွက်ချက်ရင်း တစ်ယောက်တည်း ရေရွတ်နေသည်။
လရိပ်ကတော့ သူမဘေးတွင် ရောင်ပြန်ပြားတစ်ချပ် ကိုင်ပေးရင်း သူမလိုအပ်သမျှကို တိတ်တိတ်ဆိတ်ဆိတ် ကူညီပေးနေသည်။
"ဟဲ့... ဘယ်ဘက်ကို နည်းနည်းရွှေ့.. ဟုတ်ပြီ၊ အဲဒီနေရာပဲ"
သံစဉ် ကင်မရာထဲကနေ ကြည့်ရင်း ညွှန်ကြားနေသည်။
သူမတို့နှစ်ယောက် အလုပ်ထဲ အာရုံ ရောက်နေပြီး ပတ်ဝန်းကျင်ကို သတိမထားမိတဲ့ အချိန်
သူမတို့ဘေးမှရုတ်တရက် နူးညံ့သော အမျိုးသားအသံတစ်သံ ထွက်လာသည်။
"ခဏလောက်ခွင့်ပြုပါဦးဗျ... "
ထိုအသံကြားမှ သူမတို့နှစ်ယောက် တစ်ပြိုင်နက်တည်း ခေါင်းလှည့်ကြည့်လိုက်ကြတော့..
သူမတို့ ရပ်နေတဲ့ လမ်းကြားအစပ်တွင် အမျိုးသားတစ်ယောက် ရပ်နေသည်။
ထိုသူက ရိုးရိုးရှင်းရှင်း အဖြူရောင်ရှပ်အင်္ကျီနှင့် ကာကီရောင်ဘောင်းဘီကို ဝတ်ထားကာသူ့မျက်နှာထက်တွင် အားနာသည့်အပြုံးလေးတစ်ခုရှိပြီး ပထမဆုံးမြင်လိုက်ရုံနဲ့ပင် သက်တောင့်သက်သာဖြစ်စေသည့် အငွေ့အသက်တစ်မျိုးကို ပေးစွမ်းနေသည်။
သံစဉ်က ချက်ချင်း သတိထားလိုက်ပြီးလရိပ်ရှေ့ကိုခြေတစ်လှမ်းတိုးကာ ကာကွယ်ပေးသလို ရပ်လိုက်ပြီးမှ...
"ဘာကိစ္စရှိလို့လဲ..."
သံစဉ် မေးလိုက်ပေမဲ့ ထိုအမျိုးသားရဲ့အကြည့်က ပထမဆုံး လရိပ်ဆီ ရောက်သွားကာသူ ခဏတာ တောင့်သွားပြီးသူ့မျက်လုံးထဲမှာလည်း တစ်ခုခုကို အာရုံစိုက်မိသွားသည့်အရိပ်အယောင် ပေါ်လာသည်။
သူက ပြီးမှ သံစဉ်ဘက်ကို ပြန်ကြည့်လာသည်။
လရိပ် သူမကို စိုက်ကြည့်လာသော ထိုလူကို သေချာကြည့်လိုက်တော့သူ့မျက်လုံးတွေက ကြည်လင်နေပြီး တစ်စုံတစ်ယောက်ကို ကြည့်သည့်အခါလည်း အာရုံစိုက်စွာ ကြည့်တတ်ပုံပင်။
ဒါပေမဲ့ သူ့ရဲ့ အဲ့အကြည့်တွေကတစ်ဖက်သားကို ရိုင်းပျသလိုမသက်မသာဖြစ်စေသလို ခံစားရစေတာမျိုးမရှိပေ။
ထို အမျိုးသားကလည်း သူ့အကြည့်က အနည်းငယ် စူးစူးစိုက်စိုက်ဖြစ်သွားတာကို အခုမှ သတိထားမိသွားပုံရကာ ပြန်ထိန်းလိုက်ပြီး..
နူညံ့တဲ့ အပြုံးရေးရေးလေးပြုံးလိုက်ကာ...
"ဒီလိုပါ... ဒီမိန်းကလေးကို မြင်လိုက်တော့... သူမရဲ့ ပုံစံကကျွန်တော်တို့ကုမ္ပဏီက အခုရှာနေတဲ့ ထုတ်ကုန်ကြော်ငြာမော်ဒယ်ပုံစံနဲ့ တော်တော်ကိုက်ညီနေလို့ပါ..."
"ခင်ဗျားတို့ ဒီမှာ ဓာတ်ပုံရိုက်နေတာလား.."
သံစဉ်က ထိုအမျိုးသားကို အပေါ်ကနေ အောက်အထိ တစ်ချက်ကြည့်လိုက်ပြီးမှ..
"ကျွန်မတို့ကပတ်ဝန်းကျင်ကို မှတ်တမ်းvideo ရိုက်နေတာပါ...ပြီးတော့လရိပ်က သရုပ်ဆောင်လည်း မဟုတ်သလို မော်ဒယ်လည်း မဟုတ်ပါဘူး"
"ဪဟုတ်... အဲ့ဒီလိုကိုး.."
သံစဉ် စကားကြောင့် ထိုအမျိုးသားမျက်နှာပေါ်တွင် အနည်းငယ် အံ့ဩသွားသည့်အရိပ် ပေါ်လာသော်လည်း ခဏအကြာမှာပင် သူက ချက်ချင်းပြန်ပြုံးလိုက်ပြီး...
"ဘာပဲ ပြောပြော ဒီနေရာမှာ အခုလိုတွေ့ဆုံရတာလည်း ရေစက်ပဲ မဟုတ်လား"
ပြောရင်း သူက ဘောင်းဘီအိတ်ထဲမှ ပိုက်ဆံအိတ်လေးတစ်ခုကို ထုတ်လိုက်လိုက်ပြီးထိုထဲ
မှ စီးပွားရေးကတ်တစ်ခုကို ဆွဲထုတ်ကာသံစဥ်ထံသို့ လက်နှစ်ဖက်ဖြင့် ကမ်းပေးလာသည်။
"ကျွန်တော့်နာမည်က ရတုမင်းဆက်ပါ ဒါက ကျွန်တော့် businessကဒ်ပါ.."
သံစဉ် ကတ်ကိုယူကာ တစ်ချက်ကြည့်လိုက်တော့...
"JM နည်းပညာကုမ္ပဏီ... CEO"
သံစဉ်ကဒ်ကို ဖတ်ပြီးတာနဲ့ မျက်ခုံးပင့်လိုက်ကာရတုမင်းဆက်ကို ထပ်ကြည့်လိုက်ပြီး...
" ရှင်လူမှားနေပြီထင်တယ်...ကျွန်မတို့က...
နည်းပညာပိုင်းတွေ ဘာမှမသိဘူး..အဲ့နယ်ပယ်ကမဟုတ်ဘူးရှင့်"
သံစဉ် အသံကခုနကလိုမဟုတ်တော့ဘဲ အနည်းငယ်ပျော့သွားသည်။
သံစဉ်စကားကြောင့် ရတုမင်းဆက် ပြုံးလိုက် ပေမဲ့ သူ့မျက်လုံး တွေက လရိပ်ဘက်ကိုသာ ထပ်ကြည့်လာပြီး....သူ့မျက်လုံးထဲတွင်
သဘောကျသည့်အရိပ်အယောင်ထင်ရှားနေသည်။
သူကပြုံးလိုက်ပြီးမှ...
"ကိစ္စမရှိပါဘူး.. အဓိကကကျွန်တော်ခင်ဗျားတို့နဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ"
လရိပ်က မျက်လွှာ ချလိုက်ပြီး ဘာမှမတုံ့ပြန်ပေမဲ့သံစဥ်သူမကတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်လိုလုပ် လက်လွှတ်ခံရမှာလဲ...
သူမ လရိပ်ရဲ့ လက်မောင်းကို တံတောင်ဖြင့် တိုးကာ နှစ်ယောက်တည်းသာ ကြားနိုင်လောက်တဲ့လေသံတိုးတိုးနဲ့..
"ဟဲ့ လရိပ်ချောလိုက်တာဟဲ့ပြီးတော့ CEO ကြီးတဲ့! မြန်မြန်လုပ်၊ မြန်မြန်!နင် အခွင့်အရေးရတုန်း
မဖျက်နဲ့နော်!"
ပြောရင်းသံစဉ်လရိပ်ကိုအားမလိုအားမရဖြစ်စွာကြည့်လိုက်သည်။
ရတုမင်းဆက်ဆိုသူကလည်း သူမတို့နှစ်ယောက်ကြားက လှုပ်ရှားမှုကို သတိထားမိပုံရကာသူ့မျက်လုံးထဲက အပြုံးက ပိုမိုနက်ရှိုင်းလာပြီး...
သူက ဖုန်းကို ထုတ်ယူလိုက်ကာ ...
"အဆင်ပြေရင် ဖုန်းနံပါတ်လေး ပြောပြပေးလို့ရမလား"
"တကယ်လို့ နောက်ပိုင်း အလုပ်အကိုင်အရ ပူးပေါင်းလုပ်ဆောင်ဖို့ အခွင့်အရေးရနိုင်တာမျိုး..ဒါမှမဟုတ်... မိတ်ဆွေသစ်တစ်ယောက်
ရလာတယ်လို့ပဲ သဘောထားပြီးပေးလို့ရမလားဗျ"
သူ့အမူအရာက ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှုမရှိသလိုတစ်ဖက် လူကို လည်း နေရခက်တာမျိုး မနှစ်မြို့စရာဖြစ်တာမျိုး မဖြစ်စေပါ။
သံစဉ် မျက်လုံးများက ချက်ချင်း တောက်ပလာပြီးသူမ လရိပ်ကို ထပ်တွန်းလိုက်တာကြောင့်
လရိပ်လည်း သံစဉ်တွန်းလိုက်သည့်အရှိန်ကြောင့် ရှေ့ကို ခြေလှမ်းအနည်းငယ် ယိုင်သွား
ရသည်။
သူမလည်း သံစဉ်ရဲ့ အားတက်တရောဖြစ်နေတဲ့ ပုံစံကိုကြည့်ပြီး စိတ်ချမ်းသာအောင် နောက်ဆုံးတွင် ဖုန်းနံပါတ်ပေးလိုက်သည်။
ထိုကောင်လေးက ချက်ချင်း ဝမ်းသာအားရဖြစ်သွားကာ ....
"ကျွန်တော် နာမည်ကို ဘယ်လိုမှတ်ထားလိုက်ရမလဲဗျ..."
"လရိပ်မြူပါ"
"နာမည်လေးက တော်တော်လှတာပဲ..."
ထိုကောင်လေးက ကျေနပ်သွားတဲ့ အပြုံးနဲ့ ဖုန်းကို ပြန်သိမ်းလိုက်ပြီး ထပ်ပြုံးပြလာကာ...
"ဒါဆို ကျွန်တော်ခင်ဗျားတို့ အလုပ်လုပ်နေတာကို မနှောင့်ယှက်တော့ပါဘူး သွားလိုက်ပါအုံးမယ်ဗျ..နောက်တစ်ခါ ပြန်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်.."
"ဟုတ်ကဲ့ပါရှင့်..."
သူက သူမတို့ နှစ်ယောက်စလုံးကို ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားခဲ့သည်။
သူ့ပုံရိပ် ပျောက်ကွယ်သွားသည်အထိ သံစဉ် စောင့်ကြည့်ပြီးမှလရိပ် လက်မောင်းကို စိတ်လှုပ်ရှားစွာ ဆွဲလိုက်ကာ...
"ဟုတ်တယ်...သေချာနေပါပြီ အဲ့ကောင်လေးက နင့်ကိုစိတ်ဝင်စားနေတာ ငါ့ရဲ့ လရိပ်လေးရဲ့အချစ်ကံကတော့ တကယ် ကောင်းလာပြီပဲ.."
"အရပ်ရှည်တယ်၊ ပိုက်ဆံရှိတယ်၊ ချောတယ်! အကုန်ပြည့်စုံနေပြီ! ဘယ်လောက်ကောင်းလိုက်လဲ"
"ကဲပါသံစဉ်ရယ်.... စိတ်ကူးယဉ် ပြီးပြော နေတာတွေ တော်တော့ဓာတ်ပုံသာ ဆက်ရိုက်စမ်းပါ"
လရိပ် ဖုန်းကို ပြန်သိမ်းလိုက်ပြီး ရောင်ပြန်ပြားကို ပြန်ကောက်ကိုင်လိုက်ကာပြောလိုက်ပေမဲ့
သံစဉ်ကတော့ လက်မလျှော့သေးပေ။
"မရဘူး...နင် ငါပြောတာ နားထောင်ဦး"
"ခုနက သူ့ကို သေချာမြင်လိုက်တယ်မလား အဲဒီခန္ဓာကိုယ်ဆို ရှပ်အင်္ကျီအောက်မှာ ဘယ်လောက်တောင်ရှိမလဲ စဉ်းစားကြည့်"
"ပခုံးကျယ်ကျယ်၊ ခြေတံရှည်ရှည်..အိုးးးအမိုက်စားပဲ"
"အဲဒီပုံစံကို ကြည့်တာနဲ့တင် ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး စည်းကမ်းရှိရှိနေတတ်တဲ့ အထက်တန်းစားလူတစ်ယောက်ဆိုတာ သိသာနေပြီ"
" နည်းနည်းလှုပ်လိုက်တာနဲ့တောင် အသက်ရှူမဝဖြစ်နေတဲ့ နေမကောင်းတဲ့လူတချို့ထက် အဆတစ်ထောင်မက ပိုကောင်းတယ်"
"လရိပ်... အခွင့်အရေးပေးလိုက်စမ်းပါ"
"သုံးနှစ်တောင်ရှိပြီနော်"
"နင် တစ်သက်လုံး ဒီလိုတစ်ယောက်တည်း
နေနေတော့မလို့လား"
လရိပ် ဘာမှပြန်မပြောဘဲ ခေါင်းသာခါပြလိုက်ပြီး သံစဉ်မကို ဓာတ်ပုံရိုက်တာမြန်မြန်ပြီးအောင်သာတွန်းအားပေးလိုက်သည်။
"လာပါ...အဲ့ဒီအကြောင်းတွေနောက်မှပြော အခုမြန်မြန်ပြီးအောင်လုပ်ပါ..ငါ ပြန်ပြီးနားချင်နေပြီ"
သူမ အဲ့လိုပြောလိုက်မှသာ သံစဉ်က ဘာမှဆက်မပြောတော့ပဲ အလုပ်ကို ပြန်အာရုံစိုက်သွားသည်။
---
အဆင့်မြင့် ဟိုတယ်ကြီးရဲ့ နေ့လယ်စာစားပွဲတွင် ထိုင်နေကြသူများမှာ စီးပွားရေးလောကရဲ့ ထိပ်တန်းအင်အားကြီးပုဂ္ဂိုလ်တွေချည်း ဖြစ်ကြသည်။
ဝိုင်ခွက်တိုက်သံများကြားတွင်ပင် သန်းချီတန်သော စီးပွားရေးအပေးအယူများကို ဆွေးနွေးနေကြသည်။
ရတုမင်းဆက် ပြတင်းပေါက်ဘေးတွင် ထိုင်နေပြီး သူ့ဘေးတွင် တော့ လင်းမြတ်ပိုင် ထိုင်နေသည်။
ရတုမင်းဆက်က မနှစ်ကမှ နိုင်ငံခြားမှ ပြန်လာခဲ့ပြီး မိသားစုပိုင် နည်းပညာကုမ္ပဏီကို လွှဲပြောင်းတာဝန်ယူထားသူဖြစ်သည်။
ဒီနေ့လဲ လင်းမြတ်ပိုင်က သူ့ကို အဆက်အသွယ်ကောင်း တွေထပ်ရဖို့ ဒီနေရာကို ခေါ်လာခဲ့ခြင်းဖြစ်သည်။
ဒါပေမဲ့ လူကြီးများက စိတ်အားထက်သန်စွာ စီးပွားရေး ကိစ္စတွေဆွေးနွေးနေကြသော်လည်း ရတုမင်းဆက်ကတော့ အနည်းငယ် စိတ်မပါသလို ဖြစ်နေတာကြောင့်...
"ဘာတွေစဉ်းစားနေတာလဲ..မင်းကြည့်ရတာ စိတ်မပါသလိုပဲ"
လင်းမြတ်ပိုင် သူ့တံတောင်ဖြင့် တိုးလိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
"မင်းဒီလိုအခွင့်အရေးမျိုး ရဖို့မလွယ်ဘူးနော် လာ လူကြီးတချို့ဆီ သွားပြီး တစ်ခွက်လောက်သောက်ရင်း စကားပြောလိုက်အုံး"
လင်းမြတ်ပိုင် စကားကြားမှ ရတု အတွေးတွေထဲကနေ ပြန်လည်နိုးလာပြီး..သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ရှက်ရွံ့မှုတို့ ရောထွေးနေသည်။
သူ လင်းမြတ်ပိုင် အနားကို တိုးကပ်လိုက်ပြီး အသံတိုးတိုးနဲ့...
"ငလင်း... မင်းကိုငါ တစ်ခု ပြောစရာရှိတယ်"
"ငါထင်တာတော့... ငါ့ဘဝရဲ့ မိန်းကလေးကို တွေ့ပြီထင်တယ်"
သူ့စကားကြားပြီး လင်းမြတ်ပိုင်က ချက်ချင်းထ ရယ်လိုက်ကာ....
" ဒါကတော့ ထူးဆန်းနေပြီ..ကိစ္စကြီးပဲ"
"ဘယ်ကောင်မလေးကများ ငါတို့ရဲ့ ရေခဲတုံးကြီး ရွှေရတု ငွေရတုကို ဒီလို ရင်ခုန်အောင် လုပ်နိုင်တာလဲ"
"နောက်ဆုံး တော့ ရင်ထဲကနှစ်ပေါင်းများစွာ
မပွင့်တဲ့ သစ်ပင်တောင် ပန်းပွင့်သွားပြီပေါ့"
"ငါခုနက ဒီကိုလာတုန်း လမ်းမှာ တွေ့လိုက်တာ တကယ်ပြောတာ... ငါ အရင်က ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး..ဘယ်လိုပြောရမလဲ..."
ရတု သင့်တော်တဲ့ စကားလုံးကို ရှာဖွေရန် ဦးနှောက်ကို အတော်ကြာ စဉ်းစားလိုက်ပေမဲ့နောက်ဆုံးတွင်တော့...
"မပြောပြတတ်တော့ဘူးကွာ..ဒါ ပေမဲ့ဘာပဲဖြစ်ဖြစ်... သူမပဲ..သေချာတယ်"
လင်းမြတ်ပိုင် မျက်ခုံးပင့်လိုက်ပြီး...
"ဝိုး.. ငါတို့ရဲ့ ရေခဲတုံးကြီး ရတုတောင် လောကီ ရေးရာအချစ်ရေးထဲ ကျ ရောက်သွားပြီပေါ့"
ရတု အနည်းငယ် ရှက်နေတဲ့ပုံနဲ့ခေါင်းကို ပွတ်လိုက်ကာ...
"ငလင်း... မင်းက အတွေ့အကြုံရှိတယ်မလား"
"ငါ့ကို သင်ပေးစမ်းပါဦးကွာ..ငါ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလိုက်ရမလဲ"
ထိုစကားကို ကြားလိုက်ရတာနဲ့ လင်းမြတ်ပိုင် ချက်ချင်း ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး
သူ့မျက်နှာပေါ်တွင် အောင်နိုင်သူတစ်ယောက်ရဲ့
အပြုံးမျိုးနဲ့...
"အဟွန်းးးး အရင်ဆုံး ပြောရမှာက မင်းတော်တယ် ရတု ဘာလိုလဲဆိုတော့အကြံပေးဖို့
ငါလို တော်တဲ့သူကိုမင်း ရွေးချယ်မိလို့ပဲ"
ပြောပြီးတာနဲ့ လင်းမြတ်ပိုင် လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး အသံတိုးတိုးဖြင့် သူသိသမျှ အချစ်ရေးလျှို့ဝှက်ချက်များကို စတင်သင်ပေးတော့သည်။
လင်းမြတ်ပိုင် အချစ်ရေးပညာတွေကို အာပေါက်မတတ် စိတ်အားထက်သန်စွာ
ရှင်းပြနေပေမဲ့..
ရတုက ရုတ်တရက် စကားမပြောတော့ဘဲ ပြတင်းပေါက်အပြင်ဘက်ကိုသာ တည့်တည့်ကြည့်နေတာကြောင့်....
"မင်း... ဘာကြည့်နေတာလဲကွာ..ဒီမှာ ငါ မင်းကို အလေးအနက်နဲ့ သင်ပေးနေတာနော်"
လင်းမြတ်ပိုင် မကျေမနပ်ပြောလိုက်ပေမဲ့ ရတုကတော့အဝေး တစ်နေရာကို မျက်တောင်ပင်မခတ်ဘဲ စိုက်ကြည့်နေပြီး တိုးတိုးလေး ရေရွတ်
လိုက်သည်။
"နတ်သမီးလေး..."
လင်းမြတ်ပိုင် စိတ်ဝင်စားပြီးပို သိချင်လာရသည်။
ဘယ်လိုမိန်းမမျိုးကများ ရတုမင်းဆက် လိုလူကို ဒီလောက်တောင် စိတ်လွတ်သွားအောင် လုပ်နိုင်ရတာလဲ..
သူလည်း ချက်ချင်း ပြတင်းပေါက်ဘက်ကို ကိုယ်ကိုစောင်းကာ ကြည့်လိုက်ပေမဲ့ဘာမှမမြင်ရပဲ အကိုင်းအခက်များ ထူထပ်စွာ ပေါက်နေသော အပင်ကြီးက မြင်ကွင်းတစ်ခုလုံးကို ပိတ်ဆို့ထားသည်။
ဘာမှမမြင်ရပေ...
"ဘယ်မှာလဲ.."
"ငါ ဘာလို့မမြင်ရတာလဲ"
ပြောရင်း လင်းမြတ်ပိုင် လည်ပင်းကို ဆန့်ထုတ်ပြီး ရှာကြည့်လိုက်ပေမဲ့ ဘာမှမမတွေ့ရပေ။
ရတုကတော့ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝိုင်ခွက်ကို ကောက်ယူကာတစ်ငုံသောက်လိုက်သည်။
သူ့ မျက်နှာတွင် အနည်းငယ် မူးယစ်နေသည့်အရိပ်ကို မြင်လိုက်ရသဖြင့် လင်းမြတ်ပိုင် သတိပေးလိုက်သည်။
"ရတု..ငါတစ်ခုတော့သတိပေးမယ် ဒီရက်ပိုင်း
ဒီမြို့မှာ အစည်းအဝေးကြီးတွေ ကျင်းပနေတော့ လူကောင်းလူဆိုး အမျိုးမျိုးတွေ့ရတယ်"
"ချမ်းသာတဲ့လူတွေနဲ့ ချိတ်ဆက်ချင်လို့ ဒီကိုလိုက်လာတဲ့ မိန်းမတွေလည်း အများကြီးပဲ"
"ငါပြောချင်တာကို မင်းသဘောပေါက်မှာပါမျက်စိကို ဖွင့်ထား..ပြန်ရောက်ရောက်ချင်းပဲ လူလိမ်ခံရတာမျိုး မဖြစ်စေနဲ့"
ရတု လင်းမြတ်ပိုင်စကားကြောင့် မျက်မှောင်ကြုတ်လိုက်ကာ..
ပြောသည့်စကားကို သဘောမတူသည့်ပုံပေါ်သော်လည်း ပြန်လည်ငြင်းခုံခြင်းတော့ မပြုခဲ့ပေ။
အခန်းမှတ်ချက်များ (0)