လရိပ် ဧည့်သည်အိပ်ခန်းရဲ့ ပြတင်းပေါက်နားမှာတစ်ယောက်ထဲရပ်နေမိသည်။
အခန်းက ကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်းတွေနဲ့ လှပစွာ အလှဆင်ထားကာ..ပြတင်းပေါက်အပြင်ဘက်မှာတော့ မြူများဖုံးလွှမ်းနေပြီး လရောင်
က အိမ်မကြီးဘက်ကို သွားတဲ့ ကျောက်လမ်းပေါ်ကို ဖြာကျနေသည်။
သူမတို့ အကုန်လုံးခွန်သစ်မင်းရဲ့အိမ်မှာပဲ ဒီညညအိပ်မှာဖြစ်တာမို့ ခွန်းသစ်မင်းက ဧည့်ဆောင်ခန်းတွေ တစ်ခန်းစီစီစဉ်ပေးထားသည်။
လွှမ်းကတော့လွန်ခဲ့တဲ့ သုံးနာရီခန့်လောက်ထဲက သူမကို ဧည့်ခန်းထဲပို့ထားခဲ့ပြီး အပြင်ပြန်ထွက်သွားကာ အခုထိပြန်မလာသေးပေ။
လရိပ် ပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်ရင်း သန့်စင်ခန်ထဲမှာ နန်းသစ္စာ ပြောခဲ့တဲ့စကားများကိုသာ ပြန်သတိရနေမိသည်။
ထိုစကားများက သူမနဲ့ လွှမ်းကြားက ကျန်ရှိနေတဲ့ နောက်ဆုံးကြိုးလေးကို ဓားထက်ထက်ဖြင့် ဖြတ်တောက်လိုက်သလိုပင်။
နန်းသစ္စာ မျက်နှာပေါ်မှာ အနိုင်ရသူတစ်ယောက်လို ပြုံးနေခဲ့ပြီးသူမကိုလည်း သနားသလို.... အထင်သေးသလို မျက်လုံးတွေနဲ့ ကြည့်ခဲ့တာ
ကို အခုထိမျက်လုံးထဲကထုတ်လို့မရခဲ့ပေ။
တဖြည်းဖြည်းနဲ့ပြတင်းပေါက်အပြင်ဘက်က လကို တိမ်များက ဖုံးအုပ်လာသည်။
လရိပ်ရပ်နေမိရင်း အဲ့အချိန် နန်းသစ္စာနဲ့ လွှမ်းတို့ ခြံဝင်းထဲမှာ ဘေးချင်းယှဉ်လျှက်လမ်းလျှောက်လာတာကို မြင်လိုက်ရသည်။
လရောင်အောက်မှာ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကတောင် အလွန်လိုက်ဖက်နေကြသည်။
သူတို့နှစ်ယောက်ရဲ့ အရိပ်များက တဖြည်းဖြည်း ဝေးကွာသွားကာ နောက်ဆုံး အဆောက်အအုံထောင့်နောက်မှာ ပျောက်ကွယ်သွားသည်အထိလရိပ်ကြည့်နေမိသည်။
သူမ မျက်တောင်ပင် မခတ်နိုင်ဘဲ စိုက်ကြည့်နေမိတာမို့ သူမရဲ့မျက်လုံးများကပင် စပ်ဖျင်းဖျင်းဖြစ်လာရသည်။
သူတို့ရဲ့ ပုံရိပ်တွေ ပျောက်ကွယ်သွားပြီးတဲ့အထိ အတော်ကြာအောင်ရပ်နေခဲ့ပြီးမှ သူမ ပြတင်းပေါက်ကို ပိတ်ကာ ကုတင်ပေါ်တက်ခဲ့လိုက်သည်။
သူမဒီနေ့တစ်နေကုန် စိတ်ကော လူကော ပင်ပန်းထားတာမို့ အနားယူဖို့ လိုပြီမလား။
ဒါပေမဲ့ အိပ်ရာပေါ်ရောက်တော့လဲ အိပ်မပျော်နိုင်ဘဲ သန်းခေါင်ကျော်သည်အထိ အတွေး
တွေများနေပြီး မှ နောက်ဆုံးအတော်ညနက်မှ အိပ်ပျော်သွားခဲ့သည်။
လရိပ် မနက်နိုးလာတော့ ၈ နာရီတောင် ထိုးနေပြီဖြစ်သည်။
သူမနိုးနိုးချင်းသတိတရ ဘေးနားကို လက်နဲ့လှမ်းစမ်းလိုက်တော့ မွေ့ရာခင်းကအေးစက်နေတာမို့လွှမ်း ညကပြန်မလာခဲ့ဘူးဆိုတာ အတိအကျဖော်ပြနေသည်။
လရိပ် ဘာမှထပ်ပြီး အမျာကြီးမစဉ်းစားနေတော့ဘဲ အိပ်ယာက ထကာ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဧည့်သည်တွေအတွက်ပြင်ဆင်ပြီး လာပို့ပေးတဲ့ မနက်စာကို စားကာ ခြံထဲမှာ လမ်းလျှောက်ဖို့ထွက်လာခဲ့လိုက်သည်။
သူမမနက်ခင်း လတ်ဆတ်တဲ့လေကို ရှူရှိုက်လိုက်ရင် ရှုပ်ထွေးနေတဲ့စိတ်တွေ အနည်းငယ်
ကြည်လင်သွားအောင်လုပ်လိုက်သည်။
ဒီအိမ်ကြီးရဲ့ခြံထဲက ဥယျာဉ်က တကယ့်ကိုသဘာဝဆန်ဆန်လှပကာ တည်ငြိမ်အေးချမ်း
လှသည်။
သူမ ဖြေးဖြေးချင်းလမ်းလျှောက်ရင်းဝါးတောကြားက လမ်းကလေးကို ဖြတ်ကာ
ရေကန်နားကို ရောက်သွားသည်။
သူမ ရေကန်မှာ နန်းသစ္စာ ရှိ နေတာကိုမြင်လိုက်တာမို့တိတ်တိတ်လေး လှည့်ပြန်ထွက်သွားဖို့လုပ်လိုက်ပေမဲ့နန်းသစ္စာက သူမကိုမြင်သွားလှမ်း တားလာသည်။
"မနက်ခင်း လမ်းလျှောက်ထွက်လာတာလား?"
နန်းသစ္စာရဲ့ အပြုံးက လှပပြီး ပြည့်စုံနေပေမဲ့ မျက်လုံးထဲမှာတော့ အထက်စီးဆန်နေတဲ့ အေးစက်တဲ့အရိပ်အယောင်တွေရှိနေသည်။
"ဟုတ်ပါတယ်..ဒါပေမဲ့ အခုပဲပြန်တော့မလို့ပါ.."
"နေပါအုံးဘာလို့ ဒီလောက်တောင် အလျင်လိုနေတာလဲ"
"ဒါနဲ့လွှမ်းနဲ့ တခြားသူတွေအားလုံး အဲဒီမှာရှိတယ်"
နန်းသစ္စာက ရေကန်ဘေးနားက နားနေဆောင်လေးကို လက်ညှိုးထိုးပြပြီးပြောလာသည်။
လရိပ်လည်း အဲဒီဘက်ကို လှည့်ကြည့်လိုက်တော့တကယ်ပင် လူတချို့ စကားပြောနေကြသည်။
အဲ့အချိန်မှာပဲ နန်းသစ္စာက ရုတ်တရက် သူမအနားကိုကပ်လာပြီး အသံတိုးတိုးနဲ့...
"တို့ မင်းကို မေးစရာတစ်ခုရှိတယ်.. အခု ဒီအချိန်မှာသာ မင်းက တို့ကို ရေကန်ထဲ တွန်းချလိုက်ရင် ဘာဖြစ်မယ်ထင်လဲ?"
လရိပ် နန်းသစ္စာဘာကိုဆိုလိုချင်မှန်း ခဏတာ နားမလည်နိုင်ဖြစ်သွားကာ ခဏစဉ်းစားပြီး
မှသူဘာလုပ်ချင်နေသည်ကို သိလိုက်ရတာမို့သူမလှောင်ပြုံးလေးပြုံးလိုက်ပြီး....
"ဒီနည်းလမ်းက အရမ်းဟောင်းနေပြီ.. ကျွန်မ ဝတ္ထုရေးရင်တောင် ဒီလိုဇာတ်ကွက်မျိုး သုံးမှာမဟုတ်ဘူး.."
သူမရဲ့စကားကို နန်းသစ္စာက ပြုံးလိုက်ပြီး...
"နည်းလမ်းဟောင်းတာ မဟောင်းတာအရေးမကြီးပါဘူး...အဓိကက အလုပ်ဖြစ်ရင် ရပြီမလား"
"လွှမ်းက မင်းကိုယုံမလား..တို့ကိုယုံမလား ခန့်မှန်းကြည့်ပါလား.."
နန်းသစ္စာက ပြောပြီးတာနဲ့ လရိပ် ဘာမှမပြောနိုင်ခင်မှာတင် သူမလက်ကောက်ဝတ်ကို လက်သည်းတွေ အသားထဲနစ်ဝင်သွားတောင်
ကုပ်ပြီးဆုပ်ကိုင်လာတာမို့သူမ အလွန်နာကျင်သွားရကာ...
"ရှင်..ဘာလုပ်တာလဲ? လွှတ်!"
သူမ လက်ကိုအတင်းပြန်ရုန်းလိုက်သည်။
နန်းသစ္စာ မျက်လုံးထဲမှာ အေးစက် ကောက်ကျစ်တဲ့ အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး...
"တို့ မင်းကို ကူညီပေးမယ်.."
ပြောကာ နန်းသစ္စာက လရိပ်ရဲ့လက်ကို ရုတ်တရက် အားပြင်းပြင်းဆွဲလိုက်တာမို့
လရိပ် ဟန်ချက်ပျက်ပြီး ရှေ့သို့ ယိုင်သွားရသည်။
နန်းသစ္စာကလဲ အဲ့အရှိန်ကို အခွင့်ကောင်းယူပြီး နောက်ဘက်ကို ယှိင်လှဲချလိုက်ကာ တစ်ယောက်ယောက်က တွန်းချလိုက်လို့
ရေကန်ထဲကျသွားသလိုပုံစံနဲ့ကန်ထဲကို နောက်ပြန်လှဲချလိုက်သည်။
"ဗွမ်းးး!"
ရေကန်ထဲ ရေတွေက အရှိန်ပြင်းပြင်း လှုပ်ခတ်သွားကာ ပြုတ်ကျသွားတဲ့အသံပါကျယ်ကျယ်လောင်လောင်ထွက်လာတာမို့နားနေဆောင်ထဲက လူအားလုံး ရေသံကြားပြီး ဒီဘက်ကို လှည့်ကြည့်လာကြသည်။
လရိပ်လည်းလန့်သွားပြီး ထိတ်လန့်တကြား နဲ့ရေကန်ထဲကို ကြည့်လိုက်မိတော့နန်းသစ္စာက
ရေထဲမှာ ရုန်းကန်နေပြီး အသံကျယ်ကျယ်နဲ့ အကူအညီတောင်းနေသည်။
"ကယ်ကြပါ!"
အနီးနားက လူတွေလဲ ချက်ချင်း ဒီဘက်ကို ပြေးလာကြကာအရှေ့ဆုံးကတော့ လွှမ်း ဖြစ် နေသည်။
သူကအနားရောက်တာနဲ့ ချက်ချင်း အင်္ကျီအပေါ်ထပ်ကို ချွတ်ပစ်လိုက်ကာ ရေကန်ထဲ
ကို ခုန်ဆင်းသွားသည်။
ရေထဲမှာ အားပြင်းပြင်းနဲ့ ကူးသွားပြီး နန်းသစ္စာရဲ့ ခါးကို ဖက်ကာ ရေထဲက ဆွဲထုတ်လိုက်ပြီး..
"ဘာမှမဖြစ်ဘူးမကြောက်နဲ့..ကိုယ်လာကယ်ပြီ"
လွှမ်းရဲ့ တည်တည်ငြိမ်ငြိမ်နဲ့ နှစ်သိမ့်ပေးနေတဲ့အသံကို သူမ ကမ်းပေါ်ကနေတောင်အတိုင်းသားကြားနေရသည်။
ကမ်းပေါ်ရောက်တာနဲ့ လွှမ်း က နန်းသစ္စာကို ပွေ့ချီလိုက်ပြီးသူမဘက်ကို လှည့်ကြည့်လာတော့သူ့မျက်လုံးများထဲက အေးစက်မှုက
အရိုးထဲအထိ စိမ့်ဝင်သွားသလိုပင်။
"မင်း ဘာလုပ်လိုက်တာလဲ?"
လရိပ် ပါးစပ်ဟပြီး ရှင်းပြဖို့ကြိုးစားလ်ုက်
ပေမယ့်သူမ အသံထွက်မလာခဲ့ပေ။
ပတ်ဝန်းကျင်ကလူတွေရဲ့ အကြည့်တွေကလည်း မမြင်ရတဲ့မြှားတွေ သူမဆီကို တစ်ပြိုင်နက် ပစ်လွှတ်နေသလို ခံစားလာ
ရသည်။
"လွှမ်း...."
နန်းသစ္စာက လွှမ်းရဲ့ ရင်ခွင်ထဲမှာ အားနည်းစွာမှီရင်း အသံသေးသေးလေးဖြင့် ပြောလာသည်။
"အရမ်းအေးတယ်…"
လွှမ်းမျက်နှာက ချက်ချင်းပျော့ပြောင်းသွားပြီး
သူက နန်းသစ္စာကို ပိုတင်းတင်းဖက်ထားလိုက်ကာ....
"မကြောက်နဲ့..ကိုယ် အခုပဲ မင်းကို အခန်းထဲ ပြန်ခေါ်သွားမယ်.."
သူကနန်းသစ္စာကို ပွေ့ချီထားရင်အဆောက်အအုံကြီးဘက်ကို ခြေလှမ်းကျယ်ကျယ်နဲ့ ထွက်သွားသည်။
လရိပ်ကတော့ ရေကန်ဘေးမှာ တစ်ယောက်တည်း ကျန်နေခဲ့သည်။
မနက်ခင်းလေက အေးစက်နေသော်လည်း သူမရင်ထဲက အေးစက်မှုကတော့ အဲ့ထက်ပိုပြင်းထန်နေသည်။
လူတွေအကုန်လုံး ထွက်သွားပြီး ဘယ်သူမှမရှိတော့ပေမဲ့ သူမကတော့ ဘယ်လောက်ကြာကြာ အဲဒီနေရာမှာ ရပ်နေခဲ့မှန်း မသိတော့ပါ။
ရေကန်မျက်နှာပြင်က တိုက်ခိုက်နေတဲ့ လေအေးတွေကြောင့် တဖြည်းဖြည်းလှုပ်ခတ်နေပေမဲ့
သူမစိတ်ထဲမှာတော့ ရေထဲမကျခင်က နန်းသစ္စာ မာနကြီးစွာ ပြုံးနေတဲ့မျက်နှာကို သာပြန်မြင်နေရသည်။
အဲ့ထက်ပိုပြီး သူမ မထင်ထားခဲ့တာက လွှမ်းက သူမကို ဒီလိုကြည့်မည်ဆိုတာပင်။အနည်းဆုံးတော့ သူကတော့ သူမကို ယုံကြည်ပေးမယ်လို့ထင်ခဲ့မိသည်။
ဒါပေမဲ့ အခုတော့ သူမ အထင်နဲ့ လုံးဝကို ကွဲလွဲကာ ..သူက အေးစက်နေသည်... အပြစ်တင်နေသည်.. ပြီးတော့ သူမကိုတောင် မသိတော့သလိုပင်။
အတော်ကြာမှ လရိပ် တောင့်တင်းနေတဲ့ ခြေထောက်တွေကို အားယူပြီး အဆောက်အအုံဘက်ကို တစ်လှမ်းချင်း လမ်းလျှောက်ပြန်လာခဲ့သည်။
~~~~~
လွှမ်း ဆေးရုံရဲ့လျှောက်လမ်းမှာ လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲထည့်ထားပြီးမျက်မှောင်ကြုတ်ကာ ရပ်နေမိသည်။
ခွန်းသစ်မင်းက ကော်ဖီနှစ်ခွက်ယူလာပြီး တစ်ခွက်ကို သူ့ကို ပေးလာကာ...
"သစ္စာ အဆင်ပြေပါတယ်...ကြီးကြီးမားမားမဖြစ်ပါဘူး နည်းနည်းလန့်ရုံပါပဲ နားလိုက်ရင်အဆင်ပြေသွားမှာပါ"
လွှမ်း ကော်ဖီခွက်ကိုလှမ်းယူလိုက်ပေမဲ့
ဘာမှမပြောဘဲ အဝေးတစ်နေရာကိုသာ
ငေးကြည့် နေသည်။
သူ့မျက်နှာက တင်းမာနေပြီး စိတ်အခြေအနေ
မကောင်းတာ သိသာနေသည်။
ခွန်းသစ် အခြေအနေကိုနည်းနည်း ပေါ့ပါးအောင်စကားစပြောလိုက်သည်။
"အရမ်းလည်း စိတ်မဆိုးနဲ့.. မိန်းမတွေဆိုတာ တစ်ခါတစ်လေ ဖြစ်တတ်တာပဲ"
လွှမ်းက သက်ပြင်းတသ်ချက်ချလိုက်ပြီး...
"ဒီအချိန်တွေအတွင်း သူ့ကို ငါအရမ်းအလိုလိုက်ခဲ့မိတယ်ထင်တယ်... အခုတော့ အလိုလိုက်လွန်းမိသွားပြီလားမသိဘူး.."
ခွန်းသစ် လွှမ်းရဲ့ စကားကြောင့်အံ့ဩသွားမိကာ...
"မင်းက လရိပ်ကို အဲဒါတမင်လုပ်တယ်လို့ ပြောချင်တာလား"
လွှမ်းက ပြန်မဖြေပေမဲ့ သူ့မျက်လုံးများက ပို၍ လေးနက်ကာနက်မှောင်လာတာမို့....
ခွန်းသစ်ကတော့ လရိပ်ကို သူ ယုံကြည်ကြောင်း ပြောလိုက်သည်။
"ငါ လရိပ်ကို ကောင်းကောင်းသိတယ်...အမှန်အတိုင်းပြောရရင် သူ ဒီလိုမလုပ်လောက်ဘူး...ဒါပေမယ့် မိန်းမတွေရဲ့ကိစ္စတွေက
နည်းနည်း တော့ရှုပ်ထွေးတယ်မလား.."
လွှမ်းက ဘာမှပြန်မပြောလာပဲ ကော်ဖီကို တစ်ငုံတည်း သောက်လိုက်ပြီး ခွက်ကို ဖိချေလိုက်ကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီးမှ...
"ကားသမားတစ်ယောက် စီစဉ်ပြီး သူ့ကို ပြန်ပို့ ပေးလိုက်.."
"ဟင်..မင်းကိုယ်တိုင် လိုက်မပို့ဘူးလား"
"ဒရိုက်ဘာနဲ့ပဲပြန် ပို့လိုက်.."
လွှမ်း ခွန်းသစ်ရဲ့ စကားကို ဖြတ်ပြောလိုက်သည်။သူ့အသံကလည်း အလွန်အေးစက်နေသည်။
ခွန်းသစ်လဲ ဘာမှဆက်မမေး နေတော့ဘဲ ဖုန်းထုတ်ပြီး အိမ်က အိမ်ထိန်းကို ဆက်လိုက်ကာ
လရိပ်ကို ကားစီစဉ်ပြီး မြို့ထဲပြန်ပို့ဖို့ မှာလိုက်သည်။
အခန်းမှတ်ချက်များ (0)