Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၄)

ရေပန်းခေါင်းမှ ကျဆင်းနေသော ရေအေးအေးတို့သည် စံအိမ့်ခန္ဓာကိုယ်ထက်သို့ စီးကျနေသော်လည်း သူမ ရင်ထဲက ပူလောက်မှုကိုတော့ မငြှိမ်းသတ်နိုင်။ ရေချိုးခန်း ကြွေပြားနံရံကို လက်ဖြင့် အားပြုထောက်ထားရင်း ရှိုက်ကြီးတငင် ငိုကြွေးနေမိကာ

သူမ ခန္ဓာကိုယ်ပေါ်က အရာထင်နေသော အကွက်အကွင်းများ

ကိုက်ရာများကို ဆပ်ပြာဖြင့် အထပ်ထပ် အခါခါ ပွတ်တိုက်ဆေးကြောနေမိ၏။ ရေပန်းက ကျနေတဲ့ ရေတွေနှင့် သူမ မျက်ဝန်းမှ မျက်ရည်စတွေက ရောယှက်နေလေသည်။

"ငိုမနေနဲ့ စံအိမ်... နင့်ဘဝမှာ ဒီထက်ဆိုးတာတွေ ကြုံခဲ့ဖူးပါတယ်..."

သူမ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း မျက်ရည်များကို သုတ်ဖယ်လိုက်သည်။

မိဘမဲ့တစ်ယောက်အနေနဲ့ လောကဓံကို ကြံ့ကြံ့ခံခဲ့ရသည့်

စိတ်ဓာတ်မာမာလေးက သူမကို အလဲမထိုးနိုင်အောင် ပြန်ထူမပေးနေ၏။

သူမ ရေပန်းကို ပိတ်လိုက်ပြီး ခန္ဓာကိုယ်ကို သုတ်သင်ကာ အဝတ်အစား လဲပြီး ပြန်ထွက်လာခဲ့သည်။ အခန်းထဲတွင် သခင် မရှိတော့ဟု ထင်ခဲ့သော်လည်း နေမင်းသခင်က ကုတင်ခြေရင်းရှိ ဆိုဖာခုံတွင် ခြေချိတ်ထိုင်ကာ သူမကို စောင့်နေ‌ေလ၏။

"ပြီးပြီလား... အတော်ပဲ"

သခင်က စံအိမ့်တစ်ကိုယ်လုံးကို အစုန်အဆန်ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်၏။

သူ့ပါးပြင်ပေါ်တွင် စံအိမ် ရိုက်ထားသော လက်ဝါးရာက ပါးပါးလေး ကျန်ရှိနေသေးသည်။

"မာမီ့ဆီသွားမယ် ... ဆင်းခဲ့ "

'မာမီ' ဆိုသော အသံကြားတော့ စံအိမ် တွန့်သွားသည်။

သခင့်အမေ ဒေါ်မြတ်သွင် ... စံအိမ့်ကို သမီးအရင်းလို ဆက်ဆံခဲ့တာဖြစ်၏။

သူမကတော့ သခင်ထင်ထားသလို စံအိမ့်‌ကြောင့် သူ့သမီးသေရတယ်ဆိုတာ မသိတာဖြစ်လိမ့်မည်။

"ကျွန်မ မလိုက်နိုင်ဘူး..."

သူမစကားကြောင့် သခင် မျက်မှောင်ကြီးတွန့်ကျိုးသွားကာ

စံအိမ့် လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

"မင်း ငါ့ကို ပါးရိုက်ရဲတာနဲ့တင် မင်းတော်တော် သတ္တိရှိနေပြီလို့

မထင်နဲ့။ မင်းမှာ ရွေးချယ်ခွင့် မရှိဘူး။ ဒါ မင်းအတွက် အမိန့်ပဲ"

" ရှင် ကွာရှင်းမပေးမချင်း ကျွန်မ ဘာမှ မလုပ်..."

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား..."

သခင်က စံအိမ့် လက်ကို လိမ်ချိုးလိုက်သလို ဖျစ်ညှစ်ထားရင်း မျက်နှာကို အနီးကပ် တိုးလိုက်သည်။

"အာ့ ..."

"မင်း ဘာကို အားကိုးပြီး ဒီလောက် ခေါင်းမာနေတာလဲ။

ဘာလဲ မင်းရဲ့ ရည်းစားဟောင်းကို အားကိုးတာလား။ "

စံအိမ့် နှလုံးသား တစ်ချက် ဆစ်ခနဲ ဖြစ်သွားရသည်။

" လာခဲ့ ... သွားမယ် "

နေမင်းသခင် မဲ့ပြုံးပြုံးရင်း သူမကို တရွတ်တိုက်မတတ် အတင်းဆွဲခေါ်သွားတော့သည်။ စံအိမ် ရုန်းကန်ချင်သော်လည်း အင်အားမရှိတော့။

စံအိမ့်မှာရော ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်နဲ့ မိသားစုဘဝလေးက ပိုင်ဆိုင်ခွင့်မရှိတော့ဘူးလား။

ပထမဆုံး အချစ်ဦးတုန်းကလည်း စံအိမ်က မိဘမဲ့ဆိုတဲ့ ပညတ်ချက်နှင့် သူ့မိသားစုက ပယ်ချခြင်းခံခဲ့လိုက်ရသည်။

တစ်ယောက်ကိုတစ်ယောက် ချစ်ပါလျက်နှင့် မိဘစကားကို မပယ်ဝံ့တဲ့ ထက်အာကာက မိဘတွေ ပေးစားတဲ့ နွေအရိပ်ဆိုသည့် အမျိုးသမီးနှင့် လက်ထပ်ခဲ့၏။

ဒါပေမယ့် အချစ်မပါတဲ့ အိမ်ထောင်ရေးက အဆင်မပြေခဲ့။

အချစ်မပါဘူးဆိုတာထက် တစ်ဖက်သတ်အချစ်တော့ ပါခဲ့လေသလား။

မချစ်မနှစ်သက်တဲ့သူကို လက်ထပ်လိုက်ရသည့် ထက်အာကာက

သူ့အချစ်ဦး စံအိမ့်ကို မပြတ်နိုင်ပဲ ပြန်ရောက်လာခဲ့လေသည်။

ဒါပေမယ့် စံအိမ်ကတော့ သူအိမ်ထောင်ကျပါပြီဆိုကတည်းက ရှောင်ခဲ့၏။

အဲ့ဒါကိုပဲ ထက်အာကာကလည်း နွေအရိပ်ကြောင့်ပဲဆိုပြီး

သူ မချစ်မနှစ်သက်သည့် နွေအရိပ်အပေါ် အမုန်းတွေ တိုးလေသည်။

လူကြီးမိဘတွေ စီစဉ်တာကို ခေါင်းညိတ်ခဲ့ရပြီး ဘာမျှမသိရှာတဲ့

နွေအရိပ်မှာတော့ သူ့အမုန်းတွေခါးစီးခံခဲ့ရရှာ၏။

ထိုသို့ သူမကို မုန်းနေသည့် ခင်ပွန်းဖြစ်သူကို ချစ်မိသွားတော့

ချစ်မိသူအရှုံးပေါ့။

နွေအရိပ်ကလည်း ထက်အာကာက သူမကိုမချစ်ပဲ စံအိမ့်ကြောင့်ပဲဆိုပြီး စံအိမ့်ကို အမုန်းကြီးမုန်းတော့သည်။

______________

ထမင်းစားခန်းထဲရှိ ထိပ်ဆုံးခုံတွင် ထိုင်နေသူမှာ သခင့်အမေ

ဒေါ်မြတ်သွင် ဖြစ်သည်။ သူမက သားဖြစ်သူနှင့် ချွေးမဖြစ်သူ မြင်သောအခါ ပြုံးရွှင်စွာ ဆီးကြိုလေသည်။

"လာကြ... သားနဲ့သမီး... မေမေက စောင့်နေတာ... သမီး

စံအိမ်... ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား"

ဒေါ်မြတ်သွင်၏ အမေးကို ကြားသောအခါ သခင်က စံအိမ်၏

ခါးကို တင်းတင်းဖက်လိုက်ပြီး လက်ချောင်းများဖြင့် ခါးကို နာကျင်အောင် ဖျစ်ညှစ်ရင်း အပြုံးတုတစ်ခုဖြင့် ဝင်ဖြေလိုက်သည်။

"အိပ်ပျော်ပါတယ် မေမေရဲ့... စံအိမ်က မနက်တောင် မထချင်ဘူး ဖြစ်နေတာ... ဟုတ်တယ်မလား မိန်းမ"

သခင်က စံအိမ်ဘက် လှည့်မေးလိုက်သည်။

စံအိမ်ဘက်လှည့်လိုက်သည်နှင့် ခုနက ဟန်ဆောင်မျက်နှာဖုံးက ချက်ချင်းကွာကျသွားကာ အေးစက်မာကြောသော မျက်နှာအသွင်သို့ပြောင်းသွား၏။

စံအိမ် တံတွေးတစ်ချက်ကို ခဲယဉ်းစွာ မျိုချလိုက်ရင်း...

"ဟုတ်ကဲ့ "

"အေးအေး ... လာ လာ ထိုင်ကြ ထိုင်ကြ "

"ဟုတ်ကဲ့ "

"စား စား ... အားရပါးရစား သမီးလေး "

ဒေါ်မြတ်သွင်၏ ကြင်နာသော အသံက စံအိမ့် နားထဲသို့ တိုးဝင်လာလျှင် စံအိမ် သူမအား ငေးကြည့်နေမိခဲ့သည်။

မိဘမေတ္တာဆိုတာ ဒါကိုပြောတာလား။

ဒီလိုအကြင်နာမေတ္တာတွေ စံအိမ်တစ်ခါမျှမရခဲ့။

ကြည့်ရတာ စံအိမ့်ကိုသခင်ထင်နေသလို စံအိမ်ကြောင့် နွေအရိပ်သေရတယ်ဆိုတဲ့အကြောင်း သူ့မေမေကတော့ မသိသေးဘူးထင်ပါရဲ့။

အင်းလေ ... သိသွားခဲ့ရင် ဒီလိုဘယ်နေပါ့မလဲ။

သခင့်လို အမုန်းကြီးမုန်းနေမှာပေါ့။

"စားလေ သမီး ... စားလို့မကောင်းလို့လား။ "

"မဟုတ်ပါဘူး စားလို့အရမ်းကောင်းပါတယ် အန်တီ "

"အို သမီးကလည်းကွယ် ဘာအန်တီလဲ သူစိမ်းတွေမှ မဟုတ်တော့ပဲ သားခေါ်သလို မာမီဖြစ်ဖြစ် မေမေဖြစ်ဖြစ် တစ်ခုခုခေါ်ပါကွယ် "

"ဟုတ်ကဲ့ပါ ‌... မေမေ "

"အေး အဲ့လိုမှပေါ့ကွယ် "

စံအိမ့်ခေါ်သံအဆုံး ဒေါ်မြတ်သွယ်က နှစ်လိုစွာ ပြုံးပျော်သွားပြီး

ထမင်းစားပွဲပေါ်တင်ထားတဲ့ သခင့်လက်ကတော့ ခပ်တင်းတင်းဖြစ်သွားတာ စံအိမ်မြင်လိုက်မိသေး၏။

ဒေါ်မြတ်သွင်ရဲ့ အကြင်နာတွေနှင့် သခင့်ရဲ့ အမုန်းတရားတွေကြား စံအိမ့် အတွေးတို့က အတိတ်ဆီသို့ ပြန်လည်လွင့်မျောသွားခဲ့သည်။

"ကိုထက်... ဘာစကားပြောလိုက်တာလဲဟင်"

ကော်ဖီဆိုင်လေးတစ်ခု၏ ထောင့်စွန်းဝိုင်းတွင် စံအိမ့်မျက်ရည်စက်တို့က စားပွဲခင်းပေါ်သို့ ကျဆင်းလာခဲ့ကာ ရင်တွေလည်းတဆစ်ဆစ်နာကျင်လာခဲ့သည်။ သူမ ရှေ့တွင် ထိုင်နေသော ထက်အာကာက ခေါင်းကို ငုံ့ထားကာ ...

"ကိုယ် တောင်းပန်ပါတယ် စံအိမ်ရယ်... ကိုယ့်မိဘတွေရဲ့ဆန္ဒကို ကိုယ် မလွန်ဆန်နိုင်လို့ပါ ...သူတို့က စံအိမ်နဲ့ သဘောမတူကြဘူး... စံအိမ်က..."

"စံအိမ်က မိဘမဲ့မို့လို့မလား... ဟုတ်တယ်မလား ကိုထက်"

ထက်အာကာ ဘာမှ ပြန်မပြောနိုင်။

တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းပင် ဖြစ်သည်။

စံအိမ် နာကျင်စွာ ပြုံးလိုက်မိ၏။

မိဘမဲ့ဖြစ်ရခြင်းသည် သူမ ရွေးချယ်ခဲ့သော ကံကြမ္မာမဟုတ်သော်လည်း လောကကြီးက သူမကို အမြဲတမ်း ခွဲခြား ဆက်ဆံခဲ့ကြသည်။

"သူတို့ သဘောတူထားတဲ့ မိန်းကလေးရှိတယ်...

ဟိုဘက်ကလည်း လက်ခံလိုက်ပြီ

ကိုယ်... ကိုယ် ငြင်းလို့မရတော့ဘူး စံအိမ်"

ထိုမိန်းကလေး၏ နာမည်က 'နွေအရိပ်' တဲ့။

စံအိမ် ထိုစဉ်က နာမည်ကိုသာ ကြားဖူးခဲ့သည်။ လူကို မမြင်ဖူးခဲ့။

မကြာမီမှာပင် ထက်အာကာနှင့် နွေအရိပ်တို့၏ မင်္ဂလာပွဲ ကျင်းပခဲ့သည်။ စံအိမ် ထိုနေ့က တစ်နေကုန် အခန်းအောင်းကာ ငိုကြွေးခဲ့ရသည်။ သို့သော် ထိုနေ့ကတည်းက ထက်အာကာအပေါ်ရှိတဲ့ ခံစားချက်တွေအားလုံး ရုတ်သိမ်းခဲ့ပြီး တတ်နိုင်သမျှ ကင်းအောင်နေခဲ့သည်။

ဒါပေမယ့် တစ်ရုံးတည်းမှာအလုပ်လုပ်ကြသည့်သူတွေဖြစ်တာကြောင့် မြင်နေတွေ့နေရကာ စံအိမ့်ကိုမပြတ်နိုင်တဲ့ ထက်အာကာကလည်း သူမနှင့် ထပ်ပတ်သတ်ဖို့ကြိုးစားလေသည်။

"ကိုယ် မပျော်ဘူး စံအိမ်ရယ် ... ကိုယ်ချစ်တာ မင်းတစ်ယောက်တည်းပါ... အိမ်က စီစဉ်လို့သာ ယူလိုက်ရတာ... ကိုယ် သူ့ကို လုံးဝ ချစ်လို့မရဘူး"

ထက်အာကာက စံအိမ့် လက်ကို အတင်းဆွဲကိုင်ကာ ပြောလျှင်

စံအိမ်လက်ကို ဆောင့်ရုန်းပစ်လိုက်ပြီး သူ့အား စူးစိုက်ကာကြည့်လိုက်သည်။

"ကိုထက်အာကာ ... ရှင်က အိမ်ထောင်သည်တစ်ယောက်ဖြစ်နေပြီ

ဆင်ခြင်ပါ။ "

"ကိုယ်ကွာရှင်းမှာ ... ကိုယ့်ကိုအချိန်တစ်ခုလောက်ပဲ စောင့်ပေးပါ။

ကိုယ်သူနဲ့ကွာရှင်းပြီး စံအိမ့်ကို လက်ထပ်မယ်။ "

ထက်အာကာပါးစပ်က ထွက်လာတဲ့စကားတွေကြောင့် စံအိမ်မယုံနိုင်စွာ စိတ်လည်းပျက်မိသွား၏။

အခုလိုသူပြောလိုက်တဲ့စကားတွေက ငါ့ကိုတော်တော်ချစ်ပါလားလို့ ဂုဏ်ယူစရာစကားတွေမဟုတ်။

သူလက်မထပ်ခင်ကဆိုရင်တော့ စံအိမ့်ကိုပဲ ရွေးချယ်မယ်ဆိုတဲ့ စကားတွေကို ကြည်နူးမိလျှင် ကြည်နူးနေနိုင်သည်။

ဒါပေမယ့် သူမှ မရွေးချယ်ခဲ့ပဲ။

"ကိုထက်အာကာ ရှင် ကျွန်မကို ဘယ်လိုမိန်းမမျိုးထင်နေတာလဲ။

ပိုင်ရှင်ရှိပြီးသားယောက်ျားတစ်ယောက်ကို ဆက်ပြီး တပ်မက်နေရအောင် ကျွန်မ အဲ့လောက်ထိ အောက်တန်းမကျဘူး။

ရှင်လည်း အခု ရှင့်ဘဝနဲ့ရှင်နေပြီး ကျွန်မကို လာမပတ်သတ်ပါနဲ့တော့။

"မဟုတ်ဘူး စံအိမ် ... ကိုယ် ..."

"ရှင် ကွာရှင်းလိုက်လည်း ကျွန်မ ရှင်နဲ့ ထပ်ပတ်သတ်မှာမဟုတ်ဘူး။ ကျွန်မကို အခက်တွေ့အောင်မလုပ်ပါနဲ့တော့။

တောင်းပန်ပါတယ်။ "

စံအိမ်ပြောပြီး ထွက်သွားလျှင် ထက်အာကာတစ်ယောက်တည်း နာကျင်စွာမတ်တပ်ရပ်လျက်ကျန်ခဲ့၏။

ထိုနာကျင်မှုက တစ်စုံတစ်ယောက်ဆီသို့ ဒေါသအဖြစ်ရောက်ရှိသွားလေသည်။

အပိုင်း (၅) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃) နောက်အခန်း - အပိုင်း (၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ