Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၆၄)

"Ring... Ring"

ရှင်ငြိမိး ဟင်းချက်နေတုန်း ဖုန်းသံကြောင့် သွားကြည့်မိတော့ စစ်မက်ရှင်ဆီကဖြစ်နေ၏။

ဟိုတစ်ခါ စစ်မက်ရှင်ကိစ္စနဲ့ လင်မယားနှစ်ယောက် စကားများရပြီးကတည်းက ရှင်ငြိမ်း စစ်မက်ရှင်ဆီက ဖုန်းလာရင် မကိုင်ပဲနေနေတာ ကြာပြီဖြစ်သည်။

စစ်မက်ရှင်ကိုလည်း အားနာပေမယ့် ဘယ်သု့ကြောင့်မှ ရှင်ငြိမ်းတို့ အိမ်ထောင်ရေးကို အထိခိုက် မခံချင်တာကြောင့်ပင်။

အခုလည်း ခါတိုင်းလို မကိုင်ပဲနေရင် ပြန်မဆက်လောက်တော့ဘူးလို့ ထင်ပေမယ့် မကိုင်မချင်း

ဆက်မြည်နေတဲ့ ဖုန်းကြောင့် ကိုင်လိုက်ရတော့သည်။

"ဟယ်လို ..."

"ဟယ်လို ... မမ ကျွန်တော်ပါ။ "

"အွန်း "

"ကျွန်တော် အခု ပြင်ဦးလွင် ရောက်နေတယ်။

မာမီက မမအတွက် ခြံထွက် စပျစ်သီးတွေနဲါ၊ဝိုင်တွေ လက်ဆောင်ထည့်ပေးလိုက်လို့ အဲ့ဒါ ကျွန်တော် မမအိမ် လာပို့ပေးလို့ရမလား။ "

"ဟင် ..."

ဘယ်လိုလုပ်ရပါ့။

လက်ဆောင်ဆိုတော့လည်း ငြင်းလို့မကောင်း။

ဘယ်လိုပဲနေနေ သူများက ဒီအထိတောင်ရောက်နေပြီဆိုတော့ မတွေ့လို့တော့ မကောင်းတော့ပါ။

ဒါပေမယ့် အိမ်ရောက်လာပြန်ရင်လည်း အသန့်နဲ့တွေ့ရင် ခက်ဦးမည်။

ထို့ကြောင့် စကားအလှသုံးကာ အပြင်မှာပဲ တွေ့ဖို့ ပြောရတော့၏။

"ဟို ... တို့က အခု အပြင်မှာရောက်နေလို့လေ။

တစ်ဆိုင်ဆိုင်မှာပဲ တွေ့လိုက်လို့ အဆင်ပြေမလားဟင်။ "

"ဗျာ ... ဟုတ် အဆင်ပြေပါတယ်။

ကျွန်တော့်ကို တွေ့မယ့် ဆိုင်လိပ်စာတော့ သေချာလေး ပို့ပေးနော်။

ဒီနေရာက ကျွန်တော်သိပ်မကျွမ်းတော့။ "

"အွန်း အွန်း ... ကျေးဇူးပါနော်။

အိမ်ဖိတ်ရမယ့်ဟာကို အားလည်းနာပါတယ်ကွယ်။ "

"ရပါတယ်။ "

"အင်း အင်း ... လိပ်စာ အခု ပို့လိုက်မယ်နော်။ "

ရှင်ငြိမ်းက အိမ်မခေါ်ချင်လို့ တမင်ပြောတယ်ဆိုတာ သူလည်း ရိပ်မိချင် ရိပ်မိလောက်မှာပေါ့။

ဒါပေမယ့် မတတ်နိုင်ပါ။

ဟင်းချက်တာလက်စသတ်ပြီး အဝတ်အစားလဲကာ ချိန်းထားတဲ့ ဆိုင်သို့ ထွက်ခဲ့လိုက်၏။

ရှင်ငြိမ်းရောက်သွားတော့ သူက ကြိုရောက်နေပြီဖြစ်ကာ စကားခဏသာ ထိုင်ပြောပြီး ပြန်လာခဲ့လိုက်သည်။

ဧည့်ဝတ်မကျေသလိုတော့ ဖြစ်သွားပေမယ့်

ဘယ်တတ်နိုင်ပါ့မလဲ။

ရှင်ငြိမ်း အဲ့လို ခိုးကြောင်ခိုးဝှက်လုပ်တာတောင် သန့်ဇင်လင်းက ဘယ်လိုကနေ ဘယ်လိုသိသွားတယ်မသိ။

ညနေ ရုံးကပြန်ရောက်လာတော့ သူက သိနေပြီဖြစ်၏။

"ခင်ဗျား ဒီနေ့ ဘယ်သူနဲ့တွေ့သေးလဲ။ "

မျက်နှာတည်ကြီးနဲ့ မေးလာတာကြောင့် ရှင်ငြိမ်း ထိတ်ခနဲ ဖြစ်သွားရကာ အမြန်ပင်ငြင်းလိုက်သည်။

"ဘယ်မှ မသွားပါဘူး။

ဘာလို့လဲ။ "

"ဒုန်း "

"အမေ့ "

ရုတ်တရက် ဘေးနားရှိ စားပွဲခုံကို လက်သီးဖြင့်

ထုချလိုက်တာကြောင့် ရှင်ငြိမ်း လန့်သွားရသည်။

"လိမ်တယ် ... ခင်ဗျား ကျုပ်ကို ဗြောင်လိမ်နေတာပဲ"

"ဟင် ... "

"ဘာမှမသိလိုမျိုး အဲ့လိုမျက်နှာ လာလုပ်မပြနဲ့။

ဟိုကောင်နဲ့ ခင်ဗျား ကော်ဖီဆိုင်မှာ နှစ်ယောက်တည်း ထိုင်နေတာကို ကျုပ် ကိုယ်တိုင် မြင်ခဲ့တာ။"

"အဲ့... အဲ့ဒါကလေ ဟို... ငါ ရှင်းပြမယ်။

သူက ဒီအတိုင်း သူ့အမေပေးခိုင်းလိုက်တဲ့ စပျစ်သီးနဲ့ ဝိုင် လာပေးတာပါ။

အိမ်ကို လာပို့မလို့ လုပ်တာကို နင်နဲ့တွေ့ရင် ပြဿနာဖြစ်မှာစိုးလို့ ငါက အပြင်မှာ သွားတွေ့ပြီး ယူလိုက်တာ။ "

"အဟက် ... ခင်ဗျား ကျုပ်ကို လျှို့ဝှက်ပြီး အဲ့ကောင်နဲ့ သွားတွေ့တာက ပိုပြဿနာကြီးတယ်ဆိုတာ ခင်ဗျား နားမလည်ဘူးလား။

ဘာလဲ ခင်ဗျားက အခုထိ အဲ့အကောင်နဲ့ အဆက်အသွယ်မပြတ်သေးတာလား။ "

"သန့်ဇင်လင်း နင်စကားတွေက လွန်လာပြီနော်။ နင် အဲ့လိုတွေ အမြဲ သဝန်ကြောင်ပြီး ပြဿနာတွေ ရှာတတ်လို့ မပြောပဲထားတာပေါ့။ "

သူမကြိုက်မှန်းသိလို့ ဘယ်လောက်တောင် ဆင်ခြင်ခဲ့သလဲ။

သူ အယုံအကြည်မရှိရ‌ေလာက်‌ေအာင် သူမက ယောက်ျားလေးတွေနဲ့ ရောရောနှောနှော နေနေတတ်သူလည်း မဟုတ်ပါ။

"အဟက်... ဟုတ်တယ်။ ကျုပ်က အမြဲ သဝန်ကြောင့်ပြီး ပြဿနာရှာတဲ့ကောင်ဆို

တော့လည်း ခင်ဗျားက လိမ်ရတာပေါ့။

အဲ့အတွက် ဆောရီး။ "

" ငါ ဆိုလိုတာက အဲ့လို..."

ရှင်ငြိမ်း စကားပင် မဆုံးလိုက် ...သူက လက်ကာပြလိုက်ပြီး...

"တော်ပါပြီ... ဆက်မပြောပါနဲ့တော့။

ခင်ဗျားကို သဝန်ကြောင်မိတဲ့အတွက် တောင်းပန်ပါတယ်။

ပြဿနာတွေရှာမိတဲ့အတွက်လည်း တောင်းပန်ပါတယ်။

နောက်တစ်ခါ ဆင်ခြင်ပါ့မယ်ဗျာ။ "

သူပြောချင်တာတွေ ပြောပြီး အခန်းထဲ ဝင်သွား တော့သည်။

ကြည့် ... အခုကျ ရှင်ငြိမ်း အလွန်ပဲ ဖြစ်သွားရပြန်ပြီ။

ခဏနေတော့ သူက အခန်းထဲက ခေါင်းအုံးတစ်လုံးနှင့် စောင်တစ်ထည် ပိုက်ကာ ထွက်လာပြီး

ရှင်ငြိမ်းကို မျက်နှာချင်းတောင် မဆိုင်တော့ဘဲ ဧည့်ခန်းထဲက ဆိုဖာပေါ်သို့ သွားတင်လေသည်။

"နင် ဘာလုပ်မလို့လဲ။"

"ကျုပ် ဒီည ဒီမှာပဲ အိပ်မယ်။ ခင်ဗျား ဘာသာခင်ဗျား အေးဆေး အိပ်တော့။"

"..."

အမြဲတမ်း ဒေါသထွက်လွယ်ပေမယ့် ခဏလေးနဲ့ ပြေတတ်တဲ့ သူက အခုလို နှုတ်ဆိတ်သွားပြီး တကယ်ကြီး စိတ်ကောက်သွားသည့်အခါ ရှင်ငြိမ်းမှာ

ဘာလုပ်ရမှန်းမသိတော့။

မနက်ရောက်တော့လည်း အရင်က ရှင်ငြိမ်း မလုပ်ပေူရင် ဘာမှမလုပ်တတ်ဘူးဆိုတဲ့သူက သူ့ဟာသူ ပြင်ဆင်ကာ ရုံးကိုသွားကာ ရှင်ငြိမ်းကို စကားတစ်ခွန်းမျှ မဆို။

အမြဲတမ်း စကားတွေ တွတ်ထိုးနေတဲ့သူက နှုတ်ဆိတ်နေတော့ နေရခက်တာတော့ အမှန်ပင်။

၃ရက်လောက်အထိ ကိုစိတ်ကောက်က စိတ်ကောက်နေတော့ ရှင်ငြိမ်းမှာ နေလို့ထိုင်လို့မရတော့။

ဒါပေမယ့် ဘယ်လိုချော့ရမယ်လည်းမသိတော့ အခက်တွေ့လေသည်။

နောက်ဆုံးတော့ ရှင်ငြိမ်းသူငယ်ချင်းတွေကိုပဲ အားကိုးရတော့၏။

သူရုံးသွားတာနှင့် ရှင်ငြိမ်းတို့ သူငယ်ချင်း group chat ထဲဝင်ပြီး video call ခေါ်လိုက်သည်။

"အမယ် ... ထူးထူးဆန်းဆန်း ဒေါ်ရှင်ငြိမ်းက VC တွေ ခေါ်လို့ပါလား။ "

"ဟုတ်ပ ... မနက်စောစောစီးစီး ဘာကိစ္စလဲ။

အစ်မတော် ... မျက်နှာလည်း မကောင်းပါလား။

တစ်ခုခုဖြစ်လို့လား။ "

ဖြူစင်က ချက်ချင်း ရိပ်မိကာ မေးလာတော့ ရှင်ငြိမ်း သက်ပြင်းတစ်ချက် ခပ်လေးလေး ချလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

" သန့်ဇင်လင်း... ငါ့ကို စိတ်ဆိုးနေတယ်။

စကားမပြောဖြစ်တာ ၃ရက်ရှိပြီ။ "

အဲ့ဒါ ငါ ဘယ်လို လုပ်ရမလဲ မသိတော့ဘူး။"

ရှင်ငြိမ်းက ညည်းသလိုလေး ပြောလိုက်တော့ ဝိုင်းမျက်စောင်းထိုးကာ ရယ်ကြလေသည်။

"အမယ်လေး... လင်ချစ်ခင်..."

"အဟွန်း ... နင်တို့ကလည်း... ငါက မှားထားလို့ပါ။"

"အေးပါ... အေးပါ။

နင်တို့က ဘာဖြစ်ကြတာလဲ။ "

သူတို့ကမေးလာတော့ ရှင်ငြိမ်းတို့ ပြဿနာတက်တဲ့ အကြောင်းစုံကို သူတို့ကို အကျဉ်းချုပ်ရှင်းပြလိုက်၏။

"အမယ်လေး ... နင့်ယောက်ျားကလည်း သဝန်တိုလွန်းတာပါဟယ်။ "

"ဟဲ့ ... အဲ့လိုလည်း မပြောနဲ့လေဟယ်။

သူ့မိန်းမသူ ချစ်မှတေယ့ သဝန်တိုမှာပေါ့ဟဲ့။

နင်ရော နင့်‌ယောက်ျားနင် သဝန်မတိုဘူးလား။ "

ချိုသဲက နှာခေါင်းရှုံ့ကာ ပြောတော့ မိုးပွင့်ဖြူက ဝင်ပြောလိုက်သည်။

ထိုအခါ ဖြူစင်ကပါ ...

"အေးလေ ... အခုဟာက ဟိုတစ်ယောက်က ရှင်ငြိမ်းကို ကြိုက်ခဲ့တဲ့သူဆိုတော့ ပိုဆိုးမှာပေါ့။

အဲ့တော့ နင်အခု ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ။"

ရှင်ငြိမ်းဘက်ကို မေးငေါ့ကာ ပြောလာတော့ ရှင်ငြိမ်း ခေါင်းသာခါပြလိုက်သည်။

"ငါလည်း သူ့ကို ဘယ်လို ပြန်ချော့ရမလဲ မသိသေးဘူး။ ဒီအတိုင်း ထားလိုက်ရင် ပိုဆိုးသွားမလားလို့။ "

"နေဦး... သူအခု အိမ်မှာရှိလား။"

"ဟင့်အင်း... ကုမ္ပဏီသွားတယ်။"

"အေး... အဲ့တာဆို ခဏစောင့် ငါတို့ နင့်ဆီ လာခဲ့မယ်။"

"ဟင် အိမ်လာမှာလား..."

"အေးလေ "

"အေးအေး ... ငါစောင့်နေမယ်နော်။ "

"အေး "

ဖုန်းချသွားပြီး နည်းနည်းလောက်ကြာတော့ ဖြူစင်တို့ ရောက်လာကြကာ ချိုသဲက ရောက်ရောက်ချင်း အဝတ်စားဖက်ရှင်အိတ်လေးတစ်လုံးကို

ရှင်ငြိမ်း ရှေ့သို့ ပစ်တင်ပေးလေသည်။

"ရော့... ဒီမှာ နင့် ယောက်ျားကို ချော့ဖို့ လက်နက်။"

"ဟင် ... ဘာကြီးလဲ။"

ရှင်ငြိမ်း မော့ကြည့်ကာ မေးလိုက်တော့ သူတို့က

ပြုံးစိပြုံးစိလုပ်နေကြပြီး ဘာမှ ပြန်မဖြေကြတာကြောင့် ကိုယ့်ဟာကိုယ် ဆွဲထုတ်ကြည့်လိုက်လျှင် ...

"အို..."

ရှင်ငြိမ်း မျက်လုံးများ ပြူးကျယ်သွားရပြီး ချက်ချင်းပင် ထိုအရာကို အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ အိတ်ထဲမှ ထွက်လာသည်က ပါးလွှာလွန်းပြီး တိုနံ့နံ့ ဇာပန်းခက်လေးများဖြင့် sexy night dress အမည်းရောင်လေး တစ်ထည် ဖြစ်နေ၏။

"ဟဲ့ ... ငါ့ကို ဘာတွေလာပေးနေတာလဲ။ "

"အံမယ် ... အဲ့တာ ပစ္စည်းကောင်းလေးနော်။

ညအိပ်ရာဝင်ရင် အဲ့တာလေးသာ ဝတ်ထားလိုက် နင့်ယောက်ျား ချက်ချင်း စိတ်ဆိုးပြေသွားစေရမယ်။ "

"အို... ငါ မဝတ်ရဲပါဘူး။ နောက်ပြီး... အဲ့ဒါ ဝတ်တာနဲ့ သူက ဘာကိစ္စ စိတ်ကောက်ပြေမှာလဲဟ။"

ရှင်ငြိမ်းက မျက်နှာလေး ရဲတက်လာကာ နှုတ်ခမ်းလေး စူပြီး ငြင်းလိုက်သည်။

ရှင်ငြိမ်း တစ်သက်နဲ့တစ်ကိုယ် အဲ့လိုမျိုးတွေ ဝတ်လည်းမဝတ်ဖူးသလို ဝတ်ဖို့လည်း စိတ်ကူးထဲ‌မှာတောင်မရှိပါ။

"အမယ်လေး ဒေါ်ရှင်ငြိမ်းရယ်... နင် ယောက်ျားလေးတွေအကြောင်း မသိပါဘူးဟာ။"

မိုးပွင့်ဖြူက မျက်စောင်းလေး ထိုးကာ ဝင်ပြော၏။

"ယောက်ျားတွေက ဒါမျိုးလေးတွေကို အကြိုက်ဆုံးပဲဟ။ နင် အခုလို အမိုက်စားလေး ဝတ်ပြီး သူ့ရှေ့သွားရပ်ကြည့်လိုက် ... ဘယ်လောက်ပဲ စိတ်ကောက်နေပါစေ ချက်ချင်း အရည်ပျော်ကျသွားစေရမယ်။ "

"ဟုတ်တယ် ... ဝတ်မှာသာ ဝတ်စမ်းပါဟာ။ ဒီမှာ ငါက နင် မဝတ်ရဲမှာစိုးလို့တောင် အနက်ရောင် ရွေးဝယ်ခဲ့တာ။

မဟုတ်ရင် အနီရဲရဲလေးတောင် ဝတ်စေချင်တာ။"

အကုန်လုံးက အတင်း ဝိုင်းတိုက်တွန်းနေကြပေမယ့် ရှင်ငြိမ်းကတော့ ထိုအင်္ကျီပါးပါးလေးကို ကြည့်ပြီး သက်ပြင်းသာ ချနေမိသည်။ ကိုယ့်ယောက်ျားရှေ့ ဝတ်ရမှာဆိုပေမယ့် ဒီလို တစ်ခါမှ မဝတ်ဖူးတာကြောင့် ရှက်နေမိသည်။

ဒါပေမယ့် ...

သူစိတ်ကောက်တာတော့ ရှင်ငြိမ်း တကယ်ကြောက်ပါသည်။

သူပြောပြချက်အရဆို အရင်က ရှင်ငြိမ်းကို စိတ်ကောက်ပြီး အထက်တန်းကတည်းက ဖွင့်ပြောမယ့်ကိစ္စက ညားပြီးတဲ့အထိ ချစ်တယ်လို့ ဖွင့်မပြောခဲ့တာပေါ့။

အံ့လည်း အံ့ဩမိပါသည်။

မိန်းကလေးဖြစ်သည့် ရှင်ငြိမ်းတောင် အဲ့လောက်ထိ စိတ်မကောက်ဖူးပါ။

"ဟဲ့ ... ဝတ်ဖြစ်အောင်ဝတ်နော်။ "

"အင်းပါ ..."

ရှင်ငြိမ်း တွန့်ဆုတ် တွန့်ဆုတ်နဲ့သာ ခေါင်းညိတ်လိုက်၏။

တကယ် ဝတ်ဖြစ် မဝတ်ဖြစ်တော့ သိပ်မသေချာပါ။

အပိုင်း (၆၅) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၆၃) နောက်အခန်း - အပိုင်း (၆၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ