Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၆၁)

ပြောထားတဲ့အတိုင်း ရှင်ငြိမ်း စားသောက်ဆိုင်ကို သူအလုပ်အားတဲ့အချိန်နဲ့ညှိပြီး နှစ်ယောက်အတူ

တစ်လတစ်ခါ သွားကြည့်၏။

ပြီးတော့ရှင်ငြိမ်းက ဒီမှာလည်း ဆိုင်ခွဲလည်းဖွင့်ချင်တယ်လို့ပြောသည့်အခါ သူက ချက်ချင်း ဆိုင်နေရာစီစဉ်ပေးလေသည်။

အရင်လို မပွင့်မလင်းမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းလာကြတော့ တော်တော်လည်း အဆင်ပြေလေသည်။

"သန့်ဇင်လင်း... "

အနီးကပ်ကနေ သူမ ခေါ်နေတာတောင် သူက မထူးတာကြောင့် ရှင်ငြိမ်း သူ့လက်မောင်းကို လှမ်းကိုင်လှုပ်လိုက်ပြီး...

"ဟဲ့... သန့်ဇင်လင်းလို့။ "

ထိုအခါမှ သန့်ဇင်လင်းက လက်တော့ပ်ကို ဘေးသို့ ချလိုက်ပြီး သူမဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လာကာ မျက်မှောင်တွေက စုကျုံ့နေပြီး မျက်နှာကြီးက ဆူပုတ်နေ၏။

"ဘာလဲ... ခင်ဗျား ကိုယ့်ယောက်ျားကိုယ် သန့်ဇင်လင်း သန့်ဇင်လင်းနဲ့ ဘာလို့ခေါ်နေတာလဲ။ ခေါ်ပါ့လား သူများတွေလို ယောက်ျားတို့ ... မောင်တို့။ "

"အို... မခေါ်ချင်ပါဘူး။ "

"မခေါ်လို့ မရဘူး ခင်ဗျား။ "

သူက ပြောပြောဆိုဆိုနှင့် ရှင်ငြိမ်း ခါးလေးကို ဆွဲဖက်ကာ သူ့ပေါင်ပေါ်သို့ ပွေ့တင်လိုက်ရာ ရုတ်တရက်မို့ ရှင်ငြိမ်းမှာ အလန့်တကြားဖြစ်သွားပြီး သူ့လည်တိုင်ကို အမြန်လှမ်းဖက်ထားလိုက်ရသည်။

"အမယ်လေး ... ဟဲ့ နင်ဘာဖြစ်နေတာလဲ။ "

သူက ရှင်ငြိမ်း မျက်နှာလေးကို အနီးကပ် စိုက်ကြည့်ရင်း မျက်ခုံးတစ်ဖက်ကို ပင့်ကာ ခပ်တည်တည်ဖြင့် ပြန်ဖြေလေသည်။

"အချစ်ခံချင်နေတာ။ "

"အို... "

"ခေါ်... မောင်လို့။ "

"မခေါ်ချင်ပါဘူး။ "

"အဲ့တာဆို ယောက်ျားလို့ခေါ်။ "

"မခေါ်ချင်ပါဘူးဆို... "

"ဟာ... ဒေါ်ရှင်ငြိမ်း ခင်ဗျား ဘာဖြစ်နေတာလဲ။ ကျုပ်က ခင်ဗျားယောက်ျားမဟုတ်ဘူးလား။ "

"ဟုတ်တယ်လေ... ဒါပေမယ့်... "

"ဒါပေမမယ့်တော့... ခေါ်။ "

သန့်ဇင်လင်း သူမ နှုတ်ခမ်းဖူးဖူးလေးများကို အကြည့်ရောက်သွားပြီး ခြိမ်းခြောက်သည့် အပြုံးမျိုးဖြင့် ပြုံးကာ စိုက်ကြည့်လိုက်၏။

မခေါ်ရင် အကြမ်းပတမ်း အနမ်းခံရတော့မှာကို ရှင်ငြိမ်း ကောင်းကောင်းကြီး ရိပ်မိလိုက်ပါပြီ။

"မခေါ်ချင်ပါဘူးဆိုဟာ... ဟို... ငါနင့်ကို ငါ့ဟာငါ ခေါ်တဲ့ နာမ်စားတစ်ခုတော့ရှိတယ် အဲ့တာခေါ်လို့ရမလား။ "

ရှင်ငြိမ်း နှုတ်ခမ်းလေးကို ကိုက်ရင်း မျက်လွှာလေးချကာ တိုးတိုးလေး မေးလိုက်လျှင် သန့်ဇင်လင်း မျက်လုံးများက အရောင်လက်သွားကာ ...

"ဘာနာမည်လဲ... ပေါက်ကရတွေလား ခင်ဗျား။ "

"မဟုတ်ပါဘူး... နင်ငါ့ကို မလှောင်ရဘူးနော်။ "

"ကျစ်... အရစ်ရှည်လိုက်တာ ဒီကောင်က ကြားချင်လှပြီ။ "

"ဟို... အသန့်... အသန့်လေး... "

"ဘာ... ခင်ဗျား... ဟားဟား ဟားဟား... "

သူမ ပြောလိုက်တဲ့ နာမ်စားလေးကြောင့် သန့်ဇင်လင်းမှာ ရင်တွေ လှိုက်ခုန်သွားရသလို ရှက်မျက်နှာရဲရဲလေးနှင့် ခေါင်းကို အတင်းငုံ့ထားတဲ့ သူမကို အသည်းလည်း ယားသွားရကာ သူ့မှာ မအောင့်နိုင်တော့ပဲ အသံထွက်သည်အထိ အော်ရယ်လိုက်မိတော့သည်။

"နင်နော်... "

ရှင်ငြိမ်း မျက်စောင်းလေးထိုးကာ သူ့ရင်ဘတ်ကြီးအား ထုပစ်လိုက်၏။

"ဟားဟား... အား... နာတယ် ... ဘယ်လိုလေး ခေါ်လိုက်တာ... အသန့်လေး တဲ့လား။ ကျုပ် မိန်းမလေးက သိပ်ချစ်ဖို့ကောင်းတာပဲဗျာ။ "

သန့်ဇင်လင်း ရယ်မောရင်းဖြင့်ပင် သူမ လက်သီးဆုပ်လေးများကို ဖမ်းဆုပ်ကာ ခပ်ဖွဖွ နမ်းရှိုက်လိုက်သည်။ ထို့နောက် ရုန်းကန်နေသော ရှင်ငြိမ်း မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ အပေါ်သို့ မော့စေလိုက်၏။

"ခင်ဗျား ကျုပ်ကို အဲ့ဒီလို ခေါ်နေတာ ကြာပြီလား။ "

"အင်း... အရင်ကတည်းက စိတ်ထဲကနေ အမြဲတမ်း အဲ့လိုပဲ ခေါ်နေတာ။ "

"ရှင်ငြိမ်းရယ်... ခင်ဗျားကတော့လေ ကျုပ်ကို ရူးအောင်လုပ်နေတာပဲ။ "

သူ့မှာ သူမကို အသည်းယားလွန်း၍ အကြိမ်ကြိမ် ဖက်နမ်းနေမိတော့သည်။

ရင်ခုန်အောင်ကို ပြုစားနိုင်လွန်းတယ်။

_______________

ဒီနေ့ ရုံးပိတ်ရက်ဖြစ်ကာ ရှင်ငြိမ်း ဟင်းချက်နေတာကို သန့်ဇင်လင်းက အနောက်ကနေ ထိုင်ကြည့်နေလေသည်။

ဝိုင်းလုပ်မယ်ပြောပေမယ့် ဓားတွေဘာတွေ ထိသွားမှာစိုးတာကြောင့် ထိုင်ပဲထိုင်နေခိုင်းထားလိုက်ရ၏။

သူက ရှင်ငြိမ်းကို စိုက်ကြည့်နေလေရာ ရှင်ငြိမ်းမှာ ဟင်းချက်ရသည်ပင် အဆင်မပြေချင်တော့ပေ။ သို့သော်လည်း မသိမသာ ဟန်လုပ်ကာ ဟင်းအိုးကို မွှေနေလိုက်သည်။ ခဏအကြာ ဟင်းအိုးထဲမှ အနံ့မွှေးမွှေးလေး ထွက်လာလျှင် ရှင်ငြိမ်းက ဇွန်းလေးဖြင့် ဟင်းရည် အနည်းငယ်ကို ခပ်ယူလိုက်ပြီး...

"ရော့... မြည်းကြည့်ဦး။ အရသာ အတော်ပဲလားလို့။"

သူမ ဇွန်းလေးကို သူ့နှုတ်ခမ်းအနား တေ့ပေးလိုက်လျှင် သန့်ဇင်လင်း မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ဟင်းရည်ကို အသာ မှုတ်ကာ သောက်လိုက်သည်။ ထို့နောက် ချက်ချင်း အဖြေမပေးပဲ သူမ မျက်နှာလေးကို ရီဝေဝေ မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။

"ဘယ်လိုနေလဲ... ငန်သွားလား။"

ရှင်ငြိမ်းက စိတ်ပူစွာဖြင့် မေးလိုက်လျှင် သူက ခေါင်းယမ်းပြလာကာ ...

"ဟင်းက ချိုတော့ ချိုတယ် အရသာလည်း ရှိတယ်။ ဒါပေမယ့်..."

"ဒါပေမယ့် ဘာဖြစ်လဲ။"

"ဒါပေမယ့်... ခင်ဗျား နှုတ်ခမ်းလေးတွေလောက်တော့ မချိုသေးဘူး ထင်တာပဲ။"

"အို ... ဒီက အဟုတ်မှတ်လို့ နားထောင်နေတာကို။ "

ရှင်ငြိမ်း မျက်စောင်းလေး ထိုးကာ ပြန်လှည့်လာတော့ သူက ရယ်နေလေရဲ့။

_____________________

နေလယ်ခင်းက ကြည်နူးစရာ ကောင်းခဲ့ပေမယ့် ညနေစောင်းချိန်မှာတော့ ...

"အင်းပါ... တို့ခွင့်လွှတ်ပါတယ်။

တို့အမျိုးသားအစားလည်း တောင်းပန်ပါတယ်။ "

စစ်မက်ရှင်က ရှင်ငြိမ်းကို ဖုန်းခေါ်ကာ ကလောမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို လာတောင်းပန်တာကြောင့် ရှင်ငြိမ်းကလည်း အကြီးပီပီခွင့်လွှတ်ကြောင်းပြောပြီး ဖုန်းချနေတုန်း ...

"ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ ။"

အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသော သန့်ဇင်လင်းရဲ့ ခပ်မာမာ အသံကြောင့် ရှင်ငြိမ်း လန့်သွားကာ ဖုန်းကို ကိုင်လျက်သားလေး လှည့်ကြည့်လိုက်မိသည်။ သူက ရေခဲသေတ္တာထဲမှ ရေဘူးကို ကိုင်ထားရင်း သူမကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေ၏။

" စစ်မက်ရှင် ... ကလောက ကိစ္စကို တောင်းပန်တာ။ "

ရှင်ငြိမ်း ဘာမှ ဖုံးကွယ်စရာ မရှိသည့်အတွက် ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်သည်။ သို့သော် ထိုနာမည်ကို ကြားလိုက်သည်နှင့် သန့်ဇင်လင်း မျက်နှာက မဲမှောင်သွားကာ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာလေသည်။

"ဘာကိစ္စ အဲ့ကောင်ရဲ့ ဖုန်းကို ကိုင်ရတာလဲ။ "

"အို... သူကလည်း တောင်းပန်ချင်လို့ ဆက်တာပဲဟာ။ "

" အဲ့ကောင်က ခင်ဗျားကို ဘာလုပ်ခဲ့ပြီး ဘာစိတ်တွေရှိနေတယ်ဆိုတာ မသိလို့လား။

နောက်ဆို အဲ့ကောင်နဲ့ ဖုန်းမပြောနဲ့။ "

"သန့်ဇင်လင်း... နင် တအား အစွန်းမရောက်စမ်းပါနဲ့။

သူကလည်း တောင်းပန်ဖို့ ဆက်တာလို့ ငါပြောပြီးပြီမလား။

အဲ့လောက်ကြီး မချုပ်ချယ်နဲ့ ငါမကြိုက်ဘူး။ "

"ဪ... ကျုပ်က ချုပ်ချယ်တဲ့သူ ဖြစ်သွားပြီပေါ့။ ခင်ဗျားကို ဆွဲနမ်းခဲ့တဲ့ကောင်နဲ့ ဖုန်းပြောနေတာကို ကျုပ်က ပါးစပ်ပိတ်ပြီး ထိုင်ကြည့်နေပေးရမှာလား။"

"ကျစ်... နင် တအား လွန်လာပြီနော်။ ငါကို့ လွယ်လွယ် ဖောက်ပြန်သွားမယ့် မိန်းမလို့များ ထင်နေတာလား။"

"ဟ... ဖောက်ပြန်ရဲရင် ဖောက်ပြန်ကြည့်လိုက်လေ။ "

"နင် ငါ့ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား။ နင့်ရဲ့ အတ္တတွေ ပိုင်ဆိုင်လိုစိတ်တွေနဲ့ ငါ့ကို လှောင်ပိတ်ထားချင်ရုံ သက်သက်ပဲ မလား။

နင့်အချစ်တွေက တအားကို မွန်းကျပ်ဖို့ ကောင်းတယ်။"

"ဘာ... ခင်ဗျား အခု ဘာပြောလိုက်တယ်။ ဟက်... ကောင်းပြီလေ။

သဘောပဲ... ခင်ဗျား ပြောချင်တဲ့သူနဲ့ ပြော။ ခင်ဗျား လွတ်လပ်ခွင့်ကို ကျုပ် ဝင်မစွက်ဖက်တော့ဘူး။ ကျေနပ်ပြီမလား။"

ပြောပြောဆိုဆိုနှင့် သန့်ဇင်လင်း အိမ်အပြင်သို့ ထွက်လာခဲ့တော့သည်။

ဟိုကောင်က ဘယ်လိုကောင်ဆိုတာ မသိဘူးလား။

ဘာတောင်းပန်တာလဲ။

မြွေမြွေချင်း ခြေမြင်ပါသည် ဒီကောင် ဘယ်ခြေလှမ်းတွေ ပြန်လှမ်းချင်နေလဲဆိုတာ။

‌သူပေါ်လာတာတောင် သူ့မယားကို ကြာခိုချင်နေတဲ့ကောင်။

သူက ဒါတွေကြိုမြင်လို့ပြောနေတာကို ဘာတဲ့ တကယ်ချစ်တာရော ဟုတ်ရဲ့လားတဲ့။

အဟက် ... ဒီကောင့် ရင်ဘတ်ကြီး ခွဲပြလို့ရရင် ခွဲပြလိုက်ချင်ပါသေးသည်။

အပိုင်း (၆၂) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၆၀) နောက်အခန်း - အပိုင်း (၆၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ