Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၄၈)

"ဘော့စ် ... ဒါက ဒီနေ့ အစည်းအဝေးမှာ ဆွေးနွေးမယ့် အချက်အလက်တွေပါ။ ပြီးတော့ ဟိုဘက်ကုမ္ပဏီက ရှယ်ယာရှင်တွေနဲ့ တွေ့ဖို့ကိစ္စလည်း အဆင်သင့်ဖြစ်နေပါပြီ။"

"အင်း ... ထားခဲ့လိုက်တော့။ ခဏနေ ထွက်ခဲ့မယ်။"

အတွင်းရေးမှူးကောင်လေး အခန်းထဲက ထွက်သွားသည်နှင့် သန့်ဇင်လင်း လက်ထဲမှ ဘောပင်ကို စားပွဲပေါ်သို့ ပစ်ချလိုက်ကာ ကုလားထိုင်ကို အားပျော့စွာ မှီချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။

ထို့နောက် အင်္ကျီကြယ်သီး အပေါ်ဆုံးနှစ်လုံးကို ဖြုတ်လိုက်ပြီး လက်က လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးလေးဆီသို့ အလိုလို ရောက်သွားလေသည်။ ဆွဲကြိုးလေးမှာ ချိတ်ဆွဲထားသော လက်ထပ်လက်စွပ်လေးကို လက်မနှင့် ခပ်ဖွဖွလေး ပွတ်သပ်လိုက်ချိန်တွင် သူ့ နှုတ်ခမ်းထောင့်က ခပ်ဟဟလေး တွန့်ကွေးသွားရပြန်သည်။

"၅ နှစ်တောင် ရှိသွားပြီပဲ ...။ ခင်ဗျား ကျုပ်ကို တကယ်ပဲ ရက်ရက်စက်စက် မေ့ပစ်လိုက်နိုင်ခဲ့ပြီလား..."

လူတွေအမြင်မှာ သူက အောင်မြင်နေတဲ့ ပြည့်စုံတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး အရာရာကို ပုံမှန်အတိုင်း လည်ပတ်လှုပ်ရှားနေပေမယ့် သူ့ရင်ထဲက နှလုံးသားကတော့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အချိန်တွေ ရပ်တန့်နေခဲ့တာကို ဘယ်သူမှ မသိနိုင်ခဲ့ပေ။

နေရောင်ခြည်က မှန်ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျနေပေမယ့် သူ့ရင်ထဲက အအေးဓာတ်ကိုတော့ နွေးထွေးမသွားစေနိုင်ခဲ့။

သန့်ဇင်လင်း မတ်တပ်ထရပ်လိုက်ကာ မှန်ပြတင်းပေါက်နားသို့ လျှောက်သွားပြီး အောက်ဘက်ရှိ ကားလမ်းမကြီးကို ငေးကြည့်နေမိသည်။

လူတွေ သွားလိုက်လာလိုက်နှင့် လှုပ်ရှားရုန်းကန်နေကြသော်လည်း သူ့အမြင်မှာတော့ အရာအားလုံးက အသက်မဲ့နေသလိုပင်။

ခင်ဗျား ဘယ်တွေများ ရောက်နေတာလဲ ရှင်ငြိမ်းရယ်...။ ကျွန်တော့်ဆီကို ဘယ်တော့မှ ပြန်မ‌လာတော့ဘူးလား။

ပြန်မလာတော့ဘူးလားဆိုလို့ သူ သူမကို ဒီအတိုင်း ထိုင်မျှော်ရုံပဲ မျှော်နေခဲ့တာမဟုတ်ပါ။

သူရှင်ငြိမ်းကို အခုချိန်ထိ ရှာနေဆဲပါ။

ဒါပေမယ့် သူမက ပျောက်နေတာမဟုတ်ပဲ ပုန်းနေတာဆိုတော့ သူရှင်ငြိမ်းကို အခုထိ ရှာလို့မတွေ့ပါ။

"ကျုပ်ကို ဒဏ်ခတ်တာဆိုရင်တောင် ဒီလောက်ဆို လုံလောက်နေပြီမဟုတ်ဘူးလားဗျာ...ကျွန်တော် ခင်ဗျားကို လွမ်းလှပြီဗျ "

____________

ကလောမြို့၏ အေးစိမ့်စိမ့် ရာသီဥတုလေးနှင့်အတူ ဆိုင်အတွင်းမှ ထွက်ပေါ်နေသော ကိုရီးယား အစားအစာများ၏ မွှေးပျံ့ပျံ့ ရနံ့လေးက ဆိုင်ထဲသို့ ဝင်လာသူတိုင်းကို ဆွဲဆောင်ထားသလိုပင်။

ရှင်ငြိမ်း ကောင်တာနောက်တွင် ရပ်ရင်း ဧည့်သည်များကို ကြည့်ကာ ခပ်ဟဟလေး ပြုံးလိုက်မိသည်။ အရင်ကဆို ကြက်ဥတောင် ကောင်းကောင်း မကြော်တတ်ခဲ့သည့် ရှင်ငြိမ်းက အခုတော့ ကလောမြို့မှာ လူသိများတဲ့ ကိုရီးယား အစားအစာ စားသောက်ဆိုင်ပိုင်ရှင် ဖြစ်နေပြီတဲ့။ တွေးကြည့်တော့လည်း ရယ်စရာတော့ ကောင်းသား။

လွန်ခဲ့တဲ့ ၅ နှစ်က ရှင်ငြိမ်း ကွာရှင်းစာချုပ်ကိုထားခဲ့ပြီး ကိုရီးယားကို ထွက်လာခဲ့တာဖြစ်၏။

ရှင်ငြိမ်း ဘယ်သွားရမလဲ ဖြစ်နေတုန်း

ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ ဝါဝါခိုင်က

အလည်ခေါ်တာကြောင့် ဘာမှမစဉ်းစားတော့ဘဲ ကိုရီးယားကို ချက်ချင်း ထွက်သွားခဲ့ခြင်းပင်။

ရှင်ငြိမ်း ကိုရီးယားကို ရောက်ပြီး ၁ပတ်လောက်နေတော့ ရှင်ငြိမ်း မိဘတွေကို ဆက်သွယ်ခဲ့ပါသည်။

စိတ်ပူနေကြမယ်ဆိုတာလည်း ရှင်ငြိမ်းသိပါတယ်။

ရှင်ငြိမ်း ကိုရီးယားမှာ အဆင်ပြေပြေ ရှိတဲ့အကြောင်းနဲ့ ရှင်ငြိမ်းအကြောင်းကို သန့်ဇင်လင်းကို မပြောဖို့ပါ တောင်းပန်ခဲ့ရသည်။ ဖေဖေနဲ့ မေမေက သန့်ဇင်လင်းနဲ့ ဘာတွေဖြစ်ကြတာလဲဟု အတင်းမေးကြပေမယ့် ရှင်ငြိမ်း နောက်မှ အေးအေးဆေးဆေး ရှင်းပြပါ့မယ် လို့သာ ပြောပြီး စကားလမ်းကြောင်း လွှဲခဲ့၏။

ပထမတော့ ကိုရီးယားမှာ ဒီအတိုင်း အသည်းကွဲဒဏ်ရာကို ကုပြီး လေနေ‌ခဲ့ပေမယ့် နောက်တော့ ဝါဝါခိုင်လုပ်တဲ့ စားသောက်ဆိုင်ကို လိုက်သွားရာကနေရှင်ငြိမ်းလည်း ကိုရီးယားအစားအသောက်လုပ်နည်းတွေသင်ယူဖြစ်ခဲ့ကာ အခုဆို ရှင်ငြိမ်း ကလောကိုရောက်နေတာ ၂နှစ်ရှိပြီဖြစ်၏။

အတွေးပေါင်းစုံနဲ့ လွင့်မျောနေစဉ်...

"မမ... ကျွန်တော့်ကို ဘယ်တော့ အဖြေပေးမှာလဲ။"

ရုတ်တရက် အနားရောက်လာပြီး ကောင်တာပေါ် လက်ထောက်ကာ မေးလိုက်သော အသံကြောင့် ရှင်ငြိမ်း သက်ပြင်းကို ခပ်ဟဟ ချလိုက်မိသည်။

သူကတော့ ကလောက ဒေသခံ ကောင်လေး စစ်မက်ရှင်ပါ။

"ငါ မင်းကို ငြင်းပြီးပြီလေကွယ် ... ဘယ်နှခါလောက် လာပြောနေတာလဲ။"

ရှင်ငြိမ်း မျက်မှောင်လေး ကုတ်ကာ ငြီးငြူသလို ပြောလိုက်တော့ ထိုကောင်လေး မျက်နှာက စူပုတ်သွားပြီး...

"ဘာလို့ ငြင်းတာလဲဗျာ။"

"တို့မှာ ယောက်ျားရှိတယ်လို့ မင်းကို ပြောပြီးသားလေကွယ်။ မင်း ငယ်ပါသေးတယ်... တခြား သင့်တော်တဲ့ မိန်းကလေးကိုပဲ ရှာပါ။"

"ကျစ်... အဲ့ဒါ ဘာဖြစ်လဲ။ ဘာလဲ... မမက အခုထိ အဲ့ဘိုးတော်ကို မမေ့နိုင်သေးဘူးလား။"

"ဘိုးတော် မဟုတ်ပါဘူး... တို့ အမျိုးသားက တို့ထက်တောင် ငယ်သေးတယ်။"

"ကျစ်... ဘာအမျိုးသားလဲဗျာ။"

စစ်မက်ရှင် ဆံပင်တွေကို လက်နဲ့ ဆွဲဖွလိုက်ရင်း လေပူတစ်ချက်မှုတ်ထုတ်ကာ ...

"မမတို့ ကွဲနေတာ ကြာပြီပဲ။ ခင်ပွန်းဟောင်းလို့ပဲ ဖြစ်ဖြစ် ပြောပါ။ မဟုတ်ဘူး... အဲ့လိုကို မပြောသင့်တော့ဘူး ဒီအတိုင်း... သူစိမ်းပဲ ... သူစိမ်း "

"..."

သူစိမ်း...

ထိုစကားလုံးလေးကြောင့် ရှင်ငြိမ်း နှလုံးသားလေးက ဆစ်ခနဲ နာကျင်သွားရသည်။ ဟုတ်ပါတယ်... ယ သူမတို့က အခုဆိုရင် ဘာမှ ပတ်သက်မှု မရှိတော့တဲ့ သူစိမ်းတွေ ဖြစ်သွားခဲ့ပြီပဲ။

ရှင်ငြိမ်း ခေါင်းကို အသာယမ်းလိုက်ရင်း မျက်လွှာကို ချကာ...

"မင်း ပြန်တော့ ကောင်လေး ... တို့ အလုပ်လုပ်စရာလေးတွေ ရှိသေးတယ်။"

"မမ..."

"ပြန်တော့လို့ ပြောနေတယ်လေ။"

ရှင်ငြိမ်း လေသံ အနည်းငယ် တင်းမာသွားတာကြောင့် စစ်မက်ရှင် ဘာမှဆက်မပြောတော့ဘဲ ခြေဆောင့်ကာ ဆိုင်ထဲကနေ ထွက်သွားတော့သည်။ သူ ထွက်သွားမှ ရှင်ငြိမ်း ကောင်တာခုံပေါ်ကို လက်နှစ်ဖက် ထောက်လိုက်ရင်း သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်မိ၏။

_________________

"အငြိမ်း ..."

"ရှင် ... ဪ မမ လာထိုင် "

ဆိုင်ထဲသို့ အပြုံးချိုချိုလေးနှင့် ဝင်လာတဲ့ မမရှင်နန်းနွယ် အား ရှင်ငြိမ်း ကောင်တာမှ ထကာ ကြိုလိုက်၏။

မမရှင်နန်းနွယ်ဆိုတာ တခြားသူတော့မဟုတ်ပေ။

စစ်မက်ရှင်ရဲ့ အမေဖြစ်၏။

စစ်မက်ရှင်ရဲ့အမေဆိုပေမယ့် လူလေးက နုဖက်နေကာ ရှင်ငြိမ်းနဲ့တောင် အသက်က သိပ်မကွာသလိုပင်။

ထို့ကြောင့် ရှင်ငြိမ်းက မမလို့သာခေါ်၏။

ရှင်ငြိမ်းရဲ့ စားသောင်ဆိုင်က မမရှင်နန်းနွယ်ရဲ့ ကော်ဖီဆိုင်ဘေးမှာ လာဖွင့်ထားတာဖြစ်ကာ ရှင်ငြိမ်း ဆိုင်စဖွင့်ကတည်းက အစစအရာရာ ကူညီပေးခဲ့တာလည်းဖြစ်၏။

"ညီမလေးရေ မမရှင်နန်းအတွက် သောက်စရာလေး တစ်ခုခု စီစဉ်ပေးခဲ့ပါဦးနော်။ "

"ဟုတ်ကဲ့ ... မမ "

"အို ... တော်ပြီ အငြိမ်း... မလိုပါဘူးကွယ်။

ဒီမှာ ခြံက ပေါ်ဦးပေါ်ဖျား စပျစ်သီးလေးတွေ စားရအောင် လာပေးတာ ... အလုပ်ရှုပ်ခံပြီး ဘာမှမလုပ်တော့ပါနဲ့ကွယ်။ "

"ဟယ် ... မဟုတ်တာ မမရယ်။

အလကားတော့ မယူပါရစေနဲ့ ... မဟုတ်တောင် ဆိုင်အတွက် လိုတာလေးတွေ မမတို့ခြံမှာ လာဝယ်မလို့လုပ်နေတာ။

ဒါလေးလည်း အလကားမယူပါရစေနဲ့နော်။ "

"အို ... တို့က စားစေချင်လို့ စေတနာနဲ့လာပေးတာကို ပိုက်ဆံနဲ့ တန်ကြေးဖြတ်မယ်ဆိုရင်တော့ စိတ်ဆိုးမှာပဲနော်။ "

"ရှင် ... အဲ့လို အဲ့လိုမဟုတ်ပါဘူး မမရဲ့။

ရှင်ငြိမ်းက အားနာလို့ပါ။ "

"ဘာမှ အားမနာပါနဲ့ကွယ်။

ရှင်ငြိမ်းကလည်း ဝိုင်တွေ အမြဲအားပေးနေတာပဲဟာ။ "

"အဲ့တာတော့ မမတို့ဝိုင်ကိုက ကောင်းလို့ပါ မမရဲ့။

ဆိုင်က customer တွေအားလုံးက မမတို့ ဝိုင်ပဲကြိုက်တာ မမရဲ့။ "

"ဟုတ်ကဲ့ပါရှင် ... ဒါနဲ့ စစ်မက်ရှင်တစ်ယောက် ဒီနေ့ ဆိုင်မှာပဲ နေနေတယ်။ ရှင်ငြိမ်းတို့ဘက် မကူးပါလား။ "

"အဟွန်း ... ရှင်ငြိမ်းနည်းနည်းငေါက်လိုက်လို့ပါ မမ "

"အေးအေး ... ကောင်းတယ် ကောင်းတယ်

သူ့ကိုနိုင်တဲ့သူလည်းပေါ်ဦးမှ ဒီကောင်လေးက သိပ်ဆိုးတာ။ "

သားက ရှင်ငြိမ်းကို သဘောကျနေတယ်ဆိုတာ သူမတို့ လင်မယားနှစ်ယောက်လုံး သိထားပြီးသားပါ။

မသိချင်မှလည်း အဆုံးလေ။

မိဘတွေရှေ့မရှောင် မမ မမနဲ့ပဲ အမြဲဖြစ်နေတာကို။

နောက်ပြီး အရင်ကဆို ဆိုင်က တစ်နှစ်နေလို့ တစ်ခေါက်တောင် လာခိုင်းလို့မရတဲ့သားက ရှင်ငြိမ်းတို့ဆိုင်ဖွင့်ပြီးကတည်းက မိုးလင်းကတည်းက ဆိုင်ကိုရောက်လာကာ ရှင်ငြိမ်းတို့ဆိုင်ဖက်ကူးသွားပြီး

မပိတ်မချင်းပြန်မလာတော့ပေ။

အခုလည်း ဆိုင်မှာ ကပ်နေတာ ရှင်ငြိမ်းက တစ်ခုခုပြောလိုက်လို့နေမှာပေါ့။

မျက်နှာကြီးက သုန်မှုန်နေတာတွေ့သားပဲ။

လူငယ်တွေကိစ္စမို့ သူမတို့ကတော့ ဘာမှ

ဝင်မစွက်ဖက်ပါ။

သူမတို့တုန်းကလို နာကျင်စရာတွေ သားလေးကိုတော့ မရှိစေချင်။

ရှင်ငြိမ်းမှာ အရင်က အမျိုးသားရှိတယ်ဆိုတာလည်း ရှင်ငြိမ်းက ပွင့်ပွင့်လင်းလင်းပြောပြထားလို့ သိထားပြီးသားပါ။ တကယ်လို့ သားနဲ့သာ မေတ္တာမျှခဲ့ရင်လည်း အရင်ခင်ပွန်းနဲ့ သေချာကွာရှင်းခိုင်းပြီး သူမတို့က တင့်တောင့်တင့်တယ် တောင်းရမ်းပေးပြီး လက်ထပ်ပေးမှာဖြစ်၏။

သားကချစ်တဲ့ မိန်းကလေးကို သူမတို့ကလည်း အပြည့်အဝ လိုက်ချစ်ပေးမှာပါ။

အပိုင်း (၄၉) ဆက်ရန် ...

(စစ်မက်ရှင်က ဘယ်သူလေးလဲ မှတ်မိတဲ့သူရှိကြလား။

မောင်နှစ်မောင်ဖြစ်သွားပြီနော်။

သန့်ဇင်လင်းကြီးတော့ ဟင်း ဟင်း 🤭)

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၇) နောက်အခန်း - အပိုင်း (၄၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ