Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၄၅)

သန့်ဇင်လင်း ကုမ္ပဏီက အိမ်ပြန်ရောက်လျှင် အိမ်က ပုံမှန်ထက် ပိုတိတ်ဆိတ်နေတာကြောင့် မျက်မှောင်ကြုတ်လိုက်မိကာ ရှင်ငြိမ်းကို လိုက်ရှာရတော့သည်။။

ခါတိုင်းဆို သူမကအမြဲ သူ့အရင် အိမ်ပြန်ရောက်နေကျပါ။

သူကသာ ကုမ္ပဏီမှာ အလုပ်ကိစ္စတွေမပျက်တာကြောင့် အမြဲနောက်ကျနေရခြင်းပင်။

ဖေဖေက သူ့ကို အကုန်လွှဲထားတာမလား။

"ရှင်ငြိမ်း ... ရှင်ငြိမ်း"

သူ့အသံက ပဲ့တင်ထပ်သွားသော်လည်း ပြန်ထူးသံကို မကြားရပေ။ မီးဖိုချောင်ထဲမှာများလား ဆိုသည့် အတွေးဖြင့် လျှောက်သွားကြည့်သော်လည်း မီးဖိုချောင်က သပ်ရပ်ရှင်းလင်းနေပြီး သူမ အရိပ်အယောင်ပင် မတွေ့ရ။

"အိပ်များ အိပ်နေတာလား"

ခပ်တိုးတိုး ရေရွတ်ရင်း အပေါ်ထပ်ရှိ အိပ်ခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် တက်လာခဲ့လိုက်ကာ အခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အခန်းထဲ၌လည်း ရှင်ငြိမ်းက ရှိမနေပါ။

ထိုစဉ် သူ့မျက်လုံးများက စာရေးစားပွဲလေးဆီသို့ အလိုအလျောက် ရောက်သွား၏။

စာရွက်တစ်ရွက်နှင့် ထိုစာရွက်ပေါ်တွင် ဖိထားသည့် လက်စွပ်လေး တစ်ကွင်း။

သန့်ဇသ်လင်း ရင်ထဲ ဒိန်းခနဲ မြည်သွားကာ ခြေလှမ်းများက စားပွဲဆီသို့ အလိုလို လျှောက်သွားမိလျက်သား ဖြစ်သွား၏။ စားပွဲရှေ့သို့ ရောက်လျှင် ထိုပေါ်ရှိ စာရွက်ကိုမြင်လိုက်ရချိန်တွင် သန့်ဇင်လင်း တစ်ကိုယ်လုံး ကျင်ခနဲဖြစ်သွားရသည်။

...ကွာရှင်းပြတ်စဲခြင်း သဘောတူစာချုပ်...

"ဒါ... ဒါ ဘာတွေလဲ"

သန့်ဇင်လင်း လက်တွေ သိသိသာသာ တုန်ယင်လာကာ ထိုစာရွက်ကို ယူရန် လှမ်းလိုက်သော်လည်း လေထဲတွင်ပင် ရပ်တန့်နေမိသည်။ စာရွက်အောက်ခြေတွင် ရှင်ငြိမ်း လက်မှတ်လေးကို ထိုးထားသည်ကို မြင်လိုက်ရချိန်တွင်တော့ သူ့ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားသလို ခံစားလိုက်ရ၏။ စာရွက်ပေါ်တွင် ဖိထားသည့် လက်စွပ်လေးကတော့ သူတို့ မင်္ဂလာဆောင်တုန်းက သူကိုယ်တိုင် ရှင်ငြိမ်းကို စွပ်ပေးခဲ့သည့် လက်ထပ်လက်စွပ်လေးပင်။

"မဖြစ်နိုင်ဘူး... ဒါ... ဒါ နောက်နေတာမလား"

သန့်ဇင်လင်း စာရွက်ကို ကောက်ယူလိုက်ရင်း အသံထွက်ကာ အော်လိုက်မိသည်။

"ရှင်ငြိမ်း... ခင်ဗျား ဘယ်မှာလဲ။ ထွက်ခဲ့စမ်း... ဒါ ဘာသဘောလဲ "

သူ အခန်းထဲတွင် အရူးတစ်ယောက်လို လှည့်ပတ်ရှာဖွေရင်း အော်နေမိသည်။ ရေချိုးခန်းထဲကို ဝင်ကြည့်သည်၊ ဝရန်တာကို ထွက်ကြည့်သည်။ သို့သော် ရှင်ငြိမ်းကိုတော့ မတွေ့ရတော့ပေ။

ထို့နောက် ဗီရိုဆီသို့ အပြေးအလွှား သွားကာ ဗီရိုတံခါးများကို ဆွဲဖွင့်လိုက်ချိန်တွင် သန့်ဇင်လင်း ဒူးတွေ ခွေကျသွားမတတ် ဖြစ်သွားရသည်။

"မဖြစ်နိုင်ဘူး... ရှင်ငြိမ်း ခင်ဗျား ကျုပ်ကို ဒီလို ထားခဲ့လို့ မရဘူးလေ။ "

သန့်ဇင်လင်း လက်ထဲမှ ကွာရှင်းစာချုပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ချေလိုက်မိရင်း နာကျင်စွာ အော်လိုက်ပြန်သည်။ ရင်တစ်ခုလုံးကို ဓားနှင့် အချက်ပေါင်းများစွာ အထိုးခံလိုက်ရသလို နာကျင်လာကာ နှလုံးသားတစ်ခုလုံး ဆွဲညှစ်ခံရသလို

ဗီရိုရှေ့ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိတော့သည်။

"ဟာကွာ... ဒုန်း "

ဆံပင်များကို ဆွဲဖွရင်း ကြမ်းပြင်ကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထုချလိုက်မိကာ နာကျင်မှုက လက်ဖျားမှာမဟုတ်ပဲ ကွဲအက်သွားသည့် နှလုံးသားဆီမှာ ဖြစ်၏။

ထို့နောက် သတိဝင်လာကာ ဖုန်း ဆက်ရန် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ကပျာကယာ ထုတ်လိုက်ပြီး ရှင်ငြိမ်း နာမည်ကို အမြန်နှိပ်ကာ ခေါ်လိုက်လျှင် ...

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်၍ မရနိုင်ပါ..."

ထွက်ပေါ်လာသော အော်ပရေတာ အသံကြောင့် သန့်ဇင်လင်း ဖုန်းကို နံရံဆီသို့ အားကုန်လွှဲပေါက်ပစ်လိုက်တော့သည်။

"ဒုန်း ..."

ဖုန်းလေးက နံရံနှင့်ရိုက်မိကာ အောက်သို့ တစ်စစီ ကွဲကျသွားသလို သူ့ နှလုံးသားလေးကလည်း ...

"ခင်ဗျား ကျုပ်ကို ထားခဲ့လို့မရဘူးလို့ "

မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်ဆွဲကာ အော်ရင်း ယိုင်နဲ့စွာ မတ်တပ်ထရပ်ကာ ကားသော့ယူပြီး သူမ မိဘတွေအိမ် ထွက်ခဲ့လိုက်၏။

ဟုတ်တယ် ... သူမက ဘယ်မှ သွားမှာမဟုတ်ဘူး။

သူမ မိဘတွေ ခြံရှေ့သို့ ရောက်လျှင် ကားစက်ပင် မသတ်နိုင်တော့ဘဲ ကားပေါ်မှ အပြေးအလွှား ဆင်းကာ ခြံတံခါးကို အဆက်မပြတ် ထုလိုက်တော့သည်။

"ဒုန်း ... ဒုန်း ရှင်ငြိမ်း ရှင်ငြိမ်း ခင်ဗျား ဒီမှာမလား။ "

" ဟေ...မောင်သန့်ဇင်လင်းလား။ ဘာဖြစ်လို့လဲကွယ် ဒီအချိန်ကြီး..."

အိမ်ထဲမှ အလောတကြီး ထွက်လာသော ရှင်ငြိမ်းဖေဖေက ခြံတံခါးကို လာဖွင့်ပေးရင်း မေးလိုက်၏။

"အန်ကယ် ... ရှင်ငြိမ်းရော ... ရှင်ငြိမ်း ဒီကို ရောက်နေတာမလား။ "

သန့်ဇင်လင်း အိမ်ထဲသို့ မျက်လုံးများ ဝေ့ဝဲရှာဖွေရင်း အလောတကြီး မေးလိုက်မိ၏။ ထိုအချိန် အိမ်ထဲမှ ရှင်ငြိမ်းမေမေပါ ထွက်လာလေသည်။

"ဟေ... သမီးက ဘာလာလုပ်ရမှာလဲ ... သမီးက မင်းနဲ့ အတူတူ အိမ်မှာ ရှိနေတာ မဟုတ်ဘူးလား။

ဘာတွေ ဖြစ်လို့လဲကွယ်..."

ရှင်ငြိမ်း မေမေရဲ့ စကားကြောင့် သန့်ဇင်လင်း တစ်ကိုယ်လုံးရှိ အားအင်များ အကုန်လုံး ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။

"ဒီ... ဒီကို မလာဘူးလားဟင်။ တကယ်... တကယ်

မလာဘူးလား ..."

ဒီမှာ မရှိဘူးဆို ဘယ်ကိုများသွားတာလဲ။

"ဘာတွေဖြစ်ကြတာလဲ မောင်သန့်ဇင်လင်း... အန်တီ့ကို သေချာ ရှင်းပြစမ်းပါ။ သမီးက ဘယ်ကို သွားတာလဲ..."

"ရှင်ငြိမ်း... ရှင်ငြိမ်း အိမ်ကနေ ထွက်သွားတာ အန်တီ။ ကျွန်တော် အလုပ်က ပြန်ရောက်တော့ သူ့အဝတ်အစားတွေရော သူရော ဘာတစ်ခုမှ မရှိတော့ဘူး... သူ... သူ ကျွန်တော့်ကို ထားခဲ့ပြီ ..."

"ဟင်..."

"တောင်းပန်ပါတယ် ... အားလုံး ကျွန်တော့် အမှားတွေပါ။ ကျွန်တော်... ကျွန်တော် သူ့ကို ရအောင် ပြန်ရှာပါ့မယ်။ "

ကားရှိရာဆီသို့ လေးလံသော ခြေလှမ်းများဖြင့် ပြန်လျှောက်လာခဲ့လိုက်ကာ ကားပေါ်ရောက်သည်နှင့် စတီယာရင်ပေါ်သို့ ခေါင်းမှောက်ချလိုက်မိ၏။

"ခင်ဗျား ရက်စက်လိုက်တာဗျာ... "

သူမ မိဘတွေအိမ်မှာ မရှိတော့ သူမ သူငယ်ချင်းတွေအိမ်တွေကို စုံစမ်းကာ လိုက်ရှာပေမယ့် ဘယ်မှာမှ ရှာလို့မတွေ့တာကြောင့် သူ့မှာ ချိနဲ့သွားရသည်။

သူ သူမကို လိုက်ရှာရင်း အချိန်တွေသာ တစ်ရက်ပြီး တစ်ရက်ကုန်သွားကာ သူမကိုတော့ ရှာလိုါမတွေ့တော့ပေ။

ရှင်ငြိမ်းက သူ့ကို တကယ်ထားရစ်ခဲ့ပါပြီ။

သူ ထပ်ပြီး ပစ်ချခံရပြန်ပြီ။

ခပ်ယဲ့ယဲ့လေးတောင် မပြုံးနိုင်တော့ပဲ ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်စတွေနှင့်အတူ သူ့အတွေးများက အတိတ်ဆီသို့ ...

ထိုနေ့က သူ ရှင်ငြိမ်းကို ပထမဆုံး စတွေ့ခဲ့တဲ့နေ့လည်းဖြစ်သလို သူမ သူ့နှလုံးသားထဲကို စတင်ဝင်ရောက်လာသော နေ့ဆိုလည်း မမှားပေ။

"ဟေ့ကောင်တွေ ဆူတယ်ကွာ ... *ီးပဲ "

"ဟျောင့် ... ဆူရင် အပြင်ထွက်နေကွာ။ "

"ဟုတ်တယ် ... လစ် "

ကျောင်းမတက်သေးတာကြောင့် တစ်ခန်းလုံးဆူညံနေကာ ပြောလို့လည်းမရတာကြောင့် သန့်ဇင်လင်း

အခန်းအပြင်သို့သာ ထွက်ခဲ့လိုက်၏။

ထိုစဉ် သူ့အကြည့်ထဲသို့ မိန်းကလေးတစ်ယောက်က တိုးဝင်လာခဲ့လေသည်။

လက်ထဲမှ စာအုပ်ကိုကိုင်ကာ ဘယ်ကိုမှမကြည့်ပဲ ထိုစာအုပ်ထဲခေါင်းစိုက်တော့မတတ်ကြည့်ကာ လမ်းလျှောက်လာသော ကောင်မလေးတစ်ယောက်။

ထိုမြင်ကွင်းကြောင့် သူ့နှုတ်ခမ်းတို့က အလိုလိုတွန့်ကွေးသွားကာ လေအဝှေ့တွင် လွင့်ခနဲ ဖြစ်သွားသော ဆံစလေးများကို သူမက လက်ချောင်းသွယ်သွယ်လေးများဖြင့် နားနောက်သို့ သပ်တင်လိုက်ချိန်တွင်

သေဆုံးနေတဲ့ သူ့နှလုံးသားက ရုတ်တရက် အတားအဆီးမဲ့စွာ ခုန်ပေါက်သွားရသည်။

အချစ်ဦးကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် သူဘယ်သူ့ကိုမှ ထပ်မချစ်နိုင်‌တော့ပေမယ့် သူမကို တွေ့လိုက်ချိန်မှာတော့ ပြောင်းလဲသွားခဲ့သည်။

ဟုတ်တယ် ... သူ ထပ်ပြီး ချစ်မိသွားပါပြီ။

သို့သော် ...

အပိုင်း (၄၆) ‌ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၄) နောက်အခန်း - အပိုင်း (၄၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ