Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၃၅)

ကုတင် တစ်ဖက်စွန်းတွင် ရှင်ငြိမ်းစောင်ထူထူကြီးကို ခေါင်းမြီးခြုံကာ ကွေးကွေးလေး လှဲနေပြီး နှာခေါင်းထိပ်လေးပင် ချမ်းလွန်း နီရဲနေပြီဖြစ်၏။

အကြောင်းအရင်းကတော့ ဟိုအပူပြန်နေတဲ့ အပူသည်ကြီးက အဲကွန်းကို မိုင်ကုန်ဖွင့်ထားသောကြောင့်ပင်။

သူမချမ်းတိုင်း တမင်သက်သက် သူများကို နှိပ်စက်နေတာ။

လူယုတ်မာ ...

ရှင်ငြိမ်း စိတ်ထဲမှ ကြိတ်ဆဲရင်း စောင်ပုံထဲမှ ခေါင်းလေးကို အသာပြူထွက်ကာ ကြည့်လိုက်လျှင် သူက သူမဘေးတွင် ခုတင် ခေါင်းရင်းကို မှီကာ တက်ဘလက်တစ်လုံးဖြင့် စာဖတ်နေ၏။ အံ့သြစရာကောင်းသည်က ဒီလောက် အေးနေတဲ့ အခန်းထဲမှာ သူက အင်္ကျီလက်ပြတ် အမည်းရောင်လေးကိုသာ ဝတ်ထားပြီး စောင်ပင် မခြုံထားပါ။

" သန့်ဇင်လင်း။ အဲကွန်းလေး နည်းနည်း ပြန်တင်ပေးပါလား။ ငါ ချမ်းလာပြီ"

ရှင်ငြိမ်း စောင်ကို မေးစေ့အထိ ဆွဲတင်ထားရင်း လှမ်းပြောလိုက်လျှက် သူက တက်ဘလက်မှ မျက်လုံးမခွာပဲ ...

"ကျုပ်က ပူတယ်လေ။ ဒီနေ့ ရာသီဥတုက အိုက်စပ်စပ်နဲ့ကို... ခင်ဗျားဘာသာ စောင်နှစ်ထပ်လောက် ခြုံထားလိုက်ပေါ့"

"ဘာ... နင် ပူတာနဲ့ပဲ ငါက ရေခဲရိုက်ခံရတော့မှာလား။ ရီမုတ်ပေး... ငါ့ဘာသာ လျှော့မယ်"

ရှင်ငြိမ်း စိတ်မရှည်တော့ပဲ စောင်ကို ဖယ်ကာ ကုတင်ပေါ်မှ ငေါက်ခနဲ ထထိုင်လိုက်ကာ သူ့ဘေးနားရှိ ရီမုတ်ကို လှမ်းယူရန် လက်လှမ်းလိုက်သည်။

သို့သော် သန့်ဇင်လင်းက သူမထက် လက်သွက်သွားကာ သူက ရီမုတ်ကို ဆတ်ခနဲ ကောက်ယူလိုက်ပြီး တက်ဘလက်ကို ဘေးသို့ ချကာ ရှင်ငြိမ်းဘက်သို့ လှည့်ကြည့်လာလေသည်။

"မရပါဘူး... ခင်ဗျား လျှော့လိုက်ရင် ကျုပ် ပူမှာပေါ့"

"ပေးစမ်းပါ သန့်ဇင်လင်းရယ်... ငါ တကယ် ချမ်းနေပြီ"

ရှင်ငြိမ်း သူ့အနားသို့ တိုးသွားပြီး ရီမုတ်ကို အတင်း လုယူရန် ကြိုးစားလျှင် သူက ရီမုတ်ကိုင်ထားသော လက်ကို အပေါ်သို့ မြှောက်ထားလိုက်ပြီး နှုတ်ခမ်းထောင့်ကို တွန့်ကာ ခပ်ရွတ်ရွတ် အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ...

"ချမ်းရင်လည်း... ကျုပ်ကို လာဖက်ထားလို့ ရတယ်လေ ။ ကျုပ်ကိုယ်က နွေးနေတာပဲ... အဲကွန်း လျှော့စရာတောင် မလိုဘူး။ အလကား အပူပေးစက်ကြီး ရှိနေတာကို"

သူ့စကားကြောင့် ရှင်ငြိမ်း မျက်လုံးလေး ပြူးသွားကာ မျက်နှာတစ်ခုလုံး ပူထူသွားရသည်။

ကြည့်... ကြည့်... စကားပြောရင် အမြဲတမ်း အဲ့လို တွေချည်းပဲ။ ဘယ်သူက သူ့ကို ဖက်ချင်လို့လဲ...

"ဘယ်သူက နင့်ကို ဖက်မှာလဲ... လူယုတ်မာရဲ့။ ပေး... အဲ့ဒီ ရီမုတ်"

ရှင်ငြိမ်းက ဒေါသတကြီးဖြင့် သူမြှောက်ထားသော လက်ကို အတင်း လှမ်းဆွဲလျှင် သူက ရီမုတ်ကို ကျန်လက်တစ်ဖက်သို့ ပြောင်းကိုင်ကာ နောက်သို့ ဆုတ်ရှောင်လိုက်တာကြောင့် ရှင်ငြိမ်းမှာ အရှိန်လွန်ပြီး သူ့အပေါ်သို့ ဖိလျက်သား လဲကျသွားလေတော့သည်။

"အို..."

ရှင်ငြိမ်း ကိုယ်လုံးလေးက သူ့ရင်ခွင်ထဲသို့ ပြုတ်ကျသွားလျှင် သူကလည်း အလိုက်သင့်လေး နောက်သို့ လှဲချလိုက်ရင်း သူမ ခါးသိမ်သိမ်လေးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ကာ ထိန်းထားလိုက်လေသည်။

"အင်း... ခင်ဗျားက ပါးစပ်ကသာ မဖက်ဘူး ပြောတာ... တကယ်တမ်းကျတော့လည်း ကျုပ်ရင်ခွင်ထဲကို အမြဲတမ်း ဒိုင်ဗင်ထိုး ဝင်လာတာချည်းပဲနော်"

"ဖယ်... ဖယ်စမ်း... နင် တမင်လုပ်တာမလား"

ရှင်ငြိမ်းက ပြောရင်း သူ့ရင်ဘတ်ကို လက်ဖြင့် တွန်းကာ ထရန် ကြိုးစားပေမယ့် သူမခါးကိုဖက်ထားတဲ့ သူ့လက်မောင်းကြီးက တင်းကျပ်လွန်းတာကြောင့် ရုန်းမထွက်နိုင်ပေ။

သန့်ဇင်လင်း သူမကို အပေါ်စီးမှ ငုံ့ကြည့်လာကာ ...

"ခင်ဗျားကသာ ကျုပ်အပေါ် တက်ဖိထားတာလေ... ကျုပ်က ဘာလုပ်လို့လဲ။ ကဲ... လိုချင်တဲ့ ရီမုတ် ယူလေ"

သူက ပြောပြောဆိုဆိုဖြင့် ရီမုတ်ကို ရှင်ငြိမ်း မျက်နှာရှေ့သို့ လှမ်းပေးလာလျှင် ရှင်ငြိမ်းလည်း ဒေါသတကြီးဖြင့် ရီမုတ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး သူ့ရင်ခွင်ထဲမှ အမြန် ရုန်းထွက်ကာ အဲကွန်း အပူချိန်ကိုချက်ချင်း တင်ပစ်လိုက်သည်။

ထို့နောက် ကုတင်ပေါ်မှ ဆင်းကာ သူမစောင်ကိုပါ တစ်ပါတည်း ဆွဲယူပြီး ဆိုဖာဘက်သို့ သွားရန် ပြင်လိုက်၏။

"ဟေ့... ဘယ်သွားမလို့လဲ"

"ဆိုဖာပေါ်မှာ သွားအိပ်မလို့... နင်နဲ့ တူတူ မအိပ်နိုင်ဘူး"

ရှင်ငြိမ်းက နှုတ်ခမ်းကို စူကာ နောက်လှည့် မကြည့်ပဲ ပြောလိုက်၏။

"ကျစ်... ပြန်လာခဲ့စမ်းပါ ခင်ဗျားလို အိပ်မောကျရင် ကုတင်တစ်ခုလုံး လှိမ့်‌နေတတ်တဲ့သူက ဆိုဖာသေးသေးလေးပေါ် အိပ်ရင် ခါးကျိုးသွားလိမ့်မယ်။ လာ... ကုတင်ပေါ်မှာပဲ အိပ်"

"မအိပ်ဘူး "

ရှင်ငြိမ်း ခေါင်းမာမာဖြင့် ဆိုဖာပေါ်သို့ လှဲချလိုက်ပြီး စောင်ကို ခေါင်းမြီးခြုံလိုက်သည်။ ထိုအခါ သန့်ဇင်လင်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ကုတင်ပေါ်မှ ဆင်းကာ သူမအနားသို့ လျှောက်သွားလိုက်ပြီး စောင်ပုံကြီးနှင့်တကွ ရှင်ငြိမ်းကို ပွေ့ချီလိုက်လေတော့သည်။

"အို... သန့်ဇင်လင်း... နင် ဘာလုပ်တာလဲ။ ချစမ်း အခု"

ရှင်ငြိမ်း လန့်သွားကာ စောင်ထဲမှ ရုန်းကန်အော်ဟစ်လိုက်သော်လည်း သန့်ဇင်လင်းက ဂရုမစိုက်ဘဲ ကုတင်ပေါ်သို့ ပြန်တင်ပေးလိုက်သည်။ ထို့နောက် စောင်ကို သူမ လည်ပင်းအထိ သေချာ ဆွဲခြုံပေးလိုက်ပြီး...

"ငြိမ်ငြိမ်လေး အိပ်စမ်းပါ။ ကျုပ်လည်း အဲကွန်း လျှော့ပေးလိုက်ပြီပဲ... ဘာမှ ထပ်မပူညံနဲ့တော့"

သူက ပြောပြီး ကုတင် ဟိုဘက်စွန်းသို့ ပြန်သွားကာ လှဲအိပ်လိုက်လျှင် ရှင်ငြိမ်းမှာ သူ့လုပ်ရပ်ကြောင့် ကြောင်အမ်းအမ်းလေး ဖြစ်ကာ စောင်စလေးကို ကိုင်ရင်း သူ့ကျောပြင်ကြီးကိုသာ ငေးကြည့်နေမိတော့သည်။

တစ်ခါတလေကျရင်လည်း အစွယ်ထုတ်ပြလိုက် တစ်ခါတလေကျရင်လည်း ဂရုစိုက်သလိုလို လုပ်ပြလိုက်နဲ့... တကယ် နားလည်ရခက်တဲ့ လူပဲ။

____________________

အလုပ်ပိတ်ရက်လေးမှာ ရှင်ငြိမ်းတို့ သူငယ်ချင်းတွေ ဆိုင်တစ်ဆိုင် date ဖြစ်ကြကာ အကုန်လုံးက ရှင်ငြိမ်းတို့အကြောင်းကိုပဲ စိတ်ဝင်စားနေကြ၏။

"ကဲ ပြောပါဦး... crush ကို လက်ထပ်ရတဲ့ ခံစားချက်လေး။"

ရှေ့ရှိ ကိတ်မုန့်ကို ခက်ရင်းဖြင့် ထိုးဆွနေသော ချိုသဲက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြုံးစိစိဖြင့် အစချီလိုက်လျှင် ဘေးနားရှိ ဖြူစင်နှင့် မိုးပွင့်ဖြူကလည်း ရှင်ငြိမ်းကို ဝိုင်းကြည့်လာကြ၏။

ထိုအခါ ရှင်ငြိမ်း လက်ထဲမှ စတော်ဘယ်ရီဖျော်ရည်ခွက်ကို စားပွဲပေါ်သို့ ဖြည်းညှင်းစွာ ပြန်ချလိုက်မိကာ ပါးပြင်များပင် အလိုလို ပူနွေးလာသလို ခံစားလိုက်ရသည်။

"နင်တို့ကလည်းဟာ။ နင်တို့လည်း သိတဲ့အတိုင်းပဲ... သူနဲ့ငါက လူကြီးတွေ စီစဉ်လို့ လက်ထပ်ခဲ့ရတာလေ။ ငါတို့ အိမ်ထောင်ရေးက အဆင်မပြေပါဘူး။"

"ဟင်... သူက နင့်အ‌ပေါ် မ‌ကောင်းဘူးလား... နင့်ကို ရိုက်တာလား"

ဖြူစင်က မျက်လုံးလေး ပြူးသွားကာ စိုးရိမ်တကြီးဖြင့် အလန့်တကြား ဝင်မေးလေသည်။

"ဟို... အဲ့လို အဲ့လိုတော့လည်း မဟုတ်ဘူးလေဟာ။"

ရှင်ငြိမ်း ပြာပြာသလဲဖြင့် လက်နှစ်ဖက်ကို ယမ်းပြကာ ကမန်းကတန်း ပြန်ဖြေလိုက်ရသည်။

"အဲ့တာဆို ဘယ်လိုလဲဟ။"

ဝါဝါခိုင်ကပါ စိတ်မရှည်တော့သည့်ဟန်ဖြင့် ရှေ့သို့ ကိုယ်ကို ကိုင်းလာကာ မေးလာပြန်သည်။

ရှင်ငြိမ်း သက်ပြင်းကို တိတ်တိတ်လေး ချလိုက်မိ၏။ဘယ်လို ရှင်းပြရမလဲ။

"ပြောရမာ်ဆို ... ငါတို့က အိမ်သာ တစ်အိမ်တည်းနေတာ တစ်ယောက်နဲ့ တစ်ယောက် သိပ်တောင် စကားမပြောဖြစ်ကြဘူး... ပြောဖြစ်ရင်လည်း အကန်တွေချည်းပဲ အဲ့တော့ တကျက်ကျက်ပဲပေါ့ဟာ။ "

ရှင်ငြိမ်း နှုတ်ခမ်းကို စူကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လျှင် ချိုသဲက သဘောကျသလို ပြုံးလိုက်ပြီး...

"အမယ်လေး ရှင်ငြိမ်းရယ်... အဲ့ဒါများဟယ်။ နင်က အခုမှ အိမ်ထောင်ကျခါစလေ။ ပြီးတော့ နင်တို့က ရည်းစားတွေ ဖြစ်ပြီးမှ ယူကြတာလည်း မဟုတ်ဘူးဆိုတော့ အစပိုင်းတော့ အဲ့လို သိပ်မရင်းနှီးတာတွေ စကားများတာတွေ ရှိမှာပေါ့။ တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပါ"

"ကဲပါဟာ... မစဉ်းစားနဲ့တော့။ အခုတော့ သူ့ဘာသာသူ ဘယ်လိုပဲ နေနေ၊ နင်ကလည်း နင့်အလှည့်ရောက်ရင် သေသေချာချာလေး ပြန်ပြီး အနိုင်ယူပြလိုက်။ ငါတို့ ရှင်ငြိမ်းက ဘယ်လောက် လှတာလဲ... တစ်နေ့ကျရင် သန့်ဇင်လင်းဆိုတဲ့ကောင် နင့်နောက်ကို တစ်ကောက်ကောက် လိုက်လာစေရမယ်... ဟုတ်တယ်မလား"

ဝါဝါခိုင်က ရှင်ငြိမ်း ပခုံးကို လှမ်းဖက်ရင်း ဆိုလိုက်ရာ ကျန်တဲ့ သူငယ်ချင်းတွေကပါ ဝိုင်း ထောက်ခံကြလေသည်။ သူတို့နဲ့တွေ့မှ ရှင်ငြိမ်းစိတ်တွေလည်း ပေါ့ပါးသွားသလိုပင်။

အပိုင်း (၃၆) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃၄) နောက်အခန်း - အပိုင်း (၃၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ