"ကဲ... သားတို့ သမီးတို့အားလုံးပဲ မင်္ဂလာပါ။
မင်းတို့အတန်းက လူနည်းနည်းလေးပဲဆိုတော့ special class(အထူးအတန်း) ပေါ့နော။
ဒီနေ့တော့ တို့တွေ စာမသင်သေးဘဲ အခန်းသန့်ရှင်းရေး အရင်လုပ်ကြရအောင်။ ဒါပေမယ့် ပြဿနာက တို့အခန်းက ဘာပစ္စည်းမှ မဝယ်ရသေးဘူး။"
ထိုအခန်းက ဆယ်တန်းနှစ်ကျတွေ ပြန်တက်တဲ့ repeater အတန်းဖြစ်ကာ ၁၀ တန်းအောင်စာရင်းတွေ ထွက်ပြီးမှ ကျောင်းပြန်တက်ကြရတာကြောင့်
ပုံမှန် ကျောင်းဖွင့်ချိန်ထက် နောက်ကျ၏။
စာမေးပွဲကျတဲ့ ကျောင်းသားတွေက ယောက်ျားလေးတွေ ပိုများရာ ထိုအခန်းတွင် ယောက်ျားလေး ၁၃ယောက်နှင့် မိန်းကလေး ၇ယောက် စုစုပေါင်း အယောက်၂၀သာ ရှိတဲ့ အခန်းဖြစ်၏။
ထိုအထဲတွင် ရှင်ငြိမ်း အပါအဝင်ဖြစ်ကာ ရှင်ငြိမ်းလည်း နှစ်ကျ ကျောင်းသူတစ်ယောက်ဖြစ်လေသည်။
ဒါပေမယ့် ရှင်ငြိမ်း စာမေးပွဲကျရသည့်အကြောင်းအရင်းက သူများတွေလို စာမရလို့ စာမေးပွဲ မဖြေနိုင်လို့မဟုတ်ပဲ စာမေးပွဲတွင်းမှာ အပြင်းဖျားခဲ့တာကြောင့် မဖြေနိုင်ပဲ ကျသွားရခြင်းပင်။
ထိုအကြောင်းကို ပြန်တွေးမိတိုင်းလည်း အမြဲတမ်းယူကျုံးမရဖြစ်ရ၏။
အဘယ့်ကြောင့်ဆိုသော် ရှင်ငြိမ်း စာအရမ်းကြိုးစားပြီး စာတော်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်တာကြောင့်ပင်။
ဉာဏ်အရမ်းကြီးကောင်းတဲ့ထဲ မပါပေမယ့် ထိုင်းတဲ့ထဲလည်း မပါပေ။
ကြိုးစားရင် ကြိုးစားသလောက် အရာထင်၏။
အရင်နှစ်ကလည်း တစ်နှစ်လုံး ကြိုးစားပြီးမှ ကျသွားရတာကို ရင်နာလို့မဆုံးပေ။
ဒီနှစ်တော့ ဖေဖေက ဆရာဝန်တစ်ယောက်ဖြစ်ရာ ဖေဖေ တာဝန်ကျရာ မြို့သစ်လေးဆီသို့ မိသားစုလိုက် ပြောင်းရွှေ့လာခဲ့ရသည်။ ဒီမြို့လေးက သူမဘဝရဲ့ အချိုးအကွေ့တစ်ခု သို့မဟုတ် နှလုံးသားရေးရာ ဇာတ်လမ်းတစ်ပုဒ်၏ အစပြုရာ နေရာလေး ဖြစ်လာမည်ကိုတော့ ရှင်ငြိမ်း လုံးဝ ကြိုမသိခဲ့ပေ။
" သမီး... ရှေ့ဆုံးခုံက သမီးနှစ်ယောက်..."
ဆရာမက အရှေ့ဆုံးအတန်း အပေါက်ဝနားမှာ ထိုင်နေတဲ့ ရှင်ငြိမ်းနှင့် ဘေးက ကောင်မလေးတစ်ယောက်ကို ကြည့်ကာ လှမ်းခေါ်လိုက်သည်။
"သမီးတို့... ဘေးခန်းမှာ သွားပြီး တံမြက်စည်းနဲ့ အမှိုက်သိမ်းဂေါ်ပြားလေး သွားငှား "
"ဟုတ်ကဲ့ ဆရာမ "
နှစ်ယောက်လုံး တစ်ညီတညွတ်တည်းဖြေလိုက်ပြီး
ဘေးခန်းဖြစ်သော နဝမတန်း (၉ တန်း) အခန်းဆီသို့ သွားလိုက်ကြသည်။ ကိုးတန်းအခန်းရှေ့သို့ ရောက်သောအခါ သူမတို့အခန်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ေနကာ ကျောင်းသားများ၏ တက်ကြွဆူညံနေသော အသံများ၊ ရယ်မောသံများက အခန်းထဲတွင် ပဲ့တင်ထပ်နေ၏။ ဆရာမ မဝင်သေးတာကြောင့် အားလုံးက လွတ်လပ်စွာ ပျော်ရွှင်နေကြသည်။
ရှင်ငြိမ်းတို့နှစ်ယောက် တံခါးဝတွင် ရပ်လိုက်ပြီး အတွင်းသို့ တစ်ချက် အကဲခတ်လိုက်သည်။ ထို့နောက် တံခါးဝနားရှိ ခုံတွင်ထိုင်နေသော ကောင်မလေးတစ်ယောက်ကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်ကာ ...
"ညီမလေး... အစ်မတို့က ဘေးခန်း ဆယ်တန်းတွေပါ။ အခန်းသန့်ရှင်းရေးလုပ်ဖို့ တံမြက်စည်းလေး ခဏလောက် ငှားလို့ရမလား"
"ရတယ် အစ်မ ခဏလေးနော်"
ထိုကောင်မလေးက အခန်းထောင့်ရှိ တံမြက်စည်းကို သွားယူပေးကာ ရှင်ငြိမ်းတို့နှစ်ယောက်ကို ပေးလေသည်။
"ရပြီ အစ်မ... ရော့"
"ကျေးဇူးပဲနော် ညီမလေး ပြီးရင် အစ်မတို့ ပြန်လာပေးမယ်နော်"
"ဟုတ် "
__________________
အခန်းသန့်ရှင်းရေး လုပ်ပြီးသွားတာနှင့် စာသင်ချိန်မရှိတော့ပဲ အားလပ်ချိန် ဆင်းသွားတာကြောင့် အားလပ်ချိန်ပြီးမှပဲ စာစသင်ကြရလေသည်။
"ကဲ... အားလုံးပဲ သင်္ချာ စာအုပ်တွေထုတ်ကြရအောင်။ ဆရာမက သင်္ချာဆရာမ ... ဆရာမ နာမည်က ဒေါ်ခင်စန္ဒာမြင့် မှတ်ထားကြနော်။ "
"ဟုတ်ကဲ့ပါ ဆရာမ။ "
"တို့တွေ နောက်ကျနေပြီဆိုတော့ အချိန်ဆွဲမနေဘဲ သေသေချာချာ စလိုက်ကြရအောင်... Unit 1 ...
Unit 1 ကတော့ မင်းတို့နဲ့ စိမ်းမနေဘူးမလား။
Revision လောက်ပဲ ပြန်လိုက်ကြရအောင်နော်။ "
"ဟုတ် "
Unit 1 က သိပ်မခက်သလို အားလုံး သင်ပြီးသားဖြစ်တာကြောင့် ဆရာမက နည်းနည်း ပြန်ရှင်းရုံသာ
ရှင်းပြပြီး ကိုယ့်ဟာကိုယ် တွက်ခိုင်းလေသည်။
ရှင်ငြိမ်းတို့အရင်ကျောင်းက သင်တာနဲ့ တွက်နည်းတွေက သိပ်မတူပေမယ့် အဖြေက အတူတူပဲမို့
သိပ်တော့မခဲယဉ်းပေ။
"တောင် တောင် တောင် "
"ကဲ... ဒီနေ့တော့ ဒီလောက်ပဲ။ နားကြတော့..."
ထမင်းစားချိန် ဆင်းတာကြောင့် ဆရာမ ထွက်သွားသည်နှင့် အခန်းထဲရှိ ယောကျ်ားလေး (၁၃) ယောက်က အုပ်စုလိုက် စုရုံးကာ ဆူဆူညံညံဖြင့် အခန်းပြင်သို့ ထွက်သွားကြလေသည်။ ထိုအခါ အခန်းထဲတွင် ရှင်ငြိမ်းအပါအဝင် မိန်းကလေး (၇) ယောက်သာ ကျန်ရစ်ခဲ့၏။
ရှင်ငြိမ်းလည်း ပါလာတဲ့ ကိုယ့်ထမင်းချိုင့်ကိုယ် ဖွင့်ကာ စားမယ်လုပ်လျှင် ရှင်ငြိမ်း ဘေးခုံတွင်ထိုင်နေသော ဆံပင်တိုတို၊ မျက်လုံးဝိုင်းဝိုင်းနှင့် ကောင်မလေးတစ်ယောက်က သူမဘက်သို့ လှည့်လာကာ ...
"ဟေ့... နာမည်ဘယ်လိုခေါ်လဲဟင်။ ငါ့နာမည်က သက်သက်ခိုင် ... နင်က ကျောင်းသူအသစ်မလား။ "
"အွန်း ... ငါ့နာမည်က ရှင်ငြိမ်း ပါ။ ဒီမြို့ကို အခုနှစ်မှ ပြောင်းလာတာ..."
"ဪ... နာမည်လေးက လှလိုက်တာ။ လူနဲ့လည်း လိုက်တယ်။"
သက်သက်ခိုင်က ရယ်မောရင်း ပြောလျှင် ရှင်ငြိမ်းလည်း ပြန်ပြုံးပြလိုက်၏။
ထိုအချိန် သူတို့နှစ်ယောက် စကားပြောသံကို ကြားသွားသော အခြား မိန်းကလေးငါးယောက်ကလည်း သူတို့အနားသို့ တဖြည်းဖြည်း ရောက်လာကြကာ သိပ်မကြာခင်မှာပင် ရှင်ငြိမ်း သူတို့ အားလုံးနှင့်ခင်သွားသည်။
"ငါတို့လည်း အတူတူ ထမင်းစားလို့ ရမလားဟင်..."
ပါးချိုင့်လေးနှင့် ကောင်မလေးတစ်ယောက်က လာမေးတော့ ရှင်ငြိမ်း သူမဘေးရှိ ခုံအလွတ်များကို လက်ညိုးထိုးပြကာ ...
"ရတယ်လေ... လာထိုင်ကြလေ..."
မိန်းကလေး ခုနစ်ယောက်ဝိုင်းဖွဲ့ကာ ပါလာသည့် ထမင်းချိုင့်များကို ဖွင့်လိုက်ကြကာ တစ်ယောက်ဟင်း တစ်ယောက်စားကြရင်း စကားတွေ ဖောင်ဖွဲ့လာကြ၏။
ရှင်ငြိမ်းကတော့ အရင်ကတည်းက စကားသိပ်မပြောတတ်တာကြောင့် သူတို့ပြောသမျှ ကျောင်းက အကြောင်းမျိုးစုံကိုသာ စိတ်ဝင်တစား နားထောင်နေလိုက်သည်။
________________
"ဟေ့ကောင် လင်းခ... မင်း သေချင်နေလား ခွေးကောင် ပြန်ပေးစမ်း ငါ့အသားကြော်"
၉တန်းအခန်းထဲတွင် ကျယ်လောင်စွာ ဟိန်းထွက်လာသော အသံကြီးက ပြည့်စုံကောင်း (ခေါ်) အာနိုး ထံမှ ဖြစ်သည်။ ခန္ဓာကိုယ် ထွားထွားကြိုင်းကြိုင်းနှင့်မို့ သူငယ်ချင်းတွေက သူ့ကို 'အာနိုး' ဟုသာ ခေါ်ကြကာ ထမင်းစားချိန် အာနိုး ထမင်းဗူးထဲသို့ သူ့အမေ ကြော်ပေးလိုက်သော အမဲသားကြော်ကို ပါးစပ်ထဲသွင်းရန် အသေအချာ ပြင်နေဆဲ... ဖြတ် ခနဲ ဝင်လာသော လက်တစ်ဖက်က အမဲသားကြော်တုံးကို လုယူခံလိုက်ရခြင်းကြောင့်ပင်။
လင်းခ အမဲသားကြော်ကို ပါးစပ်ထဲ အမြန်ပစ်သွင်းရင်း တဟားဟားရယ်ကာ စာသင်ခုံတွေကို ကျော်ခွပြီး ထွက်ပြေးတော့သည်။
"စားပြီးသွားပြီ ငါ့ကောင်ကြီးရ...ပါးစပ်ထဲက ပြန်ထုတ်ပေးရမလား။
မင်း ဝက်ကြီးလို ဝနေပြီလေကွာနည်းနည်းပါးပါး လျှော့စားစမ်းပါ။ ဝိတ်ချပေးတာ ကျေးဇူးတင်"
လင်းခ ပြောင်စပ်စပ် မျက်နှာပေးဖြင့် လှမ်းအော်လိုက်လျှင် အာနိုးကတော့ မျက်နှာကြီး ဆူပုတ်ကာ ဒေါသဖြစ်သွား၏။
ထိုမြင်ကွင်းကို ကြည့်ပြီး အခန်းလယ်ရှိ ဆရာမ စားပွဲခုံပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အကျယ်ကြီး အော်ရယ်နေသူကတော့ သန့်ဇင်လင်း ပင်ဖြစ်သည်။
သန့်ဇင်လင်း ကျောင်းအင်္ကျီ ကြယ်သီးအပေါ်ဆုံး နှစ်လုံးလောက်ကို ဖြုတ်ထားပြီး အင်္ကျီလက်ကို တံတောင်ဆစ်အထိ ခေါက်တင်ထားကာ နဖူးပေါ် ကျနေသော ဆံပင်စတချို့ကို လက်ဖြင့် သပ်တင်လိုက်ရင်း...
"ဟေ့ကောင် အာနိုး... လွှတ်ထားလိုက်စမ်းပါကွာ။ အဲ့ကောင် လင်းခ က မွေးကတည်းက အငတ်ဘေးဆိုက်လာတဲ့ကောင်... မင်းကလည်း အစားဆို ငတ်ကြီးကို ကျတာပဲ ဟားဟားဟား"
"မင်းကလည်း သူ့ဘက်က လိုက်ပြောနေသေးတယ်။သောက်ကျင့်ကို မကောင်းဘူး အဲ့ကောင်၊ ငါက စားဖို့ အသေအချာ ချိန်နေတာကို"
အာနိုး နှုတ်ခမ်းကြီးဆူကာ ပွစိပွစိ လုပ်ရင်း ဒေါသထွက်နေလေသည်။
အာနိုးက ကျန်တာနဲ့ရပေမယ့် အစားနဲ့ဆိုလျှင်တော့
လုံးဝမရပေ။
အစားကို အသက်ထက် ချစ်တဲ့ကောင်။
ထို့ကြောင့်လည်း အားလုံးက သူ့ကို အစားနဲ့ ဝိုင်းစကြတာပင်။
ထိုစဉ် ဘေးနားခုံတွင် ခြေထောက်နှစ်ဖက်ကို
စာသင်ခုံပေါ်တင်ကာ မိုဘိုင်းလက်ဂျန့် (Mobile Legends) ဂိမ်း အသည်းအသန် ဆော့နေသော ဘုန်းမင်းခန့်က ဖုန်းမှ မျက်လုံးတစ်ချက် မခွာဘဲ...
"မင်းတို့ကောင်တွေ စောက်ရမ်း ဆူတာပဲကွာ... သေတော့မယ်... လီးပဲ၊ တိုးတိုးလုပ်ကြစမ်းပါ"
မှုန်ကြုတ်ကြုတ်နှင့် လှမ်းအော်လေသည်။
အနောက်ဆုံးတန်း ထောင့်ကျကျတွင် ခေါင်းမှောက်အိပ်နေသော ဟိန်းမင်းသူကလည်း စားပွဲပေါ်မှ ခေါင်းထောင်လာကာ အိပ်ရေးမဝသည့် မျက်လုံးများကို ပွတ်ရင်း စုတ်ဖွားဖြစ်နေသော ဆံပင်ကို လက်နှင့်
ခပ်ကြမ်းကြမ်း ဆွဲဖွလိုက်ကာ...
"လခွီးပဲ... အိပ်လို့ကို မရဘူး။ မင်းတို့ကောင်တွေ တစ်ကောင်နဲ့တစ်ကောင် ဖက်ကိုက်နေကြမလား။ အေးဆေးကို မနေရဘူး "
တစ်ခန်းလုံး သူတို့တွေပဲ ရှိသလို ဆူညံနေကြကာ
သန့်ဇင်လင်း ထိုကောင်တွေကိုကြည့်ပြီး သဘောကျစွာ ပြုံးလိုက်၏။
ထို့နောက် စားပွဲခုံပေါ်မှ ပေါ့ပေါ့ပါးပါး ခုန်ဆင်းလိုက်ပြီး အာနိုးအနားကို လျှောက်လာကာ သူ့ လွယ်အိတ်ထဲမှ ကြက်အူချောင်း တစ်ထုပ်ကို ထုတ်ကာ အာနိုး ခေါင်းကို လှမ်းခေါက်လိုက်ပြီး...
"ရော့... မင်းဟာက ငိုတော့မယ့်ရုပ်ကြီးနဲ့၊ ငါ့ဟာ ယူစားလိုက်"
ကြက်အူချောင်းထုပ်ကို ပစ်ပေးကာ လှမ်းပြောလိုက်လျှင် အာနိုး ကြက်အူချောင်းထုပ်ကို လှမ်းဖမ်းလိုက်ရင်း မျက်နှာကြီးက ချက်ချင်း ဝင်းပသွားကာ ...
"အေး... ဒါမျိုးမှ ငါ့ကောင်ကွ။ သန့်ဇင်လင်း... မင်းက အမိုက်ဆုံးပဲ"
လက်မထောင်ပြကာ ပါးစပ်က ပြောလည်းပြောသလို
ကြက်အူချောင်းထုတ်ကိုလည်း ဖောက်စားပြီးနေပြီဖြစ်၏။
ထိုအခါ ထွက်ပြေးနေသော လင်းခက အနားသို့ ပြန်ရောက်လာပြန်ကာ ...
"ဟေ့ကောင် အာနိုး ငါ့ကို တစ်ဝက်ပေး"
လင်းခက ပြန်လာလုလျှင် အာနိုး လင်းခ ကို ခြေထောက်ဖြင့် လှမ်းကန်ထုတ်လိုက်လေသည်။
"သွားစမ်း... စောက်ခွက်လာမပြနဲ့ "
"မင်းတို့ကောင်တွေ တော်တော်ချစ်ကြတဲ့ ကောင်တွေ"
ဘုန်းမင်းခန့် ဂိမ်းဆော့ရင်းကနေ လှမ်းေပြာလိုက်သည်။
ကျန်တဲ့အချိန်သာ ခွေးတွေလို အချင်းချင်းကိုက်နေကြပေမယ့် တကယ့် အရေးကြုံလျှင် သိပ်ကို စည်းလုံးပြီး တည့်ကြ၏။
အရေးကြုံတဲ့အချိန်က ဘယ်အချိန်တွေလည်းဆို ရန်ဖြစ်တဲ့ အချိန်တွေပေါ့။
သူတို့က ရန်ပွဲတိုင်း မပါမဖြစ် ပွဲတိုင်းကျော်တွေလေ။
အပိုင်း (၂) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)