💛သီဟသက်လင်း + ဖြူရှင်းသန့်💛
ဒေါက်တာမက နားကြပ်တပ်ကာ ရှင်းသန့်အား စမ်းသပ်ကြည့်
ပြီးလျှင် ပြုံးသွားပြီး သီဟကို လှည့်ကြည့်ကာ ...
"နင်ပျော်လိုက်တော့ "
"ဟင် ... အဲ့ဒါ အဲ့ဒါဆို တကယ်ပေါ့ "
"ဟုတ်တယ်။
နင့်မိန်းမမှာ ကိုယ်ဝန်ရှိနေပြီ။
လကတော့ နုသေးတယ် တစ်လကျော်ကျော်လေးပဲ ရှိသေးတယ်။
ဒါပေမယ့် လနုတဲ့အချိန် ပိုဂရုစိုက်ရမှာနော် "
"အေးပါဟ"
"ငါအိုဂျီဆရာမတစ်ယောက်နဲ့ ချိတ်ပေးမယ်လေ။
ငါကကျ အထွေထွေဆိုတော့ "
"အေး ကျေးဇူးပါဟာ
ကလေးမ ကြားတယ်မလား ကိုယ်တို့ရင်သွေးလေး တကယ်ရှိနေပြီတဲ့ကွ ဟား ပျော်လိုက်တာကွာ "
ရင်တွေလှိုက်ခုန်လာသလို ပြောမပြတန်အောင် ပျော်ရွှင်နေမိ၏။
ကလေးမကလည်း သူမဗိုက်ကလေးအား ကိုင်ကာ ပြုံးနေကာ
သူလည်း သူမလက်ပေါ်မှ လက်ကိုထပ်ကိုင်လိုက်လျှင် ခုနက ပြုံးနေတဲ့မျက်နှာလေးက ရုတ်ချည်းပျက်ယွင်းသွားကာ သူ့အား မျက်စောင်းထိုးသွားလေသည်။
"အဟမ့် ..."
သူအသံထွက်အောင်ပြုံးလိုက်ကာ စိန်ကောက်နေတဲ့ ငဂျစ်မလေးရဲ့ နှာခေါင်းကိုလည်း ခပ်ဖွဖွ လိမ်ဆွဲလိုက်၏။
"မမ ... ရှင်းသန့် ထလို့ရပြီလားရှင့် "
"အွန်း ... ရပြီ ညီမလေး ဖြည်းဖြည်းထနော်။
မနက်ဖြန်မှ မမ အိုဂျီနဲ့ ချိတ်ထားပေးမယ်။ "
"ဟုတ်ကဲ့ ... ကျေးဇူးပါရှင့် "
ရှင်းသန့် ဒေါက်တာမမအား နှုတ်ဆက်ကာ လူနာကုတင်ပေါ်မှဆင်း၍
အပြင်ထွက်ဖို့လုပ်လျှင် လူကြီးက လှမ်းတားလေသည်။
"ဟာ ... ကလေးမ နေဦးလေ။
ကိုယ်ပိုက်ဆံရှင်းလိုက်ဦးမယ်။ "
"ပိုက်ဆံက ပေးစရာမလိုပါဘူးဟဲ့
သူငယ်ချင်တွေပဲ မယူတော့ဘူး။ "
"ယူပါဟာ ... ရော့ ရော့ "
ဒေါက်တာမလက်ထဲသို့ သီဟပိုက်ဆံတွေ အမြန်ထိုးပေးခဲ့ကာ
စိတ်ေကာက်ကာ သူ့ကိုမစောင့်ပဲ အပြင်ထွက်သွားပြီဖြစ်တဲ့
ကလေးမနောက်သို့ အပြေးလိုက်ရတော့သည်။
"ကလေးမ စောင့်ပါဦးကွာ။
ဟေ့ ဖြေးဖြေးလျှောက်လို့ ချောလဲမယ်
မပေါ့မပါးကြီးနဲ့ကိုကွာ။ "
ထိုအခါ ခပ်သွက်သွက်လျှောက်နေတဲ့ သူမခြေလှမ်းတွေ နှေးကျသွားကာ မပူသေးတဲ့ ဗိုက်ကလေးပေါ် လက်ကိုတင်လိုက်၏။
ကားအနားရောက်တော့ သီဟက အရှေ့ခန်းတံခါးဖွင့်ပေးပေမယ့်
ရှင်းသန့်က အနောက်ခန်းတံခါးအားဖွင့်ကာ ဝင်ထိုင်လေသည်။
"ကလေးမကလည်း စိတ်မကောက်ပါနဲ့ကွာ။
ကိုယ်က စတာပါ "
"ဟုတ်ကဲ့ပါ အစ်ကိုကြီး "
ရှင်းသန့်က ခပ်ရွဲ့ရွဲ့ပြန်ဖြေလျှင် သီဟက သွားတွေ ပေါ်သည်အထိ ပြုံးကာ ...
"ဟား ကလေးမကလည်းကွာ။
စတာပါဆို "
"ငယ်ချစ်ဟောင်းကို ပြန်တွေ့တော့ မိန်းမရှိတာကို မပြောချင်တော့တာမလား။
အဲ့တာဆိုလည်း ပွင့်ပွင့်လင်းလင်းပြောပါ။
ဖြူရှင်းသန့်တို့က ကိုယ့်ကို မလိုချင်တဲ့ယောင်္ကျားကို ကပ်တွယ်မနေဘူး။ "
"ကိုယ်က ကပ်မှာပဲ။
ကလေးမ မရှိရင် မနေနိုင်ဘူး။
သူက ကိုယ့်ငယ်ချစ်ဦးလည်း မဟုတ်ရပါဘူးကွာ။"
"သူမဟုတ်ဘူးဆို တခြားတစ်ယောက်ပေါ့။
ငယ်ချစ်ဦးရှိခဲ့တယ်ဆိုတဲ့သဘောပေါ့ "
"အင်း ... ရှိတာပေါ့ "
သီဟက ခပ်နောက်နောက်ပြန်ဖြေလိုက်လျှင်
သူမအသံလေးတိတ်သွားကာ မျက်နှာလေးကလည်း ဝမ်းနည်းယောင်လေးတွေ သမ်းသွားရှာ၏။
"..."
"ဘယ်သူလဲရော မသိချင်ဘူးလား။ "
သီဟက ထပ်မေးတော့ ရှင်းသန့်က မျက်နှာလေးအား တစ်ဖက်လွှဲသွားကာ ငိုသံရောနေတဲ့ အသံလေးက ထိန်းကာ ပြန်ဖြေလေသည်။
"မသိချင်ဘူး။
အဲ့ငယ်ချစ်ဦးနဲ့ ပြန်ပေါင်းထုတ်ချင်တယ်ဆိုလည်း အခုချိန်
အချိန်မှီသေးတယ်။ "
" ဘယ်မှီတော့မလဲ။
ကလေးမက ဗိုက်ကြီးသွားပြီလေ။ "
ဒီတစ်ခါမှာတော့ သူမတကယ်ကို ငိုသွားပြီဖြစ်၏။
"ဒီဗိုက်ကို တာဝန်မယုချင်လည်း ရပါတယ်။
ရှင်းသန့်တစ်ယောက်တည်းလည်း မွေးလို့ဖြစ်တယ်။
အင့် အဟင့် ဟင့် "
တအင့်အင့် ငိုရှိုက်ကာ မျက်ရည်လေးတွေသုတ်ရင်း ပြောလာလျှင်
သီဟ အသည်းတွေယားစွာ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
"ဟော ... ဘာလို့ငိုတာလဲကွ။
အမေငိုရင် မွေးလာတဲ့ ကလေးလေးက မျက်လုံးပြူးတတ်တယ်တဲ့နော် "
"အင့် ဟင့်... ဘယ်သူက ငိုအောင်လုပ်တာလဲ။
ဟင့် ... ခင်ဗျားနဲ့လည်း မလိုက်တော့ဘူး။"
ငိုယိုပြောဆိုရင်း ကားတံခါးဖွင့်ကာ ကားပေါ်မှ ဆင်းလျှင်
သီဟလည်း အရှေ့ခန်းမှ အမြန်ပြေးဆင်းကာ လိုက်တော့သည်။
"ဟေ့ ... ဟေ့ ဘယ်သွားမလို့လဲကွ "
ရှင်းသန့်က မျက်ရည်တွေပွတ်ဆွဲသုတ်ရင်း အရှေ့ကနေ ခပ်သုတ်သုတ်ထွက်သွားလျှင် သီဟ က နောက်မှလိုက်ကာ သူမကိုယ်လေးအား ပွေ့ချီလိုက်၏။
ပြီးလျှင် ကားအနားပြန်ခေါ်လာကာ ကားရှေ့ခန်းမှာထည့်ပေး၍ ခါးပတ်ပါ တစ်ခါတည်းပတ်ပေးလိုက်လေသည်။
ထိုအခါ ရှင်းသန့်က ခါးပတ်ကိုဖြုတ်ကာ ရုန်း၍ ကားပေါ်က
ပြန်ဆင်းမယ်လုပ်တော့ သီဟက မောင်းသူနေရာ ပြေးဝင်ထိုင်ကာ
ကားတံခါးကို လော့ခ်ချလိုက်သည်။
"ဖွင့်ပေး
ရှင်းသန့် ကိုယ့်ဟာကိုယ်ပြန်မယ်။ "
"ဘယ်ဖြစ်မလဲကွ
ကကလေးမဗိုက်ထဲမှာ ကိုယ့်ကလေးလေးရှိသေးတယ်လေ။ "
"အဲ့ကလေးမွေးပြီးရင် ခင်ဗျားကို လာပေးမယ် ရပြီလား "
"မရပါဘူး။
ကိုယ်က ကလေးကိုပဲ လိုချင်တာမှ မဟုတ်တာ။
အမေကိုပါ အပိုင်သိမ်းထားချင်တာလေ။ "
"အင်း ... အင့် အဟင့် "
"ငြိမ်ငြိမ်နေပါဦး။
ကိုယ့်အချစ်ဦးက ဘယ်သူလဲဆိုတာ ကလေးမသိအောင်ပြောပြမယ်လာ။"
"မပြောနဲ့"
"ပြောမှာပဲကွာ"
"မပြောနဲ့ မသိချင်ဘူးလို့"
"ကိုယ်က သိစေချင်တယ်လေကွာ။
သေချာ နားထောင်နော် ကိုယ့်အချစ်ဦးက ... "
သီဟက ဆက်ပြောဖို့လုပ်လျှင် ရှင်းသန့်က နားနှစ်ဖက်ကို
လက်ဝါးနှစ်ဖက်နဲ့ အုပ်ကာ ခေါင်းတွေတသွင်သွင်ခါယမ်းလေသည်။
"ဟင့်အင်း ... မပြောနဲ့ မပြောနဲ့ "
သီဟလည်း နားပေါ်မှာအုပ်ထားတဲ့ လက်ကလေးနှစ်ဖက်ကို ဖယ်ကာ ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ကာ ငိုရှိုက်နေတဲ့ သူမမျက်နှာလေးအား လိုက်ကြည့်ကာ ...
"ကိုယ်အချစ်ဦးက မင်းပဲ "
"..."
"ကိုယ့်ကိုကြည့်ပါဦး။
တကယ်ပါ ကိုယ့်အတွက်အချစ်ဦးနဲ့အချစ်ဆုံး
ပထမဆုံးနဲ့နောက်ဆုံးမိန်းကလေးက မင်းပဲ "
စကားသံအဆုံး သီဟက ခေါင်းငုံ့ထားတဲ့ သူမအား မေးချလေးမှ ကိုင်ကာ မော့စေလိုက်မှ သူမက မော့ကြည့်လာကာ အကြည့်ချင်းဆုံလေ၏။
ထိုအကြည့်ထဲတွင် အရောင်မျိုးစုံဖြတ်ပြေးနေလေသည်။
နှစ်ယောက်သားအကြည့်ချင်းဆုံနေကြပြီး သူမက နောက်တစ်ကြိမ်
ရှိုက်ငိုလေ၏။
သေချာတာကတော့ ဒီမျက်ရည်က ဝမ်းနည်းလို့ကျသည့် မျက်ရည်ဟုတ်မနေပါ။
"အင်း အဟင့် ဟင့် ..."
"ဟာ ... ဘာလို့ထပ်ငိုတာလဲကွာ။
ကိုယ့်ကို မယုံလို့လား... ဟင်
ကိုယ်တကယ်ပြောတာပါကွာ "
ဘယ်လိုပြောပြောဆက်ပြီး ငိုရှိုက်နေတဲ့ သူမကိုယ်လေးအား
သူ့ရင်ခွင်ထဲဆွဲသွင်းကာ ဖက်ထားလိုက်လျှင် ပိုတိုးလို့တောင် ငိုရှိုက်လာပြန်၏။
"အင်း ... ဟင့် အဟင့် အဟင့် ဟင့် "
"ဟာ ... မငိုပါနဲ့ကွာ။
ကိုယ်တောင်းပန်ပါတယ်နော်။
ကိုယ်က စလိုက်မိတာပါ။
နောက်တစ်ခါမစတော့ပါဘူးကွာ။
ကိုယ့်အတွက်ကလေးမတစ်ယောက်ပဲ ရှိတယ်ဆိုတာ ယုံပေးပါကွာ နော်။ "
သူက တတွတ်တွတ် တောင်းပန်လျှင် သူမက ငိုရှိုက်ရင်း သူ့ရင်ဘတ်ကြီးအား အားမထည့်ပဲ ထုရိုက်လာ၏။
"အင်း ... ဟင့် ဟင့် သူများကို ငိုအောင်လုပ်တယ် ဟင့် "
"ချစ်လို့စတာပါကွာ။
နောက်မစတော့ဘူး ... မငိုနဲ့တော့နော်။
ကိုယ်က ကလေးမကို အဲ့လိုစလိုက်ရင် စိတ်ဆိုးပေါက်ကွဲပြီး
ကိုယ့်ကိုရိုက်မယ်ထင်ထားတာ။
ကလေးမက ထငိုတော့ ကိုယ်ရင်တွေပူသွားတာပဲကွာ "
သူ့ရင်ခွင်ထဲမှ သူမဆံနွယ်လေးတွေအား ခပ်ဖွဖွပွတ်ပေးရင်း
ပြောလျှင်အငိုရပ်သွားတဲ့ သူမထံမှ ရှိုက်သံသဲ့သဲ့လေးတွေ ကြားနေရသေး၏။
"အိမ်ပြန်ကြမယ်နော်။
နောက်ပြီး မနက်ဖြန် ကလေးမမိဘတွေဆီ ကလေးမကို ပြန်လာတောင်းမယ်။ "
"ဟင် "
"မဟင်နဲ့ ကလေးမ ... ဗိုက်က ထွက်လာတော့မှာ
ငြင်းဖို့ မစဉ်းစားတော့နဲ။ "
သူမဗိုက်အား မေးငေါ့ပြကာ သူကဆက်ပြောတော့မှ သူမက သွားလေးဖြီးကာ ငြိမ်သွားတော့သည်။
"ဪ ... ဒါနဲ့ နေပါဦး။
လူကြီးက ရှင်းသန့် အခုလိုဖြစ်တာကို ကိုယ်ဝန်ရှိနေတာမှန်း ဘယ်လိုလုပ်သိတာလဲ။"
"ဪ ... ဒီလောက်ကတော့ ဗဟုသုတရှိတဲ့သုတိုင်းတော်တော်များများသိပါတယ်။ရှင်းသန့်ဖြစ်နေတာက ကိုယ်ဝန်သည်လက္ခဏာတွေပဲလေ။ "
သူ့ဟာနဲ့သူ ပြောစရာရှိတာ ဆက်ပြောနေပြီး သူမဘက်သို့ လှည့်မကြည့်မိချေ။
ရှင်းသန့်ကတော့ မျက်မှောင်လေးခဲထားကာ လူကြီးစကားဆုံးတာနှင့် ပက်ခနဲ ပြန်ပြောတော့သည်။
"အဲ့တော့ လူကြီးက ရှင်းသန့်ကို ဗဟုသုတမရှိဘူးလို့ပြောချင်တာပေါ့"
"ဟင် ... ဟာ မဟုတ်ဘူးလေကွာ။ "
"ဘာ မဟုတ်တာလဲ။
ဟုတ်ပါတယ်။ လူကြီးအခုမှ ပြောလိုက်တာလေ အဲ့တာ ဘာမှ မသိတဲ့ ရှင်းသန့်ကို စောင်းပြောတာမလား။။"
"ဟာ ... မဟုတ်ရပါဘူးကွာ။
ကိုယ်ပြောတာက... ဟို ကိုယ်က ကျောင်းကလည်း ဆေးနဲ့ပြီးခဲ့တာလေအဲ့တာကြောင့်သိနေတာပါ။ စိတ်မဆိုးနဲ့နော် ... ခုနကမှ စိတ်ဆိုးပြေထားတာကို "
"ဟွန်း ခင်ဗျားနော် "
ရှင်းသန့်က မျက်လုံးလေးလှန်ကာ လက်ဘှိုးထိုးပြီး ကြိမ်းလျှင် သီဟက ဂုတ်လေးပုကာ မချိသွားဖြဲလေး ဖြဲပြလေသည်။
"ဟဲဟဲ ... ကြောက်ပါတယ်ဗျာ "
အပိုင်း (၃၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)