Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း (၁)

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

🎶အရည်တွေပျော်ကုန်ပြီ။

ဦးနှောက်အပိုင်းအစတွေ နှလုံးသားနေရာတွေ ...

ရိုးသားချင်တာတွေ ရည်ရွယ်တာတွေနဲ့ ...

အချစ်ရဲ့ပန်းပွင့်‌ကလေးများ ...

အားလုံးအရည်ပျော် ပျောက်ရှ သွားကြတယ်။

အရည်တွေပျော်ကုန်ပြီ...

ကိုယ့်ရဲ့စိတ်ဓာတ်တွေ မေရယ်ဖေးမကူညီကွယ် ...

ရင်ခုန်သံတွေအားလုံး အိပ်မက်ကလေးများအားလုံး ...

ကိုယ့်မနက်ဖြန်တွေအားလုံး ပျောက်ရှကုန်ပြီကွယ် ...

မျှော်ရည်တာတွေနဲ့ ...

အဆုံးထိအသည်းမှာစွဲမြဲ ပေးဆပ်ချင်တယ်ကိုယ့်ရဲ့ ...

အသက်ဆက်ထား ...

အရည်တွေပျော်ကုန်ပြီ...

ကိုယ့်ရဲ့စိတ်ဓာတ်တွေ မေရယ်ဖေးမကူညီကွယ် ...🎶

"အား ... အဲ့ဂေါ်မစွံကြီးက စောစောစီးစီးဖွင့်ပြန်ပြီ "

ဖြူရှင်းသန့် အိပ်ချင်မူးတူးဖြင့် ခေါင်းအုံးအစွန်းနှစ်ဖက်နှင့် နားကိုပိတ်ကာ ဆက်အိပ်ဖို့လုပ်လိုက်သည်။

ဒါပေမယ့် မရပါဘူး။

အဲ့ဒီလောက် သီချင်းကို‌ ဗောက်အကျယ်ကြီးနဲ့ ဖွင့်ထားမှတော့ ဘယ်သူက အိပ်‌လို့ရပါတော့မလဲ

နေ့တိုင်း သူနိုးတာနှင့် မရိုးနိုင်တဲ့ ဇော်ဝင်းထွဋ်သီချင်းတွေ

တစ်ပုဒ်ပြီးတစ်ပုဒ်ဖွင့်လေသည်။

အဲ့ဒီထဲကမှ အဲ့အရည်တွေပျော်ကုန်ပြီဆိုတာကိုတော့

ထပ်ခါတလဲလဲဖွင့်လေသည်။

ဖွင့်ရင်လည်း ကိုယ့်အိမ်နဲ့ကိုယ် တိုးတိုးတိတ်တိတ်ဖွင့်တာမဟုတ်

ဗောက်ကြီးနဲ့ ၇အိမ်ကြား ၈အိမ်ကြား ဖွင့်ပြီး သူများတွေကို

နားမဒိမ်းကျင့်နေ၏။

သူက လူမနိုးတဲ့အချိန်ထပြီးတော့ သူနိုးတိုင်း သူများတွေကို

အိပ်မရအောင်တမင်လုပ်တာ။

သူများအိပ်ကောင်းနေတာကို အိပ်ရေးကိုပျက်တယ်။

ဘယ်တော့မှ မိန်းမ မရပါစေနဲ့။

ရရင်လည်း ရုပ်ဆိုးဆိုး အကျင့်ဆိုးဆိုးမိန်းမနဲ့ညားပါစေတော်။

ဖြူရှင်းသန့် အိပ်ယာထဲကနေ တစ်ယောက်တည်း ပွစိပွစိထိုင်ပြောနေကာ အိပ်ရင်းမဝတာကြောင့် မျက်နှာကလည်း ဆူပွပွဖြစ်နေ၏။

ညက ကိုရီးယားအပိုင်းတွဲကြည့်ပြီး မနက်ကျောင်းပိတ်တာကြောင့် ညဉ့်နက်မှ အိပ်လိုက်တာ အခုမနက်ကျ အားရပါးရနေမြင့်တဲ့အထိ အိပ်မယ်လို့ အားခဲထားလိုက်ပေမယ့် အိမ်ဘေးက လူသားနှိုးစက်ကြီးကြောင့် အခုတော့ နိုးလာရပြီလေ။

တစ်ရက်တည်းလည်းမဟုတ်ပါ။

နေ့တိုင်း သူ့ကြောင့် အိပ်ရေးပျက်ရပေါင်းမနည်းတော့။

သွားပြောလည်း ငါ့အိမ်ငါသီချင်းဖွင့်တာ ညဉ်းနဲ့ဘာဆိုင်လို့လဲတဲ့။

ကြည့် ဘယ်လောက်တောင် လက်ပေါက်ကပ်ပြီး အမြင်ကပ်ဖို့ကောင်းတဲ့လူကြီးလဲ။

အဲ့ဒါကြောင့်လည်း ဒီအရွယ်ကြီးအထိ သူ့ကို ယူမယ့်မိန်းမမရှိတာ။

နောက်နေ့ကျမှ သူ့ဗောက်ကြီးကို သွားဖျက်စီးထားပေးလိုက်ဦးမယ်

ကြည့်နေ။

ဖြူရှင်းသန့် တစ်ယောက်တည်းရေရွတ်ရင်း အိပ်ယညနိုးပေမယ့် မထသေးပဲ အိပ်ယာထက်လှဲကာ ဘေးကဖုန်းကိုကောက်ဖွင့်လိုက်သည်။

ပြီးလျှင် လိုင်းတက်ကာ TikTok ကြည့်နေလိုက်၏။

ဟုတ်တယ် ဖြူရှင်းသန့်ဆိုတာ အဲ့လို ငပျင်းမလေးပါ။

သူမဖုန်းကြည့်လို့ဝမှ ပျင်းကြောဆန့်ကာ အိပ်ယာထဲမှ ထလျှက် မျက်နှာသစ်ကာ အောက်ထပ်သို့ဆင်းလာခဲ့လေသည်။

"မောနင်း မေမေ "

"မောနင်းပါရှင်။"

"အား ... မေမေ့ဆီက သနပ်ခါးနံ့လေးကသင်းနေတာပဲ ...မွ "

အောက်ရောက်သည်နှင့် သနပ်ခါးပါးကွက်ကြားနှင့်လှနေတဲ့

သူမအမေအား အားပါးတရဖက်ကာ နမ်းရှိုက်လိုက်လေသည်။

"အို ... ဒီကောင်မလေးကတော့။ "

"ဟီး ... မေမေ့ဆီက မွှေးလိုက်တာ။ စောစောစီးစီး ရေချိုးပြီးသွားပြီပေါ့။ "

ခပ်ဝဝ မေမေ့ခန္ဓာကိုယ်ကြီးအား လက်သေးသေးလေးတွေနှင့်

သိမ်းကြုံးဖက်ထားတဲ့ ရှင်းသန့်ခန္ဓာကိုယ်လေးက

သစ်ပင်ကြီးမှာကပ်နေတဲ့ တောက်တဲ့လေးလိုဖြစ်နေလေ၏။

"ဟုတ်ပ။

မေမေကရေချိုးပြီးသွားပြီ။

သမီးလေးလည်း တစ်ခါတည်းတော့ မချိုးခဲ့ပဲနဲ့။ "

"ချိုးချင်သေးဘူး။

ဗိုက်ဆာလို့။ "

သူမဗိုက်ကလေးအား ပွတ်ကာပြောလိုက်လျှင် သူမအမေ

ဒေါ်ဖြူဖြူခင်က အမျက်မပါတဲ့ မျက်စောင်းလေးတစ်ချက် ပစ်လွှတ်လာကာ ...

"မယ်မင်းကြီးမလေးက ဗိုက်ဆာလို့ ဆင်းလာတယ်ဆိုတဲ့ သဘောပေါ့လေ ဟုတ်လား။ "

"ဟီး ... မေမေကလည်း။ "

သွားလေးဖြီးကာ ရယ်ပြလိုက်လျှင် ဘေးနှစ်ဖက်မှ သွားအစွယ်လေးနှစ်ချောင်းက ချစ်ဖို့ကောင်းစွာ ပေါ်ထွက်လာလေသည်။

ဖြူရှင်းသန့်ဆိုတဲ့ နာမည်လေးနှင့်လိုက်အောင် သူမက တကယ်ကို

ဖြူဖြူအုအုနှင့် ရုပ်မလေးလို ချစ်ဖို့ကောင်းလှသည်။

လူကလေးကလည်းချစ်ဖို့ကောင်းသလို social ကောင်းတဲ့ အတက်ကလေးလည်း ဖြစ်တာကြောင့် လူချစ်လူခင်လည်း

ပေါများလှ၏။

"ဒီနေ့အာပူလျှာပူနဲ့ မုန့်ဟင်းခါးလုပ်ထားတယ်။

ဘာစားမလဲ "

"နှစ်မျိုးလုံးစားမယ် မေမေ ... ဟီး "

သူ့ဟာသူပြောပြီး မလုံမလဲနှင့် သွားလေးဖြီးကာ ထပ်ရယ်ပြလိုက်လေသည်။

အပျင်းမလေး ဖြူရှင်းသန့်က အစားခုတ်မလေးလည်းဖြစ်လေသည်။

သူမအမေက နှစ်မျိုးလုံး စားပွဲပေါ် ချပေးလာလျှင် ဖြူရှင်းသန့်

ပလုတ်ပလောင်းနှင့်စားကာ ပါးဆုံဖောင်းဖောင်းလေးက ကားထွက်နေတော့သည်။

"ဖြည်းဖြည်းစားပါ သမီးရယ်။

ဘယ်သူမှ လုမစားပါဘူး။ "

တစ်‌ယောက်တည်း အလုအယက်စားနေတဲ့ သမီးဖြစ်သူအား ကြည့်ကာ ဒေါ်ဖြူဖြူခင်က ဆိုလိုက်လျှင် ဖြူရှင်းသန့်က မုန့်ဟင်းခါးသောက်ရင်းတန်းလန်းနှင့် မော့ကြည့်လာကာ ...

"မေမေ့လက်ရာတွေက တအားစားလို့ကောင်းလို့ပါ မေမေရဲ့။ "

"အမယ်လေး ... ဟုတ်ပါပြီကွယ်။

စား စား မေမေကလည်း မေမေ့သမီးလေးအတွက်လုပ်ပေးထားတာ။ နင် နေဦးမယ် ရော့ ရေလေးဘာလေးသောက်။"

ပြောပြောဆိုဆိုနှင့် စားပွဲပေါ်မှ ရေကရားကနေဖန်ခွက်ထဲသို့

ရေငှဲ့ပေးဖို့လုပ်လျှင် ဖြူရှင်းသန့်က စားနေရင်း ကပျာကယာနှင့် လက်ကာပြကာ ...

မနင်ပါဘူး မေမေရဲ့ နှစ်မျိုးလုံး အရည်တွေချည်းပဲကို။

ရေသောက်လိုက်ရင် ဗိုက်ပြည့်ပြီး သိပ်မစားနိုင်တော့ပဲ နေလိမ့်မယ်။

"ဟုတ်ပါပြီရှင်။

အဲ့ဒါဆိုလည်းစားတော့ မေမေဟင်းချက်လိုက်ဦးမယ် "

"ဘာဟင်းချက်မှာလဲ မေမေ "

"ငါးဖယ်ချက်၊မျှစ်ချဉ်ကြော်၊တော့ကျက်ပြီ အခု ပဲဟင်းလေးချက်နေတာ။ "

"ဝါး ... ထမင်းမြိန်တော့မယ် မေမေရေ။

ကျက်တာနဲ့ သမီးတန်းစားမှာနော်။ "

"ဟောတော် ... တော့ဗိုက်ကလေးက ဆံ့သေးရဲ့လား။

အခုပဲ အာပူလျှာပူနဲ့ မုန့်ဟင်းခါးစားနေတာကို "

"အာ ... ဒါတွေက အရည်တွေလေမေမေရဲ့ ခဏနဲ့အစာချပ်သွားမှာ။ ကျက်ရင် မီးကို လှမ်းခေါ်လိုက်နော် မေမေ "

"အေး အေး "

ဖြူရှင်းသန့် သူစားထားတဲ့ ကြွေပန်းကန်လုံးနှစ်ချပ်အား ဆေးကြောကာ ဗီဒိုထဲ ထည့်မှောက်လိုက်ပြီး ဖုန်းလေးကိုင်လျှက် ခြံထဲဆင်းခဲ့လိုက်သည်။

ဖြူရှင်းသန့် ဒန်းပေါ်ထိုင်နေရင်း တစ်ဖက်ခြံက စွပ်ကျယ်အဖြူနှင့် ပုဆိုးခပ်တိုတိုဝတ်ကာ သူ့ဗောက်ကဖွင့်ထားတဲ့ သီချင်းလေး

တညဉ်းညဉ်းနှင့် ပန်းပင်တွေရေဖြန်းနေတဲ့ ဂေါ်မစွံကြီးကို လှမ်းမြင်လိုက်တာကြောင့် နှာခေါင်းရှုံ့လိုက်သည်။

သူများကို အိပ်ရေးပျက်အောင် လုပ်ထားတဲ့လူကြီး။

ခြံစည်းရိုးက သံပန်းအကြဲတွေမို့ တစ်ခြံနှင့်တစ်ခြံ အတိုင်းသား မြင်နေရသည်။

သူများကို အိပ်ရပျက်အောင် လုပ်ထားပြီး သူကတော့ သာယာနေလိုက်တာ။

ဖြူရှင်းသနိ့တို့ကို ဒီလိုလာလုပ်ရရိုးလား။

ရှင်းသန့် မကျေမနပ်နှင့် ဒန်းပေါ်မှထကာ ခြံစည်းရိုးနားထိ လျှောက်လာခဲ့လိုက်သည်။

"ဟေ့ ‌လူကြီး ... ဂေါ်မစွံလူပျိုသိုးကြီး "

ရှင်းသန့် ခပ်ကျယ်ကျယ်လှမ်းအော်လိုက်လျှင် ပန်းပင်ရေဖျန်းနေတဲ့သူက သူမအား မှုန်ကြုတ်ကြုတ်နှင့်လှမ်းကြည့်ကာ မေးငေါ့လျှက်

ခြံစည်းရိုးနားကို လျှောက်လာ၏။

"ဘာလဲ မဲရှုပ်ညစ် "

ကြည့် ... သူများနာမည်ကို ဖျက်ပြန်ပြီ။

အဲ့လိုမခေါ်ပါနဲ့လို့ ဘယ်လောက်ပြောပြော အမြဲခေါ်ကာ သူများနာမည်လှလှလေးကို တစ်လုံးချင်းစီကို လိုက်ဖျက်ထားသည်။

"ရှင်းသန့်ကို အဲ့လိုမခေါ်နဲ့လို့ "

"ဟား ဟား ... ဘာဖြစ်လဲ။

ညဉ်းနာမည်က ညဉ်းနဲ့မှမလိုက်တာ "

"ဘာလို့မလိုက်ရမှာလဲ။

အဲ့တာကြောင့် ဂေါ်မစွံကြီးဖြစ်နေတာ။ "

"ဟေ့ ဘာဂေါ်မစွံတာလဲ။

ဂေါ်မစွံတာမဟုတ်ဘူးကွ။

အပူမရှာချင်လို့ အေးအေးဆေးဆေးနေနေတာ။ "

"အလကား ယူမယ့်သူမရှိရင် မရှိဘူးပေါ့ ခစ်ခစ်"

ရှင်းသန့်ကာ လျှာလေးထုတ်ကာ လှောင်သလိုလေးလုပ်ပြလျှင်

ထိုဂေါ်မစွံကြီးမျက်နှာကြီးက မဲခနဲဖြစ်သွား၏။

အစကတည်းကမှ အသားကမဖြူပါဘူးဆို။

သူများကို မဲရှုပ်ညစ်လို့ခေါ်နေတာ။

သူကမှ မဲတာအစစ်။ အသားကမှ မဲပါတယ်ဆို စီးကရက်တွေသောက်တော့ နှုတ်သီးတွေပါ ညိုမဲနေလေသည်။

အသားကမဲမဲ ခန္ဓာကိုယ်ကြီးက ဖွံ့ဖွံ့ထွားထွားကြီးနှင့် လူ့ဘီလူးကြီးအတိုင်းပင်။

"မဲရှုပ်ညစ် ညဉ်းအခုထိ ရေမချိုးရသေးဘူးမလား။ "

"ဟမ် "

ရှင်းသန့် သူ့အမေးအား ကြောင်သွားကာ ကြည့်နေမိလျှင် သူက သူ့လက်ထဲမှာ ကိုင်ထားတဲ့ ရေပိုက်ကြီးအား မြှောက်ကာ ရှင်းသန့်ကို လှမ်းပက်တော့သည်။

"အား ... ဘာလုပ်တာလဲ။

ဟေ့လူကြီး ဂေါ်မစွံ လူညစ်ပတ်ကြီး "

"ဟား ဟား ... ငါကမညစ်ပတ်ဘူး မနက်ကတည်းက ရေချိုးပြီးပြီ။

ညဉ်းကမှ ညစ်ပတ်ပြီး ရေမချိုးလို့ ငါချိုးပေးတာ။ "

ပြောလည်းပြော ရေတွေလည်း ဆက်ပက်နေလျှင် ရှင်းသန့် သူ့အား

ပြိုင်မပြောနိုင်တော့ပဲ အိမ်ထဲဝင်ပြေးလာရတော့သည်။

အပိုင်း (၂) ဆက်ရန် ...(မဲရှုပ်ညစ်ရှင်းလင်းချက်

ဖြူ = မဲ ၊ ရှင်း = ရှုပ်၊ သန့်= ညစ်

ဖြူရှင်းသန့် = မဲရှုပ်ညစ် )

ပထမအခန်းဖြစ်ပြီး နောက်အခန်း - အပိုင်း ( ၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ