ဒီနေ့တော့ ဆွတ်ရိန်နော်တို့အိမ်ကြီးတွင် အနည်းငယ် အသက်ရှူကျပ်စရာ ကောင်းနေသည်။
အိမ်ရှေ့ခန်းမဆောင်ကျယ်ကြီးထဲတွင် ရေနွေးကြမ်းအိုးနှင့် စားစရာအချို့ တည်ခင်းထားသော်လည်း မည်သူမျှ လက်လှမ်းယူခြင်း မရှိကြ။လေထုက အင်မတန် တိတ်ဆိတ်လွန်းနေ၏။
ဦးဆွတ်ဆိုင်းအောင်က မျက်နှာထားကြီး တင်းမာခက်ထန်နေကာ
ဒေါ်ဘောက်နူးကလည်း သိသိသာသာကြီး မျက်နှာပျက်ယွင်းနေ၏။
မသက်သာတဲ့ အနေအထားကြောင့် လက်ခံလိုက်ရပေမယ့် သူတို့ သမီးနှင့် မျိုးမင်းထက်အား ဘယ်လိုမျှသဘောမတူနိုင်ဘူးဆိုတာအထင်းသားပေါ်လွင်နေသည်။
ဆွတ်ရိန်နော်ကတော့ အစ်မဖြစ်သူ ဆွတ်ဆိုင်းပန်ဘေးနားတွင် ထိုင်းရင်း
မျိုးမင်းထက်ကို စူးစူးဝါးဝါး စိုက်ကြည့်နေလေသည်။
ထိုတိတ်ဆိတ်မှုကြီးကို ရပ်မိရပ်ဖ လူကြီးတစ်ဦးဖြစ်သူ ဦးဘရန်နန်က လည်ချောင်းတစ်ချက်ရှင်းရင်း စတင်ဖြိုခွင်းလိုက်သည်။
"ကဲ... ဦးဆွတ်ဆိုင်းအောင်... ကျွန်တော်တို့ဘက်က
ရိုးရာဓလေ့ထုံးစံနဲ့အညီ လာရောက်ပြီး တောင်းရမ်းတာပါ။ "
ဦးဘရန်နန်၏ စကားအဆုံးတွင် မျိုးမင်းထက်တို့ဘက်မှ ပါလာသော လူကြီးများက အသင့်ပြင်ထားသော လက်ဆောင်ပဏ္ဍာ ဗန်းများနှင့် ငွေကြေးတို့ကို စားပွဲရှေ့သို့ ဖြည်းညှင်းစွာ တိုးပေးလိုက်ကြသည်။
မျိုးမင်းထက်ကတော့ အဖေနှင့်မောင်ကြားတွင် မျက်နှာတည်လေး
နှင့် ရှိနေသည့် ဆွတ်ဆိုင်းပန်အား တစ်ချက်တစ်ချက် လှမ်းပြီး ခိုးကြည့်နေလေသည်။
သူမ မျက်နှာလေး နွမ်းနေသည်ကို မြင်ရသောအခါ မျိုးမင်းထက်၏ ရင်ထဲတွင် စိုးရိမ်စိတ်နှင့် ချစ်ခင်စိတ်တို့ ရောထွေးကာ လက်သီးကို မသိမသာ ဆုပ်ကိုင်ထားမိလိုက်၏။
ဦးဆွတ်ဆိုင်းအောင်သည် ရှေ့မှ ပစ္စည်းများကို တစ်ချက်မျှသာ ဝေ့ကြည့်ပြီး သက်ပြင်းကြီးတစ်ချက်ကို လေးလံစွာ ချလိုက်သည်။ ထို့နောက် မျိုးမင်းထက်၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်လိုက်ရင်း အသံကို တည်ငြိမ်အောင်ထိန်းကာ မေးလိုက်၏။
"မင်း ငါ့သမီးကို တကယ် စောင့်ရှောက်နိုင်သလား..."
ထိုမေးခွန်းသည် ရိုးရှင်းသော်လည်း ဖခင်တစ်ယောက်၏ စိုးရိမ်ပူပန်မှု သံယောဇဉ်များ အပြည့်ပါဝင်နေလေသည်။
မျိုးမင်းထက်သည် ခါးကို မတ်လိုက်ရင်း ဦးဆွတ်ဆိုင်းအောင်၏ မျက်လုံးများကို ရဲရဲဝံ့ဝံ့ ပြန်ကြည့်လိုက်ကာ ...
"ကျွန်တော့်အသက်နဲ့ထပ်တူ စောင့်ရှောက်ပါ့မယ် ... ဆိုင်းပန်
စိတ်ဆင်းရဲရမယ့် ကိစ္စ ဘာတစ်ခုမှ မလုပ်ပါဘူးလို့ ကတိပေးပါတယ်..."
သူ့အသံတွင် ယုံကြည်မှုအပြည့် ရှိနေသည်။
မျိုးမင်းထက်က ပြတ်သားသော လေသံဖြင့် ကတိပေးလိုက်လျှင်
ဦးဆွတ်ဆိုင်းအောင် မျက်နှာထား အနည်းငယ် လျော့ကျသွားလေသည်။
"ဟေ့ကောင် ... မင်း ငါ့အစ်မကို မျက်ရည်ကျအောင် လုပ်ရင်တော့ မင်းက ငါ့သူငယ်ချင်းဆိုတာ မေ့ပြီး အသေသတ်မှာနော်..."
ဆွတ်ရိန်နော်က ခပ်တည်တည်ဖြင့် ခြိမ်းခြောက်လိုက်တော့ မျိုးမင်းထက်က ခေါင်းကို တဆတ်ဆတ်ညိတ်ပြကာ ပြုံးပြလိုက်သည်။
"အဲ့တာဆို မင်္ဂလာရှိတဲ့ တောင်းရမ်းစေ့စပ်ပွဲလေးက အထမြောက်သွားပြီပေါ့နော် ... တစ်ခါတည်း မင်္ဂလာရက်ကလေးပါ ရွေးလိုက်ကြမလားဗျာ။ "
ဦးဘရန်နန်၏ အဆုံးသတ်စကားကြောင့် မျိုးမင်းထက်တို့ဘက်မှ မျက်နှာများ ဝင်းပသွားကာ ဝမ်းပမ်းတသာ ခေါင်းညိတ်ကြသော်လည်း ဦးဆွတ်ဆိုင်းအောင်နှင့် ဒေါ်ဘောက်နူးတို့ကတော့ အတွေးဖြင့် အင်တင်တင် ဖြစ်နေကြဆဲပင်။
ဒါပေမယ့် လုပ်သင့်တာကိုတော့ လုပ်ပေးရမှာဖြစ်တာကြောင့်
ဦးဆွတ်ဆိုင်းအောင်က စားပွဲပေါ်ရှိ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်သည်။
အခန်းပြတင်းပေါက်မှ ဝင်ရောက်လာသော နေရောင်ခြည်သည် အနောက်ဘက်သို့ ယွန်းစပြုနေပြီဖြစ်ရာ အိမ်ကြီးအတွင်း၌ အရိပ်တို့ ရှည်လျားစပြုနေပြီဖြစ်၏။ ထိုအရိပ်များသည် ဦးဆွတ်ဆိုင်းအောင်၏ ရင်ထဲမှ သောကအရိပ်များနှင့် ထပ်တူကျနေသကဲ့သို့ပင်။ သူသည် စကားပြန်မပြောခင် ရေနွေးကြမ်းပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး နှုတ်ခမ်းနားသို့ တေ့လိုက်သော်လည်း သောက်ဝင်မည်မထင်ပါ။
"ကောင်းပြီလေ... သိပ်အကြာကြီးထားရင်လည်း ပတ်ဝန်းကျင်အမြင် မကောင်းဘူး... နောက်နှစ်ပတ် လောက်ဆိုရင် အဆင်ပြေမယ်ထင်တယ်...ရက်လည်းကောင်းတယ် ပြင်ဆင်ဖို့အချိန်လည်းရှိသေးတော့။ "
ဦးဆွတ်ဆိုင်းအောင်၏ အသံသည် အနည်းငယ် တုန်ခါနေသော်လည်း ပြတ်သားမှုရှိနေဆဲ။ ဒေါ်ဘောက်နူးကတော့ ခေါင်းကိုသာ ငုံ့ထားပြီး မျက်ရည်စအချို့ကို ပုဝါစွန်းဖြင့် မသိမသာ သုတ်နေေလရဲ့။
"ကောင်းတာပေါ့ဗျာ ... ဒါမျိုးကိစ္စဆိုတာ မြန်လေ ကောင်းလေပါပဲဗျာ။ "
မင်္ဂလာရက် သတ်မှတ်ပြီးသည်နှင့် ဦးဘရန်နန်နှင့် လူကြီးများက ပြန်ရန် ပြင်ဆင်ကြသည်။ မျိုးမင်းထက်လည်း ထိုင်ရာမှ ထရပ်လိုက်ရင်း သူ့ရှေ့တွင် ခေါင်းငုံ့ထိုင်နေဆဲဖြစ်သော ဆွတ်ဆိုင်းပန်ကို
နှုတ်ဆက်ရန် အားယူလိုက်သည်။
အပြင်ဘက်မှ တိုက်ခတ်လာသော လေနုအေးကြောင့်
ဆွတ်ဆိုင်းပန်၏ ဆံနွယ်စလေးများ လှုပ်ခတ်သွားကာ သူမ မော့ကြည့်လိုက်သည့်အချိန်တွင် မျိုးမင်းထက်နှင့် အကြည့်ချင်း ဆုံမိသွားတော့၏။
ထိုအခိုက်အတန့်လေးတွင် ဆွတ်ဆိုင်းပန် မျက်နှာလေးမှာ ရှက်သွေးရောင် သန်းသွားလေသည်။
ထိုအကြည့်တစ်ချက်တွင် စကားလုံးပေါင်း ထောင်သောင်းမက ပါဝင်နေ၏။
"ဦးလေးနဲ့ အန်တီ... ကျွန်တော်တို့ ပြန်ပါဦးမယ်... "
မျိုးမင်းထက်က ယဉ်ကျေးစွာ နှုတ်ဆက်ပြီးသည်နှင့် ဆွတ်ရိန်နော်က တံခါးဝအထိ လိုက်ပို့ပေးလိုက်၏။ ဧည့်သည်များ ထွက်ခွာသွားသောအခါ အိမ်ကြီးတစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
_______________
"အားေရှာင်(အန်တီ)ရယ် ...သမီးလေ အဲ့လောက်ထိ အရှက်ကွဲရမယ်လို့ ထင်မထားမိဘူး။"
တန်းလျားပေါ်တွင် ထိုင်နေသော ဂျာမိုင်က မျက်ရည်စက်လက်ဖြင့် ပြောရင်း ရှိုက်သံတိုးတိုးလေး ထွက်ပေါ်လာလေသည်။
သူမ မျက်လုံးများက ငိုထားသည့်အရှိန်ကြောင့် အနည်းငယ်မို့အစ်နေသယောင် ရှိသော်လည်း မျက်လွှာအောက်တွင်တော့ မကျေနပ်မှုနှင့် ကောက်ကျစ်မှုအရိပ်အယောင်တို့က ဖုံးကွယ်လျက်ရှိနေ၏။
"သူက လုထွယ်ကို ပါးရိုက်ရုံတင်မကဘူး ... ဂျာမိုင့်ကိုပါ လူလည်ခေါင်မှာ အရှက်ခွဲတာ အားရှောင်ရဲ့။ သမီး ဝမ်းနည်းတာကလေ ...
ကိုဆွတ်က သူ့ဘက်ကပဲ ပါပြီး ပြောထွက်ရက်တာကိုပါ။"
ဒေါ်ဘောက်နူးက သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်ရင်း ဂျာမိုင့်ပခုံးလေးကို အသာပုတ်ကာ နှစ်သိမ့်လိုက်သည်။
"တိတ်ပါကွယ် ... သမီးရယ် ... သားက သူပြုစားထားလို့ ခဏတာ အမြင်မှားနေတာပါ။ ဒီကိစ္စအတွက် အားရှောင် တကယ်စိတ်မကောင်းပါဘူးကွယ်။ "
စိတ်ထဲတွင်တော့ ဒေါသအိုးက ဆူပွက်နေပြီဖြစ်သည်။
သူမသဘောတူထားသည့် ဂျာမိုင်လို မိန်းကလေးကို ပစ်ပယ်ပြီး ဘာမဟုတ်သည့် မိန်းမတစ်ယောက်ကို ဘာတွေမက်မောနေမှန်းမသိတော့ပါ။
"ဒါ သူ သက်သက်မဲ့ သမီးနဲ့ ကိုဆွတ်ကြား ဝင်ရှုပ်ချင်လို့ လုပ်နေတာ အားရှောင်(အန်တီ) "
ဂျာမိုင်က မီးလောင်ရာလေပင့် ထပ်ပြောလိုက်ပြန်သည်။
ဒေါ်ဘောက်နူး မျက်နှာထားက တင်းမာခက်ထန်သွားပြီး လက်ဖက်ရည်ပန်းကန်လုံးကို စားပွဲပေါ်သို့ 'ဒေါက်' ခနဲ မြည်အောင် ချလိုက်ကာ အံကို ခပ်တင်းတင်းကြိတ်ထားလိုက်၏။
"သမီးလည်း စိတ်မဆင်းရဲပါနဲ့တော့ ... ဒီကိစ္စ အားရှောင် ရှင်းမယ်။ ငါ့သား မရှိတုန်း ဒီကိစ္စကို အပြတ်ဖြတ်မှ ရတော့မယ်။"
ဒေါ်ဘောက်နူးက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ထိုင်ရာမှ ထလိုက်သည်။
သမီးကိုတော့ မသက်သာတဲ့အခြေအနေနှင့် သဘောမတူတဲ့သူလက်ထဲ ထည့်ပေးလိုက်ရပြီ။
တစ်ယောက်တည်းကျန်တော့သည့် သားကိုတော့ ထိုကဲ့သို့သောအဖြစ်မျိုးအဖြစ်မခံနိုင်ပါ။
အပိုင်း (၅၃) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)