Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၅၀)

"အန်တီအားမိုင် နနွင်းမှုန့် တစ်ထုပ်လောက် "

မှုံ ပုံမှန်းအတိုင်း အသံအေးအေးလေးနှင့် လှမ်းပြောလိုက်လျှင်

ဆိုင်ရှင်ဒေါ်အားမိုင်က ခေါင်းတစ်ချက်ညိတ်ရင်း ပြုံးပြလေသည်။

"အေးအေး ... သမီး ခဏနော် နနွင်းမှုန့်က ထုပ်ဖို့မေ့နေလို့ကွယ်။ "

"ဟုတ် "

အန်တီအားမိုင်က ဆိုင်နောက်ဘက် အခန်းကျဉ်းလေးထဲ ဝင်သွားချိန်တွင် မှုံလည်း ဆိုင်ရှေ့က ခုံတန်းလျားလေးနားမှာ ရပ်စောင့်နေလိုက်သည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ထိုတိတ်ဆိတ်မှုက မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးဖြစ်မှန်း မှုံ ကြိုမသိခဲ့။

ထိုစဉ် ဆိုင်ရှေ့သို့ ရယ်သံနှင့်အတူ ဆိုင်ထဲသို့ ဂျာမိုင်နှင့် လုထွယ်တို့ အတူဝင်လာကြကာ သုံးယောက်သား ခဏတာ အကြည့်ချင်းဆုံသွားကြသည်။ လုထွယ်က မှုံ့ကိုမြင်တော့ နှုတ်ခမ်းကိုမဲ့ကာ ချက်ချင်းပင် မျက်စောင်းထိုးကာ တစ်ဖက်သို့ လှည့်သွား၏။

ဂျာမိုင်ကတော့ မှုံ့ကိုမြင်လိုက်ရချိန်မှာ မျက်နှာပျက်သွားသော်လည်း ဟန်ကိုယ့်ဖို့လုပ်ကာ မပြုံးချင် ပြုံးချင် မျက်နှာပေးဖြင့် နှုတ်ဆက်လာသည်။

"မှုံနံ့သာ ဈေးလာဝယ်တာလား။ "

"အွန်း ... ဟုတ်တယ်။ "

မှုံခေါင်းညိတ်ကာ ခပ်တိုးတိုးဖြေလိုက်လျှင် လုထွယ်က

ဒေါသသံပါပါဖြင့် ထပြောတော့သည်။

"ဂျာမိုင်ရယ် ဘာလို့ သူ့လိုဟာကို သွားပြီးအဖက်လုပ်နေရတာလဲ။

ကိုယ့်သူငယ်ချင်းကြိုက်နေတဲ့ ယောက်ျားကိုမှ မြူစွယ်တဲ့မိန်းမ "

လုထွယ်က နှုတ်ခမ်းကိုမဲ့ကာ ရွံရှာသည့်အကြည့်ဖြင့် မှုံ့ကို စိုက်ကြည့်ရင်း ပေါ်တင်ကြီး ပြောချလိုက်သည်။ ထိုစကားလုံးတွေက မှုံ့ရင်ထဲကို မြှားတစ်စင်းလို စူးဝင်သွားကာ ဆစ်ခနဲ နာကျင်သွားရ၏။

"မှုံက တမင်မြူစွယ်ခဲ့တာမှ မဟုတ်ပဲ။

စိတ်ထဲက ဖြေရှင်းချက်ထုတ်မိသော်လည်း အသံထွက်မလာနိုင်ခဲ့။

ထိုအချိန် ဂျာမိုင်က အခြေအနေတင်းမာသွားမည်စိုး၍ လုထွယ်လက်ကိုဆွဲပြီး ခပ်တိုးတိုး တားလိုက်သည်။

"လုထွယ်ကလည်း ... လာပါ မုန့်ပဲဝယ်ရအောင် "

သို့သော် လုထွယ်က ဂျာမိုင်ရဲ့ လက်ကို ဖယ်ချလိုက်ပြီး အသံကို ပိုမြှင့်လိုက်သည်။

"နေစမ်းပါ ... မြင်တယ်မလား။

နင်အရမ်းခင်ခဲ့တဲ့ ကောင်မက အခုတော့ ဘယ်လိုစိတ်ဓာတ်လဲဆိုတာ။ ရုပ်ကလေးဗန်းပြပြီး ... မှုံနံ့သာ နင်မို့လို့ ဂျာမိုင့်အပေါ် အဲ့လို လုပ်ရက်တယ်နော် ... မခုတ်တတ်တဲ့ ကြောင်လိုလုပ်နေပြီး

အေးပေါ့ ... နင့်အမေကလည်း သူများယောက်ျားကို မြူစွယ်တဲ့ မယားငယ်မပဲဆိုတော့ သူ့သမီးဖြစ်တဲ့ နင်လည်း ဒီလိုစရိုက်ပဲ လာမှာပေါ့။ "

ထိုစကားလုံးများသည် မှုံနံ့သာ၏ သည်းခံနိုင်စွမ်းစည်းကို ဖြတ်ကျော်သွားစေခဲ့ပြီဖြစ်၏။ မှုံ့ကိုထိပါးလာလျှင် သည်းခံနိုင်သော်လည်း သေဆုံးသွားပြီဖြစ်သော အမေ့ကို ထိပါးလာခြင်းကိုတော့ မှုံ လုံးဝခွင့်မလွှတ်နိုင်။ ရင်ထဲက ဒေါသလှိုင်းလုံးတွေက တားမရဆီးမရ တက်လာတော့သည်။

"လုထွယ် ... နင်ငါ့အမေကို ဘာပြောစရာမလိုဘူး။

ငါ့ကို ကြိုက်သလောက်ပြောလို့ရတယ် ... တမလွန်က ငါ့အမေကို ဆွဲမထည့်နဲ့။ "

မှုံ့အသံတွေက ဒေါသကြောင့် တုန်ရီနေကာ မျက်ဝန်းတွေကလည်းမီးတောက်တွေလို ရဲရဲတောက်နေလေသည်။

"ပြောတော့ ဘာဖြစ်လဲ။ ဘာလဲ မှန်တာပြောတော့ အနာထိပြီးစပ်သွားတာလား။ လင်ခိုးမအမျိုးမို့ လင်ခိုးမလို့ပြောတာ ဘာဖြစ်လဲ။ "

"နင် ... "

မှုံ အံကိုတင်းတင်းကြိတ်လိုက်ကာ ဘေးပတ်ဝန်းကျင်၊ အခြေအနေ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပဲ လက်ဖဝါးကို ခပ်တင်းတင်း အားယူလိုက်ပြီး လုထွယ်၏ ပါးပြင်ဆီသို့ လွှဲရိုက်ချပစ်လိုက်သည်။

"ဖြန်း "

ကျယ်လောင်ပြတ်သားသော ပါးရိုက်သံက ဆိုင်ခန်းကျဉ်းလေးထဲ ဟိန်းထွက်သွားတော့သည်။ ဒေါသအရှိန်တွေ စုကာ ရိုက်ချလိုက်တဲ့ ရိုက်ချက်ပြင်းပြင်းကြောင့် လုထွယ်ရဲ့ မျက်နှာက လည်ထွက်သွားသလို ဘေးနားက ဂျာမိုင်လည်း မျက်လုံးအစုံပြူးကျယ်သွားကာ ဘာလုပ်ရမှန်းမသိ ကြောင်အသွား‌၏။

ထိုအချိန်မှာပင် ဆိုင်နောက်ခန်းထဲမှ နနွင်းမှုန့်ထုပ်ကိုင်ကာ ထွက်လာတဲ့ ဒေါ်အားမိုင်ခမျာလည်း ထိုမြင်ကွင်းကိုကြည့်ပြီး အာမေဋိတ်သံတောင်မထွက်နိုင်ဘဲ ပါးစပ်အဟောင်းသားဖြစ်နေလေသည်။

လုထွယ်က သူ့ပါးကိုလက်ဖြင့်အုပ်ကာ နာကျင်မှုနှင့် အရှက်ရမှုပေါင်းစပ်ပြီး ဒေါသတွေ ပိုထွက်လာကာ ...

"နင် ... နင်ငါ့ကိုရိုက်တယ်။ "

"ဟုတ်တယ် ... ရိုက်တော့ ဘာဖြစ်ချင်လဲ။"

ဒေါသအရှိန်နဲ့မို့ မှုံကလည်း မလျော့သော မျက်လုံးများဖြင့် ပြန်ကြည့်သည်။

"နင် ... နင်ကများ ..."

လုထွယ်က ဒေါသတကြီးဖြင့် လက်ကိုမြှောက်ကာ မှုံနံ့သာ့ကို ပြန်ရိုက်ဖို့ပြင်လိုက်သည်။ သို့သော် ထိုလက်က မှုံနံ့သာ့ ပါးပြင်ထက်သို့ မကျရောက်မီ လေထဲမှာပင် သန်မာသော လက်တစ်ဖက်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရ၏။

"ဟင် ... အကို "

"ကိုဆွတ် "

ဂျာမိုင် နှုတ်ဖျားမှ တိုးတိုးလေး ရေရွတ်သံထွက်လာလေသည်။ ဆွတ်ရိန်နော်ကို မြင်သည်နှင့် ဂျာမိုင်ရော၊ လုထွယ်ပါ မျက်နှာတွေ ပျက်ယွင်းသွားကြကာ ဆွတ်ရိန်နော်၏ မျက်နှာထားကလည်း တင်းမာခက်ထန်နေပြီး မျက်လုံးများက ဒေါသကြောင့် အရောင်တောက်နေလေသည်။ ဆွတ်ရိန်နော် သူတို့နှစ်ယောက်အား ခပ်စူးစူးစိုက်ကြည့်ကာ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ လုထွယ်ရဲ့ လက်ကောက်ဝတ်ကို ဆောင့်ပြီး လွှတ်ချလိုက်၏။

"ငါ့ချစ်သူကို ဘယ်သူထိရဲတာလဲ။ "

အသံက မကျယ်လောင်သော်လည်း အာဏာပါပြီး ဟိန်းထွက်နေသည်။ ဆွတ်ရိန်နော်က မှုံနံ့သာ့ကို သူ့ကျောပြင်အနောက်သို့ ပို့ကာ ကာကွယ်လိုက်ရင်း ဂျာမိုင်နှင့် လုထွယ်အား အံကြိတ်သံကြီးနှင့် မေးလိုက်လျှင် ဂျာမိုင်ကတော့ ခေါင်းငုံ့နေပြီး လုထွယ်ကတော့ တော်တော်စိတ်တိုနေတဲ့ ဆွတ်ရိန်နော်မျက်နှာကြီးအား မရဲတရဲမော့ကြည့်ကာ ...

"မဟုတ်ဘူး ... ကိုဆွတ် သူကအရင် ..."

"ငါမြင်တယ် "

လုထွယ်စကားမဆုံးခင် ဆွတ်ရိန်နော်က ပစ်အော်လိုက်၏။

"အဲ့လိုရိုက်အောင် ဘယ်သူက လူပါး စ ဝတာလဲ။ "

မှုံနံ့သာက အခြေအနေ ပိုဆိုးသွားမည်ကို စိုးရိမ်လာတာ‌ေကြာင့် ဒေါသတွေတအားထွက်နေတဲ့ အကို့ အင်္ကျီစလေးအား အနောက်မှ အသာအယာဆွဲကာ တိုးတိုးလေးပြောလိုက်သည်။

"အကို ပြန်မယ်။ "

သို့သော် ဆွတ်ရိန်နော်က မပြီးသေး။ မှုံ့လက်ကလေးကို ဖမ်းဆုပ်ကာ သူ့ဘေးသို့ တိတိပပ ဆွဲခေါ်လိုက်ပြီး ဂျာမိုင့်ဘက်သို့ လှည့်လိုက်သည်။

"ဘယ်သူက ဘယ်သူ့ကို မြူစွယ်တာလဲ။

နောက်ပြီး ငါက မြူစွယ်တိုင်းပါတဲ့ကောင်လားဆိုပြီး မင်းသူငယ်ချင်းကိုမေးကြည့်လိုက်။ "

ခေါင်းမဖော်တမ်းငုံ့နေတဲ့ ဂျာမိုင်အား ခပ်စူးစူးကြည့်လျက်ပြောလိုက်၏။

ထိုအခါ လုထွယ်ကလည်း ဂျာမိုင်အား လှမ်းကြည့်လေသည်။

" နောက်ပြီး ဘယ်သူက စည်းမစောင့်တာလဲ။

ငါမင်းကို မပြောခဲ့ဘူးလား ... ငါက မှုံနံ့သာ့ကိုချစ်တာလို့။

ဖွင့်လည်းပြောထားပြီးသားပါလို့ ... အဲ့တာကို စည်းမစောင့်ပဲ ဘယ်သူက အတင်းဝင်တိုးခဲ့တာလဲ။

အခုမှ မင်းက နစ်နာသလိုလုပ်ပြနေတာ ရွံဖို့ကောင်းတယ်။ "

ဆွတ်ရိန်နော် ရင်ထဲတွင် အောင့်ထားသမျှ ပေါက်ကွဲထွက်လာတော့သည်။ ဒီအကြောင်းတွေကို ဘုရားကျောင်းမှာ သူတို့နှစ်ယောက်ကို မှုံလေးက အောင်သွယ်ပေးတဲ့နေ့ကတည်းက သူအပြတ်ပြောထားပြီးသားပင်။ အဲ့တာကို မသိချင်ယောင်ဆောင်ကာ ဆက်တိုးခဲ့ပြီး အခုကျ မှုံလေးကပဲ သူ့လက်ထဲကနေ လုသွားသလို ရွာထဲမှာ လျှောက်ဖွနေတာအားလုံးကို သူသိပြီးပါပြီ။ အခုလည်း အိမ်က အမေပြောလိုက်တာက ဂျာမိုင်နဲ့ သူ့ကို လက်ထပ်ဖို့ တိုင်ပင်ထားကြတယ်တဲ့။

စိတ်တိုတိုနှင့် ငြင်းပြီး အိမ်ကထွက်လာတာ တည့်တည့်တိုးတော့သည်။

သူသာ ရောက်မလာရင် ဘယ်လောက်တောင် ဝိုင်းအနိုင်ကျင့်နေကြမည်မသိ။

"ကိုဆွတ်ရိန်နော် ... မိန်းကလေးတစ်ယောက်ကို အဲ့လိုတော့ မပြောသင့်ပါဘူး။ "

လုထွယ်က ဂျာမိုင့်ဘက်ကနေ မခံချင်စွာ မကျေမနပ် ဝင်ပြောတော့ ဆွတ်ရိန်နော်က မျက်မှောင်ကို ကြုတ်လျက် နှုတ်ခမ်းမဲ့ကာ ...

"မင်းတို့တောင် မိန်းကလေးချင်းမစာမနာ လာပြောနေတာမလား။

ငါက‌ေရာ ဘာလို့ ထောက်နေရမှာလဲ။ "

"သွား ... သွားရအောင်ပါ အကိုရယ်။

လာ လာနော်။ "

ရပ်ကန် ရပ်ကန်ဖြစ်နေတဲ့ အကို့လက်မောင်းကြီးအား အတင်းဆွဲခေါ်လာရကာ ဝယ်ဖို့စောင့်နေတဲ့ နနွင်းမှုန့်ကိုလည်း သတိမရတော့။ ဒေါ်အားမိုင်ကလည်း သူတို့ရန်ဖြစ်နေကြတာကိုပဲ အကြောင်သား ငေးရပ်ကြည့်နေမိတာ မလှုပ်မယှက်နှင့်ပင်။

မှုံနံ့သာနှင့် ဆွတ်ရိန်နော်တို့ ထွက်သွားကြလျှင် တစ်ချိန်လုံး ခေါင်းငုံ့နေတဲ့ ဂျာမိုင်က ခေါင်းဖြည်းဖြည်းချင်း မော့လာကာ အံကိုတင်းတင်းကြိတ်လျက် တစ်ရွေ့ရွေ့ဝေးသွားတဲ့ ကျောပြင်နှစ်ခုအား မျက်ရည်တွေဝဲကာ မကျေမနပ် စူးစိုက်ကြည့်နေသည်။

"တောက်!"

ဂျာမိုင်က တောက် တစ်ချက်ခေါက်လျက် ခြေဆောင့်လျက် ဆိုင်ထဲမှ ပြေးထွက်သွားကာ လုထွယ်လည်း ပြေးထွက်သွားတဲ့ ဂျာမိုင်နောက်သို့ အပြေးလိုက်သွားတော့သည်။

"ဂျာမိုင် ... ဂျာမိုင် "

အပိုင်း (၅၁) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၉) နောက်အခန်း - အပိုင်း (၅၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ