Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၄၈)

ကချင်ပြည်နယ်၏ ဆောင်းရာသီ နေရောင်ခြည်သည် ခပ်နွေးနွေးရှိသော်လည်း ဦးဆွတ်ဆိုင်းအောင်တို့၏ အိမ်ဝင်းအတွင်း၌မူ ပူလောင်မှုများက ဟုန်းဟုန်းတောက်လောင်နေသည်။ အိမ်ရှေ့ကွက်ပျစ်ထက်တွင် ရွာသားအချို့ ဝိုင်းအုံနေကြပြီး ထိုလူအုပ်ကြားမှ ဒေါ်ဘောက်နူး၏ ရင်ကွဲမတတ် ငိုရှိုက်သံကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးထား၏။

"ရှာပါဦး ... ကျွန်မသားနဲ့ သမီးလေးကို ရှာ‌ပါဦး။ "

ပူပင်သောကကြောင့် ဒေါ်ဘောက်နူး၏ အသံမှာ အက်ကွဲကာ တုန်ယင်နေသည်။ မနေ့ကတည်းက အိမ်မှ ပျောက်သွားသော သားဖြစ်သူ ဆွတ်ဆိုင်းပန်နှင့် သမီးဖြစ်သူ ဆွတ်ရိန်နော်တို့၏ သတင်းက တစ်ရွာလုံးသို့ မီးလိုပျံ့နှံ့သွားခဲ့ပြီး အိမ်သားများမှာတော့ အပူမီးဝိုင်းကာ ခေါင်းမီးတောက်နေကြရ၏။

သားဖြစ်သူ ဆွတ်ရိန်နော်အတွက်က သိပ်စိတ်မပူမိ။ ဆိုင်ကယ်ပါ ပါသွားသည်ဆိုတော့ လူငယ်ဘာဝ တစ်နေရာရာသို့ ထွက်သွားခြင်း ဖြစ်လောက်မည်။ သို့သော် မိဘအုပ်ထိန်းမှုအောက်မှ တစ်ဖဝါးမျှ မခွာဖူးသော၊ အရာရာ မိဘအသိပေးလေ့ရှိသော သမီးလိမ္မာလေး ဆွတ်ဆိုင်းပန် ပျောက်သွားခြင်းကတော့ ရင်ကို မီးစနှင့် ထိုးနေသကဲ့သို့ ပူလောင်စေ၏။

"ရှင်သွားရှာချည်ဦးလို့ ... ဒီမှာ ထိုင်မနေနဲ့လေ "

ဒေါ်ဘောက်နူး၏ ဒေါသနှင့် သောက ရောပြွမ်းနေသော အော်သံကြောင့် ဦးဆွတ်ဆိုင်းအောင်ခမျာ သက်ပြင်းကြီးကို လေးလံစွာ ချလိုက်မိသည်။ ယောက်ျားတန်မဲ့ မျက်ရည်မကျမိအောင် ထိန်းထားရသော်လည်း သူ့မျက်နှာတွင်လည်း စိုးရိမ်မှုများ အထင်းသား ပေါ်နေ၏။

"အေးပါကွာ ... အေးပါ ငါလည်း ရှာနေတာပဲ။

ရွာထဲလည်း နှံ့နေပြီလေကွာ။

မင့်သားက ဆိုင်ကယ်ပါသွားတာဆိုတော့ သူ့သူငယ်ချင်းနဲ့

မြေစာပုံ(ကျောက်ရှာသည့်‌ေနရာ)ထဲ လိုက်သွားတာပဲနေမှာ။

ငါ သူ့သူငယ်ချင်ူအိမ်ရောက်ခဲ့တယ် ... အဲ့ကောင်လေးလည်း အိမ်မှာ မရှိဘူး။ "

"ဒါပေမယ့် ကျွန်မတို့သမီးလေးကရော ... သမီးလေးက ကျွန်မကို အသိမပေးပဲ ဘာမှ လုပ်ရှာတာမဟုတ်ဘူး။ "

"တွေ့မှာပါ ယောင်းမရယ် ငါတို့လည်း ဝိုင်းရှာပေးပါ့မယ် ... ကိုယ့်ရွာထဲမှာပဲ သိပ်လည်း စိတ်မပူပါနဲ့နော်။ "

ဘေးမှ ရွာသား(သူ)များက ဝင်ရောက်နှစ်သိမ့်သော်လည်း ဒေါ်ဘောက်နူး၏ မျက်ရည်များက မရပ်တန့်နိုင်။

"စိတ်မပူလို့ရမလား ... မနေ့ကတည်းက ပျောက်သွားတာ အခုထိ ရှာမတွေ့သေးဘူး။။ "

ဝိုင်းအုံနေသော လူအုပ်ကြီးမှာလည်း ဘာမှ ဆက်မပြောနိုင်ကြတော့ဘဲ မျက်နှာမကောင်းစွာဖြင့် ငြိမ်သက်သွားကြသည်။

ထိုစဉ် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်က ခြေသံအချို့ ...

လူအုပ်ကြီး၏ အနောက်ဘက်မှ လူနှစ်ယောက် ဖြတ်လျှောက်ဝင်လာသည်။ ထိုသူများကို မြင်လိုက်ရသည့်အခါ တစ်ယောက်တစ်ပေါက် စကားသံများ ရုတ်ခြည်း တိတ်ဆိတ်သွားပြီး အပ်ကျသံကြားရလောက်အောင် ငြိမ်ကျသွားတော့၏။

ဝင်လာသူများမှာ အခြားသူမဟုတ်... ဆွတ်ဆိုင်းပန်နှင့် သူမ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ဆွဲခေါ်လာသော မျိုးမင်းထက်ပင်။

"ဟင် ..."

"သူတို့က ဘယ်လိုလုပ် "

"ဟယ် "

ရွာသားများ၏ မျက်လုံးများ ပြူးကျယ်ကုန်ကြကာ အာမေဋိတ်သံများက တီးတိုးထွက်ပေါ်လာပြီး အကြည့်အားလုံးသည် ထိုလူငယ်နှစ်ယောက်ထံသို့သာ စူးစိုက်ကျရောက်နေသည်။ ဒေါ်ဘောက်နူးသည်လည်း ငိုနေရင်းမှ အရှေ့က မြင်ကွင်းကြောင့် အသက်ရှူရပ်မတတ် ဖြစ်သွားကာ ဦးဆွတ်ဆိုင်းအောင်နှင့်အတူ မတ်တပ်ရပ်လိုက်မိသည်။

မျက်နှာလေးညှိုးငယ်ကာ ငိုထားပုံရသည့် သမီးလေးကို ယောက်ျားလေးတစ်ယောက်က လက်ဆွဲကာ လူသိရှင်ကြား ဝင်လာသည့် မြင်ကွင်းက မိဘများအဖို့ ရင်ကို ဓားနှင့်မွှန်းသကဲ့သို့ နာကျင်ဖွယ်၊ သွေးပျက်ဖွယ်ရာပင်။

"သမီး ..."

ဒေါ်ဘောက်နူး နှုတ်ဖျားမှ တုန်ရီစွာ ခေါ်လိုက်သံကြားလျှင် ဆွတ်ဆိုင်းပန်သည် မျက်လွှာလေး ပင့်ကြည့်လာသည်။ သူမ၏ မျက်ဝန်းအိမ်တွင် မျက်ရည်ကြည်များ ပြည့်နှက်နေ၏။ ရှက်ရွံ့မှု၊ ကြောက်ရွံ့မှုတို့ဖြင့် တုန်လှုပ်နေသော သူမသည် မျိုးမင်းထက်၏ လက်ထဲမှ ရုန်းထွက်ကာ မိခင်ဖြစ်သူထံသို့ ပြေးဝင်သွားတော့သည်။

"မေမေ ... အင်း ... ဟင့် ဟင့် အဟင့် "

မိခင်ရင်ခွင်ထဲသို့ ရောက်သည်နှင့် ကလေးငယ်တစ်ယောက်လို အားကိုးတကြီး ဖက်တွယ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။

"သမီးလေး ... သမီး ဘာဖြစ်လာတာလဲ။

အမေ့ကို ပြောပါဦးကွယ်။

မနေ့က တစ်ရက်လုံး သမီးဘယ်ရောက်နေတာလဲဟင်။ "

ဒေါ်ဘောက်နူးက သမီးဖြစ်သူ၏ ကျောပြင်လေးကို ပွတ်သပ်ရင်း မေးလိုက်သည်။ သို့သော် အဖြေစကားက သမီးထံမှ ထွက်မလာဘဲ အနောက်ဘက်ဆီမှ တည်ငြိမ်ပြတ်သားသောမျိုးမင်းထက်ဆီမှ ထွက်လာတာဖြစ်သည်။

"ဆရာမကို ကျွန်တော် ကားတင်ပြေးသွားတာပါ။"

မျိုးမင်းထက်၏ စကားသံအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး အချိန်ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ဒေါ်ဘောက်နူး အပါအဝင် အိမ်ထဲရှိ ရွာသားများအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

"ခွပ်"

ပြင်းထန်လှသော လက်သီးတစ်ချက်က မျိုးမင်းထက်၏ မျက်နှာပေါ်သို့ တမဟုတ်ချင်း ကျရောက်သွားတော့သည်။

"ဘာကွ ... မင်းကများ ငါ့သမီးကို "

"ခွပ် ... ခွပ် ခွပ် "

တရစပ် ပစ်ထိုးနေသော လက်သီးချက်များအောက်တွင် မျိုးမင်းထက် ယိုင်နဲ့သွားသော်လည်း ပြန်လည်ခုခံခြင်း မရှိပဲ သူ့ အကြည့်တို့သည် အမေဖြစ်သူရင်ခွင်ထဲတွင် ငိုရှိုက်နေသော ဆွတ်ဆိုင်းပန်ဆီ၌သာ စွဲမြဲနေသည်။ နာကျင်မှုကို အံကြိတ်ခံရင်း မလှုပ်မယှက် ရပ်နေ‌ေတာ့ ဘေးမှ လူများက မနေနိုင်တော့ဘဲ ဝင်ဆွဲကြရ၏။

"ကိုဆိုင်းအောင် တော်ပါတော့ဗျာ ... လက်လွန်ခြေလွန်တွေ ဖြစ်ကုန်တော့မယ်ဗျ "

"သတ်မှာ ... ဟေ့ကောင် မင်းကို ငါသတ်မှာ မင်းကများ ..."

ဦးဆွတ်ဆိုင်းအောင်က ရုန်းကန်ရင်း အော်ဟစ်နေသည်။

"ခွပ် ... ခွပ် ... ခွပ် "

"ဟဲ့ ... ဟဲ့ တော်ပါတော့ကွယ် ... မဖြစ်သင့်တာတွေ ဖြစ်ပြီးသွားပြီပဲ စီစဉ်စရာရှိတာလေး စီစဉ်ပေးလိုက်ပါတော့ကွယ်။

ဟဲ့ကောင်လေး ထထ "

ရွာထဲမှ အသက်အကြီးဆုံး အဘွားတိန့်ဝင်း က ဝင်တားကာ မြေကြီးပေါ် လဲကျနေတဲ့ မျိုးမင်းထက်ကိုလည်း ဆွဲထူပေးလိုက်၏။

မျက်နှာတစ်ပြင်လုံးလည်း သွေး‌အလိမ်းလိမ်းနှင့် မြင်မကောင်းရှုမကောင်းတော့။

"ဘာမှ မစီစဉ်ဘူး ... ငါ့သမီးကို မင်းနဲ့လုံးဝ သဘောမတူဘူး။

မင်းကို ထောင်ထဲ ထည့်မှာ။ "

"ဟဲ့ အဲ့လို လုပ်လို့ ဘယ်ရမလဲကွယ် ... မင်းက သမီးရှင်နော်

ဆိုင်းအောင်ရဲ့ "

"အဲ့တာနဲ့ပဲ ဒီလို မဒိမ်းကောင် လက်ထဲကို ကျွန်တော်က ယုံယုံကြည်ကြည်နဲ့ ကျွန်‌ေတာ့်သမီးကို ထည့်ပေးလိုက်ရမှာလား။ "

"အဲ့တာလည်း အဲ့တာပေါ့ကွယ် ... ဒါပေမယ့် "

"ဘာမှ မပြောနဲ့ လာစမ်း ဟေ့ကောင် မင်းကို ငါသတ်မှာ "

ဒေါသကို မထိန်းနိုင်သော ဦးဆွတ်ဆိုင်းအောင်သည် အဘွားတိန့်ဝင်းလက်ထဲမှ မျိုးမင်းထက်ကို ပြန်ဆွဲကာ ထပ်မံထိုးကြိတ်ပြန်သည်။

"ခွပ် ခွပ် ခွပ် "

ထိုစဉ် အိမ်ဝင်းထဲသို့မျိုးမင်းထက်၏ မိဘများက အလောတကြီး ပြေးဝင်လာကြ၏။ သွေးအလိမ်းလိမ်းဖြင့် အထိုးခံနေရသော သားဖြစ်သူကို မြင်လိုက်ရသည့်အခါ မိခင်ဖြစ်သူ ဒေါ်ဥမ္မာစန်းမှာ ရင်ကွဲမတတ် အော်ဟစ်ကာ ကြားထဲသို့ ဝင်တားတော့သည်။

"အမယ်လေးလေး ... မလုပ်ပါနဲ့ ကျွန်မသားလေးကို မလုပ်နဲ့တော့ရှင် ... အမယ်လေး အမေ့သားလေး ... မလုပ်ပါနဲ့တော့ရှင် တောင်းပန်ပါတယ် ကျွန်မသားလေး သေတော့မယ်"

ဒေါ်ဥမ္မာက မြေမြင်ပေါ်လဲကျနေတဲ့ သူ့သားကို ပွေ့ဖက်ကာ ကာထားတော့ ဦးဆွတ်ဆိုင်းအောင်လည်း တောက်တစ်ခေါက်ခေါက်နှင့် နောက်ဆုတ်သွား၏။

သို့သော်...မျိုးမင်းထက်က လက်ကျန်အားနှင့် သူ့အမေရင်ခွင်ထဲမှ ယိုင်နဲ့နဲ့ ကုန်းထလာကာ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်ပစ်ရင်း ...

"အမေ ဖယ်နေပါ ... ကျွန်တော်လုပ်တာ ကျွန်တော်ခံရဲတယ်။

ကျွန်တော် နောင်တလည်း လုံးဝမရဘူး။ "

"ခွေးမသား ... မင်းက သူများသားသမီးကို လုပ်ချင်တိုင်းလုပ်ပြီတော့ ကဲကွာ ... ကဲကွာ ခွပ် ခွပ် ခွပ် "

ဦးဆွတ်ဆိုင်းအောင်ရဲ့ တရစပ်ကျလာတဲ့ လက်သီးချက်တွေကို

မျိုးမင်းထက်ကတော့ အံကြိတ်ခံနေပြီး အမေဖြစ်သူ ဒေါ်ဥမ္မာကတော့ သူ့သားလေးကို အတင်းကာပေးကာ ငိုယိုနေတော့၏။

မျိုးမင်းထက်အဖေ ဦးမျိုးအောင်ကတော့ စိတ်မ‌ေကာင်း ဖြစ်နေပေမယ့် သူ့သားအမှားကြောင့် ဝင်မဆွဲပေ။

"အမယ်လေး ... လုပ်ကြပါဦး ကျွန်မသားလေး သေတော့မယ်။

လုပ်ကြပါဦးတော် အင်း အဟင့် ဟင့် ဟင့် "

အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာချိန်တွင် ရွာလူကြီး

ဦးဘရန်နန် ရောက်ရှိလာကာ ...

"ဟေ့ ဟေ့ ... တော်ကြစမ်း ... ဦးဆိုင်းအောင် ခင်ဗျားလည်းတော်တော့ ... လူသတ်မှုနဲ့ ခင်ဗျား ထောင်ထဲ သွားချင်လို့လား။"

ရွာလူကြီး၏ အသံမာမာကြောင့် ဦးဆွတ်ဆိုင်းအောင် ရပ်တန့်သွားသော်လည်း မျက်လုံးအစုံက နီရဲနေဆဲ။ သူသည် ရွာလူကြီးကို တစ်ချက်မော့ကြည့်လိုက်ပြီး အံကိုကြိတ်ကာ ...

"ဟုတ်တယ် ... သတ်မှာ

ဒီခွေးတိရစ္ဆာန်ကိုသတ်ပြီး ထောင်ထဲဝင်မှာ။ "

အပိုင်း (၄၉) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၇) နောက်အခန်း - အပိုင်း (၄၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ