ညသည် သန်းခေါင်ယံသို့ ဦးတည်နေပြီး ဇရပ်ကြီးပေါ်တွင် လူပေါင်း မြောက်မြားစွာ စုရုံးနေကြသည်။
ဇရပ်၏ သစ်သားကြမ်းခင်းပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် တိုးဝှေ့၍ လှဲလျောင်းနေကြသူများ၊ စကားပြောဆို ရယ်မောနေသူများ၏ အသံများက ဆူညံပွက်လောရိုက်နေသည်။
မှုံ ဖုန်းကို နားနား ကပ်ထားပြီး စပီကာကိုလည်း ဖွင့်ထားသော်လည်း ဘာမျှ ကောင်းစွာ မကြားရ။
"ဟယ်လို ... ဟယ်လို "
နောက်ဆုံးတော့ မှုံ့ဘေးမှ အန်တီအေးသီကို နေရာကြည့်ထားပေးဖို့မှာကာ လူနည်းနည်းကျဲတဲ့နေရာကို တိုးဝှေ့၍ ထွက်ခဲ့လိုက်သည်။
လူသူကျဲရာ နေရာတစ်ခုသို့ ရောက်သောအခါမှ ပတ်ဝန်းကျင် ဆူညံသံများသည် အနည်းငယ် ငြိမ်သက်သွားပြီး လေအေးက တဖြူးဖြူး တိုက်ခတ်လာသည်။ မှုံသည် စိတ်သက်သာရာရသော သက်ပြင်းချလိုက်ပြီး ဖုန်းကို နားနားသို့ ပြန်ကပ်လိုက်သည်။
"ဟယ်လို"
မှုံ့ဘက်က အသံထွက်လာတာနှင့် တစ်ဖက်မှ အကို့ရဲ့
အသံက ချက်ချင်းထွက်ပေါ်လာလေသည်။
"ဟယ်လို မှုံလေး ကြားရပြီလား။ "
"ဟုတ် ... ဇရပ်ပေါ်မှာက လူတွေများတော့ ဆူနေလို့။ "
မှုံ ညှဉ်းညူသော လေသံဖြင့် ပြန်ဖြေလိုက်၏။
မှုံတို့ အခန်းမရတာ ညနေကတည်းက အကိုက သိပြီးပြီဖြစ်လေသည်။
"ဟုတ်လား ... ဒီလောက်ဆူနေတာ အိပ်လို့ရောရမှာလား။ "
"မအိပ်တော့ပါဘူး။
ထိုင်စရာနေရာလေးရှိတာတောင်တော်သေးတယ်။
တချို့ဆို ပွဲခင်းထဲမှာ လျှောက်သွားနေရတာ။ "
"အင်းပါ အခုက မှုံလေးကဘယ်မှာလဲ "
"လူကျဲတဲ့နားမှာ။ "
"ဟင် ...တစ်ယောက်တည်းလား။ "
"ဟုတ် "
မှုံ့ ဖြေသံအဆုံးတွင် အကို့အသံက ရုတ်တရက် တင်းမာသွားလေသည်။
"ဟာ ... ဘာလို့ တစ်ယောက်တည်းထွက်လာတာလဲကွာ။ "
ဘာတွေလုပ်နေတာလဲ... ညကြီးမင်းကြီး လူကျဲတဲ့နေရာကို တစ်ယောက်တည်း ထွက်သွားရအောင်ဘယ်လောက် အန္တရာယ်များလိုက်မလဲ ... ကလေးကျနေတာပဲ။
"အပေါ်မှာက ဘာမှမကြားရလို့လေ။ "
"တော်ပြီ ... အခု ပြန်တော့ ... အန္တရာယ်ဖြစ်နေအောက်လို့ကွာ။ "
"ဘာမှမဖြစ်ပါဘူးအကိုရဲ့။ "
"တော်ပြီ ... ကိုယ်စိတ်မချဘူး။
ဇရပ်ပေါ်ပြန်တော့ ... အသံမကြားရရင် ကိုယ်စာပို့မယ်။
အခုတက်နော် "
"အင်းပါ ... အဲ့တာဆို ဖုန်းချလိုက်တော့မယ်နော်။ "
"အင်း "
ဖုန်းပိတ်ပြီး ဇရပ်ပေါ်ပြန်ရောက်လျှင် ဇရပ်ပေါ်ရှိ ဆူညံသံများသည် ပြန်လည်လွှမ်းမိုးလာပြန်သည်။
မှုံ့ နေရာအရောက် အန်တီအေးသီဘေးတွင် ပြန်ထိုင်လိုက်သည်နှင့် လက်ထဲမှ ဖုန်းလေးသည် တုန်ခါလာသည်။
ဖုန်းမျက်နှာပြင်ပေါ်တွင် မက်ဆေ့ခ်ျများစွာ တစ်ပြိုင်နက်တည်း ဝင်ရောက်နေသည်ကို တွေ့လိုက်ရ၏။
__________________
စွတ်စိုသောမနက်ခင်းနှင့် လေးလံသောခြေလှမ်းများ
နံနက်ခင်းသည် အနည်းငယ် စိုစွတ်ထိုင်းမှိုင်းနေပြီး လေအေးက တဖြူးဖြူးတိုက်ခတ်နေသည်။ အိမ်များ၏ စည်းရိုးများပေါ်မှ ဆင်းသက်လာသော မိုးရေစက်များသည် မြေပြင်ပေါ်ရှိ သဲမြေနှင့် ရောနှောကာ ရွှံ့နှစ်များကို ဖြစ်ပေါ်စေသည်။
ဆွတ်ဆိုင်းပန်သည် ခါတိုင်းလိုပင် ရွာလမ်းအတိုင်း ကျောင်းသွားရန် လျှောက်လာခဲ့သည်။ သူမဝတ်ထားသည့် ရိုးရှင်းသော အဖြူအစိမ်း ကျောင်းဝတ်စုံသည် စိုစွတ်သော လေအေးကြောင့် ခန္ဓာကိုယ်နှင့် ကပ်နေသယောင်ရှိသည်။ လမ်းဘေးဝဲယာရှိ သစ်ပင်ရွက်ခြောက်များမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း သူမ၏ စိတ်ထဲတွင်မူ မုန်တိုင်းတစ်ခုလို လှုပ်ရှားနေ၏။
လမ်းကွေ့တစ်ခုသို့ ရောက်သောအခါ သူမ၏ စိတ်သည် ရုတ်ချည်း မောလျသွားသည်။ လွန်ခဲ့သည့် နှစ်ရက်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများ၏ ပုံရိပ်များသည် မျက်လုံးအိမ်ရှေ့၌ ထပ်ခါထပ်ခါ ပေါ်လာ၍ သူမ၏ ခြေလှမ်းများသည် အလိုအလျောက် မြန်ဆန်သွားတော့သည်။
"ဆရာမ ... ဆရာမ "
ဆွတ်ဆိုင်းပန်၏နောက်မှ စကားသံတစ်ခု ထွက်ပေါ်လာသည်။
သူမကိုခေါ်ပြီး ပြေးလိုက်လာတာသိပေမယ့် လှည့်မကြည့်သလို ရပ်လည်းရပ်မပေးဖြစ်။
သူမ၏ နှုတ်ခမ်းလွှာတို့သည် တင်းတင်းစေ့ထားပြီး မျက်နှာထားမှာ တည်ငြိမ်သော်လည်း အတွင်းစိတ်ကတော့ ပြိုလဲလုနီးပါး။
သူမစိတ်ထဲမှာ တချိန်လုံးစိုးမိုးနေခဲ့တာက ဟိုတစ်နေ့က ကိစ္စကြီးသာ။
ရိပ်စားမိတာရှိပေမယ့် တကယ် လက်တွေ့ဖွင့်ပြောလာပြန်တော့
စည်းတားရတော့မည်။
မဟုတ်လျှင် နှစ်ယောက်လုံးအတွက် နာကျင်စရာတွေချည်းသာဖြစ်ကုန်တော့မှာပါ။
ထိုနေ့က သူထွက်သွားပြီး သူပေးခဲ့သော စာလေးအားဖွင့်ကြည့်လိုက်ရာ ရင်ခုန်နှုန်းတွေမြန်လာတုန်း ထိုရင်ခုန်နှုန်းတွေကို ရပ်တန့်သွားစေတဲ့ အကြောင်းတရားက ...
"နင်တိူ့ မောင်နှမ နှစ်ယောက်လုံး ငါသဘောတူတဲ့တူနဲ့ပဲ အိမ်ထောင်ပြုရမယ်။ နင်တို့ စိတ်ကြိုက် ကြိုက်တဲ့သူနဲ့ ယူလို့ကတော့ ငါနဲ့ သေခန်းပြတ်ပဲ "
အမြဲတမ်းကြားနေရတဲ့ အနူး(အမေ) စကားတွေက နားထဲတွင် သံမှိုစွဲနေသလို ဦးနှောက်ဆေးခံလိုက်ရပြီးပြီဖြစ်၏။
ဆွတ်ရိန်နော်ကတော့ အမေ့စကားကို နားထောင်၊မထောင် မသိပေမယ့် မိဘစကားကို တစ်သက်လုံးနားထောင်လာတဲ့ ဆိုင်းပန်ကတော့
ဘယ်လိုမျှ မလွန်ဆန်ဝံ့ပါ။
မျိုးမင်းထက်သည် သူမ၏ နောက်တွင် အားကုန်ထည့်၍ ပြေးလိုက်လာရင်း အသက်ရှူသံပြင်းပြင်းဖြင့် ခေါ် လိုက်၏။
"ဆရာမ ... ဆရာမ "
အပြေးအလွှားလိုက်လာတဲ့မျိုးမင်းထက်က သူမကို မှီသွားတော့ အရှေ့တွင် ပိတ်ရပ်လိုက်ရာ သူမခြေလှမ်းတွေလည်းရပ်တန့်သွားတော့သည်။
"ဆရာမ "
သူ့အသံမှာ တော်တော်မောဟိုက်နေပြီး ရင်ဘတ်က မနိမ့်မမြင့် လှုပ်ရှားနေသည်။ သူမက သူ့အား တစ်ချက်သာ ကြည့်ပြီး အကြည့်ပြန်လွှဲသွားသည်။ တည်ငြိမ်သော မျက်နှာတွင် စိတ်ပျက်အားငယ်မှုအရိပ်အယောင်ကို ဝှက်ထားလိုက်သည်။
"ဘာကိစ္စရှိလို့လဲ။ "
ဒေါသသံလည်းမဟုတ်ပဲ အနည်းငယ်တည်တင်းနေတဲ့ လေသံနှင့်ပြောလေသည်။
"ဟို ... ဟို ..."
သူမအရှေ့ရောက်လျှင် အာစေးမိသလို အမြဲဆွံအနေတဲ့ သူကိုယ်လည်း အားမရဖြစ်ရပါသည်။
ပြောမည့် စကားလုံးများသည် လည်ချောင်းဝတွင် ပိတ်ဆို့နေပြီး တစ်လုံးမှ မထွက်လာဘဲ ထစ်နေ၏။
စကားတွေက တက်မလာပဲ ထစ်အနေလျှင် ဆွတ်ဆိုင်းပန်ထံမှ အသံလေးထွက်လာတော့သည်။
"ပြောစရာမရှိရင် ဖယ်ပါ ... ကျောင်းနောက်ကျတော့မယ်။ "
ပြောပြောဆိုဆိုနှင့် ရှောင်ပြီးထွက်သွားဖို့လုပ်တော့ မျိုးမင်းထက် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ လက်နှစ်ဖက်အား ဆန့်တန်း၍ တားလိုက်၏။
" ဟို ... ခဏ ခဏ ..."
"..."
"ဟို ... ဟိုတစ်နေ့က ..."
ဆိုင်းပန်က ဘာမျှ ပြန်မပြောဘဲ စိတ်မရှည်ဟန်ဖြင့် စိုက်ကြည့်နေသလျှင် မျိုးမင်းထက်သည် ဟိုချင်း ထပ်နေပြီးမှ သူမ၏ မျက်နှာလေးအား မရဲတရဲ စိုက်ကြည့်ကာ မေးလိုက်သည်။ သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်အလင်းရောင်နှင့် ကြောက်ရွံ့မှုအရိပ်များ ဖုံးလွှမ်းနေလေသည်။
"ဟိုတစ်နေ့က ... ကျွန်တော်ပေးတဲ့စာ ... အဲ့ အဲ့တာ ဆရာမ ဖတ်ပြီးပြီလား။ "
ရင်ခုန်စိတ်လှုပ်ရှားမှုနှင့်အတူ ထိုစကားတစ်ခွန်းပြောဖို့အတွက် လက်နှစ်ဖက်ကိုပွတ်ချေလိုက် လည်ပင်းကိုပွတ်လိုက်နှင့် ထူအမ်းအမ်းမျက်နှာက လုံးဝ ကဏာငြိမ်မနေပါ။
သူကသာ ရောက်ယက်ခတ်နေပေမယ့် သူမက ဘာအမူအယာမျှ ပျက်ယွင်းခြင်းမရှိပဲ တည်တည်ငြိမ်ငြိမ်နှင့် မတိုးမကျယ်အသံလေးသာ ထွက်လာ၏။
"ဟုတ်ကဲ့ ဖတ်ပြီးပြီ "
"..."
သူမစကားအဆုံးတွင် ခုန်လှုပ်ပြီးသားဖြစ်တဲ့ သူ့ရင်ခုန်သံတို့က ဆောင့်တက်သွားတော့သည်။
"ဟို ... အဲ့တာဆို ကျွန်တော့်ကို ဟို ဘယ်လို သဘောရ ..."
ဆိုင်းပန်သည် သူ့စကားကို အဆုံးထိ မစောင့်တော့ဘဲ ပြတ်သားစွာ ဖြတ်ပြောလိုက်သည်။
"ကျွန်မမှာ လက်ထပ်ရမယ့်သူရှိပါတယ်။ "
"ဗျာ "
သူမ၏ အေးစက်ပြတ်သားသော စကားသည် မျိုးမင်းထက် မျက်နှာအား ရိုက်ချိုးလိုက်သလို ဖြစ်သွားကာ သူ့မျက်လုံးအိမ်မှ မျှော်လင့်ချက်အလင်းရောင်သည် ချက်ချင်း မှေးမှိန်သွားပြီး ဗျာ ဟုသာ အသံထွက်နိုင်တော့သည်။ ရင်ဘတ်ထဲမှ အေးစက်သော ခံစားချက်သည် တစ်ကိုယ်လုံး ပျံ့နှံ့သွားကာ တောင့်တင်းသွားတော့သည်။
ဆိုင်းပန် သူ့မျက်နှာကို စက္ကန့်ပိုင်းမျှ စိုက်ကြည့်လိုက်ပြီးမှ သနားစိတ်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ကျောင်းနောက်ကျတော့မှာမို့ သွားခွင့်ပြုပါဦး"
သူမသည် မျိုးမင်းထက်၏ ဘေးမှနေ၍ ခြေလှမ်းမြန်မြန်ဖြင့် လျှောက်သွားတော့သည်။ လေအေးများက သူမ၏ ကျောပြင်ကို ရိုက်ခတ်သွား၏။
မျိုးမင်းထက်သည် ထိုနေရာတွင် ရုပ်တုတစ်ခုလို မလှုပ်မယှက် ကျန်ရစ်ခဲ့ပြီး မြေပြင်ပေါ်မှ စိုစွတ်သော ရွက်ခြောက်များမှာ သူ့ကို လှောင်ပြောင်နေသယောင်ရှိလေသည်။
သူမ ထွက်ခွာသွားသော လမ်းကြောင်းကိုသာ မျိုးမင်းထက်သည် ငေးငိုင်စွာ ကြည့်နေမိ၏။ သူမ နောက်ကျောက ဝေးကွာ၍ ဝေးကွာသွားပြီးနောက် လမ်းကွေ့တစ်ခုတွင် ပျောက်ကွယ်သွားတော့သည်။
"လက်ထပ်ရမယ့်သူရှိတယ်..."
ထိုစကားလုံးများသည် သူ့နားထဲတွင် သံမှိုစွဲနေသလို ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေပြ သူ့နှလုံးသားသည် ဖန်ခွက်တစ်ခုကဲ့သို့ ကွဲအက်သွားသလို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်သည် စောစောပိုင်းကထက် ပို၍ အေးစက်လာပြီး ထိုင်းမှိုင်းသော မိုးသားများအောက်တွင် သူတစ်ယောက်တည်း ကမ္ဘာပျက်နေသလို ရပ်နေသည်။ မြေပြင်ပေါ်မှ စိုစွတ်သော ရွှံ့နှစ်များသည် သူ့ခြေထောက်ကို စွဲကပ်နေသော်လည်း လုံးဝ လှုပ်ရှားခြင်းမရှိ။
လက်ထပ်ရမယ့်သူ... ဘယ်သူလဲ။ ဘယ်တုန်းကလဲ ...
ကျွန်တော့်ကို လုံးဝအခွင့်အရေး မပေးနိုင်တော့ဘူးလား။
ကျွန်တော် ဘယ်လောက်တောင် ရူးသွပ်ခဲ့ရလဲ။
တိတ်တခိုး ချစ်နေခဲ့ရတဲ့ နှစ်တွေ အားလုံးက ဒီလိုအဖြေအတွက်လား။
သူ့မျက်နှာသည် ဖြူဖျော့သွားပြီး မျက်လုံးများက ဝေဝါးလာ၏။
သူ့ကိုယ်သူ အားမရစွာဖြင့် ကျိန်ဆဲချင်မိသည်။ အာစေးမိသလို ဖြစ်ခဲ့ရသည့် အချိန်များ၊ မရဲတရဲဖြင့် စကားအစပျိုးခဲ့ရသည့် သူ့ကိုယ်သူ ဒေါသထွက်မိသည်။
ဘာလို့ စောစောကတည်းက ရဲရဲဝံ့ဝံ့ မပြောခဲ့ရတာလဲ။
အခုတော့... နောက်ကျသွားခဲ့ပြီ။
မျက်ရည်ပူတစ်စက်သည် သူ့မျက်လုံးအိမ်မှ စီးကျလာပြီး ပါးပြင်တစ်လျှောက် စီးဆင်းကာ လည်ပင်းအောက်သို့ ရောက်သွားသည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ အေးစက်သော ရာသီဥတုနှင့် ဆန့်ကျင်ဘက်၊ ပူလောင်သော မျက်ရည်တစ်စက်ဖြစ်သည်။
__________________
ဆိုင်းပန် ခြေလှမ်းများကို မြန်မြန် လှမ်းနေသော်လည်း ရင်ဘတ်ထဲမှ နာကျင်မှုသည် သူမေနာက်သို့ မလွတ်တမ်း လိုက်ပါလာသည်။ သူမ မျက်နှာထားသည် တင်းမာနေဆဲဖြစ်သော်လည်း မျက်ဝန်းအိမ်တွင် ဝမ်းနည်းမှုအရိပ်အယောင်များ ရောထွေးနေ၏။
' တောင်းပန်ပါတယ် ... ဒီနည်းလမ်းကသာ နှစ်ယောက်လုံးအတွက် အကောင်းဆုံးပဲ။
မဟုတ်ရင် ပိုပြီးတော့ ချည်နှောင်မိသွားလိမ့်မယ်။'
သူမ အတွင်းစိတ်က ငိုကြွေးနေသော်လည်း သူမ ခြေထောက်များသည် ကျောင်းဆောင်ရှိရာသို့ ခိုင်မာစွာ ဦးတည်နေသည်။
ကျောင်းဝင်းထဲသို့ ဝင်ရောက်လာသောအခါ ပတ်ဝန်းကျင်ရှိ
ကလေးငယ်များ၏ ဆူညံသံများ၊ ပျော်ရွှင်စွာ ပြေးလွှားနေမှုများက သူမ၏ ဝမ်းနည်းမှုကို ခဏတာ လျော့ပါးစေသလိုရှိသည်။
ကျောင်းပတ်ဝန်းကျင်ရှိ ပန်းခြံလေးမှ ပန်းရနံ့အချို့သည် လေအေးနှင့်အတူတူ သယ်ဆောင်လာသည် ... သို့သော် သူမ၏ စိတ်သည် ထိုအရာများကို အပြည့်အဝ မခံစားနိုင်တော့။
ဆိုင်းပန်သည် ကျောင်းခန်းထဲသို့ ဝင်ရောက်ကာ သူမ၏ စာကြည့်စားပွဲတွင် ထိုင်ချလိုက်သည်။ ။
သူမ၏ အကြည့်သည် ပြတင်းပေါက်ပြင်ဘက်သို့ ရောက်သွားရာ မြူခိုးများဖုံးလွှမ်းနေသော ကောင်းကင်ကြီးသည် သူမ၏ စိတ်ဝိညာဉ်ကဲ့သို့ပင် မှောင်မည်း၍ လာနေသယောင်ရှိ၏။
အပိုင်း (၄၂) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)