နေညိုချိန်ရောက်လုနီးပါးဖြစ်သော်လည်း နေရောင်ခြည်၏ အရှိန်က သိပ်မလျော့သေး။ ရွာလမ်းမထက်တွင် လေနုအေးလေးများက သစ်ရွက်ခြောက်များကို တိုက်ခတ်ကစားနေကြသည်။ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ထိုင်နေသော ဆွတ်ရိန်နော်တစ်ယောက် စိတ်နဲ့လူနဲ့မကပ်။ မျက်မှောင်ကိုကျုံ့ထားပြီး တစ်စုံတစ်ခုကို အကြီးအကျယ် စဉ်းစားခန်းဖွင့်နေလေသည်။
ထိုစဉ် မျိုးမင်းထက် ရောက်ချလာပြီး ပခုံးကို ပုတ်ကာ လှမ်းခေါ်လိုက်၏။
"ဟေ့ကောင် ... ခြင်းခတ်သွားရအောင် "
"မသွားဘူး ... ဟေ့ကောင် "
ခြင်းခတ်ဆိုတဲ့အသံကြားတာနှင့် ဆွတ်ရိန်နော် ဘောက်ဆတ်ဆတ်နှင့် ပြန်ဖြေလိုက်၏။
"ဟ ... ဘာဖြစ်တာလဲကွ။
မင်းလေ အဲ့မန္တလေးက ပြန်လာပြီးကတည်းက ပုံမှန်ကိုမဟုတ်ဘူးသိလား။ "
မျိုးမင်းထက်က ဘေးနားဝင်ထိုင်ရင်း အမှန်တွေပြောတော့လည်း ဆွတ်ရိန်နော်က မငြင်းပေ။ သက်ပြင်းတစ်ချက်ကိုသာ လေးလေးပင်ပင် ချလိုက်မိသည်။
"မင်းတကယ် ဘာဖြစ်နေတာလဲ "
"ဟျောင့် ငါ ... ငါ "
စကားစဖို့ ပြင်လိုက်သော်လည်း ဆွတ်ရိန်နော် စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့နေသည်။ မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ဆံပင်တွေကို ထိုးဖွလိုက်မိသည်။
"အင်း ... ဘာဖြစ်လဲ "
"ကျစ် ... တော်ပြီကွာ။ "
"ဟ ... မင်းကလည်းကွာ။
တန်းလန်းကြီးထားခဲ့ပြန်ပြီ။
ပြော ဟေ့ကောင် ပြေစမ်းပါကွာ ... မင်းဘာဖြစ်နေလို့လဲ။
ငါသိချင်လို့ ရူးတော့မယ်။ "
မျိုးမင်းထက်က မရမက အတင်းမေးနေတော့မှ ဆွတ်ရိန်နော်လည်း မနေသာတော့ဘဲ စိတ်ထဲရှိတာကို ဖွင့်ချလိုက်ရတော့သည်။
"ကျစ် ... ဒီလိုကွာ ..."
"အင်း အင်း ... မြန်မြန်ပြောပါကွ။ "
"ဒီလိုကွာ ... ငါကောင်မလေးတစ်ယောက်ကို ဖွင့်ပြောရင်ကောင်းမလားလို့ စဉ်းစားနေတာ။
ငါနောက်ကျသွားရင်လည်း လက်ဦးသွားမယ့်ကောင်က ရှိနေတာကွာ။ "
ပြောပြီးသည်နှင့် ဆွတ်ရိန်နော်၏ မျက်နှာတွင် စိုးရိမ်မှုအရိပ်အယောင်များ ယှက်သန်းသွားကာ မျိုးမင်းထက်ကတော့ မျက်လုံးပြူးသွားပြီးနောက် သဘောကျစွာ ရယ်မောလိုက်တော့သည်။
"ဟ ...မင်း ချစ်တတ်ပြီလား ဟား ဟား ငါ့အလှည့်ရောက်ပြီပေါ့ကွာ ... ပြောပါဦး မင်းနှလုံးသားကို ဖမ်းစားသွားတဲ့ အသည်းစားဘီလူးမလေးက ဘယ်သူတုန်း "
"မင်းသိဖို့မလိုဘူး။ "
"ဟာ ... ငါက ကူညီနိုင်တာရှိရင် ကူညီပေးမလို့ကို ... နေပေါ့ "
"အာချောင်မနေနဲ့ "
"အေးပါ အေးပါ ... အငြင်းခံရပါစေကွာ။ "
မျိုးမင်းထက်က စနောက်လိုက်သည်နှင့် ဆွတ်ရိန်နော် ဒေါသထွက်သွားကာ ဘေးနားရှိ ခေါင်းအုံးဖြင့် ကောက်ပေါက်လိုက်သည်။
"*ီးပဲ ... ပါးစပ်ပုတ်ကြီးနဲ့ "
"ဟား ဟား ... အခုမှဖြစ်ပြနေတာကွာ။ "
"နားညဉ်းတယ် ... ပြန်တော့ကွာ။ "
"ဟာ ... မောင်းထုတ်တာလား။ "
"ဟုတ်တယ်ကွာ ... သွား သွား "
ဆွတ်ရိန်နော်က လက်ကာပြကာ နှင်ထုတ်လိုက်သဖြင့် မျိုးမင်းထက်လည်း ထိုင်ရာမှထကာ ရယ်ကျဲကျဲဖြင့် ပြန်ဖို့ပြင်လိုက်သည်။
"သွားမှာပါ ယောက်ဖရယ် "
*ီးပဲ "
"ဟား ဟား ဟား ဟား "
တဟားဟားနှင့် ရယ်မောလျက် ခြံထဲမှ ထွက်လာရင်း ခြံရှေ့တွင် စာထိုင်ဖတ်နေတဲ့ ဆွတ်ဆိုင်းပန်ကိုမြင်တော့ မျိုးမင်းထက်တစ်ယောက် မျက်နှာပိုးကိုသတ်ကာ လေးလေးစားစား နှုတ်ဆက်လိုက်၏။
"ပြန်တော့မယ်နော် မမ "
"..."
ဆွတ်ဆိုင်းပန်ကတော့ စာအုပ်မှ မျက်နှာခွာကာ သူ့ကို တစ်ချက်သာလှမ်းကြည့်၍ ကလေးဆန်ဆန် မျက်စောင်းထိုးတာမျိုးမဟုတ်ဘဲ သဘောမကျသည့် အမူအယာမျိုးဖြင့် မျက်နှာလွှဲသွားလေသည်။ လေတိုက်၍ လှုပ်ရှားနေသော ပန်းပင်များကြားတွင် သူမရဲ့အေးစက်စက်တုံ့ပြန်မှုက မျိုးမင်းထက်အတွက်တော့ ကျောချမ်းစရာပင်။
____________
ဒီနေ့တော့ ဆွတ်ရိန်နော် မှုံ့အိမ်ကို မသွားသေးပဲ မှုံဈေးရောင်းပြန်လာမယ့် လမ်းကနေ ဖြတ်စောင့်နေလိုက်၏။
လေလေးတချွန်ချွန်နှင့် ဆံပင်ကေလေးအားသကာ စောင့်နေရင်း
ရွာလမ်းအတိုင်းလျှောက်လှမ်းလာတဲ့ ကောင်မလေးကိုမြင်တော့ ဆွတ်ရိန်နော်၏ နှလုံးသားက စည်းချက်မဲ့စွာ ခုန်လှုပ်သွားသည်။
ရင်ခုန်စိတ်လှုပ်ရှားနေမိရင်းမှ စိတ်မကောင်းလည်းဖြစ်သွားရသည်။
ဈေးခြင်းတောင်းအကြီးကြီးနှစ်ခြင်းကို ဘယ်တစ်ဖက် ညာတစ်ဖက် မနိုင်မနင်းသယ်လာရာ
သူ အမြန်ပဲ သူမအနားအပြေးသွားလိုက်၏။
အနားရောက်မှ သူမ မျက်နှာလေးကို သေချာကြည့်မိတော့ နဖူးပြင်ထက်မှာ ချွေးလေးတွေစို့နေကာ မျက်နှာပေါ်တွင် ဟိုတစ်စ ဒီတစ်စကျနေတဲ့ ဆံနွယ်လေးတွေကလည်း ချွေးတွေနှင့် ကပ်နေ၏။
"ပေး "
သူမက ဘာလဲဆိုတဲ့ပုံစံလေးနှင့် မော့ကြည့်လေသည်။
"ပေး ... ခြင်းတွေ "
ပြောပြောဆိုဆိုနှင့် သူမလက်မှာထားတဲ့ ခြင်းတွေကို လှမ်းဆွဲတော့
မှုံကလည်း ပြန်ဆွဲကာ ...
"မလိုပါဘူး။ "
"လိုတယ် "
သူက ပြန်ဆွဲတော့ သူမကလည်းပြန်ဆွဲလေသည်။ နှစ်ယောက်သား လမ်းလယ်ခေါင်တွင် ခြင်းတောင်းကို အလုအယက်ဖြစ်နေကြ၏။
"ကျစ် ... မလိုပါဘူးဆို ... အမြဲတမ်းသယ်နေကျပဲကို "
"သိပါတယ် ... ဒီအနေအထားနဲ့ဆို အလေးမတဲ့ပွဲတွေ ဝင်ပြိုင်လို့ရပြီ ... စိတ်ဝင်စားလား။ "
သူက ခပ်နောက်နောက်ပြောတော့ သူမ မျက်စောင်းလေးတွေက ဝင့်ခနဲ။
မခိုးမခန့်ရယ်ရင်း ခြင်းတွေကို ရအောင် ဆွဲလုလိုက်သည်။ မှုံ့လက်ကလေးတွေ လွတ်သွားတော့မှ သူ စိတ်သက်သာရာ ရသွား၏။
"ဘာလုပ်တာလဲ ... ပေး "
"ရှီးရှ် ... ခဏလေး ကိုယ်ပြောစရာရှိလို့။ "
အခုထိကို သူမ အာရုံတွေက သူ့ဆီမရောက်သေးဘဲ ခြင်းတွေမှာသာရှိနေသေး၏။ တကယ့် ဥစ္စာရူးမလေးပါလားဟု တွေးရင်း သူ ပြုံးမိလိုက်သည်။
"ကိုယ့်ကိုကြည့်ဦး ... ပြောစရာရှိလို့ "
"မအားဘူး။ "
"ဘာလုပ်စရာရှိလို့လဲ။
ထမင်းချက်ရမှာမလား ... ကိုယ်အကုန်ပို့ခဲ့ပြီ။ "
"ဟမ် ..."
မှုံ့မျက်လုံးလေးတွေ ဝိုင်းသွားသည်။
"မင်းအိမ်မှာ ထမင်းရော၊ဟင်းရော ပို့ခဲ့ပြီ။ "
"ဘာလို့ ပို့တာလဲ။
ပြန်ယူသွားပါ "
"အံမယ် ... ဘယ်သူကရော မင်းဖို့လို့ ပြောလို့လဲ။
အဘွားအတွက်ပေးခဲ့တာ... အဲ့ဒီတော့ ငါက ဘာကိစ္စ
မင်းပြောတဲ့အတိုင်းလုပ်ရမှာလဲ။ "
"ကျစ် ..."
"ဟာ ... မျက်စောင်းပဲ ထိုးနေတော့တာပဲကွာ။
ပြုံးပြုံးလေးလည်း နေပါဦး။
အမြဲတမ်း စိတ်ပဲတိုမနေနဲ့ ... မြန်မြန် အိုတတ်တယ်။ "
"တော်ပြီ ... ပေးတော့လို့ "
သူ့လက်ထဲက ခြင်းတွေအားလှမ်းလုလျှင် လက်တွေကို အမြန်နောက်သို့ ရို့ကာ ခြင်းတွေကို ချ၍ သူမလက်ကလေးအား အမိအရဖမ်းဆုပ်လိုက်၏။
"ဘာလုပ်တာလဲ။ "
"ကိုယ်ပြောစရာရှိလို့ "
ချစ်ရည်ရွှမ်းနေတဲ့ အကြည့်တွေနဲ့ အကို့ရဲ့အသံဝဲဝဲကြောင့် မှုံ့ရင်ထဲဖျင်းခနဲဖြစ်သွားရသည်။ မှုံ ကိုယ့်ကိုယ်ကို အမြန်ထိန်းချုပ်ကာ ချက်ချင်းပဲ အကို့ကို အကြည့်လွှဲလိုက်၏။ ရင်ဘတ်ထဲတွင် လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားသလို ခံစားလိုက်ရသည်။
"ဟိတ် ... ကိုယ့်ကိုကြည့်ဦး။
ကိုယ်ပြောစရာရှိလို့။ "
"ဟင့်အင်း ..."
"ဘာလဲ ... ကိုယ်ပြောမယ့်စကားတွေကို ကြိုသိနေလို့လား။ "
"ဟင် ..."
သူ့စကားအဆုံး မော့ကြည့်လာတဲ့ သူမ မျက်ဝန်းလေးတွေအား
အမိအရဖမ်းကာ အကြည့်ချင်းဆုံလိုက်ပြီးမှ ...
"သေချာနားထောင်... ကိုယ်မင်းကို ချစ်တယ်။ "
"..."
လေပြေညင်းလေးတိုက်ခတ်နေသော်လည်း မှုံ့ကမ္ဘာကြီးကတော့ ရပ်တန့်သွားသည်။ မှုံ့ရင်ထဲ အသံအကျယ်ကြီးမြည်ဟီးသွားကာ တလှိုက်လှိုက် လှုပ်ခုန်သွား၏။ အပြင်က မျက်နှာသွင်ပြင်က ဘယ်လိုဖြစ်နေမှန်းမသိပေမယ့် ရင်ထဲမှာတော့ ကသောင်းကနင်းနှင့် ဗြောင်းဆန်နေပြီဖြစ်သည်။
ဟုတ်တယ် ... မှုံရင်တွေခုန်နေတာ။
မှုံ ချစ်ရတဲ့ အကို့ဆီက ဒီလိုစကားမျိုးကြားလိုက်ရတာကြောင့် ...
ဒါပေမယ့် ... ဒါပေမယ့် ... ချက်ချင်းပဲ နှလုံးသားက ခံစားချက်တို့ကို ဦးနှောက်က သတ်တာခံလိုက်ရ၏။
"မှုံငြင်းပါတယ် "
ဒီစကားကို အကို့မျက်နှာကိုတော့ ကြည့်ပြီး မပြောနိုင်တာကြောင့် ခေါင်းငုံ့ထားလျက် အဖြေပြန်ပေးလိုက်သည်။ မျက်တောင်ဖျားတွေမှာ မျက်ရည်စတွေ တွဲခိုလာ၏။
'ဟင့်အင်း ... ဒုတိယ မှုံရွှေရည် မဖြစ်ချင်တော့ဘူး။ အကိုနဲ့ အဖေက မတူဘူး' လို့ နှလုံးသားက ငြင်းဆန်နေပေမယ့် ဦးနှောက်ကတော့ တူညီတဲ့အချက်တွေကို ရက်စက်စွာ ထောက်ပြနေသည်။
"ဘာလို့လဲ "
ဆွတ်ရိန်နော်၏ အသံက တိုးသွားသည်။ ဒီအခြေအနေကို ကြိုတွက်ခဲ့မိပေမယ့် တကယ်တမ်း အငြင်းခံလိုက်ရချိန်မှာတော့ ရင်ဘတ်ကြီးတစ်ခုလုံးက မခံမရပ်နိုင်အောင် နာကျင်သွားရ၏။
မှုံ အကို့ကို မော့မကြည့်မိပါပဲ အကို့အသံထဲက တုန်လှုပ်မှုတွေ
နှင့်တင် အကိုဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာ အတပ်သိပြီး ဝမ်းနည်းသွားမိ၏။
ဒါပေမယ့် နှုတ်ကအဖြေကတော့ ခြားနားစွာ။
"ဘာလို့ ငြင်းတာလဲဆိုတာ ပြောပြဖို့လိုလို့လား။ "
"ကိုယ့်ကို မချစ်လို့လား။ "
"ဟုတ်တယ် ... ဘာလဲ အကိုက အပိုင်တွက်ထားတာလား။ "
သူမရဲ့ စကားလုံးတိုင်းက ဆူးခက်တွေလို စူးရှနေသည်။
"မဟုတ် ... အဲ့လို မဟုတ်ပါဘူး။
မင်းမှာ တခြားချစ်ရမယ့်သူရှိနေလို့လား။ "
"အဲ့တာက မှုံ့ရဲ့ ကိုယ်ရေးကိုယ်တာပါ။ "
"အင်း ... ဆောရီး "
"..."
မှုံ အကို့ကို ထပ်ပြီး ရင်မဆိုင်နိုင်တော့တာကြောင့် အကို့အနောက်က ခြင်းတွေကို အမြန်ကောက်ဖို့လုပ်တော့ အကိုက အရင်လက်ဦးစွာ
ခြင်းနှစ်ခြင်းလုံးကို မလိုက်သည်။
"ကိုယ်လိုက်ပို့မယ်။ "
"တော်ပြီ။ "
"ကိုယ့်အချစ်ကို ငြင်းရရင် တော်ပြီပေါ့ကွာ။
ဘာလို့ အကုန်ငြင်းနေတော့တာလဲ။
မင်းကလေ ကြီးလာလေ မာနကလည်း ပိုကြီးလာလေပဲသိလား။ "
"သူများတွေ မြင်ရင် တမျိုးထင်သွားမယ်။ "
"သူများတွေ အမြင်ကိုပဲ ဂရုစိုက်တာလား။
ကိုယ့်အမြင်ကိုရော ဂရုမစိုက်ဘူးလား။
မင်းအခုလို ပင်ပမ်းနေတာတွေကို ကိုယ်မကြည့်ရက်ဘူး။ "
"ဒီအလုပ်က မှုံငယ်ငယ်ကတည်း လုပ်လာတာတွေပါ။ "
"သိပါတယ် ... အဲ့တုန်းကတော့ ကိုယ်ဘာမှ မတတ်နိုင်ခဲ့လို့လေ။
အခုတော့ ကိုယ်တစ်ဖက်တစ်လမ်းကနေ ကူညီချင်တယ်။ "
"မလိုဘူး။
ကျေးဇူးပြုပြီး ကိုယ့်ဘဝနဲ့ကိုယ်နေပေးပါ။
မှုံ့ဘဝကို ဝင်ပြီး မနှောင့်ယှက်ပါနဲ့။ "
မှုံ့စကားအဆုံးတွင် ဆွတ်ရိန်နော် ခြေလှမ်းတွေ တုံ့ခနဲရပ်သွားတော့သည်။
"ဘယ်လို ... ကိုယ့်ကို အဲ့လောက်တာင် ခါးခါးသီးသီးဖြစ်သွားတာလား။ ကိုယ်တို့က အဲ့လောက်ထိ စိမ်းကားစရာ ဆက်ဆံရေးဖြစ်ခဲ့လို့လား။ "
"..."
နှုတ်ဆိတ်နေ၏။
အဲ့ပုံစံလေးကပဲ သူ့ကိုပိုပြီး မချင့်မရဲဖြစ်စေ၏။
ဒီကောင်မလေးရဲ့စိတ်ကို သူဘာလို့ နားမလည်နိုင်ရတာလဲ။
"ခြင်းတွေ ပေးပါတော့ ... မှုံ မလိုလားတဲ့ ပြဿနာတွေ မဖြစ်ချင်ဘူး။ "
ပြောပြောဆိုဆိုနှင့် သူမက အတင်းဝင်တိုးကာ ခြင်းတွေကို ဆွဲယူသွားတော့ ကြက်သေ သေနေမိတဲ့ ဆွတ်ရိန်နော်က ပြန်ဆွဲချိန်တောင် မရလိုက်တော့ပေ။ ကျောခိုင်းထွက်သွားသော သူမ၏ ပုံရိပ်လေးကို ကြည့်ရင်း ဆွတ်ရိန်နော် တစ်ယောက်တည်း လမ်းလယ်ခေါင်တွင် အထီးကျန်စွာ ကျန်ရစ်ခဲ့လေတော့သည်။
အပိုင်း (၂၂) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)