Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၁၉)

"ဘယ်လို ... ကိုယ့်ကို အိမ်ထဲတောင် ဝင်ခွင့်မပေးတော့ဘူးပေါ့။ "

သူ့အသံတွင် မယုံကြည်နိုင်မှုများနှင့် နာကျင်မှုအစအနတို့ ရောယှက်သော်လည်း သူမကတော့ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ အေးစက်စွာ တုံ့ပြန်လေသည်။

"ဟုတ်ကဲ့ ... မှုံလည်း မသိတော့ စိတ်မရှိပါနဲ့။ "

"ဘာ ..."

ဆွတ်ရိန်နော်၏ နှုတ်ဖျားမှ စကားလုံးများ ဆွံ့အသွားသည်။ ပြောချင်ရာပြောပြီး အိမ်ထဲသို့ လှည့်ဝင်သွားသော သူမသည် သူ့အား လှည့်လို့တောင် မကြည့်ခဲ့။

တရွေ့ရွေ့နှင့် အိမ်ထဲဝင်သွားသော သူမ၏ ကျောပြင်လေးပျောက်ကွယ်သွားသည့်တိုင် သူ ခြံရှေ့တွင် ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ရပ်နေမိဆဲ။

ညနေခင်း၏ လေညင်းက အေးမြသော်လည်း ဆွတ်ရိန်နော်ရဲ့ ရင်ထဲမှာတော့ ပူလောင်ကျန်ရစ်ခဲ့တော့သည်။

အိမ်ထဲသို့ ဝင်သွားပြီး ပြန်ထွက်မလာတော့သည့် ကောင်မလေးအား ကျောခိုင်းကာ လှည့်ပြန်ခဲ့ရသော လမ်းတစ်လျှောက်သည် ခြောက်သွေ့ပြီး အသက်မဲ့နေသယောင်။

သူမျှော်လင့်စောင့်စားခဲ့တာ ဒီအခြေအနေမျိုးမှ မဟုတ်ပဲ။

သူ့ရဲ့ စောင့်ဆိုင်းမှုတွေက ...

"ဟာ ... ဟေ့ကောင် ဆွတ်ရိန်နော် မင်းဘယ်တုန်းက ပြန်ရောက်နေတာလဲကွ။ "

အတွေးနယ်ချဲ့ရင်း လမ်းလျှောက်လာသော ဆွတ်ရိန်နော် အရှေ့သို့ ရုတ်တရက် ရောက်လာသူမှာ မျိုးမင်းထက်။ မျိုးမင်းထက်က သူငယ်ချင်းဖြစ်သူကို မြင်လိုက်ရသည်နှင့် ဝမ်းသာအားရ ပြေးဖက်လေသည်။

"မင်းကလည်းကွာ ပြန်ရောက်နေတာကို ငါ့ဆီတောင် မလာဘူး။

အခု ဘယ်က ပြန်လာတာလဲ ... ငါ့ကောင်ကြီးက ပိုတောက်ပ

လာသလိုပဲကွ။ "

မျိုးမင်းထက်ကသာ တရစပ်ပြောနေပေမယ့် ဆွတ်ရိန်နော် ဘက်က

စကားပြန်မရလျှင် သေသေချာချာ စိုက်ကြည့်ကာ ...

"ဟေ့ကောင် ... ဘာဖြစ်နေတာလဲကွ ...မျက်နှာကြီးကလဲ

ဘာလဲ မန္တလေးမှာ စော်လေး ကျန်ခဲ့လို့လား။ "

ဆွတ်ရိန်နော်က သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်ရင်း...

"ကျစ် ... ကလေးတွေက ၆နှစ်လောက်ကြာရင် မေ့သွားတတ်တာလား။"

"ဟမ် ..."

"၆နှစ်လောက်ကြာတာနဲ့ လုံးဝ မမှတ်မိတော့ဘူး ဆိုတာ ဖြစ်နိုင်လို့လားကွာ ... ငါ့မှာတော့ ငါ့မှာတော့ "

သူ့ရင်ထဲက စကားလုံးတွေက အပြင်သို့ ထွက်မလာနိုင်ဘဲ လည်ချောင်းဝမှာတင် တစ်ဆို့နေသည်။

"ဘာတွေလဲကွာ ... လာ ဘုရားကျောင်းမှာ ခြင်းသွားခတ်ရအောင်။ "

"တော်ပြီ ... ငါအိမ်ပြန်တော့မယ် ... အခုမှ ရောက်တာ။ "

"အဲ့တာဆို လိုက်ခဲ့မယ်ကွာ။ "

ဆွတ်ဆိုင်းပန်ကို ချောင်းချင်နေတဲ့ မျိုးမင်းထက်အတွက် ခွင်

(ဂွင်)ဖြစ်သွားကာ ပျော်ပျော်ကြီးပါသွားတော့သည်။

အိမ်ရောက်တော့ သူမသားကို လိုက်ရှာနေတဲ့ ဒေါ်ဘောက်နူးနှင့် တည့်တည့်တိုးလေသည်။

"အေး ... ကရှာ(သား) မင်းဘယ်သွားနေတာလဲ။

အထုတ်ပဲရောက်လာလို့ အနူး(အမေ)တို့ လိုက်ရှာနေကြတာ။ "

"ဟိုဘက် ခဏ သွားတာ။ "

"မင်းနှယ့်ကွယ် ... အခုမှ ပြန်ရောက်တာ သူငယ်ချင်းတွေဆီ အရင်သွားရတာလဲ။"

နံဘေးမှ မျိုးမင်းထက်ကိုကြည့်ကာ ပြောနေသော အမေဖြစ်သူကိုလည်း ဆွတ်ရိန်နော် ဘာမျှ ပြန်မပြောနိုင်။ စိတ်ရှုပ်ထွေးမှုများဖြင့် သူ့အခန်းထဲသို့ တန်းဝင်သွားတော့သည်။

"ဟဲ့ ... ဘယ်လဲ... ခရီးပမ်းလာလို့လား။ "

ဒေါ်ဘောက်နူးရဲ့ စကားကို ဆွတ်ရိန်နော်က ဘာမျှပြန်မဖြေတော့လျှင် မျိုးမင်းထက်ကပဲ မချင့်မရဲလေးပြုံးပြကာ ဟိုရှာဒီရှာနှင့် ဆွတ်ရိန်နော် နောက်သို့ လိုက်သွားတော့၏။

အခန်းထဲတွင် ဆွတ်ရိန်နော်သည် ကုတင်ပေါ်တွင် ထိုင်ကာ ခေါင်းကို ငိုက်စိုက်ချထားလေသည်။

"ဟေ့ကောင် ... မင်းဘာဖြစ်နေတာလဲ။ "

"ဆေးလိပ်ပါလား။ "

"ပါတယ် ... ရော့ "

အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်နှင့်အတူ မီးခြစ်ပါ လှမ်းပေးလိုက်လျှင် ဆွတ်ရိန်နော်က မီးညှိကာ ရှိုက်ဖွာလိုက်သည်။ ဆေးလိပ်မီးခိုးငွေ့များသည် လေထဲတွင် ဝဲပျံသွားသလို သူ့စိတ်တွေကလည်း မတည်ငြိမ်။

"မင်းခုနက လမ်းမှာတုန်းက ဘာတွေ ပြောနေတာလဲ။"

"ဒီလိုကွာ ... ကလေးတစ်ယောက်က ၆နှစ်လောက်ကွဲသွားတဲ့

လူတစ်ယောက်ကို မေ့သွားတာလား။"

"ကလေး ... ဘယ်က ကလေးလဲ။ "

"ကျစ် ... ဖြေစမ်းပါကွာ။"

"အေး ... အေးပါကွာ ...ကလေးဆိုတာက ဘယ်အရွယ်လဲ။

ကလေးဆိုတဲ့အမျိုးက သူတို့ မှတ်မိချင်တာကိုပဲ စွဲနေအောင်မှတ်တတ်တာကွ။သူတို့ မှတ်မိချင်တာတွေဆို ဘယ်လောက်ကြာကြာ

စွဲနေအောင် မှတ်နေပြီးတော့ သူတို့အတွက် အရေးမပါတာတို့၊

မထူးဆန်းတာမျိုးတို့ဆိုရင်တော့ ဒီအတိုင်း မေ့မေ့ပျောက်ပျောက်ပဲ ဖြစ်သွားတာပေါ့ကွာ။ "

ထိုစကားက ဆွတ်ရိန်နော်၏ နှလုံးသားကို မီးစနှင့် ထိုးလိုက်သလိုပင်။

"အဲ့တာဆို ငါက အရေးမပါလို့ မေ့သွားတာပေါ့။ "

"ဘယ်သူက မေ့တာလဲ ... မင်း ဘာဖြစ်နေတာလဲကွာ။ "

"ကျစ် ... မသိတော့ဘူးကွာ။"

သူ ဆံပင်တွေကို လက်ဖြင့် ထိုးဖွရင်း သက်ပြင်းချမိပြန်သည်။

_______________

တစ်ဖက်တွင်လည်း ...

မှုံအိမ်ထဲက ထရံပေါက်မှ အပြင်သို့ ကြည့်နေရင်း အကိုက

လှည့်ထွက်သွားလျှင် အတန်ကြာသည်အထိ ငေးစိုက်ကြည့်နေပြီးမှ

အပြင်သို့ ပြေးထွက်ခဲ့လိုက်၏။

လမ်းကွေ့မှာ ပျောက်ကွယ်သွားသော အကို့ကျောပြင်ကို မြင်လိုက်ရချိန်တွင် ထိန်းချုပ်ထားသမျှ သံတမန်ပြိုကျသလို မျက်ဝန်းအိမ်မှ မျက်ရည်ပူများ ဒလဟော စီးကျလာတော့သည်။ ရင်ဘတ်ထဲမှ စူးရှနာကျင်မှုကြောင့် လက်ဖြင့် ဖိကိုင်ရင်း ခြံရှေ့မြေကြီးပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိ၏။

"မမှတ်မိဘူးလားတဲ့ "

မှတ်မိတာပေါ့။

သိပ်ကို မှတ်မိတာပေါ့ ... အကို့ကို မေ့တဲ့ရက်ရယ်လို့ တစ်ရက်မှ

မရှိခဲ့ပဲ။

အကို အဝေးကြီးကို ရောက်သွားပြီဆိုမှ မှုံအကို့အား

နင့်နင့်သည်းသည်းကြီး လွမ်းတတ်ခဲ့၏။

ငယ်ရွယ်တုန်းက ထိုအလွမ်းရဲ့အဖြေကို ရှာမရခဲ့ပေမယ့်

နည်းနည်း အသက်အရွယ်ရလာတော့ မှုံ အကို့ကို ချစ်နေမိပြီဆိုတာ သိခဲ့သည်။

တချိန်တည်းမှာပဲ ဦးနှောက်အသိတို့ကလည်း မချစ်သင့်တဲ့သူဆိုတာ

အတပ်ထောက်ပြခဲ့၏။

အကိုက ဘယ်လိုလူမျိုးမလို့လဲ မှုံတို့ဘဝနဲ့ မိုးနဲ့မြေလို ကွာခြားလွန်းတဲ့ အကို။

အချစ်တွေ တရိပ်ရိပ်တိုးလာ‌ေလ ကွာခြားချက်‌တွေကို ပိုမြင်လာလေဖြစ်၏။

ထိုသို့ အကို့အပေါ် မှုံ့ရဲ့ အရောင်တွေပါနေတဲ့ စိတ်တွေအား ထိန်းချုပ်ရန် စည်းတစ်ခု တားထားရမည်။

အကို့အပေါ်ထားရှိတဲ့ မှုံ့ရဲ့ အချစ်တွေကိုလည်း

ဘဝတစ်လျှောက်လုံး သိုဝှက်သိမ်းဆည်းသွားမည်ဖြစ်၏။

"သမီးရေ ... သမီး "

အိမ်ထဲမှ ဂျီးခေါ်သံကြောင့် မှုံ မျက်ရည်တွေကို လက်ခုံဖြင့် ကပြာကယာသုတ်လိုက်ပြီး အသံကို ပုံမှန်လုပ်ကာ အိမ်ထဲသို့ ပြေးဝင်ခဲ့လိုက်၏။

"ရှင် ... လာပြီ လာပြီ ဂျီး "

ဂျီးက အိပ်ရာထက်တွင် ထူထူထောင်ထောင်လေး ပြန်ဖြစ်လာပေမယ့် အသက်အရွယ်အရ ဘာအလုပ်မျှ မလုပ်နိုင်တော့။။

"ဘာလိုလို့လဲ ဂျီး "

"ဘာမှ မလိုပါဘူးကွယ်။

သမီးကို မမြင်လို့ပါ။ "

"ဂျီး ဗိုက်ဆာပြီလားဟင် ... သမီး ဆန်ပြုတ်လေး ကြိုထားတယ်။ "

"မဆာသေးပါဘူးကွယ်... သမီး မျက်နှာလည်း မကောင်းပါလား။

ဘာဖြစ်လို့လဲ သမီး "

အဘွားဖြစ်သူ၏ စိုးရိမ်တကြီးမေးသံကြောင့် မှုံ အပြုံးတုလေးတစ်ခု ဖန်တီးလိုက်ရသည်။

"ဘာမှ မဖြစ်ပါဘူး ဂျီးရဲ့ ... ခဏနေရင် ဆေးသောက်ရအောင်နော်။ "

"အေးအေး "

_______________

"မှုံနံ့သာ ဈေးရောင်းသွားတော့မလို့လား။

ငါ့ဆိုင်ကယ်နဲ့ လိုက်ခဲ့လေ ... ငါလည်း လုံးခင်းဈေး သွားမလို့။ "

စိုင်းမင်းနောင်က ဆိုင်ကယ်ရပ်ကာ ပြောတော့ မှုံခေါင်းရမ်းလိုက်သည်။

"ရပြီ ..."

"ဘာလို့လဲ ... ငါနင်မကြိုက်ရင် ရည်းစားစကားမပြောတော့ပါဘူးဟ။"

"မဟုတ်ပါဘူး ... သုံးဘီးနဲ့ပဲ သွားနေကျမလို့

သွားတော့မယ်နော် သုံးဘီးမမှီပဲ နေဦးမယ် "

"အေးပါ "

သုံးဘီးကားလေး ထွက်ခွာသွားရာ နောက်သို့ စိုင်းမင်းနောင် ငေးကြည့်ကျန်ရစ်ခဲ့သည်။ မှောင်ပြပြ ဝေလီဝေလင်းအချိန်လေးမှာတောင် ထင်းနေတဲ့ မှုံနံ့သာ၏ အလှက သူ့ကို ဖမ်းစားထားဆဲ။

တဒိမ်းဒိမ်းခုန်နေတဲ့ ရင်ခုန်သံတွေကလည်း တားရဆီးမရ။ စိုင်းမင်းနောင်က မှုံနံ့သာအား ချစ်ရေးဆိုထားပေမယ့် တစ်ခါတည်း အငြင်းခံလိုက်ရသည်။ ဒါပေမယ့် သူကတော့ လက်မလျှော့ပဲ ဆက်လိုက်နေဆဲပင်။

သို့သော် မှုံကတော့ သေချာသည်။ နှလုံးသားတစ်ခုလုံးကို အပြည့်အဝ နေရာယူထားသူရှိပြီမို့ ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့ပါ။

______________

ဆွတ်ရိန်နော် ဒီနေ့တစ်ခေါက် ထပ်ရောက်လာပြန်၏။

အသေးလေးက သူ့ကို မမှတ်မိဘူးဆိုတာ ဘယ်လိုနေနေ မယုံနိုင်ပါ။

သူမရှိနေရင် ဟိုနေ့ကလို ခြံရှေ့ကလိုပဲ လှည့်ပြန်ရမှာသိတာကြောင့်

ဒီနေ့တော့ သူမ မရှိတဲ့အချိန်ကို ရွေးပြီးလာခဲ့လိုက်၏။

ထင်သည့်အတိုင်း တန်းလျားပေါ်တွင် အဘွားတစ်ယောက်သာရှိလေသည်။

"အဘွား "

သူလှမ်းအော်တော့ အဘွားက ချက်ချင်းလှည့်ကြည့်လာကာ ..

"ဘယ်သူလဲကွယ့် ... ဝင်ခဲ့လေ။ "

"ဟုတ် "

မှိုရသလို မျက်နှာကြီးဖြီးကာ ခြံထဲကို ခပ်သွက်သွက်ဝင်ခဲ့လိုက်၏။

တော်ကြာ ဟိုကောင်မလေးလာလျှင် မသိတဲ့သူဆိုပြီး မောင်းထုတ်ပြန်ဦးမည်။

"အဘွား ... ကျွန်တော့်ကို မှတ်မိလား။ "

"အေး ... နေဦးကွယ့် အဘွားက မျက်စိသိပ်မကောင်းတော့ဘူး။

ဒီအသံကိုတော့ ကြားဖူးနေသလိုပဲ ... နေပါဦး မှန်းစမ်း "

ဒေါ်နန်းကြာမှုံက သူမအရှေ့မှ ထောင်ထောင်မောင်းမောင်း လူရွယ်လေးအား မျက်လုံးတွေ မှေးကျဉ်းလျှက် သေသေချာချာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူမမျက်နှာ၌ အပြုံးတစ်ခု သိသိသာသာ ဝင်းပသွားကာ...

"မင်း ... မင်းက ဟိုကောင်လေး ... ဘယ်သူ ..."

"ဆွတ်ရိန်နော်လေ အဘွား "

"အေးအေး ... ဟုတ်တယ် ဆွတ်ရိန်နော် ... သား ပြန်ရောက်နေတာလား။ "

အဘွား၏ လက်အစုံကို ဆုပ်ကိုင်လိုက်ရင်း ဆွတ်ရိန်နော် ဝမ်းသာသွားတော့၏။

"ဟုတ်တယ် အဘွား ... မှတ်မိသားပဲဗျ အဘွားက "

"မှတ်မိတာပေါ့ကွယ် ... ဘယ်တုန်းက ပြန်ရောက်တာလဲကွယ့် "

"မနေ့ကပဲ အဘွား "

"ဪ ... အေး အေး "

"အလည်ပြန်လာတာလား ... "

"မဟုတ်ဘူး အဘွား ... ကျွန်တော် အပြီးပြန်လာတော့တာ။

ဒီရွာသူကိုယူပြီး ဒီရွာမှာပဲ အခြေချတော့မလို့လေ။ "

ဆွတ်ရိန်နော်၏ စကားကြောင့် အဘွားက သဘောကျစွာ ရယ်မောလိုက်သည်။

"အေး အေး ... ကောင်းတယ် ကောင်းတယ်။

မိန်းမယူတော့မလို့လားကွယ့် "

"ကျွန်တော်ကတော့ ယူချင်တာပေါ့ အဘွားရယ်။

ဒါပေမယ့် ကျွန်တော်ချစ်တဲ့ ကောင်မလေးက ကျွန်တော့်ကို ပြန်မချစ်ဘူးဗျ ... ဪ ဒါနဲ့ အဘွားကို တိုက်ရဦးမယ် သိလား။ "

"ဘာတိုင်မလို့လဲကွဲ့ "

"ကျွန်တော် ဒီအိမ်ကို မနေ့က တစ်ခေါက်ရောက်လာသေးတယ် အဘွားရဲ့။ "

"ဟေ ... ဟုတ်လား။

ဘယ်အချိန်လဲကွဲ့ ... အဘွားအိပ်နေတုန်းက များလား။ "

"ဟုတ်တယ် အဘွား ... အဲ့တာ အဘွားမြေးနဲ့တွေ့တာ

သူက ကျွန်တော့်ကို မမှတ်မိဘူးတဲ့ဗျာ။ "

"ဟင် ... မှုံလေးကလား။ "

"ဟုတ် ... ဘယ်လိုပြောပြောကို မမှတ်မိဘူးတဲ့။

အဲ့တာနဲ့ အဘွားကို တွေ့မယ်ဆိုတော့ အဘွားက အိပ်နေတယ် ဆိုပြီး

ကျွန်တော့်ကို ခြံထဲတောင်အဝင်မခံပဲ နှင်ထုတ်လိုက်တယ်ဗျာ "

"ဟော်တော် ... သမီးလေးက အဲ့လောက်ဉာဏ်ကောင်းတာ။

သားကို လို့မေ့သွားတာပါလိမ့် "

"အဲ့တာပြောတာလေ ... အဘွားမြေးက ကျွန်တော့်ကို တအားစိမ်းကားသွားတာဗျာ။ "

"အဟင်းဟင်း ... အဘွား ပြန်လာမှ မေးပေးပါမယ်ကွယ်။

ဟော ... ပြောပြောဆိုဆိုနဲ့ ပြန်တောင်လာပြီ။ "

အဘွားစကားမဆုံးခင်မှာပဲ ခြံကို ကျောပေးလျက်‌ဖြစ်နေတဲ့

ဆွတ်ရိန်နော်က ကိုယ်ကို လှည့်ကာ လှမ်းကြည့်လိုက်လျှင်

အိမ်ထဲဝင်လာတဲ့ မှုံနံ့သာနှင့် အကြည့်ချင်းဆုံတော့သည်။

အပိုင်း (၂၀) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၈) နောက်အခန်း - အပိုင်း (၂၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ