"တို့မေမေ
ကျွေးမွေးသုတ်သင်၊ သက်ဆုံးပင်
ချစ်ခင်ရှာပေ၊ တို့မေမေ။
ငယ်စဉ်ကာလ၊စည်းကမ်းပြ
ဆုံးမခဲ့ပေ၊ တို့မေမေ။
အရွယ်ရောက်လာ၊ကျောင်းအပ်ကာ
ပညာပေးပေ၊ တို့မေမေ။
ကျန်းမာဖို့ရေး၊ သင့်ရာကျွေး
လေးစားအပ်ပေ၊ တို့မေမေ။
ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်
ချစ်ခင်အပ်ပေ၊ တို့မေမေ။"
ညီညာစွာ သံပြိုင်ရွတ်ဆိုနေကြတဲ့ ကလေးများရဲ့အသံတွေက ညံနေ၏။
ထန်းရွက်မိုးထားပြီး ဘေးအကာအရံမပါသည့် တောဇရပ်သဖွယ် အဆောင်လေးအောက်တွင် ခုံတန်းရှည်များနှင့် ကျောင်းသားကျောင်းသူကလေးလေးများ စာရွတ်ဖတ်နေကြ၏။
မဖွံ့ဖြိုးပဲ ဆင်းရဲသည့် တောရွာအရပ်ဖြစ်တာကြောင့်
ကျောင်းကလည်း မခမ်းနားသလို ကျောင်းသား ကျောင်းသူကလေးများကလည်း ဝတ်စုံ ခပ်နွမ်းနွမ်းလေးများနှင့်သာဖြစ်၏။
ကျောင်းဝန်းကျယ်ကြီးထဲတွင် ထိုထန်းရွက်မိုး အကာအရံမပါသည် အဆောင်ငယ်လေးများသာရှိသည့် အလယ်တန်းကျောင်းလေးဖြစ်သည်။
ထိုကျောင်း၏ တည်နေရာသည် ကချင်ပြည်နယ်၊ဖားကန့်မြို့၊နန့်စန်းကျေးရွာတွင်ဖြစ်၏။
"အဲ့ကဗျာလေး အလွတ်ရအောင် ကျက်ရမယ်နော် "
"ဟုတ်ကဲ့ပါဆရာမ "
"အဲ့ဒါဆို ဆရာမ ငါးတန်းဘက်သွားကြည့်လိုက်ဦးမယ်
စာကျက်နေကြ ဆူမနေကြနဲ့နော်။ "
"ဟုတ်ကဲ့ "
ဟုတ်ကဲ့လို့ တက်ညီ လက်ညီဖြေလိုက်ကြပေမယ့် ဆရာမကွယ်သွားတာနှင့် စာနှင့်မသက်ဆိုင်တဲ့ အသံတွေ ဆူညံသွားကာ သူ့ခုံကိုယ့်ခုံလည်း ကူးကုန်ကြတော့သည်။
ကျောင်းကသေးသေးလေးဖြစ်ပြီး ၇တန်းထိသာရှိပေမယ့် ဆရာမအင်အားကလည်း မလုံလောက်တာကြောင့် ဆရာမတွေ ဟိုကူးဒီကူးနှင့် သင်ကြရလေသည်။
တစ်ရွာလုံးမှာမှ ထိုတစ်ကျောင်းသာရှိတာကြောင့် အဆောင်ကျဉ်းကျဉ်း ပျဉ်တိုပျဥ်စများနှင့်ရိုက်ထားတဲ့ ခုံတန်းရှည်များတွင် ၅ယောက်လောက်ထိုင်ရမည့်ခုံမှာ ၁၀ယောက်လောက်ပြွတ်သိပ်
ထိုင်ကြရကာ သူ့ချွေးနံ့ကိုယ့်ချွေးနံ့လုံးနေတော့သည်။
"မှုံနံ့သာ"
အနောက်တန်းမှ လက်တို့ကာ ခေါ်လာတာကြောင့် မှုံနံ့သာ စာရေးနေရင်းကနေ လှည့်ကြည့်လိုက်သည်။
မှုံနံ့သာတဲ့ နာမည်လေးက သိပ်လှသလောက် ... အင်း လူလေးကလည်း လှချင်ပါတယ်။
ဒါပေမယ့် ဘာဝပေးကုသိုလ်ကံကြောင့် ဆင်းရဲနုံချာလွန်းလှသည်။
ဝတ်ထားတဲ့ အင်္ကျီခပ်နွမ်းနွမ်းက အသားဖြူဖြူကြည်ကြည်လေး
ကိုတောင် အရောင်မှိန်စေ၏။
ဆင်းရဲလွန်းသည့် ရွာကျောင်းဖြစ်တာကြောင့် တူညီဝတ်စုံအဖြူအစိမ်းတောင် မဝတ်ဆင်နိုင်၍ ရှိတဲ့ အဝတ်နွမ်းနွမ်းတွေကိုသာ ဝတ်ဆင်လာ၏။
ကျောင်းလာတာ လွယ်အိပ်ရယ်လို့လည်း သပ်သပ်တူတူမရှိပဲ
ဈေးဝယ်ရာက ရလာတဲ့ ကြွပ်ကြွပ်အိတ်များကို ကြိုးနှင့်ချည်၍
လွယ်အိတ်သဏ္ဍန်လုပ်တာ လွယ်လာကြ၏။
တချို့ကျ အထည်ဆိုင်ကရတဲ့ D//2 တို့ i-Max တို့အိတ်တွေကို လွယ်လာကြသည်။
အဲ့လိုအိတ်လွယ်တဲ့သူကတော့ သူဌေးလို့ပြောရလောက်အောင် ကလေးတွေကလည်း အဲ့လို အိတ်မျိုးဆို သိပ်ကို သဘောတကျ ကိုင်ကြည့်ထိကြည့်ချင်ကြသည်။
အဲ့ဒီတော့ အဲ့လိုအိတ်လွယ်လာတဲ့သူတွေကလည်း ဘယ်နှသောင်းတန်အင်္ကျီဝယ်လို့ ဒီလိုအိတ်ရခဲ့တာဆိုပြီးကြွားလျှင် အကုန်လုံးက မျက်လုံးတွေအရောင်တောက်စွာ အားကျကြ၏။
တစ်ခါတုန်းက မှတ်မိပါသေးတယ်။
အခန်းထဲက အစွာဆုံး မျိုးသန္တာခင်ရဲ့ D//2ဂျပ်အိတ်ကလေးကို ယောင်္ကျားလေးတစ်ယောက်က ကိုင်ကြည့်ရင်းပြဲသွားတာကြောင့်
ပြန်လျှော်ပေးဆိုပြီး မျိုးသန္တာခင်က ငိုလည်းငို ထိုကောင်လေးကိုလည်း ရိုက်နှက်ထုရိုက်တော့သည်။
ဆရာမရောက်လာမှ ဆရာမက သူ့အိမ်ကအိတ်ပေးပါမည်ဆိုပြီး
ပြဿနာက ပြီးသွားတော့သည်။
ထိုအိတ်ကလေးကို နှမြောတဲ့ မျိုးသန္တာခင် အပြစ်လည်းမဟုတ်ပါဘူး။ အဝတ်အစားရယ်လို့ ကောင်းကောင်းဝယ်မဝတ်နိုင်ကြတဲ့
ရွာကလူတွေအတွက် အဲ့လိုအိတ်မျိုးရဖို့ဆိုတာလည်း လွယ်တာမှ မဟုတ်တာပဲ။
ဘယ်လောက်ဆင်းရဲကြသလဲဆို တချို့ကျောင်းလာတာ စာအုပ်ခဲတံ မဆိုထားနှင့် ကြက်ပေါင်ဖိနပ်လေးတောင် မိဘတွေက ဝယ်မပေးနိုင်ကြလို့ နေပူကြဲတဲထဲ လမ်းလျှောက်ကြရတဲ့ ကလေးတွေ
ဒုနှင့်ဒေးပင်။
ရွာထဲက ကလေးတော်တော်များများအဲ့လိုဆိုတော့ အထူးအဆန်းလည်းမဟုတ်တော့ပါဘူး။
မြို့ကြီးပြကြီးမှာသာ အဲ့လိုကလေးမျိုးရှိလျှင် အထူးတဆန်းလုပ်ပြီး လိုက်ကြည့်ကြမှာ မလွဲဧကန်ပါ။
အင်း ... ရွာမှာ အဲ့လို ဆင်းရဲသားတွေကြီးပဲလားဆိုတော့ မဟုတ်ပါ ... ပိုက်ဆံတော်တော်ရှိတဲ့ တောသူဌေးတွေလည်း ရှိကြ၏။
အနည်းအကျဉ်းပေါ့ ...
ရွာမှာ အဓိကလုပ်ငန်းက တောင်ယာနှင့် အခင်းစိုက်ပျိုးကြတာကြောင့် အခင်းပိုင်ရှင်တွေက သူဌေးတွေဖြစ်ကြသည်။
ဒီအခန်းထဲမှာတော့ အဲ့လို သူဌေးတွေမရှိပဲ သူမသာ ကိုယ်မသာတွေသာဖြစ်ကြသည်။
ဒါပေမယ့် အဲ့ဒီအထဲမှာမှ အဖေအမေနှင့် မနေရပဲ ကုန်စိမ်းရောင်းတဲ့ အဘွားနှင့်သာနေရတဲ့ မှုံနံ့သာက အဆင်းရဲဆုံးဆို မှန်လိမ့်မည်။
သုညတွေထဲမှာမှ အနှုတ်ပြနေတဲ့သုညလို့ပဲပြောရမလား သုညနှစ်ထပ်ကွမ်းလို့ပဲ ပြောရလေမလား။
အဘွားနဲ့ပဲနေလို့ အဖေနှင့်အမေက ဘယ်ရောက်သွားသလဲဆို အဖေကတော့ မှုံနံ့သာလူမှန်းသိတတ်စ အရွယ်ကတည်းက ဆုံးသွားပါပြီ။
အဲ့ဆုံးသွားတာကပဲ ကောင်းတယ်လို့ပြောရမလား။
ဘာလို့ဆို အသက်ရှိစဉ်ကလည်း ကောင်းခဲ့တဲ့သူမှ မဟုတ်ပဲ။
နေ့ရှိသရွေ့အရက်သောက်သည်။မူးလာလျှင် အမေ့ကို ရိုက်နှက်သည်။ အဘွားကို သူ့သမီးကိုလုပ်တာမကြည့်ရက်လို့ ဝင်ဆွဲတော့ အဘွားကိုပါ တွန်းထုတ်ပစ်လိုက်တာ တစ်ပတ်လောက်ထိအိပ်ရာထဲ ဘုန်းဘုန်းလဲသွား၏။
အသက်ကြီးတဲ့အဘွားက အခုချိန်ထိ ဒူးေခါင်းမှာထိုဒဏ်ရာကြီးရှိနေတုန်းပင်။
ပိုက်ဆံလည်းမရှိတာကြောင့် ကောင်းကောင်းမကုသခဲ့ရတော့
မိုးအေးတဲ့အချိန်ဆို ဒဏ်ရာက ကိုက်သည်တဲ့။
ထိုအချိန်တိုင်း အဘွားတတွတ်တွတ်ပြောတာက ...
"ခွေးကိုက်ခံရတာတဲ့။
လူမဆန်တဲ့ ခွေးတိရိစ္ဆာန်က ခွေးစိတ်ပေါက်ပြီး လုပ်တာတဲ့။ "
အဖေက ရွာဇော်လိုဖြစ်နေပြီး မူးလာလျှင် အိမ်သားတွေသာမက
ရွာထဲက သူတွေကိုပါ အော်ဟစ်သောင်းကြမ်းစိန်ခေါ်ပြီး ဆဲတတ်တာကြောင့် ရွာထဲကလူတွေကလည်း သူ့ကို ရွံကြောက်ကြီးဖြစ်နေကြသည်။
အင်း ... သူ့အမျိုးတွေက လွဲလို့ပေါ့။
သူ့အမျိုးတွေကတော့ ကိုဇင် ကိုဇင်ဆိုပြီး မျက်နှာချိုသွေးကာ မြှောက်ပင့်ကာ လင်မယားကြားသွေးထိုးသေး၏။
စီးပွားရေး အဆင်မပြေရတဲ့အထဲ အိမ်ကိုလာလာပြီး ဟိုဟာချေး၊
ဒီဟာချေးနှင့် ပြီးလျှင် ပြန်ပေးတာလည်း မဟုတ်ပါ။
အဖေကလည်း သူ့အမျိုးတွေဆို အကုန်သဒ္ဓါသလောက်
အဘွားတစ်ယောက်တည်းကိုကျ ငြိငြင်ချင်သေးသည်။
အဘွားကလည်း အဲ့လိုတွေသိလို့ အိမ်ကနေ ဘာလေးပေးပါ ညာလေးပေးပါ တောင်းဖို့မပြောနှင့် ပေးလျှင်တောင် "ပြန်ယူသွားစမ်းပါအေ တော်ကြာ ဟိုခွေးက ရန်လာရှာဦးမယ်"ဆိုပြီး ပြန်ပြန်ပေးလွှတ်လိုက်သည်။
ပြီးလျှင် ဟင်းကောင်းချက်လျှင် အဘွားက ငါ့သမီးလေးနှင့် ငါ့မြေးဖို့ဆိုပြီး ဟင်းတွေလာပေးလျှင် ဟိုခွေးက သူ့ဖို့မပါလျှင်လည်း ရန်လုပ်ပြန်ဦးမယ်ဆိုပြီး
တစ်အိမ်လုံးဖို့ ထည့်ထည့်လာပေးတတ်၏။
အဲ့လိုအချိန်မျိုးဆိုလျှင်တော့ အဖေက အားပါးတရစားတဲ့အပြင်
မှုံနံ့သာကိုပါ ထပ်တောင်းခိုင်းပြန်သည်။
မှုံနံ့သာက တောင်းမပေးတော့ အမေ့ကို အမေက တောင်းမပေးတော့ သူကိုယ်တိုင် မျက်နှာပြောင်ပြောင်သွားတောင်း၏။
ထိုအခါဆိုလျှင် အဖေ့ကို မေတ္တာမရှိတဲ့အဘွားက တော်ကြာ မပေးလိုက်လျှင် ငါ့သမီးလေးကို ရန်ရှာနေပါဦးမယ်ဆိုပြီး သူစားဖိူ့မကျန်လျှင်တောင် ထည့်ပေးလိုက်သည်။
အပိုင်း (၂) ဆက်ရန် ...
Author -Anna Lynn
ဒါလေးကလေ အန်နာတို့ ငယ်ငယ်က နေခဲ့ရတဲ့ ကျောင်းပုံစံကို ရေးထားတာပါနော်
ကချင်ပြည်နယ် ဖာကန့်မြို့နယ် နန့်စန်းကျေးရွာဆိုပေမယ့်
ကျောင်းကတော့ အန်နာတို့ငယ်ငယ်က ရွာကျောင်းလေးကို ပုံဖော်ထားတာပါရှင့်
ကချင်ပြည်နယ်အကြောင်းရေးထားတာမို့ ကချင်စကားအနည်းငယ်လည်း ပါပါမယ်နော် ...
ဒါပေမယ့် အန်နာက ကချင်ပြည်နယ်မှာနေပေမယ့် ကချင်လူမျိုးမဟုတ်တာကြောင့် ကချင်စကားတွေထည့်သုံးတဲ့အခါမှာ သေချာ
မမှားအောင်ရေးမှာပေမယ့် မှားခဲ့သည်ရှိသော် အပြစ်မမြင်ပဲ ထောက်ပြပေးပါဦးနော် 🤍)
အခန်းမှတ်ချက်များ (0)